အခန်း ၂၀၁
Vol. 20 Ch. 201
Chapter 201
~
အခန်း ၂၀၁ : ဘီးလုံး အခိုးခံလိုက်ရခြင်း...
~
သို့သော် ရှာကျူးက တာဝန်ခံဝမ် ၏ သတိပေးချက်ကို အလေးမထားပေ ။ သူ နှာခေါင်းရှုံ့ပြီး...
" ဖက်တီးဝမ် .. ကျုပ်ကို လာခြောက်မနေနဲ့ .. ခင်ဗျား ကျုပ်ကို အလုပ်ထုတ်လို့မရပါဘူး .. "
တာဝန်ခံဝမ်က ခေါင်းခါပြီး...
" ဒါပေါ့ ..မင်းကို အလုပ်ဖြုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး .. ငါ့မှာ အဲ့လို အခွင့်အာဏာ မရှိပါဘူး .. "
ရှာကျူး ကြွားလုံးထုတ်တော့မည့်ဆဲဆဲ တာဝန်ခံဝမ် ၏ လေသံက ပြောင်းသွားပြီး...
" ဒါပေမဲ့ မင်းကို ရာထူးချဖို့ကတော့ ငါ သေချာပေါက် လုပ်နိုင်တယ် .. ဥပမာပြောရရင် အလုပ်ရုံထဲ ပို့တာမျိုး .. ဒါမှမဟုတ် အိမ်သာ သန့်ရှင်းရေး လုပ်ခိုင်းတာမျိုးပေါ့ .. "
" ခင်ဗျား အဲ့လိုလုပ်ရဲလား .. "
ရှာကျူး အံကြိတ်လိုက်ပြီး...
" ဒါရိုက်တာယန်က ကျုပ်ကို ဒီတိုင်းပစ်ထားမှာ မဟုတ်ဘူး .. ကျုပ်က သူ့လူပဲ .. "
" ဒါရိုက်တာယန် ဟုတ်လား .. "
တာဝန်ခံဝမ်က ပြုံးပြီး...
" မင်း မသိသေးဘူး ထင်တယ် .. ဒါရိုက်တာယန်လည်း ယန်လေးကို သိတယ် .. သူ့ကိုတောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတာ .. ဒါရိုက်တာယန်က မင်းအတွက်နဲ့ ယန်လေးကို စော်ကားလိမ့်မယ်လို့ မင်းထင်နေတာလား .. "
ရှာကျူး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည် ။
ယန်လောင်အာ သည်လည်း အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက်ကို သိလေသည် ။ ထို ပုဂ္ဂိုလ်က ဒါရိုက်တာယန် မစော်ကားရဲသည့်သူမျိုးပင် ။ ယခုတော့ သူ တုန်လှုပ်လာ၏ ။
ရှာကျူး ငြိမ်ကျသွားသည်ကို မြင်လျှင် တာဝန်ခံဝမ် ဝမ်းသာပီတိ ဂွမ်းဆီထိ သွားသည် ။ သူ၏ ရင်ထဲတွင် ဤဒေါသများကို ကြာရှည်စွာ သိမ်းဆည်းထားခဲ့ရ၏ ။ သို့သော် ခေါင်းဆောင်များက သူတို့၏ အထူးဟင်းလျာများအတွက် ရှာကျူးကို လိုအပ်နေသေးသောကြောင့်သာ သူ သည်းခံနေခဲ့ရခြင်း ဖြစ်သည် ။
သို့သော် ယခုတော့ မလိုတော့ပြီ ။ ယန်ကျီဝမ် ရှိနေသရွေ့ ရှာကျူး ၏ မောက်မာမှုများကို သူ သည်းခံနေရန် မလိုအပ်တော့ချေ ။
ရှာကျူးကသာ သူ့ကို အရေးယူရန် အကြောင်းပြချက် တစ်ခုခုပေးမိသည်နှင့် သူ နှစ်ခါမစဉ်းစားဘဲ ရှာကျူးကို အပြစ်ပေးမည် ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ မကျေနပ်မှုကို ဖြေရှင်းရာလည်း ရောက်ပေမည် ။
တာဝန်ခံဝမ်က သူ့ကို ဆက်မပြောတော့ပေ ။ ထို့အစား သူက မာဟွာ ကို...
" မာဟွာ .. အစွမ်းကုန် ကြိုးစားပါ .. တစ်ခုခုလိုအပ်ရင် ငါ့ဆီ အချိန်မရွေး လာခဲ့လို့ရတယ် .. မင်းရဲ့ဆရာနဲ့ ငါက ညီအစ်ကိုတွေလိုပဲ .. ပြီးတော့ မင်း သူ့ဆီကနေ ကျွမ်းကျင်မှုတွေကို ကြိုးစားသင်ယူရမယ် .. မင်း အဲဒါတွေကို ကျွမ်းကျင်သွားပြီဆိုရင် မင်းကို ခေါင်းဆောင်စားဖိုမှူးအဖြစ် ရာထူးတိုးပေးမယ် .. "
" ဟုတ်ကဲ့ .. ဟုတ်ကဲ့ပါ ဆရာဝမ် .. ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ် .. "
မာဟွာက အထပ်ထပ် ကတိပေးလိုက်သည် ။
" ကောင်းပြီ .. ငါ မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီး ထားထားမယ် .. "
ထို့နောက် တာဝန်ခံဝမ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ သီချင်းတစ်ပုဒ်ကို ညည်းရင်း ထွက်သွားလေသည် ။
မာဟွာ သာ ကျွမ်းကျင်စားဖိုမှူး ဖြစ်လာသည်နှင့် မာဟွာကို ရာထူးတိုးပေးပြီး ရှာကျူး ကို ဖြုတ်ချပစ်မည် ။ ဤသည်ကို တွေးရင်း သူ၏ စိတ်ခံစားချက်များက ပို၍ ကောင်းမွန်လာခဲ့သည် ။
ရှာကျူး တစ်ယောက်သာ ဒေါသထွက်၍ ကျန်နေခဲ့၏ ။
" ယန်လောင်အာ .. ငါ မင်းနဲ့ မပြီးသေးဘူး မှတ် .. "
...
အလုပ်ဆင်းပြီးနောက် ..
ရှာကျူးက ခြံဝင်းထဲသို့ ဒေါသတကြီး ပြန်ဝင်လာသည် ။ ယန်မိသားစု အိမ်ရှေ့သို့ ရောက်သောအခါ သူက မျက်နှာတင်းတင်းဖြင့်...
" ယန်လောင်အာ .. အခုချက်ချင်း ထွက်ခဲ့စမ်း .. "
လက်ဖက်ရည် သောက်နေသော ယန်ဖူကွေ့ သည် ဆူညံသံကို ကြား၍ မျက်မှောင်ကြုတ်ကာ ထွက်လာပြီး...
" ရှာကျူး .. မင်း အခု ဘာတွေ ဒေါသထွက်နေတာလဲ .. ငါ့အိမ်ရှေ့မှာ ဘာလို့ လာအော်နေတာလဲ .. "
" ဟမ့် .. ခင်ဗျားနဲ့ မဆိုင်ဘူး .. ယန်လောင်အာ ဘယ်မှာလဲ .. "
ရှာကျူးက အလွန် ဒေါသထွက်နေသော်လည်း ယန်ဖူကွေ့ အပေါ်တွင်တော့ ဒေါသကို မထုတ်ဖော်ရဲပေ ။ သူက ယန်ကျီဝမ် ကို သူ၏ အလုပ်အကိုင်အား လုယူခဲ့ခြင်းအပေါ် မေးခွန်းထုတ်ချင်ရုံ ဖြစ်သည် ။
ရိုက်နှက်ဖို့ဆိုလျှင်တော့ သူ မလုပ်ရဲ ။ အထိုးခံရမည့် နေရာသို့ သူသဘောနှင့်သူ လျှောက်သွားရလောက်အောင်အထိ သူ မတုံးပေ ။
မကြာမီပင် ယန်ကျီဝမ် သည် ယွီလီ ကို တင်ဆောင်ကာ ပြန်ရောက်လာ၏ ။ ထိုသည်ကိုမြင်လျှင် ရှာကျူးက အသံနက်ကြီးဖြင့်...
" ယန်လောင်အာ .. မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့ .. ဒီနေ့ မင်း ငါ့ကို ရှင်းပြရမယ် .. မဟုတ်ရင်...မဟုတ်ရင်တော့ ငါ မင်းနဲ့ မပြီးသေးဘူး .. "
ယွီလီက မပျော်ရွှင်ဟန်ဖြင့်...
" ရှာကျူး .. ရှင် အခု ဘာဖြစ်နေတာလဲ .. "
" မင်းနဲ့ မဆိုင်ဘူး .. "
ရှာကျူးက နှာခေါင်းရှုံ့လိုက်သည် ။
ယွီလီ ဒေါသထွက်သွား၏ ။ ယန်ကျီဝမ်က ယွီလီ ၏ လက်ကို ပုတ်ပေးလိုက်ပြီး သူ့ကိုသာ ကိုင်တွယ်ခွင့်ပေးရန် အချက်ပြလိုက်သည် ။ သူက ယွီလီ ကို သုံးဘီးစက်ဘီးအား ဆက်တွန်းရန် ပြောလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့်...
" မနေ့က ကိစ္စအတွက် ဒီကို လာတာလား .. "
ရှာကျူးက ခေါင်းညိတ်ပြီး...
" ဟုတ်တယ် .. မင်း ဘာလို့ ငါ့အလုပ်ကို လုသွားတာလဲ .. "
အထူးဟင်းလျာ ချက်ပြုတ်ရခြင်းများ မရှိတော့လျှင် အနာဂတ်တွင် သူ၏ဘဝက ခက်ခဲပေရော့မည် ။ ထို့အပြင် အထူးဟင်းလျာအလုပ် မရှိတော့သဖြင့် မီးဖိုချောင်ထဲရှိ လူတိုင်းက သူ့ကို အထင်သေးလာကြပြီး ဖက်တီဝမ် ၏ သြဇာက ပိုမို ကြီးမားလာသည် ။
' ဒီလို ဖြစ်လာတာကို ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ... .. ဒီ အခွင့်အရေး မရှိတော့ရင် ကန်တင်းမှာ ငါ့ အာဏာကို ဘယ်လို ဆက်ထိန်းနိုင်တော့မှာလဲ.... '
တခြားကိစ္စ တစ်ခုခုဆိုလျှင် သူ လျစ်လျူရှုထားလိုက်နိုင်သော်လည်း ဤကိစ္စတွင်တော့ မရ ။
ယန်ဖူကွေ့က ရှုပ်ထွေးဟန်ဖြင့် နားထောင်နေပြီး...
" ရှာကျူး .. မင်းစကားကို ငါနားမလည်ဘူး .... မင်းက ကန်တင်းမှာ အလုပ်လုပ်တာလေ .. ငါ့သား က ဝယ်ယူရေးဌာနမှာ အလုပ်လုပ်တာ .. သူ ဘယ်လိုလုပ် မင်းရဲ့အလုပ်ကို လုသွားနိုင်မှာလဲ .. "
ရှာကျူးက နှာခေါင်းရှုံ့ပြီး...
" သူ့ကိုသာ ကိုယ်တိုင် မေးကြည့်လိုက် .. "
ယန်ဖူကွေ့ သည် ယန်ကျီဝမ် ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" တကယ်တော့ ဘာမှမဟုတ်ပါဘူး .. မနေ့က စက်ရုံခေါင်းဆောင်တွေ တခြားဌာနက ခေါင်းဆောင်တွေကို ဧည့်ခံဖို့ အထူးဟင်းလျာတွေ ပြင်ဆင်ပေးဖို့ လိုအပ်နေတာလေ .. ရှာကျူးက ခွင့်ယူထားတာ .. နောက်ပိုင်း သူတို့က သူ့ကို လာခေါ်တာကို သူ မသွားဘူး .. အဲ့တာနဲ့ ကျွန်တော့်ဆီ ရောက်လာကြတာ .. "
" ခေါင်းဆောင်တွေ အမိန့်ပေးတာကို ကျွန်တော်ဘယ်လိုလုပ် ငြင်းလို့ ရမလဲ .. "
ယန်ဖူကွေ့ ရုတ်တရက် နားလည်သွားပြီး ရှာကျူး ကို...
" ရှာကျူး .. ဒီကိစ္စအတွက် ငါ့ရဲ့ ဒုတိယသားကို မင်း အပြစ်လာတင်လို့ မရဘူး .. မင်းကိုယ်တိုင် မလုပ်ခဲ့တာလေ .. ပြီးတော့ ခေါင်းဆောင်တွေ အမိန့်ပေးတာဆိုတော့ ငါ့သားက ငြင်းလို့မှ မရတာ.. "
" အဲဒါ မမှန်သေးဘူး .. အတိုချုပ်ပြောရရင် သူ ကျုပ်အလုပ်ကို လုလို့မရဘူး .. "
ရှာကျူးသည် လူဆိုးတစ်ယောက်လို ပြုမူလာသည် ။
ယန်ဖူကွေ့ က ဒေါသတကြီးဖြင့်...
" မင်းက မိုက်မဲလွန်းတာပဲ .. "
" အဖေ .. သူ့ကို ဂရုစိုက်မနေပါနဲ့ .. "
ယန်ကျီဝမ်က သူ့အဖေကို ပြောလိုက်ပြီးနောက် ရှာကျူး ကိုကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်...
" ငါ လုတယ်ကွာ .. ရှာကျူး ...မင်း ဘာလုပ်ချင်လဲ .. "
" မင်း .. "
ရှာကျူး ၏ မျက်နှာက ဒေါသကြောင့် နီရဲလာသည် ။ သူ လက်သီးဖြင့် ဖြေရှင်းချင်သော်လည်း မနိုင်မှန်း သိနေ၍ အခက်တွေ့သွား၏ ။
" ယန်လောင်အာ .. မင်း စောင့်ကြည့်နေလိုက် .. "
ရှာကျူးသည် ကြမ်းတမ်းသော ခြိမ်းခြောက်စကား ပြောပြီးနောက် အမြန် ပြန်လှည့်ထွက်သွားသည် ။
ယန်ဖူကွေ့က စိုးရိမ်ဟန်ဖြင့်...
" ဒုတိယသား .. ဒီ ရှာကျူး က လူယုတ်မာနော် .. သူ မကောင်းတာ တစ်ခုခုများ လုပ်မှာလား .. "
ယန်ကျီဝမ်က အထင်သေးဟန်ဖြင့်...
" သူ့မှာ အဲ့လောက် သတ္တိရှိလို့လား .. "
ယန်ဖူကွေ့ စဉ်းစားကြည့်လိုက်သည် ။ ရှာကျူး ၏ ဦးနှောက်နှင့်ဆိုလျှင် ယန်ကျီဝမ် ကို အနိုင်ရနိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားသဖြင့် သူ စိတ်မပူတော့ပေ ။ ထို့ကြောင့် ဤကိစ္စကို သူ့ ခေါင်းထဲမှ ထုတ်ပစ်လိုက်သည် ။
...
" အိုး .. မဟုတ်သေးဘူး .. တစ်ခုခုတော့ မှားနေပြီ .. ခြံထဲမှာ သူခိုးဝင်တယ် .. အားလုံးပဲ လာကြည့်ကြပါဦးဗျို့ .. "
နောက်တစ်နေ့ မနက်စောစောတွင် ယန်ကျီဝမ် သည် ကျယ်လောင်သော အော်ဟစ်သံကြောင့် နိုးလာခဲ့သည် ။
ယန်ကျီဝမ်က တိုးတိုးလေး ပြောလိုက်သည် ။
" လီလီ .. အဖေ့အသံကို ကြားလိုက်ရသလိုပဲ .. "
ယွီလီ သေချာ နားထောင်လိုက်ပြီး...
" ဟုတ်တယ် ..အဖေ့ အသံနဲ့ တူတယ် .. "
ယန်ကျီဝမ် ချက်ချင်းပင် အိပ်ချင်ပြေသွားသည် ။ သူ အဝတ်အစားများကို မြန်မြန်ဝတ်ပြီး ယွီလီ နှင့်အတူ အပြင်သို့ ထွက်လာ၏ ။ သူတို့ ထွက်လာသည်နှင့် ယန်ဖူကွေ့ စိုးရိမ်တကြီး အော်ဟစ်နေသည်ကို တွေ့လိုက်ရသည် ။
ယန်ကျီဝမ် ရှေ့တိုးလာပြီး...
" အဖေ .. ဘာဖြစ်တာလဲ .. "
ယန်ဖူကွေ့က ဒေါသတကြီးဖြင့်...
" ငါတို့ ခြံထဲကို သူခိုးဝင်တယ် .. ငါတို့ စက်ဘီးက ဘီးတွေ အခိုးခံလိုက်ရတယ် .. မင်းရဲ့ သုံးဘီးစက်ဘီးက ဘီးတစ်ဘီးလည်း အခိုးခံလိုက်ရတယ် .. "
ယွီလီက သူတို့၏ တံခါးဝကို အမြန် ကြည့်လိုက်ရာ သုံးဘီးစက်ဘီး၏ ဘီးတစ်ဘီး ပျောက်ဆုံးနေသည်ကို မြင်လိုက်ရသည် ။
ယွီလီ ဒေါသ ထွက်သွားပြီး...
" ဘယ်ကောင် ဒီလိုလုပ်သွားတာလဲ .. "
သူမက ယန်ကျီဖန့် ကို ကြည့်ပြီး...
" ကျီဖန့် .. ရဲစခန်းကို မြန်မြန်သွားပြီး တိုင်လိုက်တော့ .. "
" ဟုတ်ကဲ့ပါ .. "
ယန်ကျီဖန့်က သဘောတူပြီး တံခါးဆီသို့ ပြေးထွက်ရန် ပြင်လိုက်သည် ။
" ယန်ကျီဖန့် ရပ်လိုက်စမ်း .. "
ထိုအချိန်တွင် ရောက်ရှိလာသော ယီကျုံးဟိုင်က ယန်ကျီဖန့်ကို တားလိုက်၏ ။
ယန်ကျီဖန့်က ယန်ကျီဝမ် ကို ကြည့်လိုက်ပြီး သူ့အစ်ကိုနှစ် ခေါင်းညိတ်ပြသည်ကို မြင်လျှင် နောက်သို့ ပြန်လျှောက်လာသည် ။
ယန်ဖူကွေ့ ၏ အော်ဟစ်သံများကြောင့် ယီကျုံးဟိုင် အကြမ်းဖျင်း သိလိုက်ရသည် ။ သို့သော် ရဲစခန်းသို့ သွားတိုင်သည်က ရွေးချယ်စရာ မဟုတ်ပေ ။ ခြံဝင်း၏ ပုံမှန် ဖြေရှင်းနေကျ နည်းလမ်းများဖြင့်သာ ဖြေရှင်း ရပေမည် ။
ယန်ကျီဖန့် နောက်ဆုတ်လာပြီးနောက် ယီကျုံးဟိုင်က ယန်ဖူကွေ့ကို...
" လောင်ယန် .. ဘာတွေဖြစ်ခဲ့တာလဲ .. ခင်ဗျားတို့ မိသားစု ဘာတွေ ပျောက်သွားလို့လဲ .. "
ယန်ဖူကွေ့သည် အခြေအနေကို ထပ်မံ ရှင်းပြရန်မှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ ။
ယန်ဖူကွေ့ ၏ အော်သံများကြောင့် အိမ်နီးချင်းများ အိမ်ရှေ့ခြံဝင်းထဲသို့ တဖြည်းဖြည်း ရောက်လာကြသည် ။ ခြံထဲတွင် သူခိုးဝင်ခြင်းက သေးငယ်သည့် ကိစ္စ မဟုတ်ပေ ။
ထိုအချိန်တွင် ရွှီတာမော့ က ရှေ့သို့ တိုးထွက်လာသည် ။
လျှိုဟိုင်ကျုံး က အခွင့်အရေးကို ယူပြီး လူတိုင်းကို...
" မင်းတို့အားလုံး အိမ်ပြန်ပြီး သွားကြည့်ကြစမ်း .. ဘယ်သူ့အိမ်ကရော ဘာ ပျောက်သေးလဲ ကြည့်ကြ .. "
ထိုစကားကို ကြားသောအခါ လူတိုင်းလန့်သွားကြပြီး အိမ်သို့ ပြန်ပြေးကြတော့သည် ။