← Chapters

အခန်း ၂၀၁

Vol. 20 Ch. 201

အခန်း ၂၀၁

Vol. 20 Ch. 201

Chapter 201

~

အခန်း ၂၀၁ : ဘီးလုံး အခိုးခံလိုက်ရခြင်း...

~

​သို့သော် ရှာကျူးက တာဝန်ခံဝမ် ၏ သတိပေးချက်ကို အလေးမထားပေ ။ သူ နှာခေါင်းရှုံ့ပြီး...

​" ဖက်တီးဝမ် .. ကျုပ်ကို လာခြောက်မနေနဲ့ .. ခင်ဗျား ကျုပ်ကို အလုပ်ထုတ်လို့မရပါဘူး .. "

​တာဝန်ခံဝမ်က ခေါင်းခါပြီး...

​" ဒါပေါ့ ..မင်းကို အလုပ်ဖြုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး .. ငါ့မှာ အဲ့လို အခွင့်အာဏာ မရှိပါဘူး .. "

​ရှာကျူး ကြွားလုံးထုတ်တော့မည့်ဆဲဆဲ တာဝန်ခံဝမ် ၏ လေသံက ပြောင်းသွားပြီး...

​" ဒါပေမဲ့ မင်းကို ရာထူးချဖို့ကတော့ ငါ သေချာပေါက် လုပ်နိုင်တယ် .. ဥပမာပြောရရင် အလုပ်ရုံထဲ ပို့တာမျိုး .. ဒါမှမဟုတ် အိမ်သာ သန့်ရှင်းရေး လုပ်ခိုင်းတာမျိုးပေါ့ .. "

​" ခင်ဗျား အဲ့လိုလုပ်ရဲလား .. "

​ရှာကျူး အံကြိတ်လိုက်ပြီး...

​" ဒါရိုက်တာယန်က ကျုပ်ကို ဒီတိုင်းပစ်ထားမှာ မဟုတ်ဘူး .. ကျုပ်က သူ့လူပဲ .. "

​" ဒါရိုက်တာယန် ဟုတ်လား .. "

​တာဝန်ခံဝမ်က ပြုံးပြီး...

​" မင်း မသိသေးဘူး ထင်တယ် .. ဒါရိုက်တာယန်လည်း ယန်လေးကို သိတယ် .. သူ့ကိုတောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတာ .. ဒါရိုက်တာယန်က မင်းအတွက်နဲ့ ယန်လေးကို စော်ကားလိမ့်မယ်လို့ မင်းထင်နေတာလား .. "

​ရှာကျူး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည် ။

​ယန်လောင်အာ သည်လည်း အလွန်အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက်ကို သိလေသည် ။ ထို ပုဂ္ဂိုလ်က ဒါရိုက်တာယန် မစော်ကားရဲသည့်သူမျိုးပင် ။ ယခုတော့ သူ တုန်လှုပ်လာ၏ ။

​ရှာကျူး ငြိမ်ကျသွားသည်ကို မြင်လျှင် တာဝန်ခံဝမ် ဝမ်းသာပီတိ ဂွမ်းဆီထိ သွားသည် ။ သူ၏ ရင်ထဲတွင် ဤဒေါသများကို ကြာရှည်စွာ သိမ်းဆည်းထားခဲ့ရ၏ ။ သို့သော် ခေါင်းဆောင်များက သူတို့၏ အထူးဟင်းလျာများအတွက် ရှာကျူးကို လိုအပ်နေသေးသောကြောင့်သာ သူ သည်းခံနေခဲ့ရခြင်း ဖြစ်သည် ။

​သို့သော် ယခုတော့ မလိုတော့ပြီ ။ ယန်ကျီဝမ် ရှိနေသရွေ့ ရှာကျူး ၏ မောက်မာမှုများကို သူ သည်းခံနေရန် မလိုအပ်တော့ချေ ။

​ရှာကျူးကသာ သူ့ကို အရေးယူရန် အကြောင်းပြချက် တစ်ခုခုပေးမိသည်နှင့် သူ နှစ်ခါမစဉ်းစားဘဲ ရှာကျူးကို အပြစ်ပေးမည် ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ မကျေနပ်မှုကို ဖြေရှင်းရာလည်း ရောက်ပေမည် ။

​တာဝန်ခံဝမ်က သူ့ကို ဆက်မပြောတော့ပေ ။ ထို့အစား သူက မာဟွာ ကို...

​" မာဟွာ .. အစွမ်းကုန် ကြိုးစားပါ .. တစ်ခုခုလိုအပ်ရင် ငါ့ဆီ အချိန်မရွေး လာခဲ့လို့ရတယ် .. မင်းရဲ့ဆရာနဲ့ ငါက ညီအစ်ကိုတွေလိုပဲ .. ပြီးတော့ မင်း သူ့ဆီကနေ ကျွမ်းကျင်မှုတွေကို ကြိုးစားသင်ယူရမယ် .. မင်း အဲဒါတွေကို ကျွမ်းကျင်သွားပြီဆိုရင် မင်းကို ခေါင်းဆောင်စားဖိုမှူးအဖြစ် ရာထူးတိုးပေးမယ် .. "

​" ဟုတ်ကဲ့ .. ဟုတ်ကဲ့ပါ ဆရာဝမ် .. ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ် .. "

မာဟွာက အထပ်ထပ် ကတိပေးလိုက်သည် ။

​" ကောင်းပြီ .. ငါ မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီး ထားထားမယ် .. "

​ထို့နောက် တာဝန်ခံဝမ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ သီချင်းတစ်ပုဒ်ကို ညည်းရင်း ထွက်သွားလေသည် ။

​မာဟွာ သာ ကျွမ်းကျင်စားဖိုမှူး ဖြစ်လာသည်နှင့် မာဟွာကို ရာထူးတိုးပေးပြီး ရှာကျူး ကို ဖြုတ်ချပစ်မည် ။ ဤသည်ကို တွေးရင်း သူ၏ စိတ်ခံစားချက်များက ပို၍ ကောင်းမွန်လာခဲ့သည် ။

​ရှာကျူး တစ်ယောက်သာ ဒေါသထွက်၍ ကျန်နေခဲ့၏ ။

​" ယန်လောင်အာ .. ငါ မင်းနဲ့ မပြီးသေးဘူး မှတ် .. "

​...

​အလုပ်ဆင်းပြီးနောက် ..

​ရှာကျူးက ခြံဝင်းထဲသို့ ဒေါသတကြီး ပြန်ဝင်လာသည် ။ ယန်မိသားစု အိမ်ရှေ့သို့ ရောက်သောအခါ သူက မျက်နှာတင်းတင်းဖြင့်...

​" ယန်လောင်အာ .. အခုချက်ချင်း ထွက်ခဲ့စမ်း .. "

​လက်ဖက်ရည် သောက်နေသော ယန်ဖူကွေ့ သည် ဆူညံသံကို ကြား၍ မျက်မှောင်ကြုတ်ကာ ထွက်လာပြီး...

​" ရှာကျူး .. မင်း အခု ဘာတွေ ဒေါသထွက်နေတာလဲ .. ငါ့အိမ်ရှေ့မှာ ဘာလို့ လာအော်နေတာလဲ .. "

​" ဟမ့် .. ခင်ဗျားနဲ့ မဆိုင်ဘူး .. ယန်လောင်အာ ဘယ်မှာလဲ .. "

​ရှာကျူးက အလွန် ဒေါသထွက်နေသော်လည်း ယန်ဖူကွေ့ အပေါ်တွင်တော့ ဒေါသကို မထုတ်ဖော်ရဲပေ ။ သူက ယန်ကျီဝမ် ကို သူ၏ အလုပ်အကိုင်အား လုယူခဲ့ခြင်းအပေါ် မေးခွန်းထုတ်ချင်ရုံ ဖြစ်သည် ။

​ရိုက်နှက်ဖို့ဆိုလျှင်တော့ သူ မလုပ်ရဲ ။ အထိုးခံရမည့် နေရာသို့ သူသဘောနှင့်သူ လျှောက်သွားရလောက်အောင်အထိ သူ မတုံးပေ ။

​မကြာမီပင် ယန်ကျီဝမ် သည် ယွီလီ ကို တင်ဆောင်ကာ ပြန်ရောက်လာ၏ ။ ထိုသည်ကိုမြင်လျှင် ရှာကျူးက အသံနက်ကြီးဖြင့်...

​" ယန်လောင်အာ .. မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့ .. ဒီနေ့ မင်း ငါ့ကို ရှင်းပြရမယ် .. မဟုတ်ရင်...မဟုတ်ရင်တော့ ငါ မင်းနဲ့ မပြီးသေးဘူး .. "

​ ယွီလီက မပျော်ရွှင်ဟန်ဖြင့်...

​" ရှာကျူး .. ရှင် အခု ဘာဖြစ်နေတာလဲ .. "

​" မင်းနဲ့ မဆိုင်ဘူး .. "

​ရှာကျူးက နှာခေါင်းရှုံ့လိုက်သည် ။

​ယွီလီ ဒေါသထွက်သွား၏ ။ ယန်ကျီဝမ်က ယွီလီ ၏ လက်ကို ပုတ်ပေးလိုက်ပြီး သူ့ကိုသာ ကိုင်တွယ်ခွင့်ပေးရန် အချက်ပြလိုက်သည် ။ သူက ယွီလီ ကို သုံးဘီးစက်ဘီးအား ဆက်တွန်းရန် ပြောလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့်...

​" မနေ့က ကိစ္စအတွက် ဒီကို လာတာလား .. "

​ရှာကျူးက ခေါင်းညိတ်ပြီး...

​" ဟုတ်တယ် .. မင်း ဘာလို့ ငါ့အလုပ်ကို လုသွားတာလဲ .. "

​အထူးဟင်းလျာ ချက်ပြုတ်ရခြင်းများ မရှိတော့လျှင် အနာဂတ်တွင် သူ၏ဘဝက ခက်ခဲပေရော့မည် ။ ထို့အပြင် အထူးဟင်းလျာအလုပ် မရှိတော့သဖြင့် မီးဖိုချောင်ထဲရှိ လူတိုင်းက သူ့ကို အထင်သေးလာကြပြီး ဖက်တီဝမ် ၏ သြဇာက ပိုမို ကြီးမားလာသည် ။

​' ဒီလို ဖြစ်လာတာကို ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ... .. ဒီ အခွင့်အရေး မရှိတော့ရင် ကန်တင်းမှာ ငါ့ အာဏာကို ဘယ်လို ဆက်ထိန်းနိုင်တော့မှာလဲ.... '

​တခြားကိစ္စ တစ်ခုခုဆိုလျှင် သူ လျစ်လျူရှုထားလိုက်နိုင်သော်လည်း ဤကိစ္စတွင်တော့ မရ ။

​ယန်ဖူကွေ့က ရှုပ်ထွေးဟန်ဖြင့် နားထောင်နေပြီး...

​" ရှာကျူး .. မင်းစကားကို ငါနားမလည်ဘူး .... မင်းက ကန်တင်းမှာ အလုပ်လုပ်တာလေ .. ငါ့သား က ဝယ်ယူရေးဌာနမှာ အလုပ်လုပ်တာ .. သူ ဘယ်လိုလုပ် မင်းရဲ့အလုပ်ကို လုသွားနိုင်မှာလဲ .. "

​ရှာကျူးက နှာခေါင်းရှုံ့ပြီး...

​" သူ့ကိုသာ ကိုယ်တိုင် မေးကြည့်လိုက် .. "

​ယန်ဖူကွေ့ သည် ယန်ကျီဝမ် ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

​" တကယ်တော့ ဘာမှမဟုတ်ပါဘူး .. မနေ့က စက်ရုံခေါင်းဆောင်တွေ တခြားဌာနက ခေါင်းဆောင်တွေကို ဧည့်ခံဖို့ အထူးဟင်းလျာတွေ ပြင်ဆင်ပေးဖို့ လိုအပ်နေတာလေ .. ရှာကျူးက ခွင့်ယူထားတာ .. နောက်ပိုင်း သူတို့က သူ့ကို လာခေါ်တာကို သူ မသွားဘူး .. အဲ့တာနဲ့ ကျွန်တော့်ဆီ ရောက်လာကြတာ .. "

​" ခေါင်းဆောင်တွေ အမိန့်ပေးတာကို ကျွန်တော်ဘယ်လိုလုပ် ငြင်းလို့ ရမလဲ .. "

​ယန်ဖူကွေ့ ရုတ်တရက် နားလည်သွားပြီး ရှာကျူး ကို...

​" ရှာကျူး .. ဒီကိစ္စအတွက် ငါ့ရဲ့ ဒုတိယသားကို မင်း အပြစ်လာတင်လို့ မရဘူး .. မင်းကိုယ်တိုင် မလုပ်ခဲ့တာလေ .. ပြီးတော့ ခေါင်းဆောင်တွေ အမိန့်ပေးတာဆိုတော့ ငါ့သားက ငြင်းလို့မှ မရတာ.. "

​" အဲဒါ မမှန်သေးဘူး .. အတိုချုပ်ပြောရရင် သူ ကျုပ်အလုပ်ကို လုလို့မရဘူး .. "

​ရှာကျူးသည် လူဆိုးတစ်ယောက်လို ပြုမူလာသည် ။

​ယန်ဖူကွေ့ က ဒေါသတကြီးဖြင့်...

​" မင်းက မိုက်မဲလွန်းတာပဲ .. "

​" အဖေ .. သူ့ကို ဂရုစိုက်မနေပါနဲ့ .. "

​ယန်ကျီဝမ်က သူ့အဖေကို ပြောလိုက်ပြီးနောက် ရှာကျူး ကိုကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်...

​" ငါ လုတယ်ကွာ .. ရှာကျူး ...မင်း ဘာလုပ်ချင်လဲ .. "

​" မင်း .. "

​ရှာကျူး ၏ မျက်နှာက ဒေါသကြောင့် နီရဲလာသည် ။ သူ လက်သီးဖြင့် ဖြေရှင်းချင်သော်လည်း မနိုင်မှန်း သိနေ၍ အခက်တွေ့သွား၏ ။

​" ယန်လောင်အာ .. မင်း စောင့်ကြည့်နေလိုက် .. "

​ရှာကျူးသည် ကြမ်းတမ်းသော ခြိမ်းခြောက်စကား ပြောပြီးနောက် အမြန် ပြန်လှည့်ထွက်သွားသည် ။

​ယန်ဖူကွေ့က စိုးရိမ်ဟန်ဖြင့်...

​" ဒုတိယသား .. ဒီ ရှာကျူး က လူယုတ်မာနော် .. သူ မကောင်းတာ တစ်ခုခုများ လုပ်မှာလား .. "

​ယန်ကျီဝမ်က အထင်သေးဟန်ဖြင့်...

​" သူ့မှာ အဲ့လောက် သတ္တိရှိလို့လား .. "

​ယန်ဖူကွေ့ စဉ်းစားကြည့်လိုက်သည် ။ ရှာကျူး ၏ ဦးနှောက်နှင့်ဆိုလျှင် ယန်ကျီဝမ် ကို အနိုင်ရနိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားသဖြင့် သူ စိတ်မပူတော့ပေ ။ ထို့ကြောင့် ဤကိစ္စကို သူ့ ခေါင်းထဲမှ ထုတ်ပစ်လိုက်သည် ။

​...

​" အိုး .. မဟုတ်သေးဘူး .. တစ်ခုခုတော့ မှားနေပြီ .. ခြံထဲမှာ သူခိုးဝင်တယ် .. အားလုံးပဲ လာကြည့်ကြပါဦးဗျို့ .. "

​နောက်တစ်နေ့ မနက်စောစောတွင် ယန်ကျီဝမ် သည် ကျယ်လောင်သော အော်ဟစ်သံကြောင့် နိုးလာခဲ့သည် ။

​ယန်ကျီဝမ်က တိုးတိုးလေး ပြောလိုက်သည် ။

​" လီလီ .. အဖေ့အသံကို ကြားလိုက်ရသလိုပဲ .. "

​ယွီလီ သေချာ နားထောင်လိုက်ပြီး...

​" ဟုတ်တယ် ..အဖေ့ အသံနဲ့ တူတယ် .. "

​ ယန်ကျီဝမ် ချက်ချင်းပင် အိပ်ချင်ပြေသွားသည် ။ သူ အဝတ်အစားများကို မြန်မြန်ဝတ်ပြီး ယွီလီ နှင့်အတူ အပြင်သို့ ထွက်လာ၏ ။ သူတို့ ထွက်လာသည်နှင့် ယန်ဖူကွေ့ စိုးရိမ်တကြီး အော်ဟစ်နေသည်ကို တွေ့လိုက်ရသည် ။

​ယန်ကျီဝမ် ရှေ့တိုးလာပြီး...

​" အဖေ .. ဘာဖြစ်တာလဲ .. "

​ယန်ဖူကွေ့က ဒေါသတကြီးဖြင့်...

​" ငါတို့ ခြံထဲကို သူခိုးဝင်တယ် .. ငါတို့ စက်ဘီးက ဘီးတွေ အခိုးခံလိုက်ရတယ် .. မင်းရဲ့ သုံးဘီးစက်ဘီးက ဘီးတစ်ဘီးလည်း အခိုးခံလိုက်ရတယ် .. "

​ယွီလီက သူတို့၏ တံခါးဝကို အမြန် ကြည့်လိုက်ရာ သုံးဘီးစက်ဘီး၏ ဘီးတစ်ဘီး ပျောက်ဆုံးနေသည်ကို မြင်လိုက်ရသည် ။

​ယွီလီ ဒေါသ ထွက်သွားပြီး...

​" ဘယ်ကောင် ဒီလိုလုပ်သွားတာလဲ .. "

​သူမက ယန်ကျီဖန့် ကို ကြည့်ပြီး...

​" ကျီဖန့် .. ရဲစခန်းကို မြန်မြန်သွားပြီး တိုင်လိုက်တော့ .. "

​" ဟုတ်ကဲ့ပါ .. "

​ယန်ကျီဖန့်က သဘောတူပြီး တံခါးဆီသို့ ပြေးထွက်ရန် ပြင်လိုက်သည် ။

​" ယန်ကျီဖန့် ရပ်လိုက်စမ်း .. "

​ထိုအချိန်တွင် ရောက်ရှိလာသော ယီကျုံးဟိုင်က ယန်ကျီဖန့်ကို တားလိုက်၏ ။

​ယန်ကျီဖန့်က ယန်ကျီဝမ် ကို ကြည့်လိုက်ပြီး သူ့အစ်ကိုနှစ် ခေါင်းညိတ်ပြသည်ကို မြင်လျှင် နောက်သို့ ပြန်လျှောက်လာသည် ။

​ယန်ဖူကွေ့ ၏ အော်ဟစ်သံများကြောင့် ယီကျုံးဟိုင် အကြမ်းဖျင်း သိလိုက်ရသည် ။ သို့သော် ရဲစခန်းသို့ သွားတိုင်သည်က ရွေးချယ်စရာ မဟုတ်ပေ ။ ခြံဝင်း၏ ပုံမှန် ဖြေရှင်းနေကျ နည်းလမ်းများဖြင့်သာ ဖြေရှင်း ရပေမည် ။

​ယန်ကျီဖန့် နောက်ဆုတ်လာပြီးနောက် ယီကျုံးဟိုင်က ယန်ဖူကွေ့ကို...

​" လောင်ယန် .. ဘာတွေဖြစ်ခဲ့တာလဲ .. ခင်ဗျားတို့ မိသားစု ဘာတွေ ပျောက်သွားလို့လဲ .. "

​ယန်ဖူကွေ့သည် အခြေအနေကို ထပ်မံ ရှင်းပြရန်မှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ ။

​ယန်ဖူကွေ့ ၏ အော်သံများကြောင့် အိမ်နီးချင်းများ အိမ်ရှေ့ခြံဝင်းထဲသို့ တဖြည်းဖြည်း ရောက်လာကြသည် ။ ခြံထဲတွင် သူခိုးဝင်ခြင်းက သေးငယ်သည့် ကိစ္စ မဟုတ်ပေ ။

​ထိုအချိန်တွင် ရွှီတာမော့ က ရှေ့သို့ တိုးထွက်လာသည် ။

​လျှိုဟိုင်ကျုံး က အခွင့်အရေးကို ယူပြီး လူတိုင်းကို...

​" မင်းတို့အားလုံး အိမ်ပြန်ပြီး သွားကြည့်ကြစမ်း .. ဘယ်သူ့အိမ်ကရော ဘာ ပျောက်သေးလဲ ကြည့်ကြ .. "

​ထိုစကားကို ကြားသောအခါ လူတိုင်းလန့်သွားကြပြီး အိမ်သို့ ပြန်ပြေးကြတော့သည် ။

All Chapters