အခန်း ၂၀၃
Vol. 20 Ch. 203
Chapter 203
~
အခန်း ၂၀၃ : ရှာကျူး အဖမ်းခံရခြင်း
~
" မသွားရဘူး.. "
" မင်း သွားခွင့်မရှိဘူး.. "
ယီကျုံးဟိုင်နှင့် လျှိုဟိုင်ကျုံးတို့ထံမှ အလောတကြီး အော်ဟစ်သံ နှစ်သံ ထွက်ပေါ်လာသည် ။
တစ်ယောက်က ခြံဝင်းထဲရှိ သူ၏ သြဇာအာဏာအတွက် ဖြစ်ပြီး အခြားတစ်ယောက်ကမူ ခေါင်းဆောင်လုပ်ချင်သည့် သူ၏ စွဲလမ်းမှုကို ဖြည့်ဆည်းရန်အတွက် ဖြစ်သည် ။
ခြံဝင်းထဲတွင် သူခိုးရှိနေသည့်ကိစ္စ ပေါက်ကြားသွားပြီး လမ်းရုံးသို့ ပြန့်နှံ့သွားပါက သူတို့၏ ခြံဝင်းလူကြီး ရာထူးများပင် ဆုံးရှုံးသွားနိုင်၏ ။
ထို့အပြင် ယန်ကျီဝမ်၏ ဇနီး ယွီလီက လမ်းရုံးမှ ဝန်ထမ်းတစ်ဦး ဖြစ်နေသည် ။ သူမကသာ စကားအနည်းငယ်ဖြင့် မီးလောင်ရာ လေပင့်လိုက်မည်ဆိုလျှင် သူတို့ ရာထူးမှ ဖယ်ရှားခံရနိုင်ချေက ပို၍ပင် များသွားပေလိမ့်မည် ။
သို့သော် ယန်ကျီဖန့်က ယန်ကျီဝမ်၏ စကားကိုသာ နားထောင်သည် ။ သူတို့နှစ်ယောက် မည်သို့ပင် အော်ဟစ်နေစေကာမူ သူ အပြင်သို့ ပြေးထွက်သွားကာ ပျောက်ကွယ်သွားလေပြီ ။
ထို့ကြောင့် သူတို့နှစ်ဦးသည် ယန်ကျီဝမ်အပေါ် မကျေနပ်ချက်များကို ပုံချရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ ။
လျှိုဟိုင်ကျုံးက မကျေမနပ်ဖြင့်...
" ယန်ကျီဝမ်.. ခြံဝင်းထဲက ကိစ္စတွေကို ခြံဝင်းထဲမှာပဲ ဖြေရှင်းရမယ်.. ဒါက ခြံဝင်းရဲ့ စည်းမျဉ်းပဲလေ.. မင်းက ဘယ်လိုလုပ်ပြီး တိုင်ရတာလဲ.. "
ယီကျုံးဟိုင်ကလည်း ဝင်ထောက်ခံသည် ။
" ဟုတ်တယ်.. ဒါက ကိစ္စသေးသေးလေးပါ.. ခြံဝင်းက ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်.. ရဲတွေကို ဘာလို့ ဒုက္ခပေးနေရတာလဲ.. "
ယန်ဖူကွေ့က တင်းမာသော မျက်နှာထားဖြင့်...
" လောင်ယီ.. လောင်လျှို.. ခြံဝင်းထဲမှာ သူခိုးပေါ်လာတာကို ကိစ္စသေးသေးလေးလို့ သတ်မှတ်လို့ ရမလား.. "
သူက လူတိုင်းကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ...
" အိမ်နီးချင်းတို့.. ခင်ဗျားတို့ သေချာ စဉ်းစားကြည့်သင့်တယ်.. ဒီခြံဝင်းထဲမှာ သူခိုးတစ်ယောက် ပေါ်လာပြီး အဲ့ဒီသူခိုးကိုသာ မရှာနိုင်ခဲ့ရင် နောင်တစ်ချိန် ခင်ဗျားတို့ အိမ်တွေက ပစ္စည်းတွေလည်း ပျောက်ဆုံးသွားနိုင်တယ်.. အဲ့ဒီအချိန်ကျရင် ကျုပ်က ဒါ ကိစ္စသေးသေးလေးပါလို့ ပြောရင် ခင်ဗျားတို့ ကျေနပ်နိုင်ပါ့မလား.. "
" ဘယ်ကျေနပ်နိုင်ပါ့မလဲ.. ပစ္စည်းသေးသေးမွှားမွှားလေးတွေဆိုရင်တော့ လက်ခံနိုင်ကောင်း လက်ခံနိုင်ပေမဲ့ ပိုက်ဆံတွေသာ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ.. "
" ဘာပဲပျောက်ပျောက် လက်မခံနိုင်ပါဘူး.. ဒီခေတ်မှာ မိသားစုတိုင်းက ရုန်းကန်နေရတာလေ.. ဘယ်သူက ချမ်းသာနေလို့လဲ.. "
" အဲ့ဒီသူခိုးကို ရှာပြီးတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်.. "
" ပြင်းပြင်းထန်ထန် အပြစ်ပေး.. ပြင်းပြင်းထန်ထန် အပြစ်ပေး.. "
တတိယဦးလေးဖြစ်သော ယန်ဖူကွေ့တွင် သူ၏ ကိုယ်ပိုင် လှည့်ကွက် အသေးစားလေးများ ရှိနေပေသည် ။ စကားအနည်းငယ်ဖြင့် အိမ်နီးချင်းများ၏ ခံစားချက်များကို လှုံ့ဆော်ပေးနိုင်ခဲ့၏ ။
ယခုအခါ ယီကျုံးဟိုင်နှင့် လျှိုဟိုင်ကျုံးတို့ပင် ဤကိစ္စကို အလွယ်တကူ လျစ်လျူရှု၍ မရနိုင်တော့ချေ ။
အထူးသဖြင့် ရှာကျူးပင် ။ သူ ယခုအချိန်တွင် အလွန် ထိတ်လန့်တုန်လှုပ်နေပေသည် ။
ယန်ကျီဝမ်က ယန်ကျီဖန့်အား အမှုသွားတိုင်ရန် ပြောလိုက်သည့် အချိန်မှစ၍ သူ၏ နဖူးမှ ချွေးများ ရေစီးသကဲ့သို့ စီးကျလာသည် ။
သူလုပ်ခဲ့သည့် လုပ်ရပ်က လျှို့ဝှက်သော်ငြား တကယ်စုံစမ်းလျှင် သဲလွန်စများ ရှိနေပေသည် ။ ရဲများသာ စုံစမ်းစစ်ဆေးမည်ဆိုပါက ဖော်ထုတ်နိုင်ရန် ခက်ခဲမည် မဟုတ်ပေ ။
သူ့ကိုသာ ဖော်ထုတ်နိုင်ခဲ့လျှင် သူ သေချာပေါက် အဖမ်းခံရမည် ။
' ငါ ထွက်ပြေးမှ ဖြစ်မယ်.. '
ဤသို့ တွေးမိကာ သူ တိတ်တဆိတ် ထွက်ပြေးရန် ပြင်လိုက်သည် ။
သို့သော် မျက်စိရှင်သော ရွှီတာမော့က သူ့ကို မြင်သွားပြီး...
" ရှာကျူး.. မင်း ဘယ်သွားမလို့လဲ.. ရဲတွေ လာမှာမလို့ မင်း ထွက်ပြေးဖို့ ကြိုးစားနေတာလား.. "
ရှာကျူး၏ မျက်နှာ အရောင်ပြောင်းသွားပြီး အလန့်တကြားဖြင့်...
" ဘ.. ဘယ်သူက ထွက်ပြေးလို့လဲ.. ငါ အလုပ်သွားဖို့ လိုသေးတယ်.. ငါ နောက်မကျချင်ဘူး.. "
ထိုစကားများက လုံးဝ ယုံကြည်နိုင်စရာ မရှိချေ ။
ရှာကျူးက အလွန် ပျင်းရိပြီး နေ့စဉ် မနက် ရှစ်နာရီ သို့မဟုတ် ကိုးနာရီမှသာ အလုပ်သွားတတ်ကြောင်း ခြံဝင်းတစ်ခုလုံးရှိ လူတိုင်းက သိထားကြ၏ ။
ယခုမှ သူက နောက်မကျချင်ဘူးဟု ပြောနေချေသည် ။
ရှာကျူးက စကားပြောပြီးသည်နှင့် တံခါးပေါက်ဆီသို့ ပြေးထွက်ရန် ပြင်လိုက်သည် ။
သို့သော် ယန်ကျီဝမ်က သူ့ကို သွားခွင့်မပြု ။ သူက ရှာကျူး၏ အရှေ့တွင် ပိတ်ရပ်လိုက်ပြီး အေးစက်စွာဖြင့်...
" ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းက မလိုချင်ခဲ့ဘူးလေ.. "
အကယ်၍ ရှာကျူးသာ ဝန်ခံခဲ့မည်ဆိုလျှင် အလွန်ဆုံး ငွေလျော်ခိုင်းပြီး တစ်ချက်နှစ်ချက် ကန်ကျောက်လိုက်ရုံဖြင့် လုံလောက်ပေသည် ။
သူ ရှာကျူးကို ထည့်မတွက်လျှင်ပင် ဟဲယွီဆွေကို ငဲ့ညှာပြီး လက်လျှော့ပေးနိုင်သေးသည် ။
သို့သော် ရှာကျူးက ထိုသို့မလိုလားခဲ့သဖြင့် သူ့ကို အပြစ်တင်၍ မရနိုင်တော့ ။
" ယန်လောင်အာ.. ငါ့လမ်းကနေ ဖယ်စမ်း.. "
ယန်ကျီဝမ်က ရှာကျူးကို တွန်းပစ်လိုက်သည် ။ ရှာကျူး မြေပြင်ပေါ်သို့ လဲကျသွား၏ ။
ရှာကျူးက ဒေါသတကြီးဖြင့် လက်ပါရန် ပြင်လိုက်သည် ။
" ရပ်လိုက်စမ်း.. "
သူ လက်ပါရန် ပြင်လိုက်စဥ်မှာပင် ကျယ်လောင်သော ဟိန်းဟောက်သံ တစ်သံကို ကြားလိုက်ရသည် ။
ယန်ကျီဖန့်က ရဲ နှစ်ဦးနှင့်အတူ ပြန်ရောက်လာချေပြီ ။
တစ်ဦးက လူလတ်ပိုင်းအရွယ် ရဲ တစ်ဦးဖြစ်ပြီး အခြားတစ်ဦးကမူ ယန်ကျီဝမ်နှင့် ရွယ်တူခန့်ရှိမည့် လူငယ် ရဲ တစ်ဦးဖြစ်သည် ။
အော်ဟစ်လိုက်သူက အသက်ပိုကြီးသော ရဲ ပင် ။
အသက်ပိုကြီးသော ရဲ လျှိုဟုန်က ရှာကျူးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့်...
" ဘယ်သူက အမှုလာတိုင်တာလဲ.. "
ယီကျုံးဟိုင်က အခြားသူများ စကားပြောမည့်အချိန်ကို မစောင့်တော့ဘဲ ချက်ချင်း ရှေ့ထွက်လာကာ ပြောလိုက်သည် ။
" ဆရာ.. ဒါက ကျွန်တော်တို့ ခြံဝင်းထဲက ကိစ္စသေးသေးလေးပါ.. ရဲတွေကို အလုပ်မရှုပ်စေချင်ပါဘူး.... "
" ကိစ္စသေးသေးလေး ဟုတ်လား.. "
လျှိုဟုန် မျက်မှောင်ကြုတ်လိုက်သည် ။
ယန်ကျီဝမ်က လက်ပြလိုက်ပြီး...
" ဆရာ.. ကျွန်တော် အမှုတိုင်တာပါ.. ကျွန်တော့်ရဲ့ စက်ဘီးနဲ့ သုံးဘီးဆိုင်ကယ်ရဲ့ ဘီးတွေ အခိုးခံလိုက်ရတယ်.. သူ ခိုးသွားတာလို့ ကျွန်တော် သံသယရှိပါတယ်.. "
ယန်ကျီဝမ်က သူ့ရှေ့ရှိ ရှာကျူးကို လက်ညှိုးထိုးပြလိုက်သည် ။
" ငါ မဟုတ်ဘူး.. "
ရှာကျူးက ခေါင်းမာနေဆဲ ဖြစ်သော်လည်း သူ၏ နဖူးပေါ်တွင်တော့ ချွေးစေးများ စိုရွှဲနေလေပြီ ။
လျှိုဟုန်က သူ့ကို လျစ်လျူရှုကာ ယန်ကျီဝမ်ကိုသာ ကြည့်၍...
" ရဲဘော်.. ငါတို့ ရဲတွေက အထောက်အထားပေါ် မူတည်ပြီး အမှုတွေကို ကိုင်တွယ်တာပါ.. မင်းရဲ့ တစ်ဖက်သတ် စကားကိုပဲ နားထောင်လို့ မရဘူး.. "
" နားလည်ပါတယ်.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး...
" ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ရှာကျူးက မနေ့ညဉ့်နက်ပိုင်းနဲ့ ဒီနေ့ မနက်စောစောမှာ ပစ္စည်းတွေကို ခိုးသွားတာပါ.. သူ ဒီနေ့မနက် ခဏလောက် အပြင်ထွက်သွားတယ်.. ခိုးရာပါ ပစ္စည်းတွေကို သွားရောင်းတာ ဖြစ်နိုင်တယ်.. သူ အပြင်ထွက်သွားတဲ့ အချိန်က သိပ်မကြာတဲ့အတွက် သူရောင်းခဲ့တဲ့ နေရာက သိပ်ဝေးမှာ မဟုတ်ဘူး.. အနီးနားက စက်ဘီးပြင်ဆိုင် တစ်ဆိုင်ဆိုင် ဖြစ်ဖို့ အများဆုံးပဲ.. ကျွန်တော်တို့ လိုက်မေးကြည့်ရင် ရှာတွေ့နိုင်ပါတယ်.. "
ယန်ဖူကွေ့က ရှေ့ထွက်လာကာ...
" ကျုပ်က ကျုပ်ရဲ့ စက်ဘီးကို သေချာ မှတ်မိတယ်.. တွေ့ရင် တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနိုင်ပါတယ်.. "
ယီကျုံးဟိုင်က အသံတင်းတင်းဖြင့်...
" တကယ်လို့ ရှာကျူး ခိုးတာ မဟုတ်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ.. "
ယန်ကျီဝမ်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး အေးစက်စွာဖြင့်...
" သူမဟုတ်ဘူးဆိုရင် ကျွန်တော်က သူ့ကို အသရေဖျက်တာ ဖြစ်သွားမှာပေါ့.. အဲ့လိုဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော် ရဲစခန်းမှာ သွားအပ်လိုက်မယ်.. "
လျှိုဟုန်က ခေါင်းညိတ်လိုက်သည် ။ ဤရဲဘော်က ဥပဒေကို နားလည်ပေသည် ။ သူက သူနှင့်အတူ ပါလာသော လုပ်ဖော်ကိုင်ဖက်ဘက်သို့ လှည့်ကာ...
" ရှောင်ကျန်း.. မင်း သွားပြီး အလုပ်လေး တစ်ခုလောက် သွားလုပ်လိုက်စမ်း.. "
" ဟုတ်ကဲ့ပါ ဆရာ.. "
ရှောင်ကျန်းက ပြန်ဖြေလိုက်သည် ။
" ကျုပ်လည်း လိုက်သွားမယ်.. "
ယန်ဖူကွေ့ကလည်း နောက်မှ လိုက်သွားသည် ။
သူက ယာဉ်များကို ရူးသွပ်သူ တစ်ဦးဖြစ်သည် ။ ယန်ကျီဝမ်က သူ့ကို စက်ဘီးစီးရန် ပေးပြီးကတည်းက ထိုစက်ဘီးကို အလွန် တန်ဖိုးထားခဲ့သည် ။
သူပြောခဲ့သလိုပင် စက်ဘီး၏ မည်သည့် အစိတ်အပိုင်းကိုမဆို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်ပေသည် ။
လျှိုဟုန် ကန့်ကွက်စရာ မရှိချေ ။ ပိုင်ရှင်ကိုယ်တိုင် လိုက်လာသည်က ပြဿနာများစွာကို သက်သာစေသည် ။
ထို့နောက် လျှိုဟုန်က လူတိုင်းကို ပြောလိုက်သည် ။
" မသက်ဆိုင်တဲ့ သူတွေ အားလုံး လူစုခွဲပေးကြပါ.. "
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အလုပ်သွားမည့် အိမ်နီးချင်းများက အလုပ်သို့ သွားကြပြီး မသွားရမည့်သူများက အိမ်သို့ ပြန်သွားကြသည် ။
ခဏအကြာတွင် ယီကျုံးဟိုင်နှင့် ရွှီတာမော့တို့မှလွဲ၍ အခြား မသက်ဆိုင်သူများအားလုံး ထွက်သွားကြချေပြီ ။
ယီကျုံးဟိုင်က ရှာကျူးအတွက် စိတ်ပူနေပြီး ရွှီတာမော့ကမူ ပွဲလာကြည့်ရန်သာ နေရစ်ခဲ့ခြင်း ဖြစ်သည် ။
ယန်ကျီဝမ်က ယွီလီအား...
" လီလီ.. မင်း အရင် အလုပ်သွားနှင့်လေ.. ဒီကိစ္စကို ကိုယ် ရှင်းလိုက်ပါ့မယ်.. "
ယွီလီက ခေါင်းခါလိုက်ပြီး...
" ခဏလောက် ထပ်စောင့်ကြရအောင်.. ကျွန်မ ညွှန်မှူးဝမ်ကို နောက်မှပဲ တောင်းပန်လိုက်တော့မယ်.. "
' သူ အခု ထွက်သွားရင်တောင် စိတ်အေးအေးနဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး.. '
ထိုသို့ တွေးမိသဖြင့် ယန်ကျီဝမ်က ဆက်၍ အတင်းအကြပ် မပြောတော့ပေ ။
နာရီဝက်ခန့် အကြာတွင်တော့ ရှောင်ကျန်းနှင့် ယန်ဖူကွေ့တို့ ပြန်ရောက်လာကြပြီး သူတို့၏ လက်ထဲတွင် စက်ဘီးဘီး တစ်ခုစီ ကိုင်လာကြသည် ။
ရှာကျူး မည်သည့် မျှော်လင့်ချက်မှ မရှိတော့၍ မျက်နှာ သွေးစုတ်သွား၏ ။
ရှောင်ကျန်းက လျှိုဟုန်ထံသို့ လာကာ ခေါင်းညိတ်ပြပြီး...
" ဆရာ.. အမှုလာတိုင်တဲ့ ရဲဘော် ပြောတဲ့အတိုင်းပါပဲ.. ပစ္စည်းတွေကို သံသယရှိသူက တုန်းကျိမန်မှာရှိတဲ့ ပြင်ဆိုင်မှာ သွားရောင်းခဲ့တာပါ.. "
အမှန်တရားက ပေါ်လွင်သွားလေပြီ ။
လျှိုဟုန်က ရှာကျူးကို တည့်တည့်ကြည့်ကာ...
" မင်းမှာ ဘာပြောစရာ ကျန်သေးလဲ.. "
ရှာကျူးက ခေါင်းခါလိုက်ပြီးနောက် အရှုံးပေးလိုက်သည့် ဟန်ဖြင့် ...
" ကျုပ်အလုပ်ကို လုဖို့ သူ့ကို ဘယ်သူက ခိုင်းလို့လဲ.. ကျုပ်က သူ့ကို လက်စားချေချင်ရုံ သက်သက်ပါ.. ဒါ သူနဲ့ ထိုက်တန်တယ်.. "
လျှိုဟုန်က ခေါင်းခါလိုက်ပြီး မည်သည့်စကားမှ မပြောတော့ဘဲ ရှောင်ကျန်းကိုသာ ပြောလိုက်သည် ။
" သူ့ကို လက်ထိတ်ခတ်ပြီး ခေါ်သွားလိုက်.... "
ထိုသို့ ပြောပြီးနောက် သူက ယန်ကျီဝမ်အား...
" ရဲဘော်.. ငါတို့နဲ့အတူ လိုက်ခဲ့ပေးပါ.. ငါတို့ ထွက်ဆိုချက် ယူဖို့ လိုသေးတယ်.... "
" ဟုတ်ကဲ့ပါ.. "
ယန်ကျီဝမ် ခေါင်းညိတ်လိုက်သည် ။
ရှာကျူးအား နှစ်ဖက်ချုပ်၍ ဖမ်းဆီးခေါ်ဆောင် သွားကြ၏ ။
ရွှီတာမော့က ကျေနပ်အားရစွာ ရယ်လိုက်ပြီး...
" ဟားဟားဟား...အဲ့ ခွေးကောင် ရှာကျူး လုပ်တာဆိုတာ ငါ သိပြီးသား..ဒီတစ်ခါတော့ အဲ့ကောင် ဒုက္ခရောက်ပြီ .. "
ယီကျုံးဟိုင်က သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လှည့်ထွက်သွားသည် ။