အခန်း ၂၀၄
Vol. 20 Ch. 204
Chapter 204
~
အခန်း ၂၀၄ : အစမကောင်း
~
ယန်ကျီဝမ်သည် ရဲစခန်းသို့ သွား၍ ထွက်ဆိုချက် ပေးပြီးနောက် သံမဏိစက်ရုံသို့ အလုပ်ဆင်းရန် ထွက်လာခဲ့သည် ။
သူ ဝယ်ယူရေး ဌာနသို့ ရောက်သည်နှင့် လီရှန်းလီက သူ့ကိုမြင်သွားပြီး...
" ဝေး ..ငါ့ညီ ...မင်းလာတာ အတော်ပဲ.. ဦးလေးက မင်းကို ဒါတွေ ပေးခိုင်းလိုက်လို့ .."
ထိုသို့ပြောပြီး သူ၏ အိတ်ထဲမှ ကူပွန်အထပ်လိုက်ကို ထုတ်ကာ ယန်ကျီဝမ်အား ကမ်းပေးလိုက်၏ ။
ယန်ကျီဝမ် ယူကြည့်လိုက်လျှင် အားလုံးက အသားကူပွန်နှင့် ရိက္ခာကူပွန်များ ဖြစ်နေပြီး အရေအတွက်ကလည်း မနည်းလှချေ ။
သူက လီရှန်းလီအား နားမလည်ဟန်ဖြင့် ကြည့်လိုက်လျှင် လီရှန်းလီက...
" ဦးလေးက ဒါ မင်းအတွက် ဆုကြေးလို့ ပြောတယ် .."
ထိုအခါမှသာ ယန်ကျီဝမ် နားလည်သွားသည် ။
' ဒါရိုက်တာ လီဟွိုက်တဲ က တကယ်တော်တယ် ..'
သူက လက်အောက်ငယ်သားများအပေါ် ရက်ရောလှ၏ ။ အလုပ်ကို သေချာလုပ်ပေးနိုင်ပါက ခံစားခွင့်များကို အမှန်တကယ် ပေးတက်သူပင် ။
မှန်ပေသည် ။ ယန်ကျီဝမ်က လီဟွိုက်တဲ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိ၏ ။ နောင် လိုအပ်လာသည့် အခါတိုင်း သူ့အား ထပ်မံ အသုံးချနိုင်ရန်မှတစ်ပါး အခြားမရှိချေ ။
သို့ပေသိ လေလုံးသာထွားပြီး လက်တွေ့မပါသော ခေါင်းဆောင်များထက်စာလျှင် အများကြီး သာလွန်နေသေးသည် မဟုတ်ပါလော ။
ယန်ကျီဝမ်က ကူပွန်များကို သိမ်းဆည်းလိုက်ပြီး...
" အကိုလီ.. ကျွန်တော့် ကိုယ်စား ဒါရိုက်တာလီ ကို ကျေးဇူးတင်ပေးပါအုံး.. နောက်ပိုင်း သူခိုင်းစရာရှိရင် အချိန်မရွေး ပြောလို့ရပါတယ်လို့ .."
လီရှန်းလီက စပ်ဖြီးဖြီးပြုံးလိုက်ပြီး ခေါင်းညိတ်ကာ...
" အေးပါ.. ငါ ဦးလေးကို ပြန်ပြောပြလိုက်မယ် .."
ဤသည်က လီဟွိုင်တဲ အလိုချင်ဆုံးသော ရလဒ်ပင် ဖြစ်သည် ။
...
အခြားတစ်ဖက်တွင်တော့...
ယီကျုံးဟိုင်သည် စက်ရုံမှ ခွင့်တိုင်ပြီးနောက် ရဲစခန်းသို့ ချက်ချင်း ထွက်လာခဲ့သည် ။
နာရီဝက်ခန့် ကြာပြီးနောက် ယီကျုံးဟိုင် ရဲစခန်းမှ ပြန်ထွက်လာပြီး ခြံဝင်းထဲသို့ ပြန်ရောက်လာ၏ ။
သူက နောက်ဘက်ခြံဝင်းရှိ နားမကြားသော အဘွားကြီး၏ အိမ်သို့ တန်းတန်းမတ်မတ် သွားလိုက်သည် ။
နားမကြားသောအဘွားကြီးက တံခါးဝတွင် ထိုင်နေပြီး ယီကတော် လည်း ထိုနေရာတွင် ရှိနေသည် ။
ယီကျုံးဟိုင် ဝင်လာသည်ကို မြင်လျှင် အဘွားကြီးက စိုးရိမ်တကြီးဖြင့်...
" ကျုံးဟိုင်.. ရှာကျူး ဘယ်လိုနေလဲ .."
ယီကျုံးဟိုင်၏ မျက်နှာက အနည်းငယ် မှုန်ကုပ်နေသည် ။ သူက ခေါင်းခါ၍ သက်ပြင်းချလိုက်ပြီး...
" သက်သေတွေက ခိုင်လုံနေတယ်.. ရှာကျူးတော့ ထောင်ကျလိမ့်မယ် ထင်တယ် .."
" ဘယ်လောက်ကြာကြာ ကျမှာတဲ့လဲ .."
အဘွားကြီးက မျက်စိပျက်မျက်နှာပျက်ဖြင့် ထပ်မေးလိုက်သည် ။
ယီကျုံးဟိုင်က ....
" ကျွန်တော် စုံစမ်းကြည့်သလောက်တော့ ၃ လ တဲ့ .."
အဘွားကြီးက မျက်မှောင်ကြုတ်လိုက်ပြီး...
" မဖြစ်ဘူး.. ရှာကျူး အထဲကို ဝင်သွားလို့ မဖြစ်ဘူး .."
အထဲသို့ ဝင်သွားရမည်ဆိုပါက ၃ လ ဆိုသည့် အချိန်က သိပ်မကြာသော်လည်း သူ၏ ဂုဏ်သိက္ခာများ ပျက်စီးသွားပေလိမ့်မည် ။
ထိုအခါ သူ၏ အလုပ်လည်း သေချာပေါက် ပြုတ်သွားမည်သာ ။ ထောင်ကျဖူးသူ တစ်ယောက်ကို မည်သူက အလုပ်ခန့်ချင်ပါမည်နည်း ။
ထို့အပြင် ရှာကျူးက ပါးစပ်သရမ်းတက်ပြီး လူအများအပြားကို စော်ကားထားဖူးသူ ဖြစ်သည် ။
စက်ရုံက သူ့ကို အလုပ်မဖြုတ်လျှင်ပင် သူ ဆက်နေနိုင်မည့်ပုံ မပေါ်ချေ ။
သူ အလုပ်မရှိလျှင် မိန်းမ မည်သို့ ရနိုင်ပါတော့မည်နည်း ။
တစ်ခါတစ်ရံ သူမအတွက် အသားဟင်းများ မည်သို့ ပို့ပေးနိုင်ပါတော့မည်နည်း ။
အဘွားကြီးက ယီကျုံးဟိုင်ကို ကြည့်လိုက်ပြီး...
" ကျုံးဟိုင်.. မင်း ရှာကျူးကို သေချာပေါက် ကူညီရမယ်နော် .."
" ကျွန်တော့်မှာလည်း ရွေးချယ်စရာ သိပ်မရှိပါဘူးဗျာ .."
ယီကျုံးဟိုင်က ခါးသီးစွာ ပြုံးလိုက်ပြီး ...
" တရားလိုဘက်က ကျေအေးစာ မပေးသရွေ့ သူတို့ကတော့ အမှုဆက်လုပ်မယ်လို့ ရဲစခန်းက ပြောတယ် .."
သူသည် သံမဏိစက်ရုံ၏ အဆင့် ၇ အလုပ်သမား တစ်ယောက်ဖြစ်ပြီး စက်ရုံခေါင်းဆောင်များနှင့် သိကျွမ်းသော်လည်း ဤကိစ္စက ထင်သလောက် မလွယ်ကူပေ ။
သူ ခေါင်းဆောင်များကို သွားတောင်းပန်လျှင်ပင် သူတို့က ဝင်ပါပေးမည် မဟုတ်ချေ ။
အဘွားကြီးက စဥ်းစားလိုက်ပြီး...
" ကျုံးဟိုင်.. ငါတို့ ယန်ဖူကွေ့ ဆီသွားပြီး ကျေအေးစာ ရေးပေးဖို့ သွားပြောကြည့်ရင်ရော .."
ယီကျုံးဟိုင်က ခဏစဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် ။
" ရတော့ ရနိုင်လောက်တယ်.. ဒါပေမဲ့ လျော်ကြေးတော့ ပေးရလိမ့်မယ် .."
ယန်ဖူကွေ့သည် အမြဲတမ်း အမြတ်ထုတ်လိုသူ ဖြစ်၍ ငွေပိုပေးလိုက်ပါက သူတကယ် သဘောတူနိုင်ပေသည် ။
" ဒါဆိုလည်း မြန်မြန်သွားလိုက်လေ .."
အဘွားကြီးက တိုက်တွန်းလိုက်ပြီး ...
" ပိုက်ဆံကို မင်းအရင် စိုက်ပေးထားလိုက်.. ရှာကျူး ထွက်လာမှ မင်းကို ပြန်ဆပ်ခိုင်းလိုက်ပေါ့ .."
" ကောင်းပါပြီ.. ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ် .."
ယီကျုံးဟိုင်က သဘောတူပြီးနောက် အရှေ့ဘက် ခြံဝင်းဆီသို့ ထွက်လာခဲ့သည် ။
" လောင်ယန်.. ပန်းပင်တွေ ရေလောင်းနေတာလား .."
ယန်ဖူကွေ့က သူစိုက်ထားသော ဂျင်းနှင့် ကြက်သွန်ဖြူအပင်များကို အာရုံစိုက်၍ ရေလောင်းနေစဥ် အနောက်မှ အသံကြောင့် လန့်သွား၏ ။
သူလှည့်ကြည့်လိုက်တော့ ယီကျုံးဟိုင် ဖြစ်နေသည်ကို မြင်လိုက်ရပြီး စိတ်တိုတိုဖြင့်...
" ဘာပန်းလဲ.. ကျုပ် ပန်းမစိုက်တော့တာ ကြာပြီ .."
ယခု ကျောင်းပိတ်ထားသဖြင့် သူစိုက်ထားသော ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူများကို ရေလောင်းခြင်း၊ ထို့နောက် ငါးမျှားထွက်ခြင်းများဖြင့်သာ အချိန်ကုန်လွန်စေသည် ။
သို့သော်လည်း ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သူ ငါးမျှားထွက်ရန် စိတ်မပါတော့ချေ ။
ယီကျုံးဟိုင် အနည်းငယ် အနေရခက်သွားသော်လည်း အဓိကကိစ္စကိုတော့ မမေ့သေးပေ ။
သူက စကားလုံးများကို သေချာစီစဥ်လိုက်ပြီး...
" လောင်ယန်.. ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စက နားလည်မှုလွဲတာလေးပါ.. ရှာကျူး ကိုယ်စား ခင်ဗျာားတို့ မိသားစုကို ကျုပ် တောင်းပန်ပါတယ်.. ကျုပ်တို့ အားလုံးက ခြံဝင်းတစ်ခုတည်းနေ အိမ်နီးချင်းတွေပဲလေ.. ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရင် ဘယ်လိုလဲ .."
" နားလည်မှု လွဲတာ ဟုတ်လား .."
ယန်ဖူကွေ့က လှောင်ပြုံးပြုံးလိုက်ပြီး...
" ခင်ဗျား ဘာလို့ အစတည်းက အဲ့လို မပြောခဲ့တာလဲ.. ကျုပ်သား ယန်လောင်အာ က သူ့ကို အခွင့်အရေး ပေးခဲ့ပြီးသား.. သူကိုယ်တိုင်က လက်မခံခဲ့တာလေ.. ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ .."
" ဟေး.. ခင်ဗျား အဲ့လို ပြောလို့ မရဘူးလေ .."
ယီကျုံးဟိုင်က လက်ဝှေ့ယမ်းလိုက်ပြီး...
" ကျုပ်လည်း ဒီကိစ္စကို ရှာကျူးဆီက ကြားပြီးပြီ.. ယန်ကျီဝမ်က သူ့ရဲ့ ဟင်းချက်အလုပ်ကို လုသွားလို့ သူ စိတ်တိုသွားပြီး ခင်ဗျားတို့ကို တမင်သက်သက် နောက်ပြောင်လိုက်တာလို့ ပြောတယ်.. သူ စနောက်ရုံ သက်သက်ပါ .."
ယန်ဖူကွေ့က နှာခေါင်းရှုံ့လိုက်ပြီး...
" ခင်ဗျား အဲ့ကိစ္စကို မပြောရင် ကျုပ် ဒေါသထွက်စရာ မရှိဘူး.. ဒီကိစ္စက ခေါင်းဆောင်တွေ ကျုပ်သားကို လုပ်ခိုင်းခဲ့တာလေ.. သူက ခေါင်းဆောင်တွေကို ငြင်းလို့ ရမှာလား .."
" ခင်ဗျားပြောတဲ့ နောက်ပြောင်တယ် ဆိုတာကရော.. အဲ့လို နောက်ပြောင်ရလား.. စနောက်တာပဲ ထားဦး ဒီမနက် ပြဿနာတွေ ကြီးလာတဲ့ အချိန်တုန်းက ဘာလို့ သူ ထွက်မပြောခဲ့တာလဲ .."
ယနေ့မနက် သူတို့ စိုးရိမ်ပူပန်နေကြသည်ကို ကြည့်ပြီး ရှာကျူးက ကျေနပ်နေခဲ့သည်လား မသိ ။
ယီကျုံးဟိုင်က ချော့မော့ပြောလိုက်သည် ။
" လောင်ယန်.. အရင်ဆုံး စိတ်အေးအေးထားပါအုံး.. ဒီကိစ္စ ရှာကျူး မှားတာ အမှန်ပါပဲ.. သူ့ကိုယ်စား ကျုပ် ခင်ဗျားကို တောင်းပန်ပါတယ်.. သူလည်း သူ့အမှားကို သိနေပါပြီ.. ဆိုရိုးစကားရှိတယ်လေ ရန်သူဖွဲ့တာထက် မိတ်ဆွေဖွဲ့တာက ပိုကောင်းတယ်တဲ့.. ကျုပ်တို့ ခြံဝင်းတစ်ခုထဲမှာ အိမ်နီးချင်းတွေ ဖြစ်လာတာလည်း နှစ်တွေ မနည်းတော့ဘူး.. ဒီလို ကိစ္စလေးတစ်ခုအတွက်နဲ့တော့ မတန်ပါဘူး .."
" ကျုပ် ခင်ဗျားကို လျော်ကြေး တစ်ခုခု ပေးမယ်လေ.. ခင်ဗျား ဘက်က ကျေအေးစာလေး ရေးပေးလိုက်ပါလား .."
ယန်ဖူကွေ့က ယီကျုံးဟိုင်ကို စူးစိုက်ကြည့်လိုက်၏ ။
နောက်ဆုံးတော့ ယီကျုံးဟိုင် မည်သည့်အတွက် လာသနည်း ဆိုတာကို သူ သိသွားလေပြီ ။ သူ့အား ငွေဖြင့် နှစ်သိမ့်ချင်သည်ပင် ။
အရင်ကသာဆိုလျှင် ခံစားခွင့်လေး နည်းနည်းပါးပါး ရရုံဖြင့် သူ သဘောတူမိပေမည် ။
ယခုတော့ မတူ ။ သူ၏ မိသားစုက ထိုငွေကြေး အနည်းငယ်ကို အမှန်တကယ် မလိုအပ်တော့ချေ ။
ထို့အပြင် ယနေ့မနက်က သူ အမှန်တကယ် ဒေါသထွက်ခဲ့ရသည် ။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂရုမစိုက်သော လေသံဖြင့်...
" ဒီအကြောင်းကို ကျုပ်ကို လာပြောနေစရာ မလိုဘူး.. ယန်လောင်အာ က ကာယကံရှင်ပဲ.. ခင်ဗျား သူ့ကို သွားပြောလိုက် .."
ထိုသို့ပြောပြီးနောက် ယန်ဖူကွေ့က အိမ်ထဲသို့ ပြန်ဝင်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်သည် ။
ယီကျုံးဟိုင်၏ မစ်ရှင်က အစမကောင်းခဲ့သဖြင့် စိတ်ပျက်လက်ပျက်နှင့် နောက်ဘက်ခြံဝင်းသို့ ပြန်လှည့်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ ။
ယီကျုံးဟိုင် ပြန်လာသည်ကို မြင်လျှင် အဘွားကြီးက ချက်ချင်း မေးလိုက်သည် ။
" ဘယ်လိုလဲ.. ယန်ဖူကွေ့ သဘောတူရဲ့လား .."
ယီကျုံးဟိုင်က ခေါင်းခါလိုက်ပြီး...
" အဲ့ကောင်က အရမ်း ခေါင်းမာတယ်.. သူက ယန်လောင်အာ ကို သွားပြောတဲ့.. ဒါပေမဲ့ အဲ့ကလေးက ကိုင်တွယ်ရ ဘယ်လောက်ခက်လဲဆိုတာ အဘွားလည်း သိသားပဲ.. သူ သဘောတူလိမ့်မယ် မထင်ဘူး .."
အဒေါ်ယီက စိုးရိမ်တကြီးဖြင့်...
" ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ.. ရှာကျူးသာ ထောင်ကျသွားရင် ယွီဆွေ ဘယ်လိုအသက်ရှင်ရမှာလဲ .."
အဘွားကြီးနှင့် ယီကျုံးဟိုင်က ဘာမှ ပြန်မပြောကြပေ ။
သူတို့က ရှာကျူးကို ကယ်တင်ချင်ကြသော်လည်း ဟဲယွီဆွေ အတွက်တော့ မဟုတ် ။ သူတို့တွင် ကိုယ်ပိုင် တွက်ချက်မှုများ ရှိကြသည် ။
အဘွားကြီးတွင် နည်းလမ်းတစ်ခု ရှိနေသေးသည် ။ ထိုသည်က အကူအညီ တောင်းရန်ပင် ။
သို့ရာတွင် ကျေးဇူးကြွေး ဟူသည်က တစ်ခါသုံးတိုင်း လျော့ပါးသွားတက်သည့် အရာဖြစ်၍ လုံးဝ မလွှဲသာသည့် အခြေအနေမှလွဲ၍ သူမ အသုံးမပြုလိုချေ ။
တခြားနည်းလမ်း အမှန်တကယ် မရှိတော့မှသာ အသုံးပြုမည် ဖြစ်သည် ။
သို့သော်လည်း အဒေါ်ယီ၏ စကားများက ယီကျုံးဟိုင်ကို သတိရစေခဲ့သည် ။
သူက...
" အဘွားကြီး.. ယွီဆွေ နဲ့ ယန်လောင်အာ တို့ ဆက်ဆံရေးက တော်တော်လေး ကောင်းတယ်လို့ ကျွန်တော် ကြားဖူးတယ်.. အရင်က ယန်လောင်အာ က ယွီဆွေ ကိုတောင် ကူညီဖူးသေးတယ်.. ယွီဆွေ ကို သွားတောင်းဆိုခိုင်းရင်ရော အဆင်ပြေနိုင်မလား .."
" အဲ့တာ အကြံကောင်းပဲ .."
အဘွားကြီးက ခေါင်းညိတ်လိုက်သည် ။
ဟဲယွီဆွေ မဖြေရှင်းနိုင်ပါက သူမ၏ ကျေးဇူးကြွေးများကို အသုံးပြုရုံသာ ရှိတော့သည် ။
သူမက စားစရာအတွက် လုပ်နေခြင်း ဖြစ်သော်လည်း ရှာကျူးကို သူမ၏ မြေးအရင်းကဲ့သို့ အမှန်တကယ် သဘောထားပေသည် ။
ထို့ကြောင့် ရှာကျူးကို မဖြစ်မနေ ကယ်တင်ရမည်သာ ။
သို့ပေသိ ဟဲယွီဆွေကသာ ယန်ကျီဝမ်ကို ဆွဲဆောင်နိုင်မည်ဆိုပါက ကျေးဇူးကြွေး တစ်ခုကိုလည်း ချွေတာနိုင်ပေလိမ့်မည် ။