← Chapters

အခန်း ၂၀၅

Vol. 20 Ch. 205

အခန်း ၂၀၅

Vol. 20 Ch. 205

Chapter 205

~

အခန်း ၂၀၅ : သူ့ကို ကယ်ချင်လား

~

​အလယ် ခြံဝင်းအတွင်း...

​ဟဲယွီဆွေက သူမ၏ အခန်းထဲတွင် မီးခြစ်ဗူးများကို တစ်ခုပြီးတစ်ခု ကပ်နေ၏ ။

​သူမ၏ အခန်းသည် ယီကျုံးဟိုင်၏ အိမ်နှင့် တစ်ဆက်တည်းပင် ။

​ကျောင်းများ ပိတ်ထားကတည်းက ဟဲယွီဆွေသည် ယွီလီထံတွင် အကူအညီတောင်းကာ ရပ်ကွက်ရုံးမှ မီးခြစ်ဗူးကပ်သည့် အလုပ်ကို ယူလုပ်နေခဲ့ခြင်း ဖြစ်သည် ။

​သူမတွင် အခြားရွေးချယ်စရာ မရှိ ။ ရှာကျူး တစ်ယောက်တည်းကိုသာ အားကိုးနေရပါက သူမ ငတ်သေသွားနိုင်သည် ။

​ရှာကျူးက ရိက္ခာကူပွန်များ ရရှိ၍ သမဝါယမစတိုးမှ ရိက္ခာများ ဝယ်ယူလာသည့် အကြိမ်တိုင်းတွင် ချင်ဟွိုင်ရုက ချက်ချင်း ရောက်ရှိလာပြီး တဝက်ကျော်ခန့်ကို ချေးငှားလေ့ ရှိသည် ။

​ယွီဆွေသည် စားစရာအချို့ကို အခန်းထဲသို့ တိတ်တဆိတ် သယ်ယူကာ ဝှက်ထားနိုင်ခဲ့၍သာ ငတ်မသေခဲ့ခြင်း ဖြစ်သည် ။

​သို့သော်လည်း ဘဝက တကယ့်ကို ခက်ခဲလွန်းလှသည် ။

​သို့ပေသိ သူမ၏ စိတ်ဓာတ်က ကြံ့ခိုင်လှပေသည် ။ ယန်ကျီဝမ်က အခက်အခဲများ ရှိလျှင် အကူအညီ တောင်းနိုင်သည်ဟု ပြောခဲ့ဖူးသော်လည်း သူမကတော့ အကူအညီ မတောင်းချင်ခဲ့ပေ ။

​သူမသည် ယွီလီကို မီးခြစ်ဗူးကပ်သည့် အလုပ်ရရန် ကူညီပေးဖို့သာ တောင်းဆိုခဲ့သည် ။

​ ဤအလုပ်လေးနှင့် သူမ၏ ဝင်ငွေကို အနည်းငယ် ဖြည့်တင်းနိုင်ခဲ့၏ ။

​ရှာကျူးအတွက်မူကား သူမ နောက်ထပ် မျှော်လင့်ချက် မထားရဲတော့ချေ ။

​"ဒေါက်.. ဒေါက်.. ဒေါက်..."

​ရုတ်တရက် တံခါးခေါက်သံများ ထွက်ပေါ်လာသည် ။

​" ဘယ်သူလဲ.. "

​" ငါပါ.. ပထမဦးလေးပါ.. "

​ဟဲယွီဆွေက မျက်မှောင်ကြုတ်လိုက်မိပြီး ယီကျုံးဟိုင်က သူမထံသို့ မည်သို့ကြောင့် လာရှာရသည်ကို နားမလည်နိုင် ဖြစ်သွား၏ ။

​သို့သော်လည်း ယဥ်ကျေးမှုအရ သူမ တံခါးသွားဖွင့်ပေးလိုက်ဆဲပင် ။

​တံခါးပွင့်သွားသည့်အခါ ဟဲယွီဆွေက...

​" ပထမဦးလေး.. တစ်ခုခု လိုအပ်လို့လားဟင်.. "

​ယီကျုံးဟိုင်က စိုးရိမ်တကြီးဖြင့်...

​" ယွီဆွေ.. မင်း အကို ကို သေချာပေါက် ကူညီကယ်တင်ရမယ်နော်.. "

​"ရှာကျူးလား .. "

ဟဲယွီဆွေက ရှုပ်ထွေးဟန်ဖြင့်...

​" သမီးအကို ဘာဖြစ်လို့လဲဟင်.. "

​သူမ ယနေ့မနက် ဖြစ်ပျက်ခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများထဲသို့ သွားရောက် မပါဝင်ခဲ့ချေ ။ မနက်အိပ်ယာထပြီး ပြောင်းဖူးပေါင်း နှစ်လုံး စားပြီးကတည်းက မီးခြစ်ဗူးများသာ ထိုင်ကပ်နေခဲ့ခြင်း ဖြစ်သည် ။

​ထို့ကြောင့် ယီကျုံးဟိုင်က ယနေ့မနက် ဖြစ်ပျက်ခဲ့သည် များကို ပြန်လည် ပြောပြလိုက်ရတော့၏ ။

​နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်ပြီး..

​" မင်းနဲ့ ယန်ကျီဝမ်နဲ့ ဆက်ဆံရေးက ကောင်းတာပဲ.. အခု ရှာကျူးကို ကယ်နိုင်တာ မင်းတစ်ယောက်ပဲ ရှိတော့တယ်.. "

​ထိုသည်ကို ကြားပြီးနောက် ဟဲယွီဆွေက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိသည် ။

​' ဘာလို့ အစတည်းက အရေးမလုပ်ခဲ့ကြတာလဲ.. အခုမှ သူတို့ လိုအပ်လာတော့ ငါ့ကို သတိရတယ်ပေါ့.. ငါ့မှာ စားစရာ မရှိတုန်းကတော့ သူတို့အားလုံး တစ်ယောက်မှ ဂရုမစိုက်ဘဲ အေးအေးဆေးဆေး နေခဲ့ကြတာပဲ.. '

​သူမ တိတ်ဆိတ်နေသည်ကို မြင်လျှင် ယီကျုံးဟိုင်က အလေးအနက် ဖျောင်းဖျလိုက်သည် ။

​" ယွီဆွေ.. ဘာပဲဖြစ်ဖြစ် သူက မင်းရဲ့ အကိုရင်းပဲလေ.. မင်းတို့အဖေ ထွက်သွားကတည်းက မင်းတို့နှစ်ယောက်ပဲ အပြန်အလှန် မှီခိုလာခဲ့ကြတာ.. ဒီနှစ်တွေထဲ သူ မင်းကို ပြုစုပျိုးထောင်လာရတာ မလွယ်ကူခဲ့ပါဘူး.. မင်း သူ့ကို ပစ်မထားလိုက်ပါနဲ့နော်.. "

​ဟဲယွီဆွေ နားထောင်ရင်း သူမ၏ နှလုံးသား အနည်းငယ် လှုပ်ခတ်သွား၏ ။

​သူမတို့အဖေ ဟဲတာချင်း ထွက်သွားစဥ်က သူမ၏ အသက် ခုနစ်နှစ် ရှစ်နှစ်ခန့်သာ ရှိသေးပြီး ရှာကျူးကသာ သူမကို ပြုစုစောင့်ရှောက် ကျွေးမွေးခဲ့ရသည်မှာ အမှန်ပင် ဖြစ်သည် ။

​'ငါတို့ မောင်နှမ ဆက်ဆံရေးက အရင်က အရမ်းကောင်းခဲ့တာပဲ.. ဘယ်အချိန်တုန်းက ပြောင်းလဲသွားခဲ့တာပါလိမ့် ..'

​ယီကျုံးဟိုင်က ရှာကျူးကို ကျားမိသားစုအား ကူညီခိုင်းခဲ့သည့် အချိန်ကစတင်ခဲ့ခြင်း ဖြစ်သည် ။ ထိုအချိန်မှစ၍ မောင်နှမနှစ်ယောက် ခဏခဏ စကားများခဲ့ကြပြီး နောက်ဆုံးတွင် ဟဲယွီဆွေ ကိုယ်တိုင်သာ အသက်ရှင်ရန် ရုန်းကန်ခဲ့ရသည် ။

​ရိုးရိုးသားသား ပြောရလျှင် သူမ ကူညီရန် သိပ်ပြီး အလိုမရှိပေ ။

​ရှာကျူးက သူမကို စိတ်ပျက်အောင် လုပ်ခဲ့သည် ။

​သူမကိုယ်တိုင်ပင် ဝအောင်မစားရသည့် အချိန်မျိုး၌ ရှာကျူးက အိမ်ရှိ စားစရာများကို အခြားလူများအား ကူညီရန်အတွက် ပေးနေတုန်းပင် ။

​သူမ မေးခွန်းထုတ်သည့်အခါတွင်လည်း ရှာကျူးက သူမကို နားမလည်သည့် ကလေးဟုဆိုကာ ဆူပူကြိမ်းမောင်း၏ ။ ထို့အပြင် ချင်ဟွိုင်ရုက သူမအပေါ် မည်မျှ ကောင်းခဲ့ဖူးကြောင်းပင် အမြဲချီးကျူးနေတက်သည် ။

​သို့ပေသိ ယွီဆွေသည် ချင်ဟွိုင်ရုက သူမအပေါ် ကောင်းခဲ့ဖူးသည့် အချိန်ကို လုံးဝ မသိခဲ့ချေ ။ သူမ၏ မှတ်ညဏ်ထဲတွင် ကျားမိသားစုက ပြောင်းဖူးမှုန့်ငါးကျင်း တစ်ခါချေးဖူးသည်ကိုသာ မှတ်မိပေသည် ။ ထိုသည်ကလည်း ထပ်ဆောင်းအပိုပေး၍ ပြန်ဆပ်ပြီးသားပင် ။

​ယွီဆွေ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယီကျုံးဟိုင်က ဆက်လက်၍ နားချပြန်သည် ။

​" ယွီဆွေ.. သွေးက ရေထက် ပြစ်ပါတယ်.. ဘာပဲဖြစ်ဖြစ် မင်းနဲ့ ရှာကျူးက မောင်နှမတွေပဲလေ.. အခု သူ ဒုက္ခရောက်နေတာကို မင်း ကျေးဇူးကန်းလို့ မဖြစ်ဘူး.. "

​" ပြီးတော့ ရှာကျူးသာ တကယ် ထောင်ကျသွားရင် သူ့အလုပ်က သေချာပေါက် ပြုတ်သွားမှာ.. အဲ့ကျရင် မင်းရဲ့ နောင်ရေး စားဝတ်နေရေးနဲ့ ကျောင်းလခတွေကို ဘယ်လိုလုပ်မလဲ.. "

​ထိုသည်ကို ကြားလျှင် ဟဲယွီဆွေ မျက်မှောင်ကြုတ်လိုက်မိ၏ ။

​ယီကျုံးဟိုင်၏ စကားများက နားဝင်တော်တော် ဆိုးသည် ။ ဤစကားများသာ အပြင်သို့ ပျံ့နှံ့သွားပါက နောင်တစ်ချိန် သူမ အိမ်ထောင်ဖက်ရှာရန် ခက်ခဲသွားပေလိမ့်မည် ။

​ယီကျုံးဟိုင် ပြောသည့် ကျောင်းလခနှင့် စားဝတ်နေရေး ကိစ္စဆိုသည်ကလည်း...

​လောလောဆယ် ကျောင်းပိတ်ထားပြီး မည်သည့်အချိန်မှ ပြန်ဖွင့်မည်ကို မသိ ။ ကျောင်းပြန်ဖွင့်လျှင်ပင် သူမကိုယ်တိုင် ရပ်တည်နိုင်သည် ။ နည်းနည်း ပိုပင်ပန်းရုံသာ ရှိချေမည် ။

​ထိုသည်က အားကိုး၍မရသော ရှာကျူးကို မျှော်လင့်နေရတာထက် အများကြီး ပိုကောင်းသေးသည် မဟုတ်ပါလော ။

​သို့သော်လည်း ယီကျုံးဟိုင်က ဤမျှအထိ ပြောလာသဖြင့် သူမ ကူညီရန် မငြင်းဆန်နိုင်တော့ချေ ။

​ထို့ကြောင့် သူမ ခဏလောက် စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်ပြီး...

​" သမီး နားလည်ပါပြီ.. အကိုယန်ကျီဝမ် အလုပ်ဆင်းတဲ့အချိန်ကျရင် သမီး သူ့ကို သွားရှာလိုက်ပါ့မယ်.. "

​" ဘယ်လိုလုပ် ဖြစ်မှာလဲ.. အဲ့ဒီအချိန်ကျရင် အချိန်နှောင်းသွားလိမ့်မယ်.. အခု သွားလိုက်တာ အကောင်းဆုံးပဲ.. "

​သူမ သဘောတူလိုက်သည်ကို မြင်၍ ယီကျုံးဟိုင် ဝမ်းသာသွားသော်လည်း ညနေအထိ စောင့်ဦးမည်ဟု ကြားသောအခါ စိုးရိမ်သွားပြန်သည် ။

​ဟဲယွီဆွေလည်း ရွေးချယ်စရာမရှိ၍ သဘောတူလိုက်ကာ...

​" ဒါဆိုလည်း သမီး အခုပဲ အကိုယန်ကျီဝမ်ကို သွားရှာလိုက်ပါ့မယ်.. "

​...

​သံမဏိစက်ရုံ၊ ဝယ်ယူရေးဌာန ...

​ယန်ကျီဝမ်အား ဂိတ်စောင့်တစ်ယောက်က စက်ရုံဂိတ်ဝတွင် ကလေးတစ်ယောက် လာရှာနေသည်ဟု လာပြောသည် ။

​ယန်ကျီဝမ် ဇဝေဇဝါဖြင့် အပြင်သို့ ထွက်လာခဲ့၏ ။

​ဟဲယွီဆွေကို မြင်လိုက်ရသည့်အခါ သူမ လာရသည့် ရည်ရွယ်ချက်ကို သူ ချက်ချင်း နားလည်သွားသည် ။

​အနားသို့ ရောက်လျှင် ယန်ကျီဝမ်က ...

​" ယွီဆွေ.. မင်း ရှာကျူးရဲ့ ကိစ္စအတွက် လာတာလား.. "

​" အကိုယန်ကျီဝမ်.. "

​ဟဲယွီဆွေက ခေါ်လိုက်ပြီးနောက် ဆက်ပြောသည် ။

​" သမီးမှာလည်း ရွေးချယ်စရာ မရှိလို့ပါ.. သူက သမီးရဲ့ အကိုလေ.. သူ တစ်ခုခု ဖြစ်နေတာကို မကူညီရင် လူတွေက သမီးကို ကျေးဇူးကန်းတဲ့သူလို့ ပြောကြလိမ့်မယ်.. "

​သူမ၏ လေသံကို ပြောင်းလဲလိုက်ပြီး ဟဲယွီဆွေက ဆက်ပြော၏ ။

​" ဒါပေမဲ့ အကိုယန်ကျီဝမ်.. အကို စိတ်မသက်မသာ ဖြစ်နေဖို့ မလိုပါဘူး.. အကို သဘောမတူရင်လည်း ရပါတယ်.. "

​ထိုစကားကို ကြားသောအခါ ယန်ကျီဝမ် အူတက်အောင် ရယ်လိုက်မိသည် ။

​သူက မေးလိုက်သည် ။

​" မင်းကို ယီကျုံးဟိုင် လွှတ်လိုက်တာမလား.. "

​ဟဲယွီဆွေက ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြလိုက်၏ ။

​' ယီကျုံးဟိုင် ဆိုတဲ့အတိုင်းပဲ.. သူ့ရဲ့ စာရိတ္တပိုင်းဆိုင်ရာ ဖိအားပေးတဲ့ နည်းလမ်းက တကယ်ကို မိုက်တယ် .. '

​ကျေးဇူးကန်းတယ် ဟူသော စကားလုံးဖြင့် ပတ်ရမ်းလိုက်သည့်အတွက် ဟဲယွီဆွေ မလာချင်သော်လည်း သူ့ထံသို့ ရောက်လာခဲ့သည် ။

​သို့သော်လည်း ဟဲယွီဆွေ၏ စကားများကို ကြည့်လျှင် သူမက ဝတ်ကျေတန်းကျေ လာပြောရုံသာ ဖြစ်ပြီး သဘောတူမတူ ဆိုသည်ကတော့ သူ့အပေါ်တွင်သာ မူတည်သည်ဟူသော သဘောပင် ။

​ယန်ကျီဝမ်က ပြုံးပြီး ...

​" ဒါဆို ယွီဆွေ.. မင်းရော သူ့ကို တကယ် ကယ်ချင်ရဲ့လား.. "

​ဟဲယွီဆွေ ထိတ်လန့်သွား၏ ။ မည်သို့ကြောင့် သူမ၏ သဘောထားကို မေးနေရသနည်း ။

​သူမ ရှားကျူးကို ကယ်ချင်သည်လော ။ တစ်ဝက်စီဟုပင် ပြောရမည် ။

​သူမ ရှာကျူးကို မကယ်ချင်ရခြင်းမှာ သူမ၏ နှလုံးသားကို နာကျင်အောင် ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည် ။

​သူမ သူ့ကို ကယ်ချင်သည်ကတော့ နှစ်ပေါင်းများစွာက မောင်နှမ သံယောဇဥ်ကြောင့်ပင် ။

​ခဏအကြာတွင် ဟဲယွီဆွေက ..

​" အကိုယန်ကျီဝမ်အတွက် သိပ်ပြီး အခက်အခဲ မရှိဘူးဆိုရင်တော့ သူ့ကို တစ်ခါလောက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်.. "

​" ကောင်းပြီလေ.. ဒါဆိုရင်တော့ ငါ သူ့ကို လွှတ်ပေးလိုက်ပါ့မယ်.. "

​ယန်ကျီဝမ်က ချက်ချင်းပင် သဘောတူလိုက်၏ ။

​ဤကိစ္စက နဂိုကတည်းက အရေးမကြီးပေ ။ သူ ရှာကျူးကို အခွင့်အရေး ပေးခဲ့၏ ။

​ရှာကျူးသာ သူလုပ်ခဲ့သည်များကို ဝန်ခံပြီး လျော်ကြေးအနည်းငယ် ပေးခဲ့ပါက ပြေလည်သွားခဲ့သည်မှာ ကြာလေပြီ ။

​သို့သော်ငြား ရှာကျူးက ဇွတ်ခေါင်းမာနေခဲ့သောကြောင့် အခုလို အခြေအနေအထိ ရောက်လာရ၏ ။

​ဤကိစ္စသာ ကြီးလေးနေမည်ဆိုပါက ဘယ်သူ လာတောင်းပန်တောင်းပန် သူ မျက်နှာသာ ပေးမည် မဟုတ်ချေ ။

​သူ ရှာကျူးကို ဂရုမစိုက်သော်လည်း ရှာကျူးသာ အထဲဝင်သွားပါက ဟဲယွီဆွေအပေါ် အများကြီး သက်ရောက်မှုရှိပြီး နောင်တစ်ချိန် အိမ်ထောင်ဖက်ရှာရန် ခက်ခဲသွားစေလိမ့်မည် ။

​သို့မဟုတ်လျှင် ရှာကျူး ကျီးထိုးထိုး ခွေးစားစား သူ ဂရုမစိုက်ပေ ။

​ယန်ကျီဝမ်က ဘောပင် ထုတ်၍ မြန်မြန်ဆန်ဆန်ပင် ကျေအေးစာကို ရေးလိုက်ပြီး ဟဲယွီဆွေအား ပေးလိုက်သည် ။

​" ကျေးဇူးတင်ပါတယ် အကိုယန်ကျီဝမ်.. "

​...

​ဟဲယွီဆွေ ခြံဝင်းထဲ ပြန်ရောက်လာပြီး ယီကျုံးဟိုင်ကို ချက်ချင်း သွားရှာလိုက်၏ ။

​ယီကျုံးဟိုင်က သူမကို မြင်မြင်ချင်း အလောတကြီး မေးသည် ။

​" ယွီဆွေ.. သူ သဘောတူရဲ့လား.. "

​ဟဲယွီဆွေက ခေါင်းညိတ်ပြပြီး ယန်ကျီဝမ် ပေးလိုက်သည့် ကျေအေးစာကို ထုတ်ကာ ...

​" အကိုယန်ကျီဝမ်က ကျေအေးစာ ရေးပေးမယ်လို့ ပြောတယ်.. ဒါပေမဲ့ လိုအပ်တဲ့ လျော်ကြေးတော့ လုံးဝ နည်းလို့ မရဘူးတဲ့.. "

​အမှန်တော့ ယန်ကျီဝမ်က လျော်ကြေးအကြောင်း ထည့်မပြောပေ ။ သူမဘာသာ တမင် ထည့်ပြောလိုက်ခြင်း ဖြစ်သည် ။ ရှာကျူးကို သင်ခန်းစာတစ်ခု ပေးရန် လိုအပ်သည်ဟု သူမ ခံစားနေရ၏ ။ မဟုတ်ပါက နောင်တွင်လည်း ဤသို့ပင် ဆက်၍ မိုက်ရူးရဲ ဆန်နေဦးမည် ဖြစ်သည် ။

​ခိုးမှုဆိုသည်က သေးငယ်သည့် ကိစ္စ မဟုတ်ချေ ။

​" အဲ့လိုပဲ ဖြစ်သင့်ပါတယ် .. "

​ယီကျုံးဟိုင်သည် ကျေအေးစာကို မြင်မှ သက်ပြင်းချနိုင်တော့သည် ။ ဤကိစ္စက ပြေလည်သွားခဲ့လေပြီ ။

​သူက မေးလိုက်သည် ။

​" ယွီဆွေ.. ယန်ကျီဝမ်က လျော်ကြေး ဘယ်လောက်တောင်းလဲ.. "

​ဟဲယွီဆွေ ခဏ စဥ်းစားပြီး...

​" ငါးဆယ်.. "

​သူမ နှစ်ဆယ်ဟုသာ ပြောမလို ဖြစ်သွားသော်လည်း ရှာကျူး သင်ခန်းစာ မှတ်မိရန် နည်းလွန်းမည် စိုးရိမ်သောကြောင့် အနည်းငယ် တိုးမြှင့်လိုက်၏ ။

​ယီကျုံးဟိုင် မျက်မှောင်ကြုတ်သွားသော်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကာ...

​" ကောင်းပြီလေ.. ငါ အခုပဲ သွားယူပေးမယ် .. "

​ပိုက်ဆံကို လက်ခံရရှိပြီးနောက် ဟဲယွီဆွေက ကျေအေးစာကို ယီကျုံးဟိုင်ထံ ကမ်းပေးလိုက်သည် ။

​ထို့နောက် ယီကျုံးဟိုင်က လူသွားထုတ်ရန်အတွက် ရဲစခန်းသို့ ထွက်ခွာသွားလေတော့သည် ။

All Chapters