← Chapters

အခန်း ၂၀၆

Vol. 20 Ch. 206

အခန်း ၂၀၆

Vol. 20 Ch. 206

Chapter 206

~

အခန်း ၂၀၆ : ရှက်သွားသော ယီကျုံးဟိုင်

~

​ရှာကျူး ရဲစခန်းထဲမှ ထွက်လာချိန်တွင် မွန်းလွဲပိုင်းသို့ ရောက်နေချေပြီ ။

​မနက်ပိုင်းက မာနထောင်လွှားနေသည့် ပုံစံနှင့် မတူဘဲ ယခုအခါ ရှာကျူး၏ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး ဆံပင်များက ဖရိုဖရဲနှင့် မျက်နှာတွင်လည်း ပွန်းပဲ့ဒဏ်ရာများ ရထား၍ အထဲတွင် အတော်လေး အတီးခံလိုက်ရကြောင်း သိသာနေပေသည် ။

ရဲစခန်းထဲ ရောက်လာသူများမှာ အလွှာပေါင်းစုံမှ ဖြစ်ကြပြီး ရှာကျူးလို လူစားမျိုးကို သည်းခံကြမည် မဟုတ်ချေ ။ အထူးသဖြင့် သူ၏ ရိုင်းစိုင်းသော ပါးစပ်ကြောင့်ပင် ။

​အထဲတွင် နေ့တစ်ဝက်သာ နေလိုက်ရသေးသော်လည်း သူ၏ ပုံစံက ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်နေပေပြီ ။

​အပေါက်ဝတွင် စောင့်နေသည့် ယီကျုံးဟိုင်က ရှာကျူး၏ ဤအခြေအနေကို မြင်လိုက်ရသောအခါ လန့်သွားသည် ။

​သူက ရှုပ်ထွေးဟန်ဖြင့် မေးလိုက်၏ ။

​" ရှာကျူး.. မင်း ဘာဖြစ်လာတာလဲ.. "

​သူ တွေးလိုက်သည် ။

' ရှာကျူးက စက်ဘီးဘီးလောက် ခိုးတာကို ရဲတွေက ဒီလောက် ရိုက်စရာ အကြောင်းမရှိပါဘူး... '

​ရှာကျူးက မှုန်ကုပ်ကုပ်ဖြင့်...

​" ဘာမှမဖြစ်ပါဘူး.. ချော်လဲသွားလို့ပါ.. "

​ယီကျုံးဟိုင်က ရှာကျူးသည် ဂုဏ်သိက္ခာကို ဂရုစိုက်တတ်သူမှန်း သိသဖြင့် ဆက်၍ မမေးတော့ပေ ။

​သူက ရှာကျူး၏ ပခုံးကိုသာ ပုတ်ပေးလိုက်ပြီး အကြံပေးလိုက်သည် ။

​" အခု မင်း အပြင်ရောက်လာပြီဆိုတော့ နောက်ဆို ဒီလို လျှောက်မလုပ်နဲ့တော့.. အမြဲတမ်း ဒီလောက် ကံကောင်းနေမှာ မဟုတ်ဘူး.. "

​ရှာကျူးက နှာခေါင်းရှုံ့လိုက်ပြီး...

​" ကျုပ်က ကြည့်မရလို့ ယန်လောင်အာ ကို ပညာပေးချင်ရုံလေးပါ.. သူ့ စိတ်ဓာတ်က အောက်တန်းကျပြီး ရဲစခန်းကို တန်းသွားမယ်လို့ ဘယ်သူက ထင်မှာလဲ.. အား.. "

​သူ စိတ်လှုပ်ရှားစွာ ပြောလိုက်မိသဖြင့် ပါးစပ်ထောင့်ကို ဆွဲမိသွားကာ နာကျင်မှုကြောင့် ရှာကျူး၏ မျက်နှာကဂန္ဓမာပန်းပုံစံ ရှုံ့မဲ့သွားသည် ။

​ဤသည်ကို မြင်သောအခါ ယီကျုံးဟိုင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏ ။ ဤကောင်က ခေါင်းမာလွန်းသည့် မြည်းတစ်ကောင်လိုပင် ။ ထပ်ပြီး ဖျောင်းဖျနေလည်း အပိုပင် ။

​ရှာကျူး၏ ဦးနှောက်နှင့်ဆိုလျှင် သူလိုလူ ဆယ်ယောက်ပေါင်းလျှင်ပင် ယန်လောင်အာ ကို အနိုင်ရနိုင်မည် မဟုတ်ပေ ။

​ယခင်ကဆိုလျှင် အင်အားသုံး၍ ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ယခုမူကား ကြောက်နေချေပြီ ။

​ယီကျုံးဟိုင်က စကားလမ်းကြောင်း လွှဲလိုက်သည် ။

​" ကောင်းပြီ.. ဒီနေရာက စကားပြောရမယ့် နေရာမဟုတ်ဘူး.. အိမ်ပြန်ပြီးမှ ဆက်ပြောကြတာပေါ့.. နားမကြားတဲ့ အဘွားကြီးလည်း မင်းအတွက် အရမ်း စိုးရိမ်နေရှာတယ်.. "

​ရှာကျူးက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက် အိမ်ပြန်လာခဲ့ကြ၏ ။

​လမ်းတွင် ရှာကျူးက သိချင်စိတ်ဖြင့် မေးလိုက်သည် ။

​" ပထမဦးလေး.. ယန်လောင်အာ ကို ဘယ်လိုလုပ်ပြီး နားချလိုက်နိုင်တာလဲ.. "

​ရဲများက သူ့ကို လွှတ်ပေးချိန်တွင် ယန်ကျီဝမ်က ကျေအေးစာ ပေးခဲ့၍ သူ ထွက်လာရခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည် ။

​သို့သော် ယန်ကျီဝမ်က အလွယ်တကူ နားချ၍ ရမည့်သူ မဟုတ်မှန်း သူ သိထား၏ ။

​ယီကျုံးဟိုင်က ဟဲယွီဆွေ၏ ကျေးဇူးကြောင့်ဟု ပြောချင်ခဲ့သော်လည်း စကားလုံးများက နှုတ်ခမ်းဖျားတွင် ရပ်တန့်သွားပြီး ဤသို့ ပြောလိုက်သည် ။

​" ပိုက်ဆံပေးလိုက်ရတာပေါ့.. မဟုတ်ရင် သူ ဒီလောက် သဘောကောင်းနေပါ့မလား.. "

ရှာကျူးအား သူ၏ ကျေးဇူးကို မှတ်မိနေစေရန် ကျေးဇူးရှင်အဖြစ် အထင်ခံလိုခြင်း ဖြစ်သည် ။

​ထို့အပြင် ရှာကျူး၏ စရိုက်နှင့် လက်ရှိ သူတို့ မောင်နှမကြားရှိ ဆက်ဆံရေးများအရ ရှာကျူးက ဟဲယွီဆွေကို သွားမေးလိမ့်မည် မဟုတ်ချေ ။

​ဤအချက်ကို စဥ်းစားမိသောကြောင့် သူက အားလုံးကို သူ၏ ကျေးဇူးအဖြစ် ပြောင်းလဲလိုက်၏ ။

​" ဘယ်လောက် ပေးလိုက်ရလဲ.. "

​" ငါးဆယ်.. "

​" ငါးဆယ်.. "

​ရှာကျူး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ အံကြိတ်၍ ...

​" ဓားပြ သွားတိုက်ပါလား.. ဒါက စုတ်ပြတ်နေတဲ့ ဘီးနှစ်ဘီးတည်းကို.. ကျုပ်တောင် ဆယ်ယွမ်နဲ့ပဲ ရောင်းလိုက်ရတာ.. ခွေးမသား ယန်လောင်အာ... "

​ငါးဆယ်ယွမ်ဆိုသည်က သူ၏ လစာ တစ်လခွဲစာနီးပါး ရှိပေသည် ။

​ယီကျုံးဟိုင်က ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ...

​" ရှာကျူး.. အဲ့လို တွက်လို့ မရဘူးလေ.. စဥ်းစားကြည့်စမ်း.. မင်းသာ တကယ် ထောင်ထဲ ဝင်သွားရင် မင်းအလုပ် သေချာပေါက် ပြုတ်မှာ.. အလုပ်မရှိရင် မင်း ဘာစားမလဲ.. နောက်ထပ် အလုပ်ကိုရော ဘယ်လိုလုပ် ရှာမလဲ.. "

​" ဒီလောက် ပိုက်ဆံလေးနဲ့ ကိစ္စပြတ်သွားတာကပဲ တော်တော် ကောင်းနေပါပြီ.. "

​ရှာကျူးလည်း ယီကျုံးဟိုင် ပြောသည်များက မှန်ကန်ကြောင်း နားလည်သည် ။ သူ ဒေါသထွက်နေသော်လည်း တိတ်တဆိတ် သဘောတူလိုက်ရ၏ ။

​သူက မေးလိုက်သည် ။

​" ဦးလေး ကျုပ်အတွက် ပိုက်ဆံပေးလိုက်တယ် မလား.. အိမ်ရောက်ရင် ပြန်ဆပ်ပါ့မယ်.. "

​" ပိုက်ဆံက အလောတကြီး မလိုပါဘူး.. "

​ယီကျုံးဟိုင်က လက်ဝှေ့ယမ်းလိုက်ပြီး အကြံပေးလိုက်သည် ။

​" နောက်ဆိုရင် ယန်လောင်အာ ကို ထပ်မသွားရှုပ်နဲ့တော့.. ငါတို့ ဘဝကိုပဲ ငါတို့ ကောင်းကောင်း နေသွားတာ ကောင်းပါတယ်.. "

​ရှာကျူးက ပြန်လည် ချေပချင်သော်လည်း ယီကျုံးဟိုင်၏ မျက်နှာအမူအရာကို မြင်သောအခါ အောင့်ထားလိုက်ပြီး သက်ပြင်း အရှည်ကြီးသာ ချလိုက်တော့သည် ။

" ဟူးးးး...."

​...

​ယန်ကျီဝမ်က ပြင်ပြီးသွားသော သုံးဘီးစက်ဘီးကို တွန်းကာ ယွီလီနှင့် စကားတပြောပြော ရယ်ရယ်မောမောဖြင့် အိမ်သို့ ပြန်လာခဲ့သည် ။

​အပေါက်ဝတွင် သူတို့နှင့် ဟဲယွီဆွေ ဆုံမိကြ၏ ။

​ယွီလီက ရှေ့သို့ တိုးလာပြီး စိုးရိမ်တကြီး မေးလိုက်သည် ။

​" ယွီဆွေ.. ဘယ်လိုလုပ် ဒီရောက်နေတာလဲ.. တစ်ခုခု အခက်အခဲ ရှိလို့လား.. "

​သူမတို့ နှစ်ယောက်က သူငယ်ချင်းကောင်းများ ဖြစ်ကြပြီး ယွီလီက ဤကလေးမကို အလွန် သနားမိသည် ။

​သူမက မိခင်ကို ဆုံးရှုံးခဲ့ရ ရုံသာမက ဖခင်ဖြစ်သူကလည်း မုဆိုးမတစ်ယောက်နှင့် ထွက်ပြေးသွားခဲ့ပြီး အစ်ကိုဖြစ်သူကလည်း အားကိုး၍ မရချေ ။

​ဟဲယွီဆွေက ခေါင်းခါလိုက်ပြီး ...

​" သမီး အကိုယန်ကျီဝမ်ကို လာရှာတာပါ.. "

​ထိုအချိန်တွင် ယန်ကျီဝမ်ကလည်း အနားသို့ ရောက်လာပြီး သူမ၏ စကားကို ကြားသွားကာ မေးလိုက်သည် ။

​" ဘာလဲ.. ရှာကျူး မလွတ်သေးဘူးလား.. "

​" ညီမလည်း မသိဘူး.. ပထမဦးလေးကို ကျေအေးစာ ပေးလိုက်တယ်.. သူ သွားခေါ်တယ်လေ.. "

​ပြောပြီးနောက် ဟဲယွီဆွေက သူမ၏ အိတ်ကပ်ထဲမှ ဆယ်ယွမ်တန် ငွေစက္ကူကြီး ငါးရွက်ကို ထုတ်ယူလိုက်ပြီး...

​" အကိုယန်ကျီဝမ်.. ဒါ သူတို့ပေးလိုက်တဲ့ လျော်ကြေးငွေတွေပါ.. "

​ထိုသည်ကို မြင်သောအခါ ယန်ကျီဝမ်က ရှုပ်ထွေးသွား၏ ။

​ဟဲယွီဆွေက ရှင်းပြသည် ။

​" သူ့ကို အလွယ် လွှတ်ပေးလိုက်ရင် နောင်လည်း ဒီအမှားမျိုး ထပ်လုပ်နေမှာပဲလို့ ခံစားရလို့ ညီမလေး သူ့ကို သင်ခန်းစာ ပေးချင်တာပါ.. "

​ယန်ကျီဝမ်၏ နှုတ်ခမ်းများ တဆက်ဆက် တုန်ရီသွားသည် ။

​'သောက်ခွေး.. ဒီကလေးမလည်း မလွယ်ဘူးဟ ..'

​မူရင်း ဝတ္ထုထဲတွင် ဟဲယွီဆွေက ရှာကျူးနှင့် ချင်ဟွိုင်ရုတို့ကို အောင်သွယ်ပေးရန် အမြဲ ကြိုးစားခဲ့သည်မှာ ကလဲ့စားချေချင်၍သာ ဖြစ်မည်ဟုပင် သူ ခံစားလိုက်ရ၏ ။

​ သူတို့ မောင်နှမ ဆက်ဆံရေးက ကောင်းမွန်ခဲ့သော်လည်း ချင်ဟွိုင်ရု ပေါ်လာခြင်းကြောင့် သူမ ငတ်သေမတတ်ဖြစ်ခဲ့ရပြီး ဒုက္ခများစွာ ခံစားခဲ့ရသည် ။

ဤသည်က ယန်ကျီဝမ်၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်ချေသည် ။

မည်သို့ပင် ဆိုစေကာမူ ယီကျုံးဟိုင်နှင့် ချင်ဟွိုင်ရုတို့ ရှိနေသရွေ့ ရှာကျူး အိမ်ထောင်ပြုရန် လွယ်ကူမည် မဟုတ်ပေ ။

​ဟဲယွီဆွေ၏ အတွေးများကိုမူ သူမကိုယ်တိုင်သာလျှင် သိနိုင်ပေလိမ့်မည် ။

​ယန်ကျီဝမ်က ပိုက်ဆံကို မယူဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်၏ ။

​" ပိုက်ဆံကို မင်းပဲ သိမ်းထားလိုက်ပါ.. မင်းကြောင့်သာ ငါ ရှာကျူးကို လွှတ်ပေးလိုက်တာ.. "

​ယွီလီကလည်း ဝင်ပြောသည် ။

​" ဟုတ်တယ်.. နင့်မှာလည်း အခက်အခဲ ရှိတာပဲ.. ဒီပိုက်ဆံကို အရေးပေါ် သုံးဖို့ သိမ်းထားလိုက်ပါ.. "

​" ညီမ.. "

​ဟဲယွီဆွေ တုံ့ဆိုင်းနေ၏ ။

​ယန်ကျီဝမ်က ဆက်ပြောသည် ။

​" ယူထားလိုက်ပါ.. သူ့ကို သင်ခန်းစာ ပေးဖို့လို့ မင်း ပြောခဲ့တာပဲ.. ပိုက်ဆံ ဘယ်သူယူယူ ကိစ္စမရှိပါဘူး.. "

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟဲယွီဆွေက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည် ။

​သူမက ယန်ကျီဝမ်နှင့် ယွီလီတို့ကို ဦးညွှတ် ဂါရဝပြုပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်၏ ။

​သို့သော် သူမ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရှာကျူးနှင့် ယီကျုံးဟိုင်တို့ အပြင်မှ ဝင်လာသည်ကို အမှတ်မထင် တွေ့လိုက်ရသည် ။

​သူမက သူတို့ကို ဂရုမစိုက်ဘဲ အိမ်ဘက်သို့ လျှောက်သွားရန် ပြင်လိုက်၏ ။

​သို့သော် ရှာကျူးက မကျေမနပ်ဖြစ်ကာ ရွဲ့စောင်း၍ ပြောလိုက်သည် ။

​" တချို့လူတွေကတော့ ကိုယ့်အစ်ကိုအရင်း အချုပ်ထဲရောက်နေတာကိုတောင် အစ်ကိုရဲ့ ရန်သူကို ကပ်ဖားနေတုန်းပဲ.. တကယ့်ကို အသည်းနှလုံး မရှိတာ.. "

​ယီကျုံးဟိုင် လန့်သွား၏ ။ ရှာကျူးက ရုတ်တရက် ဤသို့ ပြောလိမ့်မည်ဟု သူ မျှော်လင့်မထား ။

​ဟဲယွီဆွေကသာ အမှန်အတိုင်း ပြန်ပြောလိုက်ပါက သူ၏ လိမ်ညာမှု ပေါ်သွားပေမည် ။

​ကံကောင်းထောက်မစွာဖြင့် ဟဲယွီဆွေက ခြေလှမ်းများကို ခဏသာ ရပ်တန့်လိုက်ပြီး ဆက်လျှောက်သွားကာ ငြင်းခုံလိုသည့် အရိပ်အယောင် မပြခဲ့ချေ ။

​ဟဲယွီဆွေ လျှောက်သွားသည်ကို မြင်သောအခါ ရှာကျူး ပို၍ ဒေါသထွက်လာကာ...

​" ဟမ့်.. ပထမဦးလေး.. သူ့ကို ကြည့်စမ်းပါဦး.. ဒါ ညီမတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား.. ကျုပ်သာ သူ့ကို သေသေချာချာ မပြုစုမပျိုးထောင်ခဲ့ရင် သူဒီလောက်ကြီးလာပါ့မလား.. အခု ကြည့်စမ်း.. ဒါ ကျုပ်ကို ကျေးဇူးဆပ်တဲ့ ပုံစံလား.. "

​ယွီလီ ဆက်၍ သည်းမခံနိုင်တော့ဘဲ ခါးထောက်ကာ စိုက်ကြည့်ပြီး...

​" ရှာကျူး.. ပါးစပ်ပိတ်ထားလိုက်စမ်း.. "

​ရှာကျူးက သူမကို ကြည့်ကာ နှုတ်ခမ်းမဲ့၍...

​" မင်းနဲ့ ဘာဆိုင်လို့လဲ.. "

​ယွီလီက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး...

​" ငါနဲ့တော့ မဆိုင်ပါဘူး.. ဒါပေမဲ့ ယွီဆွေကသာ ငါ့ယောက်ျား ယန်ကျီဝမ်ကို လာမတောင်းပန်ရင် နင် ဒီလောက် မြန်မြန် ထွက်လာရမယ် ထင်နေလား.. "

​ယီကျုံးဟိုင်၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားတော့သည် ။

​သူ အကြောက်ဆုံးကိစ္စက တကယ် ဖြစ်လာခဲ့လေပြီ ။

​ရှာကျူးက မျက်မှောင်ကြုတ်လိုက်ပြီး...

​" သူနဲ့ ဘာဆိုင်လို့လဲ.. ပထမဦးလေးက ပိုက်ဆံပေးလိုက်လို့ ယန်လောင်အာ က ကျေအေးစာ ရေးပေးဖို့ သဘောတူလိုက်တာ မဟုတ်ဘူးလား.. "

​ယန်ကျီဝမ်က ယီကျုံးဟိုင်ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ရာ ယီကျုံးဟိုင်က အနေခက်သွားပြီး အကြည့်လွှဲသွားသည် ။

​" ထွီ.. "

​ယွီလီက တံတွေးထွေးလိုက်ပြီး လှောင်ပြောင်လိုက်သည် ။

​" ငါ့မိသားစုက နင်တို့ရဲ့ မဖြစ်စလောက်ပိုက်ဆံလေးကို လိုနေတယ်များ ထင်နေလား.. ယွီဆွေကသာ နင့်အတွက် ဝင်တောင်းပန်မပေးခဲ့ရင် နင် ဒီလောက် လွယ်လွယ် ထွက်လာနိုင်မှာ မဟုတ်ဘူး.. "

​ရှာကျူးက ယီကျုံးဟိုင်ထံ လှည့်ကြည့်လိုက်ပြီး...

​" ပထမဦးလေး.. ခင်ဗျား.. "

​ယီကျုံးဟိုင်သည် မြေကြီးဟသွားလျှင် ဝင်ပုန်းချင်စိတ် ပေါက်သွားသည် အထိ မျက်နှာပူသွားသည် ။

"ဟင်းးး..."

​ထိုအခါမှ ရှာကျူး သဘောပေါက်သွားပြီး နှာပြင်းပြင်းမှုတ်ကာ အေးစက်သော မျက်နှာဖြင့် ခြံထဲသို့ ဆက်ဝင်သွား၏ ။

All Chapters