အခန်း ၂၀၈
Vol. 20 Ch. 208
Chapter 208
~
အခန်း ၂၀၈ : မာဟွာ ကို လုပ်ခိုင်းမလို့လား
~
" အပြစ်ပေးမယ်.. "
ရှာကျူးက ထိုစကားကို လှောင်ပြောင်လိုက်ပြီး အထင်သေးဟန်ဖြင့်..
" သူတို့က ကျုပ်ကို အလုပ်ဖြုတ်ပစ်မလို့လား.. "
သူ ရဲစခန်းသို့ ရောက်သွားရုံသာ ရှိသေးသည် ။ ထောင်ကျသည်မဟုတ် ။ စက်ရုံက သူ့ကို တကယ် အလုပ်ဖြုတ်ပစ်မည်ဟု သူ မယုံကြည်ပေ ။
တာဝန်ခံဝမ်က ရယ်၍ ခေါင်းခါလိုက်ပြီး...
" ဟဲဟဲ ..စိတ်မပူပါနဲ့.. အလုပ်ဖြုတ်တဲ့ အထိတော့ မလုပ်ပါဘူး.. ဒါပေမဲ့ အပြစ်ပေးဖို့တော့ လိုတယ်လေ.. ခေါင်းဆောင်တွေ တိုင်ပင်ပြီးတဲ့နောက် မင်းကို စက်ရုံက အိမ်သာတွေ ဆေးဖို့ နေရာပြောင်းပေးဖို့ ဆုံးဖြတ်လိုက်တယ်.. "
" ဘယ်လိုလဲ.. ဒီရလဒ်ကို မင်း ကျေနပ်ရဲ့လား.. "
သို့သော် ရှာကျူးက ဖြည်းဖြည်းချင်းပင် ပြန်မေးလိုက်သည် ။
" ဖက်တီးဝမ်... ခင်ဗျား သေချာလို့လား.. "
" ငါ သေချာတယ် ဆိုရင်ကော.. "
တာဝန်ခံဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး ရှာကျူး၏ အတွေးကို နားမလည်နိုင်ပေ ။
' ဒီကောင်က အိမ်သာဆေးဖို့ တာဝန်ပေးခံရတာကို နည်းနည်းလေးတောင် ကြောက်သွားတဲ့ပုံ မပေါ်ဘူး.. သူ ဘယ်တော့မှ ပြန်မလာရမှာကို မကြောက်ဘူးလား.. '
သူ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ရယ်လိုက်ကာ...
" ရှာကျူး.. မင်း ထွက်သွားရင် ခေါင်းဆောင်တွေအတွက် အထူးဟင်းလျာတွေ ချက်ပေးမယ့်သူ မရှိတော့ဘူးလို့ မင်းထင်နေတာလား.. အဲ့ဒါအတွက် လုံးဝ စိတ်ပူစရာ မလိုဘူး.. ညီလေးယန်ကို လာဖို့ ငါ ဖိတ်ခေါ်လို့ ရတယ်.. "
" သဘောပဲလေ.. "
ရှာကျူးက မတ်တတ်ရပ်၍ အပြင်သို့ ထွက်သွားသည် ။
တာဝန်ခံဝမ်၏ မျက်ခုံးနှစ်ဖက်က ထိကပ်လုမတက် ကြုတ်သွားပြီး...
" ရှာကျူး.. မင်း ဘယ်သွားမလို့လဲ.. "
ရှာကျူးက သူ့ကို လှည့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး...
" ခင်ဗျားပဲ ကျုပ်ကို အိမ်သာဆေးဖို့ အပြစ်ပေးလိုက်တာ မဟုတ်ဘူးလား.. ဘာလဲ ခင်ဗျားပါ လိုက်ခဲ့ချင်လို့လား.. "
" ဟင့်အင်း.. ငါ မလိုက်တော့ဘူး.. "
တာဝန်ခံဝမ်က လက်ဝှေ့ယမ်းလိုက်ပြီး ရယ်မောကာ...
" ဟားဟားဟား...ရှာကျူး.. အဲ့ဒီမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. "
" ဟမ့်.. ကျုပ် ပြန်လာဖို့ ခင်ဗျားကိုယ်တိုင် လာတောင်းပန်ရလိမ့်မယ်.. "
ရှာကျူးက ထိုစကားကို ချန်ထားခဲ့ပြီး ထွက်သွားလေသည် ။
ရှာကျူး ထွက်သွားသောအခါ ကန်တင်းထဲရှိ လူတိုင်း အလွန် ပျော်ရွှင်သွားကြ၏ ။
အဘယ်ကြောင့်ဆိုသော် ရှာကျူးက ပါးစပ်ကြမ်းရုံသာမက လူတိုင်းကို ဟိုခိုင်းဒီခိုင်းနှင့် ဆရာလုပ်ရသည်ကို နှစ်သက်သည် ။ ကန်တင်း မီးဖိုချောင်ထဲတွင် သူ့ကို လေးစားသူဟူ၍ တစ်ယောက်မှ မရှိချေ ။
သို့သော် ရှာကျူးသည် သူ၏ ဟင်းချက်စွမ်းရည်ကြောင့် ကန်တင်းမီးဖိုချောင်တွင် အာဏာရှင်တစ်ယောက်လို ဖြစ်နေကာ ခေါင်းဆောင်များကိုပင် ဂရုမစိုက်ပေ ။
သို့သော် တာဝန်ခံဝမ်ကမူ ရှာကျူး ထွက်သွားစဥ်က ပြောခဲ့သော စကားကို တွေးနေမိသည် ။
ရှာကျူး၏ လေသံက အလွန် ယုံကြည်မှု ရှိနေပြီး သူကိုယ်တိုင် ပြန်လာရန် တောင်းပန်ရမည်ဟု သေချာနေသည့်ပုံပင် ။
သို့သော် မည်သို့ ဖြစ်နိုင်မည်နည်း ။
ရှာကျူး ဘယ်တော့မှ ပြန်မလာရလျှင် အကောင်းဆုံးဖြစ်သည် ။
အချိန်အတော်ကြာစဥ်းစားပြီးနောက် အကြောင်းရင်းကို မစဥ်းစားတတ်တော့သဖြင့် ရုံးခန်းထဲ ပြန်ဝင်ကာ လက်ဖက်ရည်သာ သောက်နေလိုက်တော့သည် ။
...
မွန်းတည့်ချိန်တွင်....
ကန်တင်း တစ်ခုလုံး ပရမ်းပတာ ဖြစ်နေလေပြီ ။
" ဒါ ဘာကြီးလဲ.. ဒါ လူစားတဲ့ အစားအစာလား.. "
" ငါတို့က ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ.. ဗိုက်ဝအောင် မစားရတာက ဆိုးနေပြီကို အခု ဒီဝက်စာအတွက်ပါ ပိုက်ဆံပေးနေရသေးတာလား.. မွန်းလွဲပိုင်း အလုပ်လုပ်ဖို့ ငါတို့မှာ ဘယ်လိုလုပ် ခွန်အားရှိတော့မှာလဲ.. "
" ရှင်းပြပေး.. မင်းတို့ ငါတို့ကို သေချာ ရှင်းပြပေးမှ ရမယ်.. "
" ... "
ယနေ့ အစားအသောက်များက အရသာမရှိသောကြောင့် ရဲဘော် အလုပ်သမားများအားလုံး ဆူပူအုံကြွ နေကြခြင်းဖြစ်သည် ။
လျှိုလန်က တာဝန်ခံဝမ်၏ ရုံးခန်းဆီသို့ ပြေးသွားကာ စိုးရိမ်တကြီးဖြင့်...
"ဆရာဝမ်.. ဒုက္ခတော့ရောက်ပြီ.. ကန်တင်းမှာ ဆူပူနေကြတယ်.. ကျေးဇူးပြုပြီး သွားကြည့်ပေးပါအုံး.. "
တာဝန်ခံဝမ်က ထိုစကားကို ကြားလျှင် မျက်မှောင်ကြုတ်သွားပြီး...
" ဘာလို့ ဆူပူနေကြတာလဲ.. "
လျှိုလန်က ပြန်ဖြေလိုက်သည် ။
" ကန်တင်းက အစားအသောက်တွေက အရသာမရှိဘူးတဲ့.. ဝက်စာနဲ့တူတယ်လို့ ပြောနေကြတယ်.. "
တာဝန်ခံဝမ်က နှာခေါင်းရှုံ့လိုက်ပြီး...
" ဟမ့်.. သူတို့ သိပ်မဆာသေးလို့ ဖြစ်မှာပါ.. "
' ဘာ ဝက်စာလဲ.. အရင်တုန်းကလည်း ဒီလိုပဲ မဟုတ်ဘူးလား.. '
သူ တွေးလိုက်သည် ။
ယနေ့ အိုးကြီးဟင်းများကို စားဖိုမှူးကျောက်က တာဝန်ယူထားသည် ။ သူ၏ ဟင်းချက်စွမ်းရည်က ရှာကျူးလောက် မကောင်းသော်လည်း အိုးကြီးဟင်းများ ချက်ရန်က သူ့အတွက် ပြဿနာ မဟုတ်ပေ ။
ထိုလူများ ပြဿနာရှာနေရခြင်း အကြောင်းရင်းက သူတို့၏ လျှာများ အလိုလိုက်ခံထားရ၍ ပျက်စီးနေသောကြောင့်သာ ဖြစ်သည် ။
နောက်ဆုံးတော့ ရှာကျူး၏ ယုံကြည်မှုကို တာဝန်ခံဝမ် နားလည်သွားလေပြီ ။ သူ ဤသည်ကို စောင့်နေခဲ့ခြင်းပင် ။
' ဒါပေမဲ့ ငါက လွယ်လွယ်နဲ့ အရှုံးပေးမယ့်သူမျိုးလား.. သူ့ကို လာတောင်းပန်စေချင်တာလား.. ယီးပဲရမယ်.. '
ထိုသို့ တွေးမိပြီး တာဝန်ခံဝမ်က လက်ဝှေ့ယမ်းလိုက်ကာ...
" အဲ့ကောင်တွေကို လွှတ်ထားလိုက်.. အရမ်းလွန်လာရင် လုံခြုံရေးဌာနက လူတွေကို သွားခေါ်.. သူတို့က သက်သက် ပြဿနာရှာနေတာ.. "
လျှိုလန်သည် နာခံ၍ အပြင်သို့သာ ထွက်လာခဲ့ရသည် ။
နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားသော်လည်း အခြေအနေက ထိုအတိုင်းပင် ။
တာဝန်ခံဝမ်သည် မူလက ဂရုမစိုက်ရန် ရည်ရွယ်ထားသော်လည်း ဤကိစ္စက စက်ရုံခေါင်းဆောင်များအထိ ဂယက်ရိုက်သွားပြီး စက်ရုံမှူးယန်နှင့် လီဟွိုက်တဲတို့ပင် ရောက်လာကြသည် ။
နောက်ဆုံးတွင် ဒီကိစ္စကို ဒီနေ့ အပြီး ဖြေရှင်းရမယ် ဟူသော ရာဇသံကို ချန်ထားကာ ပြဿနာကို တာဝန်ခံဝမ်၏ ခေါင်းပေါ်သို့ ပစ်ချပြီး ပြန်ထွက်သွားကြ၏ ။
ယခုအခါ သူ အလွန် စိတ်ဓာတ်ကျနေလေပြီ ။
သို့သော် ရှာကျူးကို ပြန်လာဖို့ရန် တောင်းပန်ရမည်ကိုတော့ သူ လုံးဝ မလုပ်နိုင် ။
သူ့မျက်နှာ မည်သည့်နေရာ သွားထားရမည်နည်း ။
သို့သော် သူသာ မသွားလျှင် ယခုကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်း ။
တာဝန်ခံဝမ် စဥ်းစားနေစဥ် ပါဝင်ပစ္စည်းများကို လှီးဖြတ်နေသော မာဟွာကို ရုတ်တရက် မြင်လိုက်ရသည် ။
သူ့မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး မာဟွာကို လက်ယက်ခေါ်လိုက်ကာ..
" မာဟွာ.. ခဏလောက် လာခဲ့ပါအုံး.. "
မာဟွာက တာဝန်ခံဝမ် ခေါ်သည်ကို ကြားလျှင် အလုပ်ကို ချထားခဲ့ပြီး လျှောက်လာကာ မေးလိုက်သည် ။
" ဆရာ... ကျွန်တော့်ကို ဘာခိုင်းစရာ ရှိလို့လဲ.. "
တာဝန်ခံဝမ်က ခေါင်းညိတ်လိုက်ပြီး...
" မာဟွာ.. မင်းဆရာဆီက ပညာသင်ရတာ ဘယ်လိုနေလဲ.. အခု အိုးကြီးဟင်းတွေ ချက်နိုင်ပြီလား.. "
သူက ယန်ကျီဝမ်ကို တိုက်ရိုက် ဖိတ်ခေါ်ချင်သော်လည်း ယန်ကျီဝမ်၏ စိတ်ကို သိ၏ ။ တစ်ခါတစ်ရံ အထူးဟင်းလျာများ ချက်ပြုတ်ပေးခြင်းက အဆင်ပြေသော်လည်း အိုးကြီးဟင်းများ ချက်ရန်မှာမူ မဖြစ်နိုင်ပေ ။
သို့မဟုတ်လျှင် ကန်တင်းသို့ ပြောင်းရွှေ့အလုပ်လုပ်ရန် အစောကြီးကတည်းက သဘောတူခဲ့ပေမည် ။
ထို့ကြောင့် သူ မာဟွာကိုသာ အားကိုးရတော့မည် ။
မာဟွာက ထိုစကားကို ကြားလျှင် မျက်နှာနီရဲသွားပြီး ရှက်ရွံ့ဟန်ဖြင့်...
" ဆရာဝမ်... တောင်းပန်ပါတယ်.. ဆရာဝမ့်ကို စိတ်ပျက်စေမိပြီ.. ကျွန်တော့်ရဲ့ ဓားစွမ်းရည်က မလုံလောက်သေးဘူးလို့ ကျွန်တော့်ဆရာက ပြောတယ်.. ဓားစွမ်းရည်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးမှသာ ဟင်းချက်ဖို့ စသင်ပေးမယ်တဲ့.. "
" အဲ့လိုလား.. "
တာဝန်ခံဝမ် အနည်းငယ် စိတ်ပျက်သွားသော်လည်း ထပ်တွေးကြည့်ပြန်သည် ။ မာဟွာ အလုပ်သင်ဘဝ ရောက်နေသည်မှာ မကြာသေး ။ သူ မည်သို့ မြန်မြန် တတ်နိုင်မည်နည်း ။
သူက သက်ပြင်းချလိုက်ပြီး...
" လောလောဆယ်တော့ မင်းဆရာဆီ သွားတောင်းပန်ရုံပဲ ရှိတော့မယ့်ပုံပဲ.. "
" ဝယ်ယူရေးဌာနကို ငါနဲ့ လိုက်ခဲ့.. "
ထိုသို့ပြောပြီးနောက် သူက မာဟွာကို ဝယ်ယူရေးဌာနသို့ ခေါ်သွားသည် ။
မကြာမီပင် အလုပ်ခို၍ ချောင်ကပ်မှိန်းနေသော ယန်ကျီဝမ်ကို သူတို့ တွေ့လိုက်ရသည် ။ တယဝန်ခံဝမ်က ငိုမဲ့မဲ့ မျက်နှာဖြင့်...
" ညီလေးယန်.. အခု မင်းအစ်ကိုတော့ အခက်တွေ့နေပြီ.. မင်း အစ်ကို့ကို ကူညီမှ ဖြစ်မယ်.. "
ယန်ကျီဝမ်က ရေနွေးကြမ်း တစ်ငုံကို ဖြည်းဖြည်းချင်း သောက်လိုက်ပြီး တာဝန်ခံဝမ် နောက်မှ လိုက်ပါလာသော မာဟွာကို ကြည့်ကာ တစ်ခုခုကို ချက်ချင်း ခန့်မှန်းမိသွားပြီး ....
" ကန်တင်းမှာ ရဲဘော် အလုပ်သမားတွေ ပြဿနာ ရှာနေတဲ့ ကိစ္စလား.. "
တာဝန်ခံဝမ်က လက်မထောင်ပြလိုက်ပြီး ချီးကျူးလိုက်သည် ။
" ငါ့ညီ ပီသပါပေတယ်.. ချက်ချင်းကို ခန့်မှန်းမိတာပဲ.. "
ထို့နောက် သူက မြှောက်ပင့်သော လေသံဖြင့်...
" ညီလေး.. အစ်ကိုက မင်းအပေါ် အမြဲတမ်း ကောင်းခဲ့တယ် မလား.. အခု ခေါင်းဆောင်တွေက အမိန့်ပေးထားလို့ မင်း အစ်ကို့ကို ကူညီပေးမှရမယ်.. "
ယန်ကျီဝမ်က ခဏစဥ်းစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ...
" တစ်ခါတလေ ကူညီပေးတာက အဆင်ပြေပေမဲ့ အမြဲတမ်းတော့ လာလို့မရဘူးလေ.. ကျွန်တော်မှာ အဲ့လောက် အချိန်မရှိဘူး..ကျွန်တော် အလုပ်အရမ်းများ နေတယ်... "
ထိုစကားကို ကြားလျှင် တာဝန်ခံဝမ်၏ နှုတ်ခမ်းများက တဆက်ဆက်တုန်ရီသွားပြီး....
' မင်းမှာ အချိန်မရှိဘူး ဟုတ်လား.. စက်ရုံတစ်ခုလုံးမှာ မင်းလောက် အားယားနေတဲ့သူ မရှိဘူးလေ.. '
သို့သော် ယခု အကူအညီ တောင်းနေရချိန် ဖြစ်၍ သူ ဘာကိုမှ ပြန်မငြင်းရဲပေ ။
သူက လက်ဟန်ဖြင့် တောင်းပန်လိုက်သည် ။
" ညီလေး.. မင်းအစ်ကို့ကို ကူညီပေးပါကွာ.. စိတ်မပူပါနဲ့ မင်းကို အလကား အလုပ် မလုပ်ခိုင်းပါဘူး.. လျော်ကြေးရှိတယ်.. ဘယ်လိုသဘောရလဲ.. "
" လျော်ကြေးကိစ္စ မဟုတ်ပါဘူး.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်သည် ။ သူ ပင်ပင်ပန်းပန်း မလုပ်ချင်ရုံသာ ဖြစ်သည် ။
ထို့နောက် သူက မာဟွာကို သတိရသွားပြီး ရုတ်တရက် မေးလိုက်သည် ။
" မာဟွာ.. မင်းရဲ့ ဓားစွမ်းရည်တွေ ဒီတလော ဘယ်လိုနေလဲ.. "
ယန်ကျီဝမ်က သူ့ကို ရုတ်တရက် မေးလိမ့်မည်ဟု မျှော်လင့်မထား၍ မာဟွာ လန့်သွားသည် ။
သို့သော် သူ အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည် ။
" အရင်ကထက်တော့ ပိုကောင်းလာပါတယ်.. ထင်တာပဲ.. ဟီးဟီး.. "
သူကိုယ်တိုင်လည်း သိပ်မသေချာ ။ ယန်ကျီဝမ် ကိုယ်တိုင် စစ်ဆေး ကြည့်ရမည် ဖြစ်သည် ။
" အင်း.. ဒါဆိုလည်း ကောင်းပြီလေ.. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး တာဝန်ခံဝမ်ကို ပြောလိုက်သည် ။
" အစ်ကိုဝမ်.. ဒီနေ့ကစပြီး အိုးကြီးဟင်းတွေကို မာဟွာကို ကိုင်တွယ်ခိုင်းလိုက်ပါ.. လင်းယုန်ပေါက်လေးဆိုတာ တစ်နေ့ကျရင် ကိုယ်တိုင် ပျံသန်းရမှာပဲလေ.. အခုက အခွင့်အရေးကောင်း တစ်ခုပဲ.. "
" ဟမ်.. "
တာဝန်ခံဝမ် ဆွံ့အသွားပြီး အံသြတကြီး မေးလိုက်သည် ။
" မာဟွာကို လုပ်ခိုင်းမလို့လား.. သူ လုပ်နိုင်ပါ့မလား.. "