← Chapters

ကောင်းကင်တီးလုံး ဓားသွားကိုးခု

Vol. 019 Ch. 913

ကောင်းကင်တီးလုံး ဓားသွားကိုးခု

Vol. 019 Ch. 913

ဝမ်လင်းက ထျန်ယန်ဖန်၏ မန္တာန်ကို တစ်ချက်တည်း ပယ်ဖျက်ကာ သူ့နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံမှုကို ပြသခဲ့သည်။သို့တောင်မှ ကျန်ကုန်းလီ၏စကားများကို ကြားရသည့်အခါ လူအများသည် တခြားအတွေးများ ထပ်ဝင်လာကြသည်။

ကျန်ကုန်းလီက ဝမ်လင်းကို အလေးအနက်အသွင်နှင့် ကြည့်နေ၏။သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ “စီနီယာရှုမူ…ငါ့ကို ဉာဏ်အလင်းပြသပေးပါ…”

ဝမ်လင်းက ကျန်ကုန်းလီကို ပုံမှန်သာ ကြည့်နေသည်။ခုလက်ရှိဝမ်လင်းသည် အရင်နှင့် ခြားနားသွားခဲ့ပြီ မဟုတ်လား။

အတိတ်တုန်းက သူက စီနီယာတစ်ယောက်အဖြစ် ကျန်ကုန်းလီကို လှည့်စားခဲ့ရသည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင်ပင် သူသည် ကျန်ကုန်းလီနှင့် အဆင့်အတူတူတွင်သာ ရှိခဲ့သည်။ထို့ကြောင့် သူသည် ထိုစဉ်က စကားပြောရာ၌ပင် သတိထားခဲ့ရသည်။

သို့သော်လည်း ခုချိန်၌ သူက အထည်ဒြပ်ယန်အဆင့်ကို ချိုးဖျက်ကာ အစစ်အမှန် ဒုတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ခုချိန်၌ သူက ကျန်ကုန်းလီကို တည်ငြိမ်စွာ အေးအေး ကြည့်နေနေပြီ မဟုတ်လား။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းက ငါ့ ပြိုင်ဘက် မဟုတ်ဘူး။ ငါတို့ သိခဲ့တာကို ထောက်ထားပြီး ပြန်ထိုင်လိုက်ပါ…”

ကျန်ကုန်းလီက ဝမ်လင်းကို ကြည့်ကာ စဉ်းစားနေ၏။သူက ပြောလာခဲ့သည်။ “စီနီယာ…လွန်ခဲ့တဲ့ နှစ်ခုနစ်ရာလောက်က ဂျူနီယာဟာ ကောင်းကင်မိုးကြိုးဂြိုဟ်ပေါ်မှာ မိုးကြိုရဲ့ အညံ့မခံတဲ့ သဘာဝကို နားလည်ခဲ့တယ်။ငက ဒီသဘာဝကို ငါ့ခန္ဓာကိုယ်ထဲ ပေါင်းစပ်စေခဲ့တယ်။ ငါ အိမ်ပြန်ရောက်တဲ့အခါမှာ ကျန်မိသားစုဘိုးဘေး ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ကျင့်ကြံပြီး ငါ့နယ်ပယ်ကို ဖြစ်ပေါ်စေခဲ့တယ်။ငါ့နယ်ပယ်ဟာ အညံမခံတိုက်ပွဲစိတ်ဆန္ဒ ဖြစ်တယ်…”

“ကျန်က ငါ့နာမည် ဖြစ်သလို…ငါ့နယ်ပယ်လည်း ဖြစ်တယ်…”

(ကျန်ဆိုသည်မှာ တရုတ်ဘာသာစကား၌ မျိုးရိုးဟု ယူဆ၍ ရသလို တိုက်ပွဲဟုလည်း အဓိပ္ပာယ်ရပါသည် )

“ဒီနယ်ပယ်နဲ့ ငါ့ကျင့်ကြံမှုအဆင့်ဟာ များစွာ ခုန်တက်ခဲ့ပြီး နှစ်လေးရာလောက်နဲ့ အထည်ဒြပ်ယန်အဆင့်ကို ရောက်ရှိနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ထိ ငါ့ကျင့်ကြံမှုအဆင့်က ထပ်ပြီး မတိုးတက်လာတော့ဘူး။ စီနီယာ…ငါ့တာအိုက မှန်လား၊မှားသလား…”

သူ့စကားများကို ကြားရသည့်အခါ ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားကြ၏။သူတို့၏မျက်လုံးထဲ၌ သည်မေးခွန်းသည်လည်း သူတို့စိတ်ထဲတွင်ပါ ရှိနေသည်ကို ဖော်ပြနေသည်။

“ငါ ကျန်မိသားစုဘိုးဘေး လီယွမ်ဇီကို တစ်ခါက မေးခဲ့ဖူးတယ်။ဒါပေမဲ့ ငါရရှိခဲ့တဲ့ အဖြေက ငါ့အတွက် ပိုရှုပ်ထွေးစေခဲ့တယ်…”

ကျန်ကုန်းလီက ဝမ်လင်းကို ကြည့်ကာ ပြောလာ၏။ “စီနီယာ…ကျေးဇူးပြုပြီး ငါ့ကို ဉာဏ်အလင်း ပြသပေးပါ…”

ဝမ်လင်းက ကျန်ကုန်းလီကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်၏။ “မင်းရဲ့ တိုက်ပွဲစိတ်ဆန္ဒဟာ မခိုင်ခံ့ဘူး…”

ကျန်ကုန်းလီ၏မျက်လုံးသည် တောက်ပနေ၏။သို့သော် သိပ်မကြာခင်တွင်ပင် ပြန်မှိန်ဖော့သွားကာ သူက ပို၍ တိတ်ဆိတ်သွားသည်။

“မင်းဘိုးဘေးရဲ့ အဖြေဟာ မင်းက စိန်ခေါ်ရမယ်။မင်းနဲ့ ကျင့်ကြံခြင်းအဆင့်တူသူမှန်သမျှကို စိန်ခေါ်နိုင်ရမယ်လို့ ပြောခဲ့တာလို့ ငါ ယူဆမိတယ်။တိုက်ပွဲတွေ ဆက်တိုက်လေလေ တိုက်ပွဲအပေါ် နားလည်မှုကလည်း ပို ရှိလာလိမ့်မယ်။အဲ့လိုနဲ့ မင်းရဲ့ တိုက်ပွဲစိတ်ဆန္ဒဟာ တိုက်ပွဲဝင်ဖို့ ရူးသွပ်တဲ့ အခြေအနေထိ ရောက်လာပြီး အဲ့အချိန်မှာ မင်းက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ဖြတ်သန်းနိုင်လိမ့်မယ်….”

ကျန်ကုန်းလီ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။သူက ရုတ်တရက် ဝမ်လင်းကို မော့ကြည့်လာသည်။ဝမ်လင်း၏စကားများသည် လီယွမ်ဇီနှင့် ခြားနားသော်လည်း အဓိကအဓိပ္ပာယ်ကတော့ အတော်လေး တူညီနေ၏။

“ကျေးဇူးပြုပြီး ငါ့ကို အလင်းပြပေးပါ…စီနီယာ။ ဒီအတွက် ငါက ငါ့ရဲ့ တာအိုပုံရိပ်ကို သင့်ရှိ လက်ဆောင်ပေးဖို့ ဆန္ဒရှိနေပါတယ်…”

ကျန်ကုန်းလီက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းကို ဉီးညွတ်ဟန် ပြု၏။

မင်းရဲ့ အညံ့မခံနိုင်လို့ ခေါ်ရုံသာ ခေါ်နိုင်တဲ့ တာအိုပုံရိပ်က ဘာလဲ။ “ကျန်ကုန်းလီ…ငါတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိခဲ့တဲ့အတွက် မင်းကို စကားတစ်ခု လက်ဆောင်ပေးမယ်။ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲစိတ်ဆန္ဒဟာ သန်မာလှတယ်။ဒါပေမဲ့ ဒီ့အတွက် ခွန်အားက အကန့်အသတ် ရှိတယ်။အစစ်အမှန် တိုက်ပွဲစိတ်ဆန္ဒဆိုတာ မင်းရဲ့ နှလုံးသား ယုံကြည်မှုကနေပဲ လာတယ်…”

“မင်းက ငါ့ကို ရင်ဆိုင်ရရင်၊မင်းဘိုးဘေးကို ရင်ဆိုင်ရင် လောကကို ရင်ဆိုင်မယ် ဆိုရင်တောင်…ဒါက ဘာအတွက်လဲ။ ဒါက သေဖို့ပဲ ရှိတယ်…”

ဝမ်လင်း၏အသံက တည်ငြိမ်နေ၏။သို့သော် ကျန်ကုန်လီ၏နားထဲ၌ မိုးခြိမ်သံအလား။သူ့စိတ်သည် တုန်ယင်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။သူ့တိုက်ပွဲစိတ်ဆန္ဒသည်လည်း ပျောက်ကွယ်သွားကာ ဉာဏ်အလင်း အရိပ်အယောင်တစ်ခု အစားထိုးဝင်လာခဲ့သည်။

“ပြန်ထိုင်တော့…” ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ကျန်ကုန်းလီသည် တိုက်ပွဲကွင်းကနေ နောက်ဆုတ်သွားရသည်။အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူက ဝမ်လင်းကို ဉီးညွတ်ပြီး သူ့အနီရောင်ကျောက်တုံးပေါ်၌ စတင် ကျင့်ကြံတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်နေတော့၏။သို့သော် ရှေ့ရှိ ဓားသွားကိုးခုနှင့်လူ၏ မျက်လုံးသည် တောက်ပနေသည်။သူက ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်၍ ခပ်ရှရှအသံဖြင့် ပြောလာသည်။ “တာအိုတစ်ခုကို ချက်ခြင်း ထောက်ပြနိုင်တယ်။ညီအစ်ကို…မင်းက တာအိုရဲ့ တပည့်ပဲ။မင်းရဲ့ နားလည်မှုက နက်နဲလှတယ်။ငါ နန်ကုန်က မင်းကို လေးစားမိပါတယ်။မင်းက ငါ့ စိန်ခေါ်မှုကို လက်ခံဖို့ အရည်အချင်း ပြည့်မှီပါပေတယ်…”

အနက်ရောင်ဝတ်စုံနှင့်လူသည် ဝမ်လင်း သူ့စိန်ခေါ်မှုကို လက်ခံသည်၊မလက်ခံသည်ကို ဂရုမစိုက်သည့်အလား ပြောလာသည်။သူက မတ်တပ်ထရပ်ခြင်းပင် မရှိပေ။သို့သော် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဝှေ့ယမ်းလိုက်သည်။ဓားသွားကိုးခုသည် တုန်ယင်လာ၏။ကြောက်မက်ဖွယ်ဓားသွားစွမ်းအင်သည် ယင်းဓာသွားများထံကနေ ထွက်ပေါ်လာတော့သည်။

သူက သူ့လက်ကို နောက်တစ်ဖန် ဝှေ့ယမ်းပြန်၏။ဓားစွမ်းအင်တန်းကိုးခုသည် ဝမ်လင်းထံသို့ တိုးဝင်သွားချေသည်။

ယင်းဓားသွားစွမ်းအင်သည် အားကောင်းလှ၏။၎င်းက ထိုးထွက်လာသည်နှင့် ဥပဒေသအချို့ကိုပါ သယ်ဆောင်လာသည်ဟု ထင်မှတ်ရသည်။

အဖြူရောင်ကျောက်တုံးပေါ်တွင် ထိုင်နေသော ကျင့်ကြံခြင်းမိသားစုဘိုးဘေးများထဲမှ တစ်ယောက်သည် ထိုဓားစွမ်းအင်ကို မြင်သည်နှင့် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ကောင်းကင်တီးလုံး ဓားသွားကိုးခု….”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုစကားကို ကြားသည့်အခါ သူတို့၏မျက်လုံးသည် တလက်လက် ဖြစ်ကုန်ကြ၏။သူတို့သည် ထိုအနက်ရောင်နှင့်လူကို စူးစိုက်ကြည့်လိုက်ကြသည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း တောင်ပိုင်းနယ်မြေရဲ့ နန်ကုန်မိသားစုရဲ့ “ကောင်းကင်တီးလုံး ဓားသွားကိုးခု…၊ဒီတော့ ဒီလူက နန်ကုန်မိသားစုကပေါ့…”

“အရင်တုန်းက တောင်ပိုင်းနယ်မြေမှာ နန်ကုန်၊ထန်၊ကျန့်နဲ့ ရှန်ကုန်းမိသားစု ဆိုတဲ့ မိသားစုကြီးလေးခု ရှိတယ်။ နန်ကုန်မိသားစုက နံပါတ်တစ်ပဲ။ ဒါပေမဲ့ သူတို့က လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားကြတယ်။သူတို့ရဲ့ ကျင့်ကြံခြင်းဂြိုဟ်မှာ မိသားစုဝင်တစ်ဝက်တောင် မကျန်ခဲ့တော့ဘူး။ ဒါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တောင် အာရုံစိုက်လာခဲ့ရတယ်။ဒါပေမဲ့ သူတို့က ဘာကြောင့် ပျောက်ကွယ်သွားရလည်း ဆိုတဲ့ အကြောင်းရင်းတစ်ခုတောင် ရှာမတွေ့နိုင်ခဲ့ကြဘူး…”

“ဒီလူ့ကို အရင်က ငါ မတွေ့ဘူးတာ အံ့အားသင့်စရာ မရှိတော့ဘူး။သူက နန်ကုန်မိသားစုက လာတဲ့ တစ်ယောက် ဖြစ်ရမယ်…”

စကားသံများ ထွက်ပေါ်လာနေရင်း ဓားသွားစွမ်းအင်ကိုးခုသည် ဝမ်လင်းထံသို့ အလွန်မြန်ဆန်စွာ တိုးဝင်လာနေသည်။

ဝမ်လင်းက တည်ငြိမ်လျက်ပင်။အနက်ရောင်ဝတ်စုံနှင့်လူ၏ ကျင့်ကြံမှုက သူနှင့် အဆင့်တူတူပင်။ဓားသွားကိုးခုစွမ်းအင်ထဲ၌ အဖျက်အစီးဥပဒေသ တစ်ခု ပါဝင်နေသည်။

ဝမ်လင်းက ရှေ့သို့ တစ်လှမ်း တိုးသည်။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ပြောလိုက်၏။ “လေဆင့်ခေါ်ခြင်း…” ဝမ်လင်းသည် သည်လူ့ကို အချိန်ဆွဲမနေဘဲ သူ့အားအကောင်းဆုံး မန္တာန်ကို ချက်ခြင်း အသုံးပြုလိုက်၏။သူက ပထမနေရာကို လိုချင်ရခြင်းကြောင့် သည်လူနှင့် အချိန်ပေးနေရပါက ပထမနေရာကို ရဖို့ နှောင့်နှေးနေပေမည်။

အနက်ရောင်လေပြင်းတစ်ခု ရုတ်တရက် ပေါ်လာ၏။ဧရိယာကို ချိပ်ပိတ်ထားသည် ဓားသွားစွမ်းအင်ပင် ၎င်းလေအေးကို ပိတ်ဆို့နိုင်ခြင်း မရှိပေ။ဓားစွမ်းအင်များသည် အစိတ်အပိုင်းများအဖြစ်သို့ ပျက်စီးကာ နောက်သို့ လွင့်စင်သွားရတော့၏။

အနက်ရောင်လေပြင်းသည် တဝီဝီ လှည့်လည်နေရင်း ယင်းလေပြင်းထဲမှ နဂါးနှစ်ကောင် ထွက်ပေါ်လာ၏။ထိုနဂါးနှစ်ကောင်သည် ပေတစ်သောင်းလောက် ရှည်လျားသည်။၎င်းတို့၏ ခန္ဓာကိုယ်က လှုပ်ရှားလာသည်နှင့် တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်ကုန်၏။

သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ဝမ်လင်းထံကနေ ထွက်ပေါ်နေ၏။သည်မန္တာန်က လေဆင့်ခေါ်ခြင်း ဟု ခေါ်တွင်သော်လည်း ၎င်းက ဝမ်လင်း၏ မူလစွမ်းအင်ကို အသုံးပြုပေသည်။

နဂါးနှစ်ကောင်ထံကနေ ကြမ်းကြုတ်သည့် ဟိန်းသံ ထွက်ပေါ်လာ၏။တစ်ချိန်တည်းမှာပင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ဓားသွားကိုးခုကို ဖြတ်ကျော်ကာ ပျက်စီးသွားစေတော့သည်။

သည်ပြိုင်ပွဲကွင်း၌ ဝမ်လင်းသည် အနက်ရောင်လေပြင်းကို ဝန်းရံရင်း မားမားရပ်နေ၏။အနက်ရောင်နဂါးနှစ်ကောင်က သူ့အား ခွေပတ်နေရာ အဆက်မပြတ် ဟိန်းဟောက်နေသည်။ဝမ်လင်းက တည်ငြိမ်စွာပင် အနက်ရောင်ဝတ်စုံနှင့်လူထံသို့ လှမ်းလျှောက်လာတော့၏။

“သင်က တိုက်ခိုက်ချင်မှတော့ တိုက်ကြတာပေါ့….”

ချက်ခြင်းပင် သည်မန္တာန်ကို တွေ့မြင်ရသည့် ကျင့်ကြံသူအားလုံး၏အသွင်သည် ပြောင်းလဲသွားကြကုန်၏။ကျင့်ကြံခြင်းမိသားစုများ၏ဘိုးဘေးများပါ တုန်လှုပ်မိရသည်။

“ဒါ…ဒါက ဘယ်လို မန္တာန်မျိုးလဲ…”

“ဒီမန္တာန်က အားကောင်းလွန်းလှတယ်။ အလင်အကာအရံနဲ့တောင် ငါက အေးစက်မှု ခံစားနေရဆဲပဲ…”

“ဒါက သာမန်မန္တာန် လုံးဝ မဟုတ်နိုင်ဘူး။ ဒီရှုမူက နတ်ဆိုးသခင်လို့ ခေါ်ဖို့ ထိုက်တန်လှပေတယ်။သူ့မန္တာန်တွေက နတ်ဆိုးသဘာဝ ပါဝင်နေတယ်။ဒါက အားကောင်းလွန်းလှပါတယ်…”

“ဒီမန္တာန်က ကြောက်ဖို့ ကောင်းလှချည်လား။ သူက ဒါကို ဘယ်ကနေ သင်ယူခဲ့တာလဲ။ငါ အရင်တုန်းက ဒီမန္တာန်နဲ့ ပတ်သတ်ပြီး ကြားတောင် မကြားဘူးခဲ့ဖူး…”

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ခရမ်းရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်လုံးသည် လက်ခနဲ ဖြစ်လာ၏။သူက ပြုံး၍ ပြောလိုက်၏။ “ငါ ကျောင်းတော်ရဲ့သခင်ထံကနေ ကြားခဲ့ရတာတော့ ဒီရှုမူဟာ ကောင်းကင်ဘုံအရှင်ချင်းရွှေရဲ့ မျိုးဆက်မတူတဲ့ ဂျူနီယာတစ်ယောက်တဲ့။ဒါက ဖြစ်နိုင်တယ်။ဒါပေမဲ့လည်း အရှင်ကျဲကျိရဲ့ ကောင်းကင်တီးလုံး ဓားသွားကိုးခုနဲ့ ဒီနဂါးနက်နှစ်ကောင်ကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းကင်ဘုံမန္တာန်ကြားမှာ ဘယ်တစ်ခုကများ ပိုအားကောင်းလေမလဲ…”

အနက်ရောင်နဂါးနှစ်ကောင်သည် အေးစက်စက်လေပြင်းများကို ဆက်တိုက်မှုတ်ထုတ်နေရင်း ဝမ်လင်းသည် ရှေ့တက်လာသည်။လေအေးသည် အနီရောင်ကျောက်တုံးပေါ်တွင် ထိုင်နေသော အနက်ရောင်ဝတ်စုံနှင့်လူထံသို့ တိုးဝင်သွားနေသည်။ထိုသူ၏မျက်လုံးက ပိုတောက်ပလာ၏။သူက အခုထိ ရွှေ့လျားခြင်း မရှိသေးပေ။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ဓားသွားကိုးခုထဲမှ လေးခုကို လေထဲသို့ ပျံတက်စေသည်။၎င်းတို့က တစ်ခုနှင့်တစ်ခု ယှက်လိမ်ကာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ထိုဓားမုန်တိုင်းပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် အက်ကွဲလာရ၏။

အနက်ရောင်လူ၏ ခပ်ရှရှအသံသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့၏။ “ဓားသွားပျက်သုဉ်းခြင်း…”

ဓားသွားလေးခုသည် ချက်ခြင်း ထိုးထွက်လာသည်။၎င်းတို့က မုန်တိုင်းနှင့် ယှက်လိမ်သွား၏။၎င်းတို့က အကန့်အသတ်မဲ့သည့်ဓားသွားလေးခုအဖြစ်သို့ ပြောင်းလဲကာ နဂါးနှစ်ကောင်အပေါ်သို့ ခုတ်ပိုင်းကျလာသည်။

ကောင်းကင်တီးလုံး ဓားသွားကိုးခု။၎င်းကောင်းကင်ဓားသွားသည် ခွန်အား၏အဆုံးစွန်ကို ပြသပေ၏။၎င်းကို ခုခံနိုင်သည့် အရာ‌ လောကတွင် မရှိသည့်အလား။

ချင်းရွှေ လေဆင့်ခေါ်ခြင်းမန္တာန်ကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုသည်ကို ကိုယ်တိုင် တွေ့မြင်ပြီးနောက် ဝမ်လင်းသည် များစွာ သင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် လေဆင့်ခေါ်ခြင်း မန္တာန်အပေါ် သူ့ထိန်းချုပ်နိုင်မှုသည် များစွာ တိုးတက်လာခဲ့၏။သို့သော်လည်း ခုချိန်၌ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ ခန်းမဆောင်မှ ကိုးခုမြောက်အထပ်တွင် သူတွေ့မြင်ခဲ့သည့် ပန်းချီကားကို ပြန်မစဉ်းစားမိဘဲ မနေနိုင် ဖြစ်ရသည်။

သူက ရုတ်တရက် ဉာဏ်အလင်းတစ်ခု ရလာခဲ့တော့၏။ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၏။သူ့လက်နှစ်ဖက်သည် နဂါးနှစ်ကောင်နှင့် ပေါင်းစပ်သွားသည့်အလား ထင်မှတ်ရသည်။

***

All Chapters