နတ်ဘုရားအာရုံနည်းစနစ်
Vol. 019 Ch. 920
လောစု၏မျက်လုံးသူငယ်အိမ်သည် ကျုံ့သွား၏။သူ့နတ်ဘုရားအာရုံသည် ပျံ့နှံ့လာသည်။နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံသူ၏ နတ်ဘုရားအာရုံသည် အစောပိုင်းအဆင့်ကျင့်ကြံသူထက် များစွာ သန်မာ၏။လောစု၏ နတ်ဘုရားအာရုံ ပျံ့နှံ့လာသည့်အခါတွင် ကျန်သည့် ရွှေရောင်ဘီလူးခုနစ်ကောင်မှာ တောက်ပလာ၏။သည်ဧရိယာအတွင်း၌ ပြင်းထန်သောဖိအားတစ်ခု ဖြစ်ပေါ်လာတော့သည်။
ရွှေရောင်ဘီလူးခုနစ်ကောင်က ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာ၏။ဝမ်လင်းက ရပ်တန့်ခြင်းမရှိဘဲ သူ့ရှေ့တွင် ကံကြမ္မာကျာပွတ်ကို ဝှေ့ယမ်းရင်း ဆက်လက် တိုးဝင်လာ၏။ကျာပွတ်သည် ဝမ်လင်းကို ခြုံထွေးပေးထားရင်း ပေတစ်ထောင်ထိ ရှည်လျားလာသည်။ထို့နောက် ဝမ်လင်းသည် ကျာပွတ်ကို ချက်ခြင်းဖမ်းဆုပ်ကိုင်၏။
ရိုက်ချက်တစ်ချက်ဖြင့်ပင် ကံကြမ္မာကျာပွတ်သည် တဝီဝီအော်မြည်သံကို ထုတ်လွှတ်ရင်း ရှေ့သို့ ရိုက်ချသွားသည်။ရွှေရောင်ဘီလူးများထဲမှတစ်ကောင်သည် ကျာပွတ်ရိုက်ချက် ထိမှန်ကာ ပေါက်ကွဲ ပျက်စီး၏။
ကံကြမ္မာကျာပွတ်သည် မူလက အနက်ရောင် ဖြစ်၏။သို့သော် ရွှေရောင်ဘီလူးလေးကောင်ကို ဖျက်စီးပြီးသည့်နောက် အနက်ရောင်အပေါ်၌ ရွှေရောင်အကွက်များ ထလာသည်။
ကံကြမ္မာကျာပွတ်ထံကနေ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်နေ၏။ကျာပွတ်ထွက်ပေါ်လာချိန်၌ နဂါးတစ်ကောင်ကဲ့သို့ တိုးဝင်လာကာ ရွှေရောင်တောက်ပမှုကို ပေးစွမ်းတော့သည်။၎င်းက ရွှေ့လျားလာရင်း တစီစီအသံများ ထွက်ပေါ်လာကာ ကျန်သည့် ရွှေရောင်ဘီလူးများအားလုံးသည် ပျက်စီးသွားတော့သည်။
ထိုမြင်ကွင်းသည် ကြည့်နေသူအပေါင်းကို မျက်လုံးပြူးစေ၏။မြက်ဖျာများပေါ်ရှိ မွန်းစတားအိုကြီးများပင် စိတ်ဝင်စားလာကြသည်။
“နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်က အလယ်အလတ်အဆင့်ကို တိုက်ခိုက်တဲ့ပွဲ…ဒါက သိပ်တွေ့ရလေ့ မရှိဘူး…”
“ငါ…ဒီလူ့ကို သိတယ်….။သူက ရှုမူပဲ…”
“ဒီလက်နက်ရတနာက ကြမ်းတမ်းလွန်းလှတယ်။ဒါက နတ်ဘုရားအာရုံကို ဒဏ်ရာရစေဖို့ အထူး ပြုလုပ်ထားတာပဲ။ လောစုရဲ့ နတ်ဘုရားအာရုံက အံ့မခန်းအဆင့်ကို ရောက်နေပြီ။ဒါပေမဲ့ သူက ယှဉ်နိုင်ခဲ့တယ်…”
“နတ်ဆိုးသခင်ရှုမူ…။ဒီလူက လောစုကို ရင်ဆိုင်တိုက်ခိုက်ဝံ့တာ အံ့အားသင့်စရာ မရှိတော့ဘူးဘဲ…”
“အရှင်…” ရှန်ကုန်းဟူက ဝမ်လင်းနှင့်လောစုတို့ကြား တိုက်ပွဲကို ကြည့်နေမိသည်။သူ့စိတ်သည် တုန်ယင်ကာ သွေးများ ဆူပွက်လာ၏။သူက ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်လုံးထဲရှိ လေးစားမှုသည် ပိုအားကောင်းလာတော့သည်။
ကျန်ကုန်းလီသည်လည်း ထိုမြင်ကွင်းကို စောင့်ကြည့်နေသည်။သူက အသက်ဝဝရှိုက်သွင်းမိ၏။သူက စီနီယာထံမှ အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒကို ခပ်ရေးရေး ခံစားမိပေသည်။စီနီယာ(ဝမ်လင်း) ပြောခဲ့သလိုပင် ထိုတိုက်ပွဲစိတ်ဆန္ဒသည်အနိုင်ရရမည်ဟု ပိုင်းဖြတ်ထားခြင်း ဖြစ်နေတော့၏။
ဝမ်လင်း၏အနက်ရောင်ဆံပင်များသည် လေထဲ၌ လွင့်နေ၏။သူက လောစုထံသို့ တိုးဝင်လာနေသည်။သည်ဧရိယာတစ်ခုလုံးသည် လောစု၏ နတ်ဘုရားအာရုံဖိအားနှင့် ပြည့်နေသည်။ဝမ်လင်းကလည်း ထိုဖိအားကို ခံစားမိသည်သာ။ဝမ်လင်၏မျက်လုံးက လက်ခနဲ ဖြစ်သွားရင်း သူက သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ထိုအခါ နဂါးနက်နှစ်ကောင်သည် ဆက်တိုက်ဟိန်းကာ ဝဲကတော့ကြီးတစ်ခုကို ဖြစ်လာစေသည်။
ထိုဝဲကတော့သည် အရူးအမူး ဖြစ်လာ၏။ ထိုဝဲကတော့ထဲ၌လည်း နဂါးနှစ်ကောင်သည် ဟိန်းဟောက်နေကြသည်မှာ မုန်တိုင်းတစ်ခုအလားပင်။ဝမ်လင်းက ထိုမုန်တိုင်းထဲ၌ မားမား ရပ်နေ၏။သူက အော်ပြောလိုက်လေသည်။ “ချိုးဖျက်စမ်း…”
ထိုသို့ ပြောလိုက်ပြီးသည့်နောက် နဂါးနက်နှစ်ကောင်ကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့သည် ချဲ့ကားလာရင်း အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ နဂါးနက်နှစ်ကောင်ကြောင့် ဖြစ်ပေါ်လာသည့် ဖိသိပ်အားသည် နတ်ဘုရားအာရုံဖိအားအတွင်း အဟ တစ်ခုကို ဖြစ်စေသည်။
ဝမ်လင်း၏ကျင့်ကြံမှုအဆင့်နှင့် နတ်ဘုရားအာရုံသည် လောစုအတွက် ပြိုင်ဘက် မဟုတ်သော်လည်း သူ့မန္တာန်များက အံ့အားသင့်ဖွယ် ကောင်းလှသည်။သူ့တွင် နတ်ဘုရားအာရံကို ဆန့်ကျင်နိုင်သည့် အထူးရတနာတစ်ခုလည်း ရှိနေသည် မဟုတ်လား။
ထိုအဟ ဖြစ်ပေါ်လာသည်နှင့် ကံကြမ္မာကျာပွတ်သည် ရိုက်ချလာသည်။တုန်ဟီးသံများ ဖြစ်ပေါ်လာရင်း လောစု၏နတ်ဘုရားအာရုံဖိနှိပ်မှုသည် ပျက်စီးကာ နောက်သို့ ပြန်ကန်ရသည်။
ဝမ်လင်းက နတ်ဘုရားအာရုံပျက်စီးသွားသည့်အခိုက်၌ ရှေ့သို့ လျှပ်စီးတန်းအလား တိုးဝင်လာသည်။နဂါးနက်နှစ်ကောင်က မာန်ဟိန်းချီနေရင်း အေးစက်စက်လေပြင်းများကို လောစုထံသို့ မှုတ်ထုတ်၏။
ထိုအေးစက်စက်လေပြင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကိုပါ အေးစိမ့်မှု ခံစားစေ၏။
လောစု၏အသွင်က သုန်မှုန်နေသည်။သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းတို့ ဖြစ်ပေါ်လာကာ သူက ရိုးစင်းစွာ ထိုင်ချ၊သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။သူက အနက်ရောင်နဂါးများ၏ လေပြင်းကို လုံးဝလစ်လျူရှုကာ မျက်လုံးမှိတ်လိုက်၏။
“ငါ…လောစုက နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ကျင့်ကြံသူ ဖြစ်တယ်။ငါက မင်းကို မသတ်နိုင်ရင် ငါ့နှစ်ပေါင်းထောင်ချီ ကျင့်ကြံမှုက အသုံးမကျသလို ဖြစ်နေလိမ့်မယ်…”
လောစုက မျက်လုံးမှိတ်လိုက်သည်နှင့် အားကောင်းသော နတ်ဘုရားအာရုံသည် သူ့ခန္ဓာကိုယ်ကနေ မြင့်တက်လာခဲ့ကာ မရေမတွက်နိုင်သော အပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
နတ်ဘုရားအာရုံကနေ ဖြစ်ပေါ်လာသည့် အပ်များသည် သူ့ပတ်လည်၌ ဝန်းရံနေ၏။သည့်နောက် ယင်းအပ်များသည် ဝမ်လင်းထံသို့ တိုးဝင်သွားတော့သည်။
ထက်ရှသောအပ်တစ်စင်းစီက လောစု၏ နတ်ဘုရားအာရုံ ပါဝင်နေ၏။ထိုမန္တာန်သည် သူ့ကို ကျော်ကြားစေသည့် မန္တာန်ဖြစ်ပေ၏။
ကျင့်ကြံသူများကြား၌ ရှိကြသော မန္တာန်များတွင် မူလစိတ်ဝိညာဉ်ကို တိုက်ခိုက်သော မန္တာန်က ရှားပါးလွန်းလှ၏။သို့သော်လည်း လူတစ်ယောက်က နတ်ဘုရားအာရုံတိုက်ခိုက်မှု ပြုလုပ်နိုင်ပါက မည်သည့်ကျင့်ကြံသူကိုမဆို တုန်လှုပ်စေပေမည်။
ခန္ဓာကိုယ်ကနေ ရယူသည့် မန္တာန်စွမ်းအားသည် ခုခံနိုင်သေး၏။သို့သော် နတ်ဘုရားအာရုံတိုက်ခိုက်မှုများသည် မူလစိတ်ဝိညာဉ်ကို ဒဏ်ရာရစေရန် အထူးပြုလုပ်ထားခြင်း ဖြစ်နေသည်။ထိုသို့ မူလစိတ်ဝိညာဉ်ကို တိုက်ခိုက်ခံရပါက သေလျှင်သေ မသေလျှင် ကျင့်ကြံမှုအဆင့် လျော့ကျခြင်း ဖြစ်ဖို့များ၏။
အတိတ်တုန်းက ယောင်ပင်ယွမ်၏မန္တာန်ကိုလည်း ထိုသို့ တိုက်ခိုက်မှုဟု ယူဆနိုင်၏။သို့သော်လည်း သူမက နတ်ဘုရားအာရုံနှင့်မူလစွမ်းအင်ကို ပေါင်းစပ်ကာ တိုက်ခိုက်ခြင်းဖြစ်၏။၎င်းက သက်ရောက်မှု ရှိသော်လည်း ချိုယွင်းချက်များလည်း ပါဝင်နေသည်။
သို့သော် လောစု ထုတ်ဖော်လာသည့် မန္တာန်က မူလစွမ်းအင်လုံးဝ မပါဝင်သည့် နတ်ဘုရားအာရုံစစ်စစ် ဖြစ်နေ၏။ထို့သို့ နတ်ဘုရားအာရုံဖြင့် တိုက်ခိုက်နိုင်မှုကြောင့် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ကျင့်ကြံသူသာ ဖြစ်သော်လည်း လောစု၏အဆင့်အတန်းသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၌ မြင့်မားနေခြင်းပင်။
“မင်းက အရင်ဆုံး တုန့်ပြန်လာတာ၊ငါက ကိုယ့်ကိုယ်ကိုယ် ခုခံရုံပဲ…။ဒါ့ကြောင့် မင်း သေခြင်းတရားကို လက်ခံလိုက်တော့…”
လောစုက ထိုသို့ အော်ပြောလိုက်ရင်း မျက်လုံးဖွင့်လာ၏။ထိုအခါ မရေမတွက်နိုင်သော နတ်ဘုရားအာရုံအပ်များသည် ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်သွားချေတော့သည်။
ဝမ်လင်း၏မျက်လုံးက အေးစက်နေ၏။သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စော ရှေ့သို့ တွန်းထုတ်သည်။ လေဆင့်ခေါ်ခြင်းမန္တာန်ကြောင့် ဖြစ်ပေါ်လာသည့် နဂါးနက်နှစ်ကောင်သည် လေပြင်းများကို မှုတ်ထုတ်ကာ နတ်ဘုရားအာရုံအပ်များကြားသို့ ဝင်ရောက်၏။နဂါးများ၏ အေးစက်စက်လေပြင်းသည် လောစုထံသို့ တိုက်ရိုက်ရောက်လာကြတော့သည်။
ထို့အတူ နတ်ဘုရားအာရုံအပ်များသည်လည်း ဝမ်လင်းထံသို့ မြန်ဆန်စွာ နီးကပ်လာ၏။
ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် အစစ်အမှန် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရပါက တိုက်ပွဲသည် သူ့အတွက် ခက်ခဲလွန်းပေမည်။တကယ်တော့ ဒုတိယအဆင့်ရှိ ကျင့်ကြံခြင်းကွာဟချက်များသည် ကြီးမားလှ၏။သို့သော်လည်း သည်လောစုက သူ့နတ်ဘုရားအာရုံကိုသာ အသုံးပြုနေသည် မဟုတ်လား။
အခြားတစ်ယောက်ယောက်သာ ဖြစ်ပါက လောစု၏နတ်ဘုရားအာရုံ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ခက်ခဲလှပေမည်။တကယ်တော့ ကျင့်ကြံခြင်းအဆင့်ကွာခြားသည်နှင့် နတ်ဘုရားအာရုံ၏အဆင့်သည်လည်း ကွာဟပေသည်သာ ဖြစ်၏။
သို့သော်လည်း ဝမ်လင်းကမူ နတ်ဘုရားအာရုံတိုက်ခိုက်မှုသည် သူ့အတွက် ခြိမ်းခြောက်နိုင်မှုဟု မယူဆပေ။ နတ်ဘုရားအာရုံအပ်များ နီးကပ်လာသည့်အခါ ကံကြမ္မာကျာပွတ်ရိုက်ချက် ထွက်ပေါ်၏။ တစီစီအသံများ ထွက်ပေါ်လာပြီးနောက် အပ်များသည် ပျက်စီးသွားသည်။သို့သော်လည်း နတ်ဘုရားအာရုံအပ်များစွာသည် ကျန်နေသေးသည် ဖြစ်ကာ အချို့သည် ကျာပွတ်ကို ဖြတ်၍ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
၎င်းအပ်များက ပြင်းထန်သောအားတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထံသို့ တိုးဝင်၏။သို့သော်လည်း ၎င်းတို့က ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် နီးကပ်သည့်အခိုက်၌ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်နှင့် ထိတိုက်ကာ ပျက်စီးသွားရသည်။
ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်နှင့်ဆိုလျှင် သည်လိုမျိုး နတ်ဘုရားအာရုံတိုက်ခိုက်မှုက မလုံလောက်သေးပါ။
ထိုအခိုက်အတန့်၌ အနက်ရောင်နဂါးများက လောစုနှင့် နီးကပ်လာ၏။သူ့အသွင်က သုန်မှုန်သွားသည်။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိချသည်။သူက အနက်ရောင်နဂါးများကို ကြည့်ပင်မကြည့်ပေ။ထိုအစား သူသည် ဝမ်လင်းထံသို့သာ စူးစိုက်ကြည့်နေ၏။သူ့မျက်ခုံးနှစ်ခုကြားကနေ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ထိုးထွက်လာ၏။ထိုအစိမ်းရောင်အလင်းသည် တောက်ပကာ အစိမ်းရောင်မြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအစိမ်းရောင်မြွေသည် ၎င်း၏ ကြမ်းကြုတ်သည့်ပါးစပ်ကို ဖွင့်ဟကာ ဆက်ခနဲ ပေါက်ချကာ ထိုးထွက်လာ၏။ကံကြမ္မာကျာပွတ်သည် ထိုမြွေပေါ်သို့ ကျရောက်သွားသည်နှင့် မြွေသည် နှစ်ပိုင်းကွဲထွက်သွား၏။ကျာပွတ်ရိုက်ချက်ကို ရှောင်ပြီးနောက် ၎င်းမြွေသည် ဘယ်ညာနှစ်ဖက်ကနေ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချေသည်။
အစိမ်းရောင်မြွေနှစ်ကောင်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်နောက် အံ့မခန်းအားအမျှင်တန်းနှစ်ခုအဖြစ်သို့ ပြောင်း၍ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထံသို့ ဦးတည်ဝင်လာ၏။သို့သော် ၎င်းအမျှင်တန်းတို့က သားရေချပ်ဝတ်နှင့် ထိတိုက်မိကာ ပျက်စီးသွား၏။သို့သော် မြေ၏ကြမ်းကြုတ်မှုက လျော့ကျသွားခြင်း မရှိဘဲ ၎င်းက ချပ်ဝတ်ပေါ်သို့ ပေါက်ချလာသည်။
မြွေနှင့်ချပ်ဝတ်တို့ ထိဆုံသည့်အခိုက်တွင် ၎င်းသည် အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ ချပ်ဝတ်ကို ဖြတ်ကျော်ရန် တာဆူသည်။သည်အခိုက်အတန့်၌ နောက်ထပ် အစိမ်းရောင်မြွေတစ်ကောင် ထပ်ရောက်လာ၏။၎င်းက ပါးစပ်ဟကာ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကို ကြမ်းတမ်းစွာ ဝါးမြိုရန် ပြင်သည်။
ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်က တုန်ခါလာကာ အစိမ်းရောင်မြွေကို ပျက်စီးစေသည်။အစိမ်းရောင်အခိုးငွေ့များသည် ချပ်ဝတ်၏ပတ်လည်၌ ရွှေ့လျားနေကြတော့၏။
အပြင်ဘက်ရှိ မည်သူကမျှ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ အန္တရာယ်များလှသည့်မြင်ကွင်းကို မတွေ့မြင်နိုင်ကြပေ။အနည်းငယ် ဂရုမစိုက်သည်နှင့် သူက သေဆုံးသွားရမည်။ဝမ်လင်း၏မျက်နှာက ဖြူရောလာ၏။သူ့မျက်လုံးထဲ၌မူ သတ်ဖြတ်ခြင်စိတ်တို့ ပြည့်နေသည်။သူ့လက်ချောင်းများဖြင့် ဓားတလက်အသွင် ဖြစ်စေကာ လောစုထံသို့ ညွှန်သည်။
လောစု၏မျက်လုံးသူငယ်အိမ်က ကျုံ့သွားသည်။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုပင် ပေါ်လာကာ အံ့အားတသင့် ဆိုသည်။ “မဖြစ်နိုင်ဘူး…”
သူက သူ့နတ်ဘုရားအာရုံဖြင့် တိုက်ခိုက်မှုသည် အခြားလူအပေါ် ဒဏ်ရာမရစေခြင်းကို လုံးဝ မယုံကြည်နိုင် ဖြစ်ြေန၏။
“သူ့မူလစိတ်ဝိညာဉ်ကို ကာကွယ်ပေးထားတဲ့ ရတနာတစ်ခုခု ရှိမယ်ဆိုရင်တောင် ငါ့ကျင့်ကြံခြင်းအဆင့်က သူ့ထက် အဆင့်ငယ်တစ်ခု မြင့်မားတယ်။ပြီးတော့ ငါက နတ်ဘုရားအာရုံတိုက်ခိုက်မှုကို နှစ်ပေါင်းထောင်ချီ ကျင့်ကြံလာခဲ့တဲ့သူ။ ဒီလို ရတနာတစ်ခုခု ရှိနေရင်တောင် သူ့ကို ဘာမှ မထိခိုက်စေတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
လောစု တုန်လှုပ်နေစဉ်တွင် နဂါးနက်နှစ်ကောင်သည် သူ့အား ဝါးမြိုရန် ကြိုးပမ်းလာသည်။
လောစု၏မျက်နှာက ဖြူရောနေ၏။သူ့မူလစွမ်းအင်၏ လေးနက်မှုသည် နတ်ဘုရားအာရုံအပေါ် နားလည်မှုထက် များစွာအားနည်းပေ၏။သို့သော် မည်သို့ပင်ဖြစ်စေ သူက နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသေးသည် မဟုတ်လား။သူက သူ့ သိုလှောင်အိတ်ထဲမှ ဗုံငယ်တစ်ခုကို ထုတ်ယူလိုက်၏။သူက ထိုဗုံကို လေထဲသို့ ပစ်ထည့်လိုက်ရာ ၎င်းသည် ချက်ခြင်း ကြီးမားလာသည်။နဂါးနှစ်ကောင် နီးကပ်လာသည်နှင့် ယင်းဗုံထံမှ မည်သံထွက်ပေါ်လာကာ အားကောင်းသော လေပြင်းများကို ဖန်တီးသည်။
သို့သော်လည်း နဂါးနှစ်ကောင်၏ အေးစက်စက်လေပြင်းအောက်၌ ဗုံသည် ချက်ခြင်း တုန်ယင်လာကာ အသံရပ်တန့်သွား၏။
လောစုက နောက်သို့ ဆုတ်နေရင်း ဗုံထံသို့ လက်ညွှန်ကာ အော်ပြော၏။ “ဗုံ…ပျက်စီးခြင်း…”
ထိုဗုံက တုန်ယင်လာကာ ပြင်းထန်သောအားတစ်ခု ချက်ခြင်း ထွက်ပေါ်လာ၏။ထိုအားသည် မုန်တိုင်းအသွင် ဖြစ်စေကာ နဂါးနက်တစ်ကောင်နှင့် ထိပ်တိုက်တွေ့သည်။
မြေကြီးထုအက်ကွဲသွားသည့်အလား တုန်ဟီးသံတစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ နားထဲ၌ ပဲ့တင်ထပ်ကုန်၏။ဗုံသည်လည်း ပျက်စီးသွား၏။နဂါးနက်တစ်ကောင်သည်လည်း အပိုင်းပိုင်းအစစ ဖြစ်ကုန်သည်။
ဝမ်လင်းက အလင်းတန်းအလား လှုပ်ရှားလာ၏။ထိုဗုံ ပျက်စီးသွားသည်နှင့် သူက တဟုန်ထိုး ထွက်ပေါ်လာကာ ကျန်သည့် နဂါးနက်တစ်ကောင်ပေါ်သို့ ခြေချသည်။သူက လောစုထံသို့ သတ်ဖြတ်လိုခြင်းအပြည့်ဖြင့် တဟုန်ထိုး တိုးဝင်လာတော့သည်။
ဝမ်လင်းက လောစု၏နတ်ဘုရားအာရုံသည် ပြိုကွဲသွားခြင်းကြောင့် သူ့စိတ်သည် တုန်လှုပ်ကာ အားနည်းချက်တစ်ခု ဖြစ်ပေါ်နေမည်ကို သိနေ၏။သူက ထိုအခွင့်အရေးကို အသုံးချ၍ တိုက်ခိုက်ခြင်း မပြုပါက တိုက်ပွဲသည် သူ့အတွက် အခွင့်လမ်း နည်းသွားမည်ကို သိထား၏။ထိုအရာက လောစုကို သူ့မူလစွမ်းအင်မန္တာန်များ အသုံးပြုလာအောင် အခွင့်ရေး ပေးသလိုပင် ဖြစ်သွားနိုင်ပေ၏။ထိုသို့သာ ဖြစ်လာပါက ဝမ်လင်းသည် အနည်းငယ် သတိလွတ်သွားသည်နှင့် သူ ရှုံးသွားနိုင်ပေသည်။ချင်းရွှေ သည်နေရာမှာ ရှိနေသည့်အတွက် သူက အသက်မသေရလျှင်ပင် သူ့တိုးတက်နေသည့် အရည်အသွေးများသည် ပျောက်ကွယ်သွားရတော့မည် ဖြစ်၏။
ရှေ့သို့ တိုးဝင်လာရင်း ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ဆင့်ခေါ်၏။၎င်းက လောစုထံသို့ အင်မတန်မြန်ဆန်စွာ ရိုက်ချလာသည်။လောစု၏အသွင်က ဖြူရောနေ၏။သူ့မျက်လုံးတို့ကမူ တောက်ပလာသည်။သူက နတ်ဘုရားအာရုံဖြိုခွင်းခံရခြင်းနှင့် ပတ်သတ်၍ ပူပန်မှုကို ရပ်တန့်ကာ ချိပ်တံဆိပ်တစ်ခုကို ချက်ခြင်း ဖြစ်စေသည်။မူလစွမ်းအင်တို့သည် သူ့လက်၌ စုဝေးလာကာ မီးတောက်မိုးကြိုးတန်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။
လောစုက ထိုမိုးကြိုးတန်းကို ပစ်လွှတ်မည့် အခိုက်၌ ဝမ်လင်းက အော်ဟစ်၏။ “ရပ်တန့်ခြင်း…”
စကားတစ်ခွန်းဖြင့်ပင် လောစုသည် မမြင်ရသည့်လက်တံများက သူ့အား ခဏတာ ချုပ်နှောင်သွားသည့်အလား ခံစားလိုက်ရ၏။သူက ခဏတာ ရုန်းကန်သည်နှင့် လွတ်မြောက်သွားနိုင်မည် ဖြစ်သော်လည်း ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် သူ့အပေါ်သို့ ကျရောက်လာတော့၏။
တစ်ချိန်တည်းမှာပင် ရွှေရောင်စာလုံးထောင်ချီ ထွက်ပေါ်လာကာ လောစုအား လွှမ်းခြုံသွားသည်။
မူလစွမ်းအင်မန္တာန်များသည် သူ့အဖို့ အားအကောင်းဆုံး မဟုတ်ဘဲ သူ့အသန်မာဆုံးစွမ်းအားက နတ်ဘုရားအာရုံသာ ဖြစ်၏။သို့သော်လည်း ၎င်းက ဝမ်လင်းအပေါ်သို့ သက်ရောက်ခြင်း မရှိခြင်းက သူ့စိတ်ကို ခါးသီးစေသည်။
ရပ်တန့်ခြင်းမန္တာန်ကို ရုန်းထွက်ပြီးနောက် လောစုက သူ့လက်ထဲရှိ မီးတောက်မိုးကြိုးကို ပစ်လွှတ်သည်။မီးတောက်မိုးကြိုသည် ချက်ခြင်းပင် ပေတစ်ရာကျော်ထိ ကျယ်ပြောသွား၏။မီးတောက်မိုးကြိုးအတွင်းမှ ပါးစပ်ကြီးတစ်ခု ပေါ်လာကာ တံဆိပ်တုံးကို ဝါးမြိုပစ်ရန်တာဆူလာသည်။
မီးတောက်မိုးကြိုးသည် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို မီးတောက်များနှင့် ဖုံးအုပ်ပစ်၏။သို့သော်လည်း တံဆိပ်တုံးသည် မည်သို့မျှ ထိခိုက်မြင်း မရှိဘဲ ကြမ်းကြုတ်စွာ ကျဆင်းလာ၏။
တံဆိပ်တုံး ကျဆင်းလာချိန်၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားသည်။လောစုက သုန်မှုန်စွာ လွတ်မြောက်အောင် လုပ်၏။သူ့အင်္ကျီအဝတ်အစား၏ အချို့အစိတ်အပိုင်းပင် ပျက်စီးသွားပြီး သူ့မျက်လုံးသည် အနည်းငယ် နီမြန်းနေသည်။
“ငါ လောစုက ငါ့နတ်ဘုရားအာရုံမန္တာန်တွေဟာ မင်းအပေါ်မှာ မထိခိုက်နိုင်ဘူးဆိုတာ မယုံကြည်ဘူး….”
လောစု၏မျက်လုံးက သွေးချင်းချင်းနီလာကာ ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာသည်။သူက ထိုးထွက်လာရင်း သူ့နတ်ဘုရားအာရုံသည် ပျံ့နှံ့ကာ လက်တစ်စုံ ဖြစ်ပေါ်၏။ထိုလက်တစ်စုံသည် လက်ခုပ်လက်ဝါးတီးလိုက်ရာ နတ်ဘုရားအာရုံလှိုင်းတွန့်များသည် ဝမ်လင်းထံသို့ ဦးတည်သွားတော့သည်။
ရပ်တန့်ခြင်းမန္တာန်သည် ပျက်စီးသွား၏။ဝမ်လင်း၏စိတ်ကို တုန်ခါသွားစေသည်။သူက တန်ပြန်ဒဏ်ကို ခံစားလိုက်ရ၏။သူက ရွှေ့လျားနေရင်း သူ့သိုလှောင်အိတ်ထဲမှ မူလစိတ်ဝိညာဉ်တစ်ခုကို ထုတ်ယူကာ သူ့မူလစွမ်းအင်ကို ပြန်ကောင်းမွန်အောင် လုပ်ဆောင်၏။ထိုအခိုက်အတန့်၌ လောစုကလည်း နောက်ဆုတ်သွားခြင်း မရှိပေ။သူက ရှေ့သို့ တိုးလာရင်း လှိုင်းတွန့်များက ဝမ်လင်းပေါ်သို့ နီးကပ်လာသည်။
ကံကြမ္မာကျာပွတ်သည် ဝမ်လင်းရှေ့ကနေ ထိုးထွက်ကာ ရိုက်ချလာသည်။လှိုင်းတွန့်များသည် ပျက်စီးသွား၏။သို့သော် အချို့သည် ဖြတ်ကျော်လာကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
ဝမ်လင်း၏အသွင်က ဖြူရောသွား၏။ရှေးဟောင်းနတ်ဘုရားချပ်ဝတ်သည် သန်မာလှသော်လည်း အချို့တုန်ခါမှုများက သူ့နတ်ဘုရားအာရုံထဲသို့ ကူးပြောင်းလာတော့၏။သူ့မျက်လုံးသည် သတ်ဖြတ်ချင်စိတ်နှင့် ပြည့်၏။သူက ရှေ့သို့ ဆက်တိုးသည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်များကို ထွက်ပေါ်လာစေ၏။ထိုဓားချက်များသည် သူ့လက်ကနေ တစ်ခုပြီးတစ်ခု ပျံသန်းထွက်နေသည်။
လောစုနှင့်ဝမ်လင်းတို့သည် မြန်သထက်မြန်လာ၏။တစ်ဖက်သည် နတ်ဘုရားအာရုံနှင့် တိုက်ခိုက်ကာ မူလစွမ်းအင်ကို ခုခံနေရသည်။အခြားတစ်ဖက်ကမူ မူလစွမ်းအင်နှင့် တိုက်ခိုက်ကာ နတ်ဘုရားအာရုံကို ခုခံနေရပေ၏။သူတို့နှစ်ယောက်၏ မြေမဟီတုန်ခါစေမည့် တိုက်ပွဲ စတင်နေတော့သည်။
သူတို့နှစ်ယောက်၏ တိုက်ပွဲကြောင့် ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်နေရင်း တိုက်ပွဲသည် ပို၍ ကြမ်းတမ်းလာသည်။
“တော်လောက်ပြီ…” သူတို့နှစ်ယောက်၏ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်သွားသည့်အခိုက်၌ အရှင်မီးတောက်သည် မျက်မှောင်ကြုတ်ကာ မာန်သွင်းသံ ထုတ်ဖော်လာ၏။ထိုအသံသည် မူလစွမ်းအင်နှင့် ပြည့်ဝကာ သူတို့နှစ်ယောက်ကြားရှိ ဟင်းလင်းပြင်ကို ညှစ်ချေသည်။ထို့အတွက်ကြောင့် သူတို့၏ တိုက်ပွဲက ရပ်တန့်သွားကာ နှစ်ယောက်လုံး နောက်ဆုတ်လိုက်ကြရသည်။
ချင်းရွှေ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပေါ်လာ၏။သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ရင်း ဂျိနယ်ပယ်တန်းသည် ထိုးထွက်သွားချေသည်။
***