အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း ၁၁၃
“ငါ တကယ် သိချင်မိတယ်။ ကျန်းဟန်... မင်း ဘာဖြစ်လို့ စာမေးပွဲတုန်းက သွေးအရိပ်ညဇီးကွက်တစ်ကောင်တည်းကိုပဲ သုံးခဲ့ရတာလဲ။”
ကျောင်းသားရေးရာဌာနမှူးသည် ကျောင်းအုပ်ကြီး မေးချင်နေသော မေးခွန်းမှန်သမျှကို ကြိုတင်မေးမြန်းပေးသည့် အရည်အချင်းရှိသော လက်ထောက်တစ်ယောက်ပီသပေသည်။
“ကျွန်တော် မသုံးချင်လို့မဟုတ်ပါဘူး။ လျှပ်စီးပိုးကောင်က လက်ရှိမှာ စွမ်းရည်နားလည်သဘောပေါက်မှုရဲ့ အရေးကြီးတဲ့ အဆင့်ကို ရောက်နေလို့ ယာယီ တိုက်ခိုက်လို့မရသေးလို့ပါ။”
ကျန်းဟန်က သူ ကြိုတင်ပြင်ဆင်ထားပြီးသား ဆင်ခြေကို သုံးကာ ပြောလိုက်သည်။
သူသည် ကျောင်းသားရေးရာဌာနမှူးကို တစ်ချက်ကြည့်ရင်း ‘ငါ့ရဲ့ ပိုင်လင်းက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီလို့ မင်းတို့ကို ငါ ဘယ်လိုလုပ်ပြီး အမှန်အတိုင်း ပြောပြလို့ရမှာလဲ’ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
အကယ်၍ သူ့ရှေ့က လူနှစ်ယောက်သာ သူ၌ နဂါးတစ်ကောင်ရှိကြောင်း သိသွားပါက သူတို့၏ သဘောထားများမှာ သိသိသာသာ ပြောင်းလဲသွားပေလိမ့်မည်။ နဂါးတစ်ကောင်၏ ဆွဲဆောင်မှုမှာ ပြင်းထန်လွန်းလှ၏။ နဂါးတစ်ကောင်နှင့် ရင်ဆိုင်ရပါက လူတွေ ဘာတွေလုပ်လာနိုင်မလဲဆိုသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
စာချုပ်ချုပ်ဆိုပြီးသား နဂါးတစ်ကောင်ကို နောက်ထပ်တစ်ကြိမ် ထပ်မံစာချုပ်ချုပ်၍ မရနိုင်တော့ဟု ဆိုသော်လည်း ၎င်းကို ဖမ်းဆီးပြီး မျိုးဆက်ပြန့်ပွားအောင် လုပ်ဆောင်နိုင်သလို အထူးနည်းလမ်းများဖြင့် နဂါးဥအဖြစ်သို့ပင် ပြန်လည်ပြောင်းလဲပစ်နိုင်ပေသည်။
“အော်... ဒါကြောင့်ကိုး။ ကျန်းဟန်... မင်းက တကယ်ကို အားကိုးရတဲ့သူပဲ။ မင်း နောက်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ငါတို့ကျောင်းကိုယ်စားပြုပြီး အဆင့်သတ်မှတ်ချက် အသစ်တစ်ခု ရယူနိုင်ဖို့နဲ့ ကန်မြို့ရဲ့ ပထမဆုကို ဆွတ်ခူးနိုင်ဖို့ ပြင်ဆင်ထားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ မင်းမှာ ယုံကြည်ချက် ရှိရဲ့လား။”
နောက်ဆုံးတွင် ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းသည် ကျန်းဟန်ကို စိုက်ကြည့်ရင်း သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ဖော်ပြောကြားလိုက်တော့သည်။
ရှန်းဟွာ အထက်တန်းကျောင်း၏ သမိုင်းတစ်လျှောက်တွင် ကန်မြို့၏ ထိပ်တန်း အယောက်နှစ်ဆယ်စာရင်းထဲသို့ မည်သည့်ကျောင်းသားမျှ မရောက်ရှိခဲ့ဖူးချေ။ အကယ်၍ သူ၏ ရာထူးသက်တမ်းအတွင်း သူ့ကျောင်းမှ ကျောင်းသားတစ်ယောက်က ကန်မြို့တွင် ပထမဆု ရရှိသွားခဲ့မည်ဆိုပါက ၎င်းသည် သူ့အတွက် ကြီးမားသော နိုင်ငံရေးအရင်းအမြစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး နောက်ထပ်တစ်ဆင့် မြင့်မားသော ရာထူးနေရာသို့ တက်လှမ်းနိုင်ရန် ကြီးမားသော အထောက်အကူ ဖြစ်စေလိမ့်မည်။
သူ ဤရာထူးနေရာတွင် ထိုင်နေခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သူ၏ အရည်အချင်းမှာ လုံလောက်မှုရှိသော်လည်း အခွင့်အရေးတစ်ခုသာ လိုအပ်နေခြင်း ဖြစ်သည်။ အကယ်၍ ကျန်းဟန်သာ ပထမ ရရှိသွားခဲ့ပါက ၎င်းသည် သူ့ဦးဆောင်မှုအောက်တွင် ကျောင်းက တစိုက်မတ်မတ် အောင်မြင်တိုးတက်လာခြင်းကို သက်သေပြရာရောက်ပြီး ထိုအခါကျလျှင် ရာထူးတိုးမြှင့်ခံရမည့် အခွင့်အရေးက ရောက်ရှိလာမည်ဖြစ်သည်။
“သေချာပေါက် ကျွန်တော် ဆန္ဒရှိပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကလည်း ရမှတ်ကို အမြင့်ဆုံးရအောင် ယူဖို့ပါပဲ။ ကန်မြို့ရဲ့ ပထမဆုကို ရယူနိုင်ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျွန်တော့်ရဲ့ သားရဲတွေက အခြားသူတွေထက် ညံ့ဖျင်းနေတယ်လို့ ကျွန်တော် မထင်ဘူး။ အရင်းအမြစ် ကွာဟချက် ရှိရုံပဲ။”
ကျန်းဟန်က အလွန်ယုံကြည်မှုရှိသည့် ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အရင်းအမြစ်တွေနဲ့ ပတ်သက်လို့တော့ မင်း စိတ်ချပါ။ ကျန်းဟန်...ကျောင်းက မင်းအတွက် နည်းလမ်းရှာပေးမယ်။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းက တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။ ကျန်းဟန်ကသာ သူ့ရည်မှန်းချက်ကို အောင်မြင်အောင် ကူညီပေးနိုင်မည်ဆိုလျှင် ကျောင်းတွင် ဘတ်ဂျက်မရှိပါက သူ၏ အိတ်ထဲမှပင် စိုက်ထုတ်ပေးရန် အသင့်ရှိနေသည်။
“ဆရာ... ကျွန်တော် လက်တွေ့တိုက်ခိုက်ရေး စွန့်စားမှုတွေအတွက် တောရိုင်းထဲကိုလည်း သွားချင်ပါသေးတယ်။ ကျွန်တော့်ရဲ့ သားရဲတွေက ဆင့်ကဲပြောင်းလဲဖို့နဲ့ တိုးတက်ဖို့အတွက် အထူးပတ်ဝန်းကျင်အချို့ လိုအပ်နေလို့ ကျောင်းကို အချိန်ကာလတစ်ခုအထိ ခွင့်တိုင်ချင်ပါတယ်။”
ကျန်းဟန်က အနည်းသယ် စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။
ဤသည်မှာ သူ ယခုတစ်ခေါက် ကြားဖြတ်စာမေးပွဲတွင် ရမှတ်အမြင့်ကြီး ရအောင်ယူခဲ့ရခြင်း၏ အရေးကြီးဆုံး ရည်ရွယ်ချက်ပင် ဖြစ်သည်။ ယခုအခါ အထက်တန်း တတိယနှစ်သို့ ရောက်ရှိနေပြီဖြစ်၍ ရေရှည်ခွင့်တိုင်ရန် အလွန်ခက်ခဲလှသော်လည်း ပါရမီရှင်တစ်ယောက် ဖြစ်နေပါက ၎င်းကို ခွင့်လွှတ်နားလည်ပေး၍ ရပေသည်။
“ဘယ်လောက်ကြာမှာလဲ။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းက ကျန်းဟန်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
“အနည်းဆုံး တစ်လ ဒါမှမဟုတ် အဲဒီထက်မကလည်း ကြာနိုင်ပါတယ်။ ကျောင်းတွင်းက လေ့ကျင့်ရေးအစီအစဉ်တွေက ကျွန်တော့်အတွက် တိုးတက်မှု သိပ်မပေးနိုင်တော့ဘူးလို့ ခံစားရလို့ပါ။ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်တွေထဲမှာဆိုရင် ကျွန်တော်ရော ကျွန်တော့်ရဲ့ သားရဲတွေပါ တိုးတက်မှုနှုန်းက ပိုပြီးတော့ အများကြီး မြန်ဆန်လာပါလိမ့်မယ်။”
ကျန်းဟန်က ပြောလိုက်သည်။
“ဒါက ပြဿနာမရှိပါဘူး။ ငါ ခွင့်ပြုပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ လက်ရှိအခြေအနေတွေကို ကျောင်းက အတိအကျ သိရှိနိုင်ဖို့အတွက် မင်းရဲ့ အခြေအနေကို ကျောင်းဆီ ပုံမှန် အကြောင်းကြားပေးဖို့တော့ လိုအပ်လိမ့်မယ်။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းက အနည်းငယ် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ မထူးဆန်းလှပေ။ နှစ်စဉ်နှစ်တိုင်း တောရိုင်းထဲသို့ လေ့ကျင့်ရေးဆင်းရန် ခွင့်တိုင်ကြသော ထူးချွန်သည့်ကျောင်းသားအချို့ အမြဲတမ်း ရှိတတ်စမြဲပင်။
“ကျွန်တော့်ကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။”
ဤရည်မှန်းချက် အောင်မြင်သွားသဖြင့် ကျန်းဟန် စိတ်သက်သာရာ ရသွား၏။ သို့မဟုတ်ပါက ကျောင်းထဲတွင် တစ်နေကုန် ပိတ်လှောင်ခံထားရခြင်းက သူ၏ တိုးတက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာပေလိမ့်မည်။
“ကောင်းပြီလေ... ဒါဆိုရင် မင်း သွားလို့ရပြီ။ ဒီနေ့ မင်းပြောခဲ့တဲ့ စကားတွေကို မှတ်ထားပြီး ကြိုးကြိုးစားစား လုပ်ဆောင်ပါ။ ဒါက ကျောင်းဂုဏ်ဆောင်ဖို့ရော မင်းရဲ့ ကိုယ်ပိုင်အနာဂတ်အတွက်ပဲ။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းက ခေါင်းညိတ်ပြရင်း ကျန်းဟန်အား ထွက်ခွာနိုင်ကြောင်း အချက်ပြလိုက်သည်။
အစမှအဆုံးတိုင်အောင် သူသည် ကျန်းဟန်ကို ပိုကီဒက်စ်ဖြင့် အသေးစိတ်အချက်အလက်များကို စစ်ဆေးရန်အတွက် သားရဲများကို ထုတ်ပြခိုင်းခြင်း လုံးဝမပြုခဲ့ပေ။ ၎င်းမှာ သူက ကျန်းဟန်ကို ယုံကြည်လွန်း၍ မဟုတ်ဘဲ ဤကဲ့သို့သောအရာများက လိမ်ညာရန် ခက်ခဲလွန်းသောကြောင့် ဖြစ်သည်။
ဟုတ်ပေသည်...။ အခြားအကြောင်းရင်းတစ်ခုမှာ ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းအနေဖြင့် ယခင်က ကျောင်းတွင်းအကြမ်းဖက်မှု ဖြစ်ရပ်ကြောင့် ကျန်းဟန်နှင့် သူတို့ကြားတွင် မပြေလည်မှုများ ရှိခဲ့ဖူးကြောင်း သိထားသောကြောင့် ဖြစ်ပြီး ယခုအချိန်တွင် ကျန်းဟန်က သူ့အပေါ် အာဃာတမွေးမြူသွားမည်ကို သူ အဖြစ်မခံနိုင်ပေ။ အခြားသူတစ်ယောက်၏ သားရဲများကို ထိုကဲ့သို့ လိုက်လံစစ်ဆေးခြင်းက ကြီးမားသော မကျေနပ်မှုကို နှိုးဆွပေးသလို ဖြစ်သွားနိုင်ပေသည်။
“ဟုတ်ကဲ့ပါ... ခွင့်ပြုပါဦး ဆရာ။”
ကျန်းဟန်က ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်ခဲ့တော့သည်။
ရုံးအဆောက်အဦးထဲမှ ထွက်လာပြီးနောက် ကျန်းဟန်သည် ထမင်းစားဆောင်ဘက်သို့ တစ်ယောက်တည်း လျှောက်လာခဲ့လိုက်၏။
“ကြည့်စမ်း... ဟိုမှာ ကျန်းဟန်ပဲ။”
“ဟေး... ဟုတ်တယ်ဟ....သူပဲ။ သူ့မျက်လုံးတွေက တကယ် ကြည့်ကောင်းတာပဲ။”
...
ယခင်က သူ လမ်းပေါ်တွင် လမ်းလျှောက်လာလျှင် မည်သူမျှ သတိမမူမိခဲ့သည့် အခြေအနေနှင့်မတူဘဲ သူသည် ယခုပူးပေါင်းစာမေးပွဲတွင် နာမည်တစ်ခုကို အပိုင်တပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ကျောင်းရှိ ကျောင်းသားအများစုသည် သူ့ရုပ်ရည်ကို မှတ်မိနေကြပြီဖြစ်ရာ လမ်းလျှောက်နေရုံဖြင့်ပင် အတန်းဖော်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေတော့သည်။
ကျန်းဟန်၏ မူလရုပ်ရည်မှာ ထူးထူးခြားခြား ထင်ပေါ်ခြင်းမရှိသော်လည်း ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့ထံမှ ရရှိသော တန်ပြန်စွမ်းအင်များကြောင့် သူ၏ ပင်ကိုယ်စရိုက်နှင့် ရုပ်ရည်သွင်ပြင်မှာ အကြီးအကျယ် တိုးတက်ပြောင်းလဲလာခဲ့သည်။
ရုပ်ရည်ပိုင်းတွင်မူ မျက်နှာပေါ်ရှိ ဝက်ခြံ သို့မဟုတ် တင်းတိပ်မှန်သမျှ အကုန်ပျောက်ကွယ်သွားခဲ့သည်။ သူသည် နေပူထဲတွင် အချိန်အများစု ကုန်ဆုံးလေ့ရှိသဖြင့် အသားအရေမှာ ဆီးနှင်းလို ဖြူဆွတ်မနေဘဲ လင်းလက်သော ဂျုံမွှေးရောင်သန်းနေသည်။
သို့သော် သူ၏ ပင်ကိုယ်စရိုက် ညို့ဓာတ်မှာမူ အလွန်ပင် တိုးတက်လာခဲ့သည်။ ၎င်းမှာ ပိုင်လင်းထံမှ တန်ပြန်စွမ်းအင်များကြောင့် ဖြစ်ပုံရပြီး သူ့ထံတွင် နဂါးတစ်ကောင်၏ ယောကျာ်းပီသသော ခန့်ညားထည်ဝါသည့် စရိုက်မျိုး ကိန်းအောင်းနေသည်။ သူ၏ မျက်လုံးများသည် ဟုတ်ဟုတ်ထံမှ တန်ပြန်စွမ်းအင်ကို ပိုမိုရရှိထားပြီး သူ၏ ပြင်းထန်သော စိတ်စွမ်းအင်နှင့် ပေါင်းစပ်လိုက်သောအခါ နက်ရှိုင်းသော ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းကာ အသက်ဝင်ပြီး စူးရှတောက်ပနေတော့သည်။
အရေးကြီးဆုံးအချက်မှာ ထိုနဂါးထံမှရသော တန်ပြန်စွမ်းအင်ဖြစ်ပြီး ၎င်းက ဆန့်ကျင်ဘက်လိင်ကို ထူးခြားစွာ ဆွဲဆောင်နိုင်စွမ်းရှိရာ သူ လမ်းလျှောက်နေစဉ် မိန်းကလေးအများအပြားက သူ့ကို ခိုးခိုးကြည့်နေကြရသည့်အထိပင်။
ကျန်းဟန်ကမူ ယခင်အတိုင်း တည်ငြိမ်စွာဖြင့် ထမင်းစားဆောင်သို့ သွားရောက်စားသောက်လိုက်သည်။ စားသောက်ပြီးနောက် အနားယူရန် အဆောင်သို့ ပြန်ရန် ပြင်ဆင်လိုက်ပြီး ထို့နောက် ခွင့်တိုင်စာရေးကာ ခွင့်တောင်းရန် အဆင်သင့်ဖြစ်နေခဲ့သည်။
“ကျန်းဟန်... နင်နဲ့ သူငယ်ချင်း အပ်လို့ရမလား။”
ထမင်းစားပြီးနောက် ကျန်းဟန် ထမင်းစားဆောင် အပေါက်ဝသို့ လျှောက်လာစဉ် လှပစွာ ပြင်ဆင်ဝတ်ဆင်ထားသော မိန်းကလေးသုံးယောက်က သူ့ကို တားဆီးကာ အပြုံးများဖြင့် သူ၏ ဆက်သွယ်ရန်အချက်အလက်ကို တောင်းခံလာကြသည်။
ကျန်းဟန်က သူတို့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
“မလိုဘူး။ ငါ့စိတ်က လေ့ကျင့်ရေးပေါ်မှာပဲ အပြည့်အဝ ရှိနေတာမို့လို့ တခြားကိစ္စတွေကို ငါ စိတ်မဝင်စားဘူး။”
“အဲဒါကတော့ မသေချာပါဘူး ကျန်းဟန်။ နင် ငါနဲ့ ရည်းစားလုပ်ကြည့်ပါလား။ နင် အဲဒီခံစားချက်ကို သဘောကျသွားမှာလည်း ဖြစ်နိုင်တာပဲ။”
စကားပြောလိုက်သော မိန်းကလေးမှာ ဆံပင်အရှည်ကြီးကို ပုခုံးပေါ် ချထားပြီး အပြုံးတစ်ခုဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်ကာ ရှက်ရွံ့နေသည့် အရိပ်အယောင် လုံးဝ မရှိပေ။
“စိတ်မကောင်းပါဘူး။ ငါတို့က မလိုက်ဖက်ဘူး။”
ကျန်းဟန်က ခေါင်းခါပြပြီး တိုက်ရိုက်ပင် လှည့်ထွက်ခဲ့တော့သည်။ မိန်းမကဲ့သို့သော ကိစ္စရပ်များကိုမူ ထာဝရအသက်ကို ရရှိပြီးမှသာ အေးအေးဆေးဆေး စဉ်းစား၍ ရနိုင်သည်။ လက်ရှိ အရေးအကြီးဆုံး တာဝန်မှာ မိမိ၏ အစွမ်းကို ကြိုးစားမြှင့်တင်ပြီး ထာဝရအသက်ကို အမြန်ဆုံး ရရှိရန်ပင် ဖြစ်သည်။
ဤကမ္ဘာတွင် ထာဝရအသက် ရနိုင်၊ မရနိုင်ကို သူ မသိသေးသော်လည်း ထူးခြားဆန်းကြယ်သော စွမ်းအားများ တည်ရှိနေသဖြင့် ထာဝရအသက် ရရှိနိုင်ခြေမှာ ကမ္ဘာမြေပေါ်တွင်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားမည်မှာ သေချာပေသည်။
ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ သူ အစွမ်းကုန် ကြိုးစားကြည့်ရမည်။ ဒါက လက်ရှိအချိန်တွင် သူ၏ အဓိက ပန်းတိုင်ပင် ဖြစ်သည်။
အဆောင်သို့အပြန်လမ်းတွင် ကျန်းဟန်သည် သူ၏ ဖုန်းထဲမှ မက်ဆေ့ခ်ျများကို ရှင်းလင်းခဲ့ပြီး အများဆုံးမှာ တုံးရွှမ်းထံမှ ဖြစ်သည်။
သူမသည် ကျန်းနန် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသူတစ်ယောက်ဖြစ်သော်လည်း စာမေးပွဲရလဒ်မှာမူ ပုံမှန်အဆင့်သာ ရှိသူဖြစ်သည်။ ကျန်းဟန်က ကန်မြို့တွင် အဆင့်ကိုးအထိ အမှန်တကယ် ရရှိသွားကြောင်း သိလိုက်ရပြီးနောက် ၎င်းသည် အိမ်မက်တစ်ခုလားဟု သူမ ကိုယ်သူမ တဖြည်းဖြန်း သံသယဝင်လာခဲ့မိသည်။
သူမသည် သူ့ထံသို့ အံ့သြမှင်တက်ပြီး မယုံကြည်နိုင်သည့် အီမိုဂျီမျိုးစုံနှင့်အတူ မက်ဆေ့ခ်ျပေါင်း ဒါဇင်ကျော် ပို့ထားခဲ့သည်။
သူမ၏မောင်ဖြစ်သူ တုံးလင်လည်း ထို့အတူပင်။ သူတို့ ကန်မြို့၏ အဆင့်ကိုးနေရာတွင် ကျန်းဟန်ဟူသော နာမည်ကို စတင်မြင်လိုက်ရစဉ်က နာမည်တူခြင်း ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ထိုလူသည် ကျန်းဟန်နှင့် တစ်ကျောင်းတည်းဖြစ်သော ရှန်းဟွာ အထက်တန်းကျောင်းမှ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားကြသည်။
နောက်ပိုင်းတွင် သူတို့၏ ဝမ်းကွဲအစ်မဖြစ်သူ လီဇီဝေကို မေးမြန်းကြည့်ပြီးနောက်မှသာ အတည်ပြုနိုင်ခဲ့ကြပြီး ချက်ချင်းပင် အံ့သြလွန်း၍ စကားပင် မဆိုနိုင်တော့ပေ။ ပရိုဂျက်တာပေါ်မှ အဆင့်သတ်မှတ်ချက်ကို ကြည့်ရင်း သူတို့၏ ပါးစပ်များမှာ ကြက်ဥတစ်လုံးစာ ဝင်လောက်သည့်အထိ အဟောင်းသား ဖြစ်သွားခဲ့ကြရသည်။
ထို့နောက် သူတို့သည် ကျန်းဟန်ထံသို့ သူတို့၏ အံ့သြတုန်လှုပ်မှုများနှင့် သူတို့ကျောင်းမှ အချို့လူများပင် ဤအရာကို ယုံကြည်ရန် ခက်ခဲနေကြကြောင်း စသည့် မက်ဆေ့ခ်ျများကို ဆက်တိုက် ပို့ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ကျန်းဟန်ကမူ ဖုန်းကို အသံပိတ် ထားခဲ့သဖြင့် ပြန်မဖြေဖြစ်ခဲ့ပေ။
ယခုအခါ အားလပ်သွားပြီဖြစ်၍ ၎င်းမှာ မိမိကိုယ်တိုင်ပင် ဖြစ်ကြောင်း မက်ဆေ့ခ်ျတစ်ကြောင်းတည်းဖြင့် ပြန်လည်ဖြေကြားလိုက်ပြီးနောက် ဖုန်းကို ပိတ်လိုက်တော့သည်။
အခန်း ၁၁၄
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး အင်္ဂါနေ့တွင် ကျင်းပခဲ့သော ကြားဖြတ်စာမေးပွဲများမှ မျက်စိတစ်မှိတ်အတွင်းမှာပင် သောကြာနေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
နံနက်ခင်း အတန်းများပြီးဆုံးသွားသောအခါ ကျန်းဟန်သည် သူ့ ဖုန်းထဲသို့ ငွေ ယွမ်သုံးသိန်း ထပ်ဝင်လာကြောင်း သိလိုက်ရသည်။ ၎င်းမှာ ကျောင်းမှ ပေးပို့လိုက်သော ပညာသင်ဆု ဖြစ်သည်။
ယခင်က ဖီးနစ်သားရဲသုတေသနဌာနသို့ ထိုသားရဲပစ္စည်းများကို ရောင်းချခြင်းမှ ရရှိခဲ့သော ယွမ် ငါးသိန်းနှင့် အခြားအချိန်များတွင် သူ ရှာဖွေစုဆောင်းထားခဲ့သော ပိုက်ဆံအမျိုးမျိုးတို့နှင့် ပေါင်းစပ်လိုက်သောအခါ ယခုအခါ သူ၏ လက်ထဲတွင် ယွမ် ကိုးသိန်းအထိ ရှိနေသည့် အုပ်စုလိုက် ငွေပမာဏကြီးတစ်ခု ဖြစ်လာခဲ့တော့သည်။
သူ ယခုကဲ့သို့ အများကြီး ရှာဖွေနိုင်ခဲ့ခြင်းမှာ အဓိကအားဖြင့် ကျောင်းနှင့် ဖီးနစ်သားရဲသုတေသနဌာနတို့ကြောင့် ဖြစ်သည်။
အထူးသဖြင့် ဖီးနစ်သားရဲသုတေသနဌာနသည် ခွန်းကို လေ့လာရန်အတွက် မူလက ယွမ် ငါးသောင်းသာ တန်ဖိုးရှိသော ပစ္စည်းများကို ယွမ် ငါးသိန်းအထိ ပေးကာ ဝယ်ယူခဲ့ခြင်း ဖြစ်ရာ ဤကဲ့သို့သော ကိစ္စမျိုးမှာ အလွန် ရှားပါးလှသည်။
ဖီးနစ်သားရဲသုတေသနဌာနထံမှ ထိုကဲ့သို့သော အခွင့်အရေးမျိုး နောက်ထပ် ကြုံတွေ့ရရန် မလွယ်ကူတော့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျန်းဟန်သည် အချိန်မီ ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့ပြီး ကျောင်းထံမှ ထောက်ပံ့မှုများကို ရရှိခဲ့သည်။
ကျောင်း၏ ထောက်ပံ့မှုနှင့်အတူ သူကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုများပါ ပေါင်းစပ်လိုက်ပါက လာမည့်တစ်နှစ်အတွင်း သူ၏ သားရဲများကို ကျွေးမွေးရမည့် ဖိအားက ထိုမျှလောက် ကြီးမားတော့မည်မဟုတ်ပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုလကုန်ရန် သုံးရက်သာ လိုတော့ပြီး ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့အတွက် ဆေးရည်များကလည်း ကုန်တော့မည် ဖြစ်သည်။ ကျန်းဟန်သည် တနင်္ဂနွေနေ့တွင် တောတွင်းဈေးကွက်သို့ သွားရောက်ကာ စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့ကို လာမည့်လအတွက် ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့၏ အစာအဖြစ် သုံးစွဲရန် ဆေးရည်တစ်သုတ် ဖော်စပ်ပေးဖို့ အကူအညီတောင်းရန် ပြင်ဆင်လိုက်သည်။
သူ၏ စာအုပ်များကို စားပွဲအံဆွဲထဲသို့ ထည့်လိုက်ပြီးနောက် ကျန်းဟန်သည် ထရပ်ကာ မွေးမြူရေးအတန်း၏ နည်းပြ ဆရာလီဖုန်း၏ နောက်မှ လိုက်၍ မွေးမြူရေးအခန်းသို့ ထွက်လာခဲ့လိုက်၏။
မွေးမြူရေးအခန်းထဲသို့ ကျန်းဟန် ဝင်လိုက်သွားသောအခါ ဆရာလီဖုန်းသည် သားဖောက်စက်တစ်ခု၏ ရှေ့တွင် တစ်ခုခုကို အကဲခတ် စောင့်ကြည့်နေခဲ့သည်။
“ကျန်းဟန်... ဒီကို လာဦး။ မင်းရဲ့ သတ္တုပုရွက်ဆိတ် ဘုရင်မလေး အကောင်ပေါက်လာပြီ။ ဒါပေမဲ့ သူက သန္ဓေပြောင်းလဲမှု တစ်ခုခု ရှိနေပုံရတယ်။”
ဆရာလီဖုန်းက ကျန်းဟန်ကို မော့ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး သားဖောက်စက်အနားသို့ လျှောက်သွားလိုက်၏။ ဤသားဖောက်စက်မှာ သေးငယ်သော ဝိညာဉ်စွမ်းအင် အတားအဆီးတစ်ခုလည်း ဖြစ်ပြီး အတွင်း၌ ကြည်လင်သော အရည်များစွာ ရှိနေကာ ထိုအရည်၏ အလယ်ဗဟိုတွင်မူ အဖြူရောက် ဥတစ်လုံး ရှိနေသည်။ ၎င်းဥမှ ဘေးပတ်ပတ်လည်ရှိ အာဟာရများကို စုပ်ယူရန်အတွက် ကြည်လင်သော ပြွန်ချောင်းများစွာလည်း ဖြန့်ကျက်ထားသည်။
ဤအချိန်တွင် လက်သီးဆုပ်ခန့်ရှိသော ထိုဥမှာ နှစ်ခြမ်းကွဲသွားပြီး အတွင်း၌ ဆူဖြိုးသော ပုရွက်ဆိတ်ဘုရင်မလေးတစ်ကောင် ပေါ်ထွက်လာ၏။ ၎င်းသည် ပုရွက်ဆိတ်တစ်ကောင်နှင့် လုံးဝမတူဘဲ ပိုးကောင်ကြီးတစ်ကောင်နှင့် သာ၍ တူနေသည်။
သို့သော် ၎င်းသည် ပုရွက်ဆိတ်ဘုရင်မ အစစ်အမှန်ဖြစ်ကြောင်း ကျန်းဟန် အသေအချာ သိသည်။ ပုရွက်ဆိတ်ဘုရင်မအများစုမှာ ဤကဲ့သို့ပင် ဖြစ်ကြသည်။ သူတို့၏ ဝမ်းဗိုက်မှာ အလွန်ကြီးမားပြီး သူတို့၏ ဘဝသက်တမ်းတစ်ခုလုံးကို အမြဲတမ်း သားဖောက်ခြင်းနှင့် မိမိတို့၏ အုပ်စုကို တိုးချဲ့ခြင်းဖြင့်သာ ကုန်ဆုံးစေတတ်ကြသည်။
ဤပုရွက်ဆိတ်ဘုရင်မပေါက်လေးတွင် အလွန်စူးရှပြီး ရက်စက်ကြမ်းကြုတ်သော လွှသွားပုံစံ သွားများက ပါးစပ်အတွင်း၌ အဝိုင်းလိုက် တည်ရှိနေကြသည်။ ၎င်းက သတ္တုအများစုကို ကိုက်ဖြတ်ဝါးစားနိုင်စေပြီး သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း သတ္တုများကို ချေဖျက်နိုင်စွမ်း ရှိစေသည်။
သတ္တုပုရွက်ဆိတ်၏ အကြီးမားဆုံးသော ထူးခြားချက်မှာ ၎င်းကို ဖျက်ဆီးရန် အလွန်ခက်ခဲခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ သံမဏိကဲ့သို့ မာကျောပြီး ခံစစ်စွမ်းအားမှာလည်း ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားလှသည်။
သို့သော် အားနည်းချက်မှာလည်း အလွန်ထင်ရှားသည်။ လျှပ်စီးဂုဏ်သတ္တိရှိသော တိုက်ခိုက်မှုများ သို့မဟုတ် မီးဂုဏ်သတ္တိရှိသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရပါက သူတို့ သေဆုံးရန် အလွန်လွယ်ကူသည်။
“သူက ဘာလို့ မလှုပ်ရှားတာလဲ။”
ကျန်းဟန်က ပုရွက်ဆိတ်ဘုရင်မပေါက်လေးကို ကြည့်လိုက်သော်လည်း မည်သည့်နေရာတွင် သန္ဓေပြောင်းလဲနေသည်ကို မမြင်ရပေ။
“ဒါက သူ့ရဲ့ ဆန်းကြယ်တဲ့ အချက်ပဲ။ သူက ဝိညာဉ်မရှိသလို ဖြစ်နေပေမဲ့ အသက်ရှင်နေတုန်းပဲ။ ပြီးတော့ မင်းရဲ့ စိတ်စွမ်းအင်ကို သုံးပြီး သူ့ကို ထိန်းချုပ်လို့ ရတယ်။”
ဆရာလီဖုန်းက ပြုံးကာ ပြောလိုက်ပြီး သူ၏ စိတ်စွမ်းအင် အမျှင်တန်းတစ်ခုကို ချက်ချင်း ခွဲထုတ်ကာ ပုရွက်ဆိတ်ဘုရင်မပေါက်လေးကို လှမ်း၍ အသက်သွင်းပြလိုက်သည်။ ပုရွက်ဆိတ်ဘုရင်မပေါက်လေးသည် စတင်လှုပ်ရှားလာပြီး သူမ၏ ပါးစပ်နားတွင် အခုလေးတင် ချထားပေးသော သတ္တုအမှုန်အမွှားများကို စတင်ဝါးစားတော့သည်။
“ဒါဆိုရင် သူနဲ့ စာချုပ်ချုပ်လို့ မရဘူးပေါ့ ဟုတ်လား။”
ကျန်းဟန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ သားရဲထိန်းချုပ်သူတစ်ယောက်အနေနဲ့ စာချုပ်ချုပ်ဆိုဖို့ ဝိညာဉ် လိုအပ်တယ်။ ဒီအမြင်ကကြည့်ရင်တော့ သူက ပြီးပြည့်စုံတဲ့ သက်ရှိတစ်ခု မဟုတ်ဘူး။”
ဆရာလီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ ဤကဲ့သို့သော ထူးဆန်းထွေပြားသည့် ဖြစ်တည်မှုကို သူ မြင်တွေ့ရခြင်းမှာလည်း ပထမဆုံးအကြိမ် ဖြစ်သည်။
“ဒါပေမဲ့ ဒီအကောင်က မူလကတည်းကလည်း စာချုပ်ချုပ်ဖို့ အလားအလာ မရှိပါဘူး။ ဒါပေမဲ့ ဒါက အကျိုးကျေးဇူး မရှိတာတော့ မဟုတ်ဘူး။ မင်း သူ့ကို စိတ်ကြိုက်ခိုင်းစေပြီး ပုရွက်ဆိတ်တွေရဲ့ လျှို့ဝှက်ချက်အချို့ကို လေ့လာနိုင်နိုင်တယ်။”
ဆရာလီဖုန်းက ထပ်လောင်း ပြောကြားလိုက်သည်။
“ဒါဆိုရင် ဆရာ့ကို အများကြီး ကျေးဇူးတင်ပါတယ်။”
ကျန်းဟန်က သူ ကြိုတင်ပြင်ဆင်ထားသော ဖန်သေတ္တာတစ်လုံးကို ထုတ်ယူပြီး ပုရွက်ဆိတ်ဘုရင်မပေါက်လေးကို အထဲသို့ ထည့်လိုက်သည်။
မွေးကင်းစ ပုရွက်ဆိတ်ဘုရင်မပေါက်လေးသည် အစေခံအဆင့် သားရဲတစ်ကောင် မဖြစ်သေးသော်လည်း အသက်ပြင်းလှသဖြင့် နေရာရွှေ့ပြောင်းခြင်းကြောင့် သေဆုံးသွားမည်ကို စိုးရိမ်စရာ မလိုပေ။
“ဒါက ငါ့အတွက် အသေးအဖွဲကိစ္စလေးပါ။ ပြီးတော့ ဝိညာဉ်မရှိတဲ့ ဒီလိုအကောင်မျိုးက အသက်ရှင်အောင် ထိန်းထားဖို့ အရမ်းခက်ခဲလိမ့်မယ်လို့ ငါထင်တယ်။ ရက်ပိုင်းလောက်အတွင်းမှာပဲ သေသွားနိုင်တယ်။”
ဆရာလီဖုန်းက လက်ဝှေ့ယမ်းပြရင်း သူ၏ ခန့်မှန်းချက်ကို ပြောပြလိုက်သည်။
“နားလည်ပါပြီ ဆရာ။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ သားရဲနှင့်အတူ ထွက်လာခဲ့လိုက်သည်။ လက်တွေ့တွင်မူ သူသည် ဤသားရဲကို ကျောင်း၏ မွေးမြူရေးခန်းထဲတွင် ထားခဲ့၍ရသော်လည်း ထိုသို့မလုပ်ခဲ့ပေ။
အကြောင်းမှာ မလိုအပ်သောကြောင့် ဖြစ်သည်။ ဤပုရွက်ဆိတ်ဘုရင်မမှာ သူ စိတ်အပန်းဖြေရန် သက်သက်သာဖြစ်ပြီး ၎င်းကို သိမ်းဆည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဤကဲ့သို့သော ထူးခြားသည့် သားရဲအမျိုးအစားကို နားလည်သဘောပေါက်ရန်အတွက်သာ ဖြစ်သည်။
အပြန်လမ်းတွင် ကျန်းဟန်သည် သူ၏ စိတ်စွမ်းအင်ကို သုံး၍ ပုရွက်ဆိတ်ဘုရင်မလေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကြည့်ရန် ကြိုးစားလိုက်သည်။ ဝင်ရောက်ပြီးနောက်တွင် သူသည် ပုရွက်ဆိတ်ဘုရင်မလေး၏ လှုပ်ရှားခြင်း၊ စားသောက်ခြင်းနှင့် သားဖောက်ခြင်းစသည့် လုပ်ဆောင်ချက်မှန်သမျှကို အမှန်တကယ် ထိန်းချုပ်နိုင်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။
“တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။”
ကျန်းဟန်က စူးစမ်းလိုသော အမူအရာ ပြုလုပ်လိုက်သည်။ သူသည် ပုရွက်ဆိတ်ဘုရင်မပေါက်လေးကို သတ္တုအမြောက်အမြား စားသုံးရန် ချက်ချင်း ထိန်းချုပ်လိုက်၏။ အဆောင်သို့ ရောက်ရှိပြီးနောက်တွင် ပုရွက်ဆိတ်ဘုရင်မပေါက်လေးကို လုပ်သားပုရွက်ဆိတ်များ ထုတ်လုပ်ရန် စတင်ထိန်းချုပ်လိုက်သည်။ ၎င်းမှာ ပုရွက်ဆိတ်ဘုရင်မအတွက် အလွန်ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်သည်။ အကြောင်းမှာ သူမ ကိုယ်တိုင် သန္ဓေတည်နေစဉ်ကတည်းက ခန္ဓာကိုယ်ထဲတွင် ပုရွက်ဆိတ်ဥများကိုပါ တစ်ပါတည်း သန္ဓေတည်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။
ပုရွက်ဆိတ်အုံများကို ယေဘုယျအားဖြင့် ပုရွက်ဆိတ်ဘုရင်မ၊ ပုရွက်ဆိတ်အထီး၊ လုပ်သားပုရွက်ဆိတ်နှင့် စစ်သည်ပုရွက်ဆိတ်ဟူ၍ ခွဲခြားထားသည်။ သာမန်အားဖြင့် ပုရွက်ဆိတ်ဘုရင်မ၏ မျိုးပွားခြင်းလုပ်ငန်းစဉ်တွင် လုပ်သားပုရွက်ဆိတ်များ၏ ကူညီပံ့ပိုးမှု လိုအပ်သည်။
သို့သော် ကျန်းဟန်၏ လက်ထဲရှိ အခြေအနေတွင်မူ ပုရွက်ဆိတ်ဘုရင်မလေးသည် ပထမဦးစွာ ပုရွက်ဆိတ်အထီးတစ်သုတ်ကို အရင်ထုတ်လုပ်မည်ဖြစ်ပြီး ထို့နောက်တွင် သူတို့အချင်းချင်း အတူတကွ မျိုးပွားကာ ပုရွက်ဆိတ်အုံတစ်ခုကို တည်ဆောက်ကြမည် ဖြစ်သည်။
ကျန်းဟန်သည် ပုရွက်ဆိတ်ဘုရင်မကို ထုထည် တစ်လီတာခန့်ရှိသော စတုဂံပုံစံ သေတ္တာတစ်လုံးထဲသို့ ထည့်လိုက်သည်။ ပုရွက်ဆိတ်ဘုရင်မ၏ ကိုယ်အရှည်မှာ ငါးစင်တီမီတာသာ ရှိသဖြင့် ဤဖန်သေတ္တာသည် သူမ သားဖောက်ပြီး အုံစုတိုးချဲ့ရန်အတွက် လုံလောက်မှု ရှိသည်။ သေတ္တာထဲတွင် ကျန်းဟန် ကြိုတင်ပြင်ဆင်ထားသော အသိုက်ဆောက်မည့် ပစ္စည်းအချို့လည်း ရှိနေသည်။
ပုရွက်ဆိတ်ဘုရင်မလေးကို ထည့်ပြီး မကြာမီမှာပင် သူမသည် ဥပေါင်း တစ်ဆယ့်ငါးလုံးခန့်ကို စတင်ဥချလိုက်၏။ ထိုဥများသည် ကြေးနီရောင်သန်းနေပြီး အပ်ဖျားခန့်သာ ကြီးမားကာ သာမန်ပုရွက်ဆိတ်ဥများထက် များစွာ ပိုမိုသေးငယ်သည်။
ပုရွက်ဆိတ်ဘုရင်မလေးကို နေရာချပေးပြီးနောက် ကျန်းဟန်သည် သူ၏ ကျောပိုးအိတ်ကို စတင်ထုပ်ပိုးတော့သည်။ သူသည် ကျောင်းမှ ခွင့်တိုင်ကြားပြီးသားဖြစ်ရာ ယနေ့တွင် ယခင်က ဆရာမဝမ်ယိ လိုက်ပို့ပေးခဲ့ဖူးသော တောတွင်းဈေးကွက်သို့ သွားရောက်ကာ စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့ကို ရှာဖွေရန် ပြင်ဆင်လိုက်သည်။
ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့အတွက် ဆေးရည်များအားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ကျန်းဟန်အနေဖြင့် သူတို့အတွက် ဆေးရည်များကို အသစ်ပြန်လည် ဖော်စပ်ပေးရန် လိုအပ်နေပြီဖြစ်သည်။
ဟုတ်ပါသည်...။ ၎င်းက အဓိကရည်ရွယ်ချက် မဟုတ်ပေ။ သူ၏ အရေးအကြီးဆုံး ပန်းတိုင်မှာ မိုးကြိုးတောင်တန်းသို့ သွားရန် ဖြစ်သည်။ သူ ယခင်က ရရှိခဲ့ဖူးသော မိုးကြိုးရေနဂါးချိုမှာ မိုးကြိုးတောင်တန်းမှ ရလာခြင်းဖြစ်သည်ဟု ဆိုကြပြီး လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ထိုနေရာတွင် မိုးကြိုးနဂါးတစ်ကောင် သေဆုံးခဲ့ဖူးသည်ဟူသော ကောလာဟလများ ရှိခဲ့သည်။
သူ၏ အဓိကပန်းတိုင်မှာ ပိုင်လင်း၏ အာရုံခံနိုင်စွမ်းကို သုံးပြီး ထိုမိုးကြိုးရေနဂါး၏ ကျန်ရှိနေသော ရုပ်ကြွင်းများကို ရှာဖွေနိုင်၊ မရှာဖွေနိုင် စမ်းသပ်ကြည့်ရန် ဖြစ်သည်။ အကယ်၍ ပိုင်လင်းသည် သွေးစစ်မိုးကြိုးနဂါးအဖြစ်သို့ ဆင့်ကဲပြောင်းလဲလိုပါက ရေနဂါးရုပ်ကြွင်း အမြောက်အမြား လိုအပ်မည် ဖြစ်သည်။
အကယ်၍ ရေနဂါးရုပ်ကြွင်းများကို ရှာမတွေ့ခဲ့လျှင်ပင် နဂါးများနှင့် ပတ်သက်သော အခြားအရာများကို ရှာဖွေနိုင်မလားဟူ၍ သူ၏ ကံကို စမ်းသပ်ကြည့်ချင်သေးသည်။
ကျင့်ကြံရမည့်နေရာနှင့် ပတ်သက်၍မူ ၎င်းက အဆင်ပြေဦးမည်မဟုတ်ပေ။ ပိုင်လင်းအတွက် ပထမဆုံး အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းသည် မိုးကြိုးနဂါးတစ်ကောင် သေဆုံးခဲ့သည့်နေရာတွင် လေ့ကျင့်ရန် လိုအပ်သည်။ သို့သော် ထိုနေရာမှာ ရေနဂါးတစ်ကောင်သာ သေဆုံးခဲ့သည့် နေရာဖြစ်သဖြင့် အဆင့်အတန်းမှာ လုံလောက်အောင် မမြင့်မားသေးပေ။
သို့သော် မည်သို့ပင်ဖြစ်စေ ထိုနေရာသို့ သွားရကျိုး သေချာပေါက် နပ်ပါသည်။ ထိုနေရာကို စူးစမ်းရှာဖွေပြီးပါက ကန်မြို့၏ အခြားတစ်ဖက်တွင်ရှိသော သွေးနက်တွင်းကြီးသို့ သွားရောက်ကာ အမှောင်သေခြင်းတရားနယ်မြေကို ရှာဖွေပြီး ဟုတ်ဟုတ်၏ ဆင့်ကဲပြောင်းလဲမှုကို အပြီးသတ်ရန် သူ စီစဉ်ထားသည်။
ယခုအချိန်တွင် ဟုတ်ဟုတ်၏ ဆင့်ကဲပြောင်းလဲမှုမှာ ရှင်းလင်းထင်ရှားနေပြီဖြစ်သော်လည်း ပိုင်လင်းကို သွေးစစ်မိုးကြိုးနဂါးအဖြစ်သို့ ထပ်မံဆင့်ကဲပြောင်းလဲရန်မှာမူ အလွန်ခက်ခဲနေဆဲ ဖြစ်သည်။ ရေနဂါးရုပ်ကြွင်းဖြစ်စေ၊ မိုးကြိုးနဂါးရုပ်ကြွင်းဖြစ်စေ၊ သို့မဟုတ် မိုးကြိုးနဂါး သေဆုံးခဲ့သည့်နေရာဖြစ်စေ လက်ရှိတွင် မည်သည့်အတည်ပြုချက် အချက်အလက်မျှ မရှိသေးပေ။