အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း ၁၁၅
မျက်စိတစ်မှိတ်အတွင်းမှာပင် နိုဝင်ဘာလ ၁ ရက်၊ စနေနေ့ နံနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။
နှစ်တစ်နှစ်၏ ယခုလို အချိန်အခါတွင် ရာသီဥတုမှာ တော်တော်လေး အေးစိမ့်နေပြီ ဖြစ်သည်။ သစ်ရွက်အများစုမှာ ကြွေကျကုန်ကြပြီဖြစ်ပြီး နံနက်ခင်း မြေပြင်မှာ နှင်းပွင့်လွှာတစ်ထပ် ဖုံးလွှမ်းနေသဖြင့် စိုစွတ်ထိုင်းမှိုင်းနေခဲ့သည်။
ကျန်းဟန်သည် သူ၏ ကျောပိုးအိတ်ကို လွယ်ကာ သမ်းဝေရင်း ကျောင်းပြင်သို့ လှမ်းထွက်လာခဲ့သည်။ ဟုတ်ဟုတ်သည်လည်း ပျံသန်းမနေဘဲ မြေပြင်ပေါ်တွင် ခြေလှမ်းမှန်မှန်ဖြင့် ကျန်းဟန်၏ နောက်မှ အကွာအဝေးတစ်ခု ချန်ကာ လိုက်ပါလာ၏။ ၎င်း၏ ပုံစံမှာလည်း အိပ်ရေး မဝသေးသည့် ပုံစံမျိုး ပေါက်နေသည်။
ကျန်းဟန်၏ ယခုခရီးစဉ်အတွက် ရည်မှန်းချက်မှာ သတ်မှတ်ပြီးသား ဖြစ်သည်။ ပထမဦးစွာ တောတွင်းဈေးကွက်သို့ သွားမည်ဖြစ်ပြီး ထို့နောက် မိုးကြိုးတောင်တန်းကို သွားရောက်ကြည့်ရှုမည် ဖြစ်သည်။
သူသည် မနေ့က ချိန်းဆိုထားသည့် ဆုံရပ်ဖြစ်သော ရှန်းဟွာမြို့နယ် သားရဲထိန်းချုပ်ခြင်းမှုဗဟိုဌာနသို့ အရင်သွားရမည်ဖြစ်သည်။ ထို့နောက်မှ သူနှင့် ချိန်းဆိုထားသော လူများနှင့်အတူ ရှန်းဟွာမြို့ပြင်ရှိ တောတွင်းဈေးကွက်သို့ အတူတကွ သွားကြရမည် ဖြစ်သည်။
သူသည် ကျောင်း၏ ကြားဖြတ်စာမေးပွဲတွင် ပထမဆု ရရှိခဲ့သည်ဆိုသော်လည်း ဟုတ်ဟုတ်မှာမူ ခေါင်းဆောင်အဆင့်သို့ အောင်မြင်စွာ အဆင့်တက်နိုင်ခြင်း မရှိသေးပေ။ ၎င်းသည် ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းစွမ်းရည်ကို စဉ်ဆက်မပြတ် မသုံးစွဲနိုင်သေးသဖြင့် တိုက်ခိုက်ရေးစွမ်းအားမှာ မတည်ငြိမ်သေးရာ တောရိုင်းထဲသို့ တစ်ယောက်တည်း သွားခြင်းမှာ တော်တော်လေး အန္တရာယ်များလှသည်။
ထို့ကြောင့် အဖွဲ့ဖွဲ့ပြီး သွားခြင်းက သဘာဝအတိုင်း အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး တစ်ယောက်ယောက်က သူ့ကို အဖွဲ့ဝင်ရန် ဖိတ်ခေါ်ထားခြင်းကြောင့် ၎င်းသည် သေချာပေါက် ကောင်းမွန်သောအချက် ဖြစ်သည်။
“စဉ်းစားကြည့်တော့... အဲကောင်တွေ ပေါ်မလာတာ အတော်ကြာပြီပဲ။ အနည်းဆုံး လဝက်လောက် ရှိတော့မယ်။”
ကျန်းဟန်က ကျောင်းဂိတ်ဝမှ လှမ်းထွက်လာပြီးနောက် ဘေးဘီဝဲယာကို ကြည့်ရင်း စိတ်ထဲက ရေရွတ်လိုက်သည်။
သူ ဆိုလိုသည့် လူများမှာ သဘာဝအတိုင်း အတိုးကြီးပေးစားသည့် ကုမ္ပဏီမှ လူများပင် ဖြစ်သည်။
ယခင်က သူ ကျောင်းပြင်ထွက်စဉ်က သူတို့၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရဖူးပြီး သူတို့ကို ယာယီ ထွက်ခွာသွားအောင် လှည့်စားနိုင်ခဲ့သည်။ ထိုကောင်များသည် ရက်ပိုင်းအတွင်း ပြဿနာပြန်ရှာရန် ရောက်လာလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့၏။
သို့သော် လက်တွေ့တွင်မူ လဝက်ကျော် ကြာသွားခဲ့သည့်တိုင် ထိုလူများ ရောက်မလာခဲ့ကြသေးပေ။
သူက ပြဿနာအရှာခံချင်နေ၍ မဟုတ်သော်လည်း ဤကိစ္စမှာ အမှန်တကယ်ပင် အနည်းငယ် ထူးဆန်းနေခဲ့သည်။
အတိုးကြီးချေးစားသည့် ကုမ္ပဏီများသည် မှောင်ခိုဈေးကွက်ထဲတွင် ပါဝင်ပြီး ထိုနေရာတွင် အလုပ်လုပ်သူများမှာ လက်ထဲတွင် သွေးစွန်းဖူးကြသော ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြသည်။ ပိုက်ဆံချေးပြီး ပြန်မဆပ်သည့် သူ့လိုလူမျိုးကို သူတို့က နည်းလမ်းမျိုးစုံ သုံးပြီး နှိပ်စက်ကြမည်သာ ဖြစ်သည်။
သို့သော် သူသည် မည်သည့်ပစ်မှတ်ထားတိုက်ခိုက်မှုကိုမျှ မခံခဲ့ရချေ။ ၎င်းက ယုတ္တိမတန်သလို ဖြစ်နေသည်။
“ကောင်လေး... မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ။ ငါ မင်းကို စောင့်နေတာ အတော်ကြာပြီ။”
ကျန်းဟန် စဉ်းစားနေစဉ်မှာပင် ရှေ့ဘက်လမ်းမပေါ်သို့ လူနှစ်ယောက် ရုတ်တရက် လှမ်းထွက်လာကြသည်။
စကားပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ ကျန်းဟန် ယခင်က တွေ့ခဲ့ဖူးသော ဆံပင်ဝါလေးပင် ဖြစ်သည်။
“ငါတို့ အပိုတွေ ပြောမနေတော့ဘူး။ မင်း အကြွေးတင်နေတဲ့ ယွမ် သုံးသိန်းကိုပဲ အပြတ်ဆပ်လိုက်ရင် အားလုံးအဆင်ပြေသွားပြီ။ မဟုတ်ရင်တော့ ဒီနေ့ မင်း ရဲ့အခြေအနေက ဆိုးရွားသွားလိမ့်မယ်။”
အခြား အစိမ်းရောင် ဆံပင်နှင့်လူကလည်း မှုန်မှိုင်းနေသော အမူအရာဖြင့် ဝင်ပြောလိုက်သည်။ သူတို့နှစ်ယောက်သည် ကျန်းဟန်၏ ဝဲ၊ ယာ တစ်ဖက်တစ်ချက်စီကို ပိတ်ဆို့ထားလိုက်ကြ၏။
“ငါ့ကို လိမ်သွားတဲ့ သားရဲကုန်သည်ကို မင်းတို့ ရှာတွေ့ပြီလား။ ငါလည်း မင်းတို့ကို စောင့်နေတာ ကြာပြီ...။”
ကျန်းဟန်က ထိုနှစ်ယောက်ကို ကြည့်ပြီး မည်သည့်ကြောက်ရွံ့မှုမျှ မရှိဘဲ ပြောလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း။ ပိုက်ဆံ အရင်ထုတ်ပေးလိုက်။ မင်းမှာ ဒုတိယသားရဲတစ်ကောင်ကို ဝယ်ဖို့ ပိုက်ဆံရှိပြီး ငါတို့ကို ပြန်ဆပ်ဖို့ကျ ပိုက်ဆံမရှိဘူး ဟုတ်လား။”
ဆံဝါလေးက ဟုတ်ဟုတ်ကို လက်ညှိုးထိုးပြကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာမှာလည်း အလွန် ရက်စက်ကြမ်းကြုတ်သော ပုံစံ ပေါက်သွားခဲ့သည်။
“ဒီကောင်ကတော့ ခေါင်းတလားကို မမြင်မချင်း မျက်ရည်ကျမယ့်ပုံ မပေါ်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက ငါ့စကားကို နားထောင်ပြီး သူ့ကို နာနာလေး ဆုံးမခဲ့ရမှာ။”
အစိမ်းရောင်ဆံပင်နှင့်လူ၏ အမူအရာက အေးစက်သွားပြီး သူ၏ ဘေးတွင် အစိမ်းရောင် စိမ်းပြာရောင်ဓားသွားဝံပုလွေတစ်ကောင် ပေါ်ထွက်လာခဲ့သည်။
ထိုစိမ်းပြာရောင်ဓားသွားဝံပုလွေ၏ ကျောရိုးတလျှောက်တွင် အလွန်စူးရှထက်မြက်ပုံရသော စိမ်းပြာရောင် အရိုးစူးများ အတန်းလိုက် ထွက်နေသဖြင့် ၎င်းကို စိမ်းပြာရောင်ဓားသွားဝံပုလွေဟု ခေါ်ဆိုခြင်း ဖြစ်သည်။
“သူ့ကို သင်ခန်းစာပေးရမယ့် အချိန်ရောက်ပြီ။ မဟုတ်ရင် ငါတို့ကို ပရဟိတလုပ်ငန်း လုပ်နေတယ်လို့ သူ တကယ် ထင်နေလိမ့်မယ်။ သူ့ကို အရင်ဖမ်းပြီး ခြေထောက်တစ်ဖက် အရင်ရိုက်ချိုးလိုက်ကြစို့။”
ဆံဝါလေးက စကားအများကြီး ဆက်မပြောတော့ဘဲ ဤတစ်ကြိမ်တွင် သူ၏ သားရဲကို ထုတ်လိုက်သည်။ ၎င်းမှာ အဆင့် ၃ ခေါင်းဆောင်အဆင့် မီးဝိညာဉ်မြွေ ဖြစ်သည်။
ထိုမြွေမှာ တစ်ကိုယ်လုံး ရဲရဲနီနေပြီး ထိတ်လန့်စရာကောင်းသော မီးအဆိပ်ကို ပိုင်ဆိုင်ထားသော်လည်း ၎င်း၏ အကြေးခွံများမှာမူ ပြည့်စုံမနေဘဲ ကွာကျနေသည့် နေရာများစွာ ရှိနေကာ ၎င်း၏ အရှိန်အဝါမှာလည်း အထွတ်အထိပ်အဆင့်တွင် ရှိမနေဘဲ မပျောက်ကင်းသေးသည့် ပြင်းထန်သော ဒဏ်ရာအချို့ ရရှိထားသည့် ပုံစံမျိုး ဖြစ်နေသည်။
“မင်းတို့ရဲ့ သားရဲတွေက ပြဿနာတစ်ခုခု ရှိနေပုံပဲ။”
ကျန်းဟန်က ထိုနှစ်ယောက်ကို အပြုံးတစ်ခုဖြင့်ကြည့်ကာ မေးလိုက်သည်။
ယခင်က စိမ်းပြာရောင်ဓားသွားဝံပုလွေမှာ လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့်၌သာ ရှိခဲ့ပြီး မီးဝိညာဉ်မြွေမှာ ခေါင်းဆောင်အဆင့် အလယ်အလတ်အဆင့်တွင် ရှိသော်လည်း ၎င်း၏ အခြေအနေမှာ မကောင်းလှသဖြင့် အလွန်ဆုံးရှိလှမှ ခေါင်းဆောင်အဆင့် အစောပိုင်းအဆင့်မျှသာ ရှိတော့သည်။
ဤအင်အားမှာ သူတို့ ပြီးခဲ့သည့်တစ်ခေါက်က လာခဲ့စဉ်ကထက် များစွာ ပိုမိုဆိုးရွားနေသည်။ လူတစ်ယောက် လျော့နည်းနေရုံတင်မကဘဲ ဤနှစ်ယောက်၏ စွမ်းအားကလည်း သိသိသာသာ ကျဆင်းသွားပုံရသည်။
“အခြေအနေ မကောင်းရင်တောင်မှ မင်းလိုကောင်လေးကို ရှင်းပစ်ဖို့တော့ လုံလောက်တယ်ကွ။ မီးဝိညာဉ်မြွေ... သွားစမ်း။”
ဆံဝါလေး၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး မီးဝိညာဉ်မြွေကို ရှေ့သို့ ပြေးဝင်တိုက်ခိုက်ရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်တော့သည်။
“စိမ်းပြာရောင်ဓားသွားဝံပုလွေ... အဲဒီကောင်ရဲ့ ခြေထောက်တွေကို ငါ့အတွက် ရိုက်ချိုးပေးစမ်း။”
အခြားတစ်ဖက်မှ အစိမ်းရောက်ဆံပင်နှင့် လူကလည်း သူ၏ စိမ်းပြာရောင်ဓားသွားဝံပုလွေကို စေလွှတ်လိုက်သည်။
“မင်းတို့မှာ ဒီလောက်စွမ်းအားလေးနဲ့... မင်းတို့ကို ငါ့ကို တိုက်ခိုက်ဖို့ ဘယ်သူက သတ္တိပေးလိုက်တာလဲ။”
ပြေးဝင်လာသော သားရဲနှစ်ကောင်ကို ကြည့်ရင်း ကျန်းဟန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ဟုတ်ဟုတ်သည် သူ၏ အနောက်ဘက်မှ ပျံသန်းထွက်လာပေါ်ခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရဲရဲနီနေသော အလင်းတန်းများ စီးဆင်းဖြာထွက်လာခဲ့သည်။ ၎င်း၏ မျက်လုံးများထဲတွင် အနီရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်နှင့်အတူ သွေးရောင်အရိပ်တစ်ခုသည် ၎င်း၏ ပင်မခန္ဓာကိုယ်မှ ကွဲထွက်သွားပြီး ပြေးဝင်လာသော မီးဝိညာဉ်မြွေထံသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
၎င်း၏ ပင်မခန္ဓာကိုယ်ကမူ စိမ်းပြာရောင်ဓားသွားဝံပုလွေထံသို့ ပျံသန်းသွားခဲ့သည်။
ထိုသွေးရောင်အရိပ်နှင့် ရင်ဆိုင်ရသောအခါ မီးဝိညာဉ်မြွေသည် ပါးစပ်ကို ဟလိုက်ပြီး မီးတောက်များ မှုတ်ထုတ်လိုက်သည်။ သို့သော် ထိုသွေးရောင်အရိပ်မှာ မီးတောက်များကြောင့် ပျက်စီးမသွားဘဲ အရောင် အနည်းငယ်သာ မှိန်ဖျော့သွားခဲ့ပြီး မီးတောက်များကို ဖြတ်သန်းကာ မီးဝိညာဉ်မြွေ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။
သွေးရောင်အရိပ် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် မီးဝိညာဉ်မြွေ၏ ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအချိန်တွင် ၎င်း၏ သွေးများသည် အမှန်တကယ်ပင် ပြောင်းပြန် စီးဆင်းလာခဲ့ပြီး ၎င်း၏ သားရဲအမြုတေမှာလည်း အနက်ရောင် ဝိညာဉ်စွမ်းအား အမျှင်တန်းတစ်ခု၏ ကပ်ငြိတိုက်စားခြင်းကို ခံလိုက်ရသည်။
“ရှူး... ရှူး...”
ဤတိုက်ခိုက်မှုကြောင့် မီးဝိညာဉ်မြွေမှာ ပေါက်ကွဲထွက်မတတ် ဖြစ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သော မီးတောက်များ ရုတ်တရက် တောက်လောင်လာကာ အတွင်းမှ အပြင်သို့ ဝိညာဉ်စွမ်းအား ရိုက်ခတ်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အာဝူးးးးး...”
အခြားတစ်ဖက်တွင်မူ စိမ်းပြာရောင်ဓားသွားဝံပုလွေသည် ဟုတ်ဟုတ်၏ ဆုတ်ဖြဲလက်သည်း တိုက်ကွက်ကြောင့် နံဘေးမှ ပန်းကန်လုံးခန့်ရှိသော အသားတစ်တုံး ဆုတ်ပြဲသွားခဲ့ရသည်။
ဒေါသအမျက်ချောင်းချောင်း ထွက်သွားသော စိမ်းပြာရောင်ဓားသွားဝံပုလွေသည် သူ၏ ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်း စွမ်းရည် အစိမ်းရောင် လေဓားသွားကို ထုတ်လွှတ်လိုက်၏။ ၎င်းသည် လေထဲသို့ ပျံသန်းသွားသော်လည်း ဟုတ်ဟုတ်ကို မထိမှန်ခဲ့ဘဲ သွေးရောင်အမွေးအတောင် အနည်းငယ်ကိုသာ ဖြတ်တောက်နိုင်ခဲ့သည်။
“ကောင်လေး... မင်းမှာ သတ္တိရှိရင် မပြေးနဲ့ကွ။”
“မင်း... ကောင်လေး....နောက်တစ်ခါ ထပ်ပြေးရင် မင်း သေပြီပဲ။”
ဆံဝါလေးနှင့် အစိမ်းရောင်ဆံပင်နှင့်လူက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ အကြောင်းမှာ ဟုတ်ဟုတ်က မီးဝိညာဉ်မြွေနှင့် စိမ်းပြာရောင်ဓားသွားဝံပုလွေတို့ကို တိုက်ခိုက်နေစဉ်အတွင်း ကျန်းဟန်သည် လှည့်၍ စတင်ထွက်ပြေးနေခဲ့ပြီဖြစ်ရာ ယခုအခါ မီတာ ခုနစ်ရာ၊ ရှစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
ဟုတ်ဟုတ်သည်လည်း တစ်ချက်တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးခဲ့ပြီး ကျန်းဟန်၏ နောက်သို့ အမှလိုက်လာခဲ့သည်။ လူနှင့် သူ၏ အိမ်မွေးတိရစ္ဆာန်တို့မှာ အတူတကွ ထွက်ပြေး လွတ်မြောက်သွားကြသည်။
“သူ့နောက်ကို လိုက်ကြ။ ဒီကောင်ရဲ့ သားရဲက လက်ရွေးစင်အဆင့်ပဲ ရှိသေးတယ်။ ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို တစ်ကြိမ်ပဲ သုံးနိုင်တယ်။ သူ့မှာ တခြား ပြန်လည်တိုက်ခိုက်မယ့် နည်းလမ်း မရှိတော့ဘူး။ သူ့ကို ဖမ်းမိရင် သူ သေပြီပဲ။”
အစိမ်းရောင်ဆံပင်နှင့်လူက စိမ်းပြာရောင်ဓားသွားဝံပုလွေ၏ ဒဏ်ရာကို ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။
“ငါ့ရဲ့ မီးဝိညာဉ်မြွေက သူ့ရဲ့ တိုက်ခိုက်မှုကို ချေဖျက်ပြီးသွားပြီ။ ငါတို့ သူ့နောက်ကို သေချာပေါက် လိုက်ရမယ်။ ဒီကောင်က ကျောင်းဘက်ကိုတောင် ပြန်မပြေးဘူး... သူက သေချာပေါက် သေချင်နေတာလား။”
ဆံဝါလေးက ကျန်းဟန် ထွက်ပြေးသွားသည့် ဘက်ကို ကြည့်ပြီး ချက်ချင်းပင် လိုက်လံဖမ်းဆီးတော့သည်။
ဟုတ်ဟုတ်၏ စောစောက သွေးရောင်အရိပ်တိုက်ကွက်မှာ အလွန် ရက်စက်လှသဖြင့် မီးဝိညာဉ်မြွေအနေဖြင့် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော သွေးဝိညာဉ်စွမ်းအားနှင့် အမှောင်ဝိညာဉ်စွမ်းအားများကို လုံးဝ လောင်ကျွမ်းပစ်ရန်အတွက် မီးဝိညာဉ်အသွင်ပြောင်းလဲခြင်း စွမ်းရည်ကို အသုံးပြုခဲ့ရသည်။
၎င်းက ဝိညာဉ်စွမ်းအား အမြောက်အမြား ကုန်ဆုံးစေခဲ့သည်ဆိုသော်လည်း ဆံဝါလေး၏ အမြင်တွင်မူ ကျန်းဟန်၌ မည်သည့် ပြန်လည်တိုက်ခိုက်မည့် နည်းလမ်းမျှ မရှိတော့ပေ။ ခေါင်းဆောင်အဆင့် မီးဝိညာဉ်မြွေသည် ဝိညာဉ်စွမ်းအား အလွန်အမင်း ကုန်ဆုံးသွားခဲ့လျှင်ပင် သူ့ကို အလွယ်တကူ ကိုင်တွယ်နိုင်သည်ဟု ထင်မြင်နေခဲ့သည်။
ရှေ့ဘက်တွင်မူ ကျန်းဟန်သည် နောက်သို့ပင် လှည့်မကြည့်ဘဲ အစွမ်းကုန် ပြေးနေ၏။ ဟုတ်ဟုတ် ပြန်ရောက်လာပြီးနောက် သူသည် နောက်သို့ တစ်ချက်လှည့်ကြည့်ကာ “မူလအစီအစဉ်အတိုင်း ဆက်လုပ်မယ်” ဟု ပြောလိုက်သည်။
“ဂူး...”
ဟုတ်ဟုတ်က ခေါင်းညိတ်ပြလိုက်ပြီး ၎င်း၏ အရှိန်အဝါကို လျင်မြန်စွာ ဖုံးကွယ်လိုက်ရာ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ကျန်းဟန်သည် လမ်းကြောင်းကို သတ်မှတ်ပြီး လူသူမရှိသော နေရာများဆီသို့သာ တမင်တကာ ရွေးချယ်ထွက်ပြေးခဲ့သည်။
ကျောင်းတည်ရှိရာ အရပ်မှာ မူလကတည်းကပင် လူသူဝေးလံသော နေရာဖြစ်ပြီး သူ၏ တမင်တကာ ရွေးချယ်မှုများကြောင့် မကြာမီမှာပင် သူသည် လူသူမဲ့သော တောအုပ်တစ်ခုထဲသို့ ပြေးဝင်လာခဲ့သည်။
သူ့နောက်မှ လူနှစ်ယောက်မှာမူ သူ့နောက် မီတာ ရှစ်ရာ၊ ကိုးရာခန့် အကွာမှ လိုက်ပါနေကြဆဲ ဖြစ်သည်။
အခန်း ၁၁၆
ကျန်းဟန်က သူတို့ကို မျှားခေါ်နေခြင်းဖြစ်ကြောင်း သူတို့ သိကြသည်။ လက်တွေ့တွင်မူ သူတို့သည် သူတို့၏ အင်အားကို ထုတ်ပြခဲ့ခြင်းမှာလည်း ကျန်းဟန်ကို ဖမ်းဆီးနိုင်ရန်အတွက် မိမိတို့ဘက်က တမင်တကာ မျှားခေါ်သည့် စီမံကိန်းတစ်ခုပင် ဖြစ်သည်။
“မြန်မြန်လုပ်....အဲကောင်လေးက ရှေ့တင်ပဲ။ သူ့နောက်ကို လိုက်ကြ။”
အစိမ်းရောင်ဆံပင်နှင့်လူသည် ကျန်းဟန်၏ ကျောပြင်ကို လှမ်းမြင်လိုက်ရပြီးနောက် အော်ဟစ်လိုက်၏။
“ချုံခိုတိုက်ခိုက်မှာကို သတိထား။ ဒီကောင်က ကျောင်းဘက်ကို တကယ်ထွက်မပြေးဘူး။”
အစိမ်းရောင်ဆံပင်နှင့်လူနှင့် နှိုင်းယှဉ်ပါက ဆံဝါလေးက ပို၍ တည်ငြိမ်ပုံရသည်။ ကျန်းဟန်၏ အပြုအမူက အလွန် ပုံမှန်မဟုတ်ပေ။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ ဒီနေ့လာမယ်ဆိုတာ သူ ဘယ်လိုမှ သိနိုင်မှာမဟုတ်ဘူး။ ဒီကောင်က ခြောက်လှန့်နေတာပဲ ဖြစ်ရမယ်။”
အစမ်းရောင်ဆံပင်နှင့်လူက အလွန် အလျင်စလို ဖြစ်နေ၏။ သူ၏ သားရဲတစ်ကောင်မှာ လွန်ခဲ့သော ရက်ပိုင်းက တောရိုင်းတိုက်ပွဲတစ်ခုတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ဤတစ်ကောင်သာ ကျန်တော့သည်။ အခြားတစ်ကောင်မှာမူ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် ထွက်သက်ဝင်သက်မျှသာ ကျန်တော့သဖြင့် အချိန်မရွေး သေဆုံးသွားနိုင်သည်။ သူသည် ငွေအမြောက်အမြားကို အသည်းအသန် လိုအပ်နေပြီဖြစ်သည်။
ထို့ကြောင့် သူသည် သူ၏ သားရဲ စိမ်းပြာရောင်ဓားသွားဝံပုလွေကို ကျန်းဟန်အား တိုက်ရိုက်တိုက်ခိုက်ပြီး မည်သည့်တန်ဖိုး ပေးရပါစေ ဖမ်းဆီးရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
“မကောင်းတော့ဘူး၊ သတိထား....။”
ကွက်တိ ထိုအချိန်တွင် ထိုနှစ်ယောက်သည် ရှေ့ဘက်မှ ပြင်းထန်သော ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်း စွမ်းရည်တစ်ခုကို ရုတ်တရက် အာရုံခံလိုက်မိ၏။ နောက်တစ်စက္ကန့်တွင် နှစ်ယောက်စလုံးမှာ သွေးများ နောက်ပြန်စီးဆင်းသွားသလို ခံစားလိုက်ရပြီး နှလုံးခုန်သံများ ရပ်တန့်ကာ မလှုပ်ရှားနိုင်တော့ပေ။
“သွားပြီ... ဒီကောင်ရဲ့ ပစ်မှတ်က ငါတို့ပဲ။”
ဆံဝါလေးနှင့် အစိမ်းရောင်ဆံပင်နှင့်လူတို့၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားကြသည်။ ကျန်းဟန်က မြို့နယ်ထဲတွင် လူကို တိုက်ရိုက် တိုက်ခိုက်ဝံ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့မိပေ။ သာမန်အခြေအနေမျိုးတွင်မူ သူတို့သည် ကြောက်ရွံ့မည်မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရန်အတွက် သားရဲများကို ထပ်မံထုတ်လွှတ်နိုင်မည် ဖြစ်သည်။
သို့သော် သူတို့သည် လွန်ခဲ့သော ဆယ်ရက်ခန့်က တောရိုင်းထဲတွင် အခြားသူများနှင့် အသေးစားတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ဖူးပြီး သူတို့၏ သားရဲများမှာ တိုက်ပွဲတွင် သေဆုံးခဲ့ကြရသဖြင့် လက်ရှိတွင် ဤတစ်ကောင်စီသာ လက်ထဲ၌ ကျန်ရှိတော့ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်မှာ အဆင့် ၂ သားရဲထိန်းချုပ်သူမျှသာဖြစ်ပြီး လက်ဝယ်တွင် သားရဲနှစ်ကောင်သာ ရှိကြသည်။ သူတို့၏ အစွမ်းမှာ မမြင့်မားလှပေ။ သို့မဟုတ်ပါက အတိုးကြီးပေးစားသည့် ကုမ္ပဏီတစ်ခု၏ ကြေးစားလူမိုက်များ ဖြစ်လာကြမည်မဟုတ်ပေ။
သာမန်အခြေအနေအရမူ သူတို့၏ အစွမ်းသည် သားရဲထိန်းချုပ်မှုလမ်းစဉ်ပေါ်သို့ စတင်ခြေချခါစဖြစ်သော ကျန်းဟန်ကဲ့သို့ အတွေ့အကြုံနုနယ်သည့် သားရဲထိန်းချုပ်သူတစ်ယောက်ကို ကိုင်တွယ်ရန် လုံလောက်သည်။ အထူးသဖြင့် ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်နှင့် စာချုပ်ချုပ်ဆိုထားသည့် အမှိုက်တစ်ယောက်သာ ဖြစ်သည်ဟု သူတို့ သိထားကြသဖြင့် သူ့ကို လုံးဝ ထည့်မတွက်ခဲ့ကြပေ။
ကျန်းဟန်သည် နဂါးတံခါးကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ကြောင်း သူတို့ မသိကြချေ။ ရက်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာပင် သူ၏ စွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ အင်အားများစွာ လျော့နည်းနေသော ထိုနှစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူ့တွင် မည်သည့်ကြောက်ရွံ့မှုကိုမျှ မခံစားရတော့ပေ။
ထိုနှစ်ယောက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မီးဝိညာဉ်မြွေနှင့် စိမ်းပြာရောင်ဓားသွားဝံပုလွေတို့သည် မိမိတို့သခင်များ အန္တရာယ်ရှိနေသည်ကို အာရုံခံမိသွားကြပြီး ကယ်တင်ရန်အတွက် နောက်သို့ ပြန်လှည့်လာကြရသည်။ မီးဝိညာဉ်မြွေက ပိုမိုမြန်ဆန်သဖြင့် ဆံဝါလေး၏ ဘေးသို့ အရင်ဆုံး ပြန်ရောက်လာခဲ့သော်လည်း စိမ်းပြာရောင်ဓားသွားဝံပုလွေမှာမူ ယခင်က ဟုတ်ဟုတ်၏ ဆုတ်ဖြဲခြင်းကို ခံထားရသဖြင့် ပိုမိုနှေးကွေးနေကာ လမ်းခုလတ်တွင်သာ ရှိနေသေးသည်။
စိမ်းပြာရောင်ဓားသွားဝံပုလွေတစ်ကောင် အစွမ်းကုန် ပြန်ပြေးလာသည့် အချိန်၌ပင် ဟုတ်ဟုတ်သည် ရုတ်တရက် ထပ်မံပေါ်ထွက်လာ၏။ ယခုတစ်ကြိမ်တွင် ၎င်းသည် သွေးနတ်ဆိုး မွေးရာပါစွမ်းရည်ကို အသက်သွင်းလိုက်ပြီး သွေးအပေါ် ထိန်းချုပ်နိုင်စွမ်းကို တိုက်ရိုက်မြှင့်တင်လိုက်ရာ စိမ်းပြာရောင်ဓားသွားဝံပုလွေ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တောင့်တင်းသွားခဲ့ရသည်။
“အာဝူးးးး...”
ကွက်တိ ထိုအခိုက်အတန့်တွင် ဟုတ်ဟုတ်၏ သံလျက်ကဲ့သို့ စူးရှထက်မြက်သော လက်သည်းများ ရောက်ရှိလာပြီး စိမ်းပြာရောင်ဓားသွားဝံပုလွေ၏ လည်ချောင်းထဲသို့ တိုက်ရိုက် ထိုးစိုက်လိုက်ကာ တစ်ချက်တည်းဖြင့် နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။ သွေးများ ပန်းထွက်လာပြီး စိမ်းပြာရောင်ဓားသွားဝံပုလွေသည် မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားကာ ၎င်း၏ အသက်စွမ်းအားများ လျင်မြန်စွာ ဆုတ်ယုတ်သွားတော့သည်။
“မဟုတ်ဘူး... သေစမ်းကွာ...”
အစိမ်းရောင်ဆံပင်နှင့်လူသည် ဒေါသတကြီးသာ အော်ဟစ်လိုက်နိုင်၏။ ယခုအချိန်တွင် သူသည် အလွန်ဝေးကွာသော နေရာ၌ ရှိနေသဖြင့် ကူညီရန် နည်းလမ်းမရှိပေ။ သူ ပြေးသွားသည့်အချိန်တွင် စိမ်းပြာရောင်ဓားသွားဝံပုလွေမှာ သေလုမြောပါး ဖြစ်နေလောက်ပြီဖြစ်ပြီး ၎င်း၏ သွေးများကိုလည်း ဟုတ်ဟုတ်က စုပ်ယူပြီးသွားလောက်ပြီ ဖြစ်သည်။
သူ အလွန် နှေးကွေးသွားခဲ့၏။ အကယ်၍ သူသာ လျင်မြန်စွာ ရောက်ရှိသွားပါက စိမ်းပြာရောင်ဓားသွားဝံပုလွေ အသက်တစ်ရှူစာ ကျန်ရှိနေသေးခြင်းကို အခွင့်ကောင်းယူကာ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်သိမ်းဆည်းပြီး အသက်ကို ခတ္တမျှ ဆက်ထားနိုင်မည် ဖြစ်သည်။
သို့သော် သူ မဝံ့ရဲခဲ့ပေ။ မီးဝိညာဉ်မြွေကို လမ်းကြောင်းအရင်ရှင်းခိုင်းရန်သာ စောင့်ဆိုင်းခဲ့ရသည်။ သူ ရောက်ရှိသွားသည့်အချိန်တွင် စိမ်းပြာရောင်ဓားသွားဝံပုလွေ၏ အလောင်းမှာ အေးစက်နေပြီ ဖြစ်လိမ့်မည်။
“ငလူးမ ခွေးသူတောင်းစား... ငါ့လက်ထဲ မိလို့ကတော့ မင်းကို သေချင်စိတ်ပေါက်သွားအောင် လုပ်ပစ်မယ်ကွ။”
သူသည် ပျံသန်းထွက်ခွာသွားသော ဟုတ်ဟုတ်ကို ကြည့်ကာ ဒေါသတကြီး ကြုံးဝါးလိုက်သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
သူတို့သည် အဆင့် ၃ ခေါင်းဆောင်အဆင့် သားရဲများကို ပိုင်ဆိုင်ထားကြသည်ဆိုသော်လည်း သူတို့ကိုယ်တိုင်မှာမူ အဆင့် ၂ အခြေခံအဆင့် သားရဲထိန်းချုပ်သူမျှသာ ဖြစ်ကြသည်။ သူတို့၏ စိတ်စွမ်းအားမှာ ဆင့်ကဲပြောင်းလဲလာသော ပါရမီရှင်များလောက်ပင် မသန်မာသဖြင့် ယခင်က ဟုတ်ဟုတ်၏ ပုန်းကွယ်ခြင်းစွမ်းရည်ကို ရိပ်မိခြင်းမရှိခဲ့ကြချေ။
ကျန်းဟန်၏ အစီအစဉ်အရ ဟုတ်ဟုတ်သည် ပထမဦးစွာ အရိပ်ပုန်းကွယ်ခြင်း စွမ်းရည်ကို သုံး၍ လမ်းခုလတ်ရှိ အမြဲစိမ်း ဆိုက်ပရပ်စ်ပင်တစ်ပင်တွင် ပုန်းကွယ်နေခဲ့သည်။ မီးဝိညာဉ်မြွေနှင့် စိမ်းပြာရောင်ဓားသွားဝံပုလွေတို့ ဖြတ်သန်းသွားပြီးနောက် ၎င်းသည် သွေးနတ်ဆိုး မွေးရာပါစွမ်းရည်ကို ချက်ချင်းအသက်သွင်းကာ ထိုလူငယ်နှစ်ယောက်ကို တိုက်ခိုက်ခဲ့ပြီး သူတို့၏ သွေးများကို နောက်ပြန်စီးဆင်းသွားစေခဲ့သည်။
၎င်းက ထိုနှစ်ယောက်ကို မိမိတို့အား တိုက်ရိုက်ဖမ်းဆီးတော့မည်ဟု မှားယွင်းယုံကြည်သွားစေခဲ့သည်။ ကျန်းဟန် မျှော်လင့်ထားသည့်အတိုင်းပင် သူတို့တွင် ခုခံကာကွယ်ရန် အခြားသားရဲမရှိတော့သဖြင့် မိမိတို့၏ သားရဲများကို ကာကွယ်ရန်အတွက် နောက်သို့ ပြန်လည်စေလွှတ်ခဲ့ရသည်။
သားရဲများ ကာကွယ်ရန် ပြန်လာသည့် လုပ်ငန်းစဉ်အတွင်းတွင် သူတို့သည် တိုက်ခိုက်စဉ်ကကဲ့သို့ တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် ပံ့ပိုးကူညီနိုင်ခြင်းမရှိတော့ရာ ၎င်းက ဟုတ်ဟုတ်အား တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်မည့် အခွင့်အရေးကို ပေးစွမ်းခဲ့လေသည်။
လက်တွေ့တွင်မူ မြို့နယ်အတွင်း၌ သားရဲထိန်းချုပ်သူတစ်ယောက်ကို တိုက်ခိုက်ခြင်းမှာ အလွန်ကြီးမားသော ပြစ်မှုတစ်ခု ဖြစ်မနေပါက ကျန်းဟန်သည် ဟုတ်ဟုတ်အား လူကို တိုက်ရိုက်တိုက်ခိုက်ခိုင်းမိမည် ဖြစ်သည်။
“ကောင်လေး... စိမ်းပြာရောင်ဓားသွားဝံပုလွေတစ်ကောင်ကို ရှင်းပစ်လိုက်ရုံနဲ့ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်ပြီလို့ မင်း ထင်နေတာလား။”
ဆံဝါလေးသည် ပြေးနေရာမှ ရပ်တန့်သွားသော ကျန်းဟန်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်၏။
“ခေါင်းဆောင်အဆင့်နဲ့ လက်ရွေးစင်အဆင့် သားရဲကြားက ကွာဟချက်ကို မင်း သဲသဲကွဲကွဲ မသိသေးတဲ့ပုံပဲ။ ငါ မင်းကို သင်ခန်းစာပေးရသေးတာပေါ့။”
“ငါ မင်းနဲ့ တိုက်ခိုက်ချင်တယ်လို့ ဘယ်သူပြောလဲ။ ငါက အခုနက ငါ့သားရဲကို လေ့ကျင့်ပေးနေရုံ သက်သက်ပဲ။”
ကျန်းဟန်က ထိုနှစ်ယောက်ကို နောက်ပြောင်ကျီစယ်သော အပြုံးဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ ဘယ်ဘက်မျက်နှာစာဘက်သို့ လှည့်ကြည့်ကာ လှမ်းအော်လိုက်သည်။
“ဆရာလီဖုန်း... ကျွန်တော့်ကို အမြဲ ပစ်မှတ်ထားနေတဲ့သူတွေက သူတို့ပဲ။”
“ဘာ... အနောက်မှာ တကယ်ပဲ ခြုံခိုတိုက်ခိုက်မယ့်သူ ရှိနေတာလား။”
ဆံဝါလေး၏ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး ကျန်းဟန် ညွှန်ပြသည့် ဘက်သို့ စူးစူးစိုက်စိုက် လှည့်ကြည့်လိုက်သည်။ သူသည် ကျန်းဟန်၏ အပြုအမူကို ပုံမှန်မဟုတ်ဟု ခံစားနေရသည်မှာ ကြာပြီဖြစ်ရာ ယခုကြည့်ရသည်မှာ ဤကောင်လေးက ထောင်ချောက်တစ်ခု အမှန်တကယ် ပြင်ဆင်ထားပုံရသည်။
“ဂူး...”
သို့သော် နောက်တစ်စက္ကန့်တွင် သူ ရရှိလိုက်သော တုံ့ပြန်မှုမှာ ဟုတ်ဟုတ်၏ ထပ်မံပြုလုပ်လိုက်သော ချုံခိုတိုက်ခိုက်မှုသာ ဖြစ်သည်။ ၎င်းသည် မီးဝိညာဉ်မြွေ၏ အပေါ်တည့်တည့်သို့ တိုက်ရိုက်ပြေးဝင်သွားပြီး ၎င်း၏ လက်သည်းများမှာ တလက်လက်တောက်ပနေကာ ဆုတ်ဖြဲလက်သည်း တိုက်ကွက်ကို သုံးတော့မည့် ပုံစံမျိုး ဖြစ်နေသည်။
“ဒါက ငါ့အာရုံကို လွှဲဖို့ ခြောက်လှန့်တာသက်သက်ပဲ။ ဟွန့်... ဒီလိုမျိုးနဲ့ နိုင်မယ်လို့ ထင်နေတာလား။ မင်း ငါ့ရဲ့ စွမ်းအားကို ဘာမှမသိသေးဘူးကွ။”
ဆံဝါလေးသည် ၎င်းကို ရိပ်မိသွားပြီးနောက် အထင်သေးစွာ ရယ်မောလိုက်သည်။ သူ အမိန့်ပေးရန်ပင် မလိုဘဲ မီးဝိညာဉ်မြွေသည် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ပြီးသား ဖြစ်သည်။ ကျန်းဟန်သည် ဤနည်းလမ်းဖြင့် မီးဝိညာဉ်မြွေကို အနိုင်ယူရန် ကြိုးစားနေခြင်းမှာ စိတ်ကူးယဉ်နေခြင်း သက်သက်သာ ဖြစ်သည်။
ဟုတ်ဟုတ်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း မီးဝိညာဉ်မြွေမှာ မကြောက်ရွံ့ပေ။ ၎င်းသည် ပါးစပ်ကို ဟကာ ဟုတ်ဟုတ်ထံသို့ မီးလုံးသုံးလုံး ဆက်တိုက် ပစ်လွှတ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဟုတ်ဟုတ်၏ မျက်လုံးများထဲ၌ အနီရောင် အလင်းတန်းများ ဖျတ်ခနဲ လက်သွားပြီး သွေးရောင်အရိပ်တစ်ခုက ထိုမီးလုံးများကို ဖြတ်သန်းကာ မီးဝိညာဉ်မြွေ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဟုတ်ဟုတ်၏ ခန္ဓာကိုယ်မှာလည်း မီးလုံးတစ်လုံး ထိမှန်သွားခဲ့သော်လည်း ၎င်း၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် သွေးရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး မီးတောက်များကို လျင်မြန်စွာ ငြှိမ်းသတ်ကာ ဒဏ်ရာရသွားသော အမွေးအတောင်များကို ပြန်လည်ပြုပြင်ပေးလိုက်သည်။ အကြောင်းမှာ သွေးနတ်ဆိုး မွေးရာစွမ်းရည်အောက်တွင် ဟုတ်ဟုတ်၏ စွမ်းရည်အားလုံးမှာ သုံးဆအထိ မြင့်တက်သွားခြင်းကြောင့်ဖြစ်ပြီး အခုနက စိမ်းပြာရောင်ဓားသွားဝံပုလွေ၏ သွေးများမှာ ကုန်ကြမ်းအဖြစ် အသုံးတော်ခံသွားခဲ့ရသည်။
“ရှူး... ရှူး...”
သွေးရောင်အရိပ် စွမ်းရည်ဖြင့် ထပ်မံထိမှန်ခံလိုက်ရသဖြင့် မီးဝိညာဉ်မြွေ၏ သွေးများမှာ ပွက်ပွက်ဆူလာပြီး နောက်ပြန်စီးဆင်းကုန်၏။ ၎င်း၏ သားရဲအမြုတေပေါ်တွင်လည်း အမည်းရောင် ဝိညာဉ်စွမ်းအား တစ်လွှာ ကပ်ငြိသွားခဲ့သည်။ ၎င်းသည် ယခင်က သွေးရောင်အရိပ်စွမ်းရည်ကို တစ်ကြိမ် ထိမှန်ထားဖူးသဖြင့် ယခုတစ်ကြိမ် စွမ်းအားမှာ များစွာ ပိုမိုပြင်းထန်သွားခဲ့သည်။
၎င်း၏ မီးဝိညာဉ်အသွင်ပြောင်းလဲခြင်း စွမ်းရည်သည် ဆိုးကျိုးသက်ရောက်မှုအားလုံးကို ချက်ချင်း မရှင်းလင်းနိုင်ပေ။ ၎င်းက အစိတ်အပိုင်းအချို့ကိုသာ ဖြေရှင်းပေးနိုင်ပြီး ကျန်ရှိသောအရာများကိုမူ တိုက်ပွဲပြီးဆုံးချိန်အထိ ဖိနှိပ်ထားပြီးမှ ပေါက်ကွဲထွက်စေမည် ဖြစ်သည်။ သို့သော် ယခုအခါ ၎င်းက စောစီးစွာ ပေါက်ကွဲသွားခဲ့ရလေပြီသည်။ ၎င်း၏ မီးဝိညာဉ်အသွင်ပြောင်းလဲခြင်းက ဝိညာဉ်စွမ်းအား အမြောက်အမြား ကုန်ဆုံးစေခဲ့သည့် အချက်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ မီးဝိညာဉ်မြွေသည် တိုက်ရိုက်ပင် လဲကျသွားပြီး ပြင်းထန်စွာ တွန့်လိမ်၍ ရှူးရှူးမြည်ရင်း တိုက်ခိုက်ရေးစွမ်းအား လုံးဝ ကင်းမဲ့သွားခဲ့ရတော့သည်။
“ဒါ... ဒါ မဖြစ်နိုင်ဘူး။ လက်ရွေးစင်အဆင့် သားရဲတစ်ကောင်က ဒုတိယအကြိမ် ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို တကယ် လုပ်တယ် ဟုတ်လား။”
ဆံဝါလေး၏ မျက်နှာအမူအရာမှာ အထင်သေးရာမှသည် မှင်တက်သွားခြင်းသို့...ထို့နောက် ထိတ်လန့်တုန်လှုပ်ခြင်းသို့ ပြောင်းလဲသွားပြီး ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များပင် စွန်းထင်လာခဲ့သည်။
ကျန်းဟန်က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။ ဒါက လွန်ခဲ့တဲ့ ရက်ပေါင်း နှစ်ဆယ်ကျော်က သူ့လက်ခုပ်ထဲက ရေလို လွယ်လွယ်ကူကူ ကစားလို့ရခဲ့တဲ့ ကောင်လေးရော ဟုတ်ရဲ့လား။
သူသည် ကျန်းဟန်၏ စွမ်းအားကို ဘာမှမသိခဲ့ခြင်း ဖြစ်ပုံရသည်။ အစမှအဆုံးတိုင်အောင် သူသည် တစ်ဖက်လူ၏ ဦးဆောင်မှုနောက်သို့သာ ပါသွားခဲ့ပြီး တစ်ချိန်လုံး ဖိနှိပ်ခြင်းကိုသာ ခံခဲ့ရပေသည်။