← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း ၁၁၇

“ရှူး... ရှူး...”

ဆံဝါလေးတစ်ယောက် ထိတ်လန့်တုန်လှုပ်လျက် မှင်တက်ကာ မတ်တပ်ရပ်နေစဉ်မှာပင် မီးဝိညာဉ်မြွေသည် နောက်ထပ်တစ်ကြိမ် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြန်သည်။ ဟုတါး်ဟုတ်သည် မီးဝိညာဉ်မြွေတွင် တိုက်ခိုက်ရေးစွမ်းရည် လုံးဝမရှိတော့ကြောင်း ရိပ်မိသွားပြီးနောက် ၎င်းသည် နောက်ထပ်တစ်ချက် အပြတ်တိုက်ခိုက်ရန် အပေါ်မှ ပျံသန်းဆင်းသက်လာခဲ့ပြီး မြွေ၏ ရင်ဘတ်မှ အသားတုံးကြီးတစ်တုံး ဆုတ်ဖြဲပစ်လိုက်ရာ သွေးများ ဒလဟောပန်းထွက်လာခဲ့တော့သည်။

“သေစမ်း... မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲကွ။”

ဆံဝါလေးသည် ရွေးချယ်စရာမရှိတော့သည့်အဆုံး မီးဝိညာဉ်မြွေကို သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ရသည်။ သူသည် ကျန်းဟန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း သူ၏ စကားလုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များက အထင်အရှား စိမ့်ဝင်နေခဲ့သည်။

ကျန်းဟန်၏ စွမ်းဆောင်ရည်က သူ ကျောင်းတက်ခဲ့စဉ် ထိပ်သီးပါရမီရှင်များ၏ ဖိနှိပ်ချုပ်ကိုင်မှုကို ခံခဲ့ရစဉ်က ခံစားခဲ့ရသော ကြောက်ရွံ့မှုကို ပြန်လည်သတိရစေခဲ့သည်။

“မင်းတို့သိသမျှ အကုန်လုံး ငါ့ကို ပြောပြစမ်း။ ဒါဆိုရင် မင်းတို့ကို မသတ်ဘဲ လွှတ်ပေးဖို့ ငါ စဉ်းစားပေးမယ်။”

ကျန်းဟန်က ထိုနှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။ ဟုတ်ဟုတ်သည် ကောင်းကင်တွင် ဝဲပျံနေပြီး သူတို့ကို အပိုင်ချုပ်ထား၏။ အကယ်၍ သူတို့ဘက်က အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် ဟုတ်ဟုတ်က ချက်ချင်း လက်ဦးမှုယူ တိုက်ခိုက်မည် ဖြစ်သည်။

“တကယ်တော့... ငါတို့ ဒီတစ်ခေါက် မင်းကို လာရှာတာက ပိုက်ဆံအပိုအလျှံလေး ရမလားဆိုပြီး ငါတို့ဘာသာ ငါတို့ လာခဲ့ကြတာပါ။ ငါတို့ရဲ့ မူလအထက်လူကြီးတွေ... အဲဒီ အတိုးကြီးပေးစားတဲ့ ကုမ္ပဏီကို ထောင်ထားတဲ့ လူသုံးယောက်က လွန်ခဲ့တဲ့ ရက်ပိုင်းက ကန်မြို့နားက တောရိုင်းထဲမှာ အရမ်းရှားပါးတဲ့ ရတနာတစ်ခုကြောင့် လူတစ်စုနဲ့ ပဋိပက္ခဖြစ်ခဲ့ကြတယ်။ ကုမ္ပဏီဘက်က အထိနာသွားပြီး အကြီးအကဲ သုံးယောက်ထဲက တစ်ယောက် သေသွားခဲ့တယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်။

ကုမ္ပဏီရဲ့ လက်အောက်ငယ်သား အများစုလည်း အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ ငါတို့က ကံကောင်းလို့ လွတ်လာခဲ့တာပဲ။ အဲဒါကြောင့် မင်းကို လာပြီး ငွေညှစ်ဖို့ စိတ်ကူးမိသွားတာ။”

အစိမ်းရောင်ဆံပင်နှင့်လူက ပထမဆုံး စပြောလိုက်သည်။ အောက်ခြေအဆင့် ကြေးစားလူမိုက် သားရဲထိန်းချုပ်သူများ ဖြစ်ကြသည့်အတိုင်း သူတို့သည် အခြေအနေကို အကဲခတ်ရာတွင် အလွန် ကျွမ်းကျင်ကြသည်။ သူတို့သည် မိမိတို့၏ မုန်းတီးမှုနှင့် ဒေါသများကို လျင်မြန်စွာ ဖိနှိပ်လိုက်ကြပြီး ကျန်းဟန်ရှေ့တွင် ခေါင်းငုံ့ အညံခံလိုက်ကြတော့သည်။

“ဘာရတနာမို့လို့လဲ။”

ကျန်းဟန်သည် ထိုသတင်းကြောင့် အနည်းငယ် အံ့ဩသွားခဲ့၏။ ကြားရသလောက်ဆိုလျှင် ဤတိုက်ပွဲ၏ ပမာဏမှာ တော်တော်လေး ကြီးမားပုံရသော်လည်း မည်သည့် သတင်း သို့မဟုတ် ကောလာဟလမျှ ထွက်ပေါ်မလာခဲ့ချေ။ နှစ်ဦးနှစ်ဖက်စလုံးက လျှို့ဝှက်ချက်ကို အလွန် ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့ကြပုံရသည်။

နောက်ဆက်တွဲ အမေးအဖြေများ ပြုလုပ်ပြီးနောက် ကျန်းဟန် ၎င်းကို အတည်ပြုနိုင်ခဲ့သည်။ သူတို့သည် ထိုနေရာသို့ မသွားရသေးခင်အထိ တိုက်ပွဲ၏ ရည်ရွယ်ချက်ကိုပင် မသိရှိခဲ့ကြချေ။

“ငါတို့လည်း အသေအချာတော့ မသိဘူး။ ဒါပေမဲ့ ကုမ္ပဏီထဲက စီနီယာတချို့ ပြောတာ ကြားရသလောက်တော့ အဲဒါက သက်တမ်းတိုးတာနဲ့ ပတ်သက်တဲ့ ရတနာတစ်ခု ဖြစ်ဖို့များတယ်။ အချို့ကလည်း အဲဒါက အရမ်းရှားပါးတဲ့ ကံတရားအမျိုးအစား သားရဲတစ်ကောင်လို့ ပြောကြတယ်။ အဲဒါက တကယ်တမ်း ဘာလဲဆိုတာကိုတော့ ငါတို့မသိဘူး။ ပြီးတော့ အဲဒီအရာက မြေအောက်က သားရဲထိန်းချုပ်ခြင်း လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတာမို့လို့ ငါတို့လည်း မမြင်ခဲ့ရဘူး။

ဒါပေမဲ့ ငါ သံသယဖြစ်မိတာကတော့ အဲဒီအရာက သက်တမ်းတိုးစေတဲ့ အရာတစ်ခု ဖြစ်ဖို့ အလားအလာ အများဆုံးပဲ။ မဟုတ်ရင် ငါတို့ အထက်လူကြီးတွေက ဒီလောက်အထိ အသက်စွန့်ပြီး တိုက်ခိုက်ကြမှာ မဟုတ်ဘူး။”

ဤနေရာတွင် ဆံဝါလေးက ဝင်ရောက်ပြောဆိုလိုက်သည်။ ထိုတိုက်ပွဲကြီးအကြောင်းကို ပြောဆိုရာတွင် သူ၏ အမူအရာမှာ မိန်းမောတွေဝေသွားခဲ့ရသည်။ အကြောင်းမှာ သူတို့၏ ပြိုင်ဘက်များသည် အမှန်တကယ် အလွန် ဆန်းကြယ်လွန်းသောကြောင့်ပင်။ သူတို့သည် ထိုသားရဲအများစုကို တစ်ခါမျှ မမြင်ဖူးခဲ့ကြသည့်အပြင် ၎င်းတို့၏ စွမ်းရည်များမှာလည်း စိတ်ကူး၍ပင်မရနိုင်အောင် ဖြစ်ခဲ့ရသည်။ အထူးသဖြင့် ကျိန်စာတိုက်ခြင်းပါရမီ ဖြစ်သည်။ အလွန်ဝေးကွာသော အကွာအဝေးတစ်ခုကနေ ပိတ်ဆို့ထားခြင်း ခံရသော်လည်း သူတို့သည် မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိဘဲ အမျိုးမျိုးသော ကျိန်စာများကို မလွှဲမရှောင်သာ ထိမှန်ခဲ့ကြရသည်။

“သက်တမ်းတိုးစေတဲ့ အရာ ဟုတ်လား။”

ကျန်းဟန်က စူးစမ်းလိုသော အမူအရာဖြင့် ကြည့်လိုက်သည်။ ဤကဲ့သို့သော အရာမျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

သားရဲထိန်းချုပ်သူများအတွက် အဆင့် ၅ ဘွဲ့ရအဆင့် သားရဲထိန်းချုပ်သူ မဖြစ်လာမီအထိ လူတစ်ယောက်၏ သက်တမ်းသည် ကျင့်ကြံခြင်းအဆင့်နှင့်အတူ ပြောင်းလဲခြင်းမရှိဘဲ သာမန်လူသားတစ်ယောက်နှင့် ဆင်တူသည်။

အဆင့် ၅ ကို ရောက်ရှိပြီးနောက်တွင်မူ အဆင့်တစ်ခု တိုးတက်လာတိုင်း သက်တမ်းမှာ ဆယ်နှစ်ခန့် တိုးလာတတ်သည်။ သားရဲများထံမှ ပြန်လည်ရရှိသော စွမ်းအင်တုံ့ပြန်မှုများက လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို သန်မာစေနိုင်သော်လည်း သက်တမ်းတိုးလာမှုမှာမူ ထူးထူးခြားခြား ကြီးမားခြင်းမရှိပေ။

သို့သော် သားရဲများ၏ စွမ်းပကားကြောင့် အဆင့်မြင့် သားရဲထိန်းချုပ်သူများသည် အိုမင်းရင့်ရော်မှု အလွန်နှေးကွေးကြ၏။ အသက် တစ်ရာနီးပါး ရှိနေလျှင်ပင် သူတို့၏ ရုပ်ရည်မှာ အသက် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့်ဟုသာ ထင်ရတတ်ပြီး ထာဝရ နုပျိုမှုကို ထိန်းသိမ်းထားနိုင်သည့် အထူးနည်းလမ်းအချို့ပင် ရှိကြသေးသည်။

သို့သော် လူတစ်ယောက်၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု မည်မျှပင် ပြောင်းလဲပါစေ သူတို့၏ အသက်သက်တမ်းမှာမူ တိုတောင်းနေဆဲပင်။

လက်ရှိတွင် အားအကောင်းဆုံး အဆင့် ၇ အထွတ်အထိပ် သားရဲထိန်းချုပ်သူများပင်လျှင် သာမန်လူများထက် အသက် နှစ်ဆယ်ခန့်သာ ပိုမို အသက်ရှည်ကြသည်။ အချို့က သုံးသပ်ကြသည်မှာ သားရဲထိန်းချုပ်သူများသည် သားရဲအမြောက်အမြားထံမှ စွမ်းအင်တုံ့ပြန်မှုများကို လက်ခံရရှိကြသဖြင့် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ရောနှောပြီး မသန့်စင်ဘဲ ဖြစ်သွားရခြင်းကြောင့်ဟု ဆိုကြသည်။ ပိုမိုမြင့်မားသော မော်ကွမန်းအဆင့် သို့မဟုတ် ဒဏ္ဍာရီအဆင့်များသို့ ရောက်ရှိမှသာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ပေါင်းစပ်နိုင်ပြီး ထာဝရအသက်ကို ရရှိနိုင်မည် ဖြစ်သည်။

သို့သော် မည်သူမျှ အသေးစိတ်ကို မသိကြပေ။ အကြောင်းမှာ အဆင့်မြင့် သားရဲထိန်းချုပ်သူများ၏ လျှို့ဝှက်ချက်များကို လူသိရှင်ကြား ထုတ်ဖော်ခဲလှပြီး ယခုအချိန်အထိ မည်သူမျှလည်း မော်ကွန်းအဆင့်သို့ ရောက်ရှိခဲ့ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။

သို့သော်လည်း သက်တမ်းပိုမိုရှည်ကြာလာစေရန် နည်းလမ်းတစ်ခုတော့ ရှိသေးသည်။ ၎င်းမှာ အလွန်ထူးခြားဆန်းကြယ်သည့် သက်တမ်းတိုးစေသော ဝိညာဉ်ဆေးပင်အချို့ကို အသုံးပြုခြင်းပင် ဖြစ်သည်။ ဤကောလာဟလမှာ လွန်ခဲ့သော အနှစ် ၂၀ ခန့်ကမှ စတင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်ပတ်သက်သော အချက်အလက်များကိုမူ လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားဆဲပင်။ လူတစ်ယောက်၏ စွမ်းအားသည် အတိုင်းအတာတစ်ခုအထိ မမြင့်မားမချင်း ယင်း၏နောက်ကွယ်မှ လျှို့ဝှက်ချက်များကို သိရှိရန် ခက်ခဲလှသည်။

အလွန်ဆုံးရှိလှမှ မှန်ကန်မှု ရှိ၊ မရှိ ဝေခွဲရခက်သော ကောလာဟလများကိုသာ ကြားရတတ်၏။ ၎င်းမှာ သတင်းအချက်အလက် ပိတ်ဆို့မှုပင် ဖြစ်သည်။ အရာအားလုံး ရှိနေပုံရသော အင်တာနက်ကြီးကို ကြည့်ပြီး အလှည့်စားမခံပါနှင့်။ အထက်တန်းလွှာနှင့် အောက်ခြေလူတန်းစားကြားရှိ သတင်းအချက်အလက် ပိတ်ဆို့မှုမှာ အလွန်ပင် ပြင်းထန်လှသည်။ အောက်ခြေအဆင့်လူများသည် အချို့သော လျှို့ဝှက်အချက်အလက်များကို လုံးဝ သိရှိခွင့်မရကြချေ။

“ငါတို့လည်း အသေးစိတ်ကို သိပ်မရှင်းဘူး။ ငါတို့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ အကြီးအကဲတစ်ယောက် သေဆုံးပြီး ကျန်တဲ့ နှစ်ယောက်ကတော့ ဘာဖြစ်သွားမှန်း မသိရဘူး။ လူအများစုလည်း အသတ်ခံလိုက်ရတယ်။ ငါတို့က အပြင်ဘက်ဆုံး အစွန်အဖျားမှာ ကင်းစောင့်နေခဲ့လို့သာ သီသီလေး ထွက်ပြေးလွတ်မြောက်လာခဲ့တာ။”

အစိမ်းရောက်ဆံပင်နှင့်လူက ပြောလိုက်သည်။

“ဒီလိုလား... မင်းတို့နှစ်ယောက်က တကယ် သတ္တိကောင်းတာပဲ။ ငါ့ကို လာပြီး ငွေညှစ်ရဲတယ်ပေါ့။”

ကျန်းဟန်က သူတို့နှစ်ယောက်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။

“ဒါဆိုရင် မင်းတို့ကို ငါ အရင်က စုံစမ်းခိုင်းထားတဲ့ သားရဲကုန်သည်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကရော ဘာဖြစ်သွားပြီလဲ။”

ထိုနှစ်ယောက်သည် ကျန်းဟန်ကို အနည်းငယ် ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်မိကြသည်။

“ငါတို့ စုံစမ်းဖို့ အခွင့်အရေး မရသေးဘူး။ ပြန်ရောက်တဲ့နေ့မှာတင် တောရိုင်းထဲကို သွားပြီး တိုက်ခိုက်ဖို့ ဆင့်ခေါ်ခြင်း ခံလိုက်ရလို့ပါ။”

သူတို့က သတိကြီးစွာဖြင့် ပြန်ဖြေလိုက်ကြသည်။

ဤသတင်းက ကျန်းဟန်ကို အလွန် မကျေမနပ် ဖြစ်သွားစေ၏။ သူသည် သူ့ကို ကျောက်စိမ်းပိုးကောင် ရောင်းချခဲ့သော သားရဲကုန်သည်အပေါ် ယခုထက်ထိ ကလဲ့စားချေလိုစိတ် ရှိနေဆဲပင်။ သူ၏ ကမ္ဘာကူးပြောင်းလာခြင်းမှာ ထိုသားရဲကုန်သည်ကြောင့် ဖြစ်ရသည်ဆိုလျှင်ပင် မမှားချေ။

အကယ်၍ ထိုကုန်သည်သာ နယ်သာလျှပ်စီးလိပ်ပြာသားလောင်း အတုကို မရောင်းချခဲ့ပါက မူလခန္ဓာပိုင်ရှင်မှာ စိတ်ပျက်အားငယ်ပြီး မြစ်ထဲသို့ ခုန်ချလိမ့်မည်မဟုတ်သလို သူသည်လည်း မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိဘဲ ဤကမ္ဘာသို့ ကူးပြောင်းလာရလိမ့်မည် မဟုတ်ပေ။

သို့သော် ၎င်းတို့မှာ သီးခြား ကိစ္စရပ်နှစ်ခု ဖြစ်သည်။ ထို့အပြင် သူ၏ ရင်ထဲတွင် အမြဲတမ်း ငြိုးတေးနာကြည်းမှုတစ်ခု ရှိနေသည်ဟု ခံစားနေရသည်။ ၎င်းမှာ ထိုသားရဲကုန်သည်အပေါ် ထားရှိသော မူလခန္ဓာပိုင်ရှင်၏ မုန်းတီးနာကြည်းမှု ဖြစ်ပုံရသည်။

ထို့ကြောင့် ထိုသားရဲကုန်သည်ကို ရှာဖွေကာ ကလဲ့စားချေရန်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ထိုသားရဲကုန်သည်ကို ကလဲ့စားချေလိုက်ခြင်းက သူ့အတွက် ဒြပ်မဲ့အကျိုးကျေးဇူးအချို့ကို ဆောင်ကြဉ်းပေးလိမ့်မည်ဟု ကျန်းဟန် ခံစားနေရသည်။

သို့သော် ယခုအခါ မည်သည့် သဲလွန်စမျှ မရှိတော့သဖြင့် ၎င်းက သူ့ကို အလွန် ဒေါသထွက်စေပြီး ရင်ထဲရှိ နာကြည်းမှုများမှာလည်း ပိုမိုပြင်းထန်လာပုံရသည်။

“စုံစမ်းဖို့ အခွင့်အရေး မရသေးဘူး ဟုတ်လား။ ဒါဆိုရင် မင်းတို့က ငါ့အတွက် ဘာအသုံးဝင်တော့မှာလဲ။”

ကျန်းဟန်၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်သွားပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့၏။ ဤပတ်ဝန်းကျင်တွင် လူသူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ဤနှစ်ယောက်မှာလည်း လူမိုက်များသာဖြစ်ပြီး အကယ်၍ သူတို့ကို ဤနေရာတွင် သတ်ဖြတ်ပြီး အစအနဖျောက်ကာ သန့်ရှင်းရေးလုပ်လိုက်ပါက မည်သူမျှ သေချာပေါက် သိရှိနိုင်မည်မဟုတ်ပေ။

“အစ်ကိုကြီး... ကျွန်တော်တို့ရ အသုံးဝင်ပါသေးတယ်။ အရမ်း အသုံးဝင်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ အထက်လူကြီးရဲ့ ခြံဝင်းထဲမှာ သွေးဂုဏ်သတ္တိရှိတဲ့ သွေးအနှစ်သာရသစ်သီးပင်တစ်ပင် ရှိတာကို ကျွန်တော်တို့ သိထားတယ်။ အဲဒီအရာက သွေးဂုဏ်သတ္တိရှိတဲ့ သားရဲတွေကို ခေါင်းဆောင်အဆင့်ကို လျင်မြန်စွာ အဆင့်တက်နိုင်အောင် ကူညီပံ့ပိုးပေးနိုင်တယ်ဆိုတာ အစ်ကိုကြီးလည်း သိမှာပါ။ အစ်ကိုကြီးအနေနဲ့ အဲဒါကို တကယ်လိုအပ်နေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။”

ဆံဝါလေးသည် ကျန်းဟန်၏ သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်မိပြီး အချက်အလက်တစ်ခုကို အလောတကြီး ထုတ်ပြောလိုက်ရသည်။ အသက်ရှင်နိုင်ရန်အတွက် မိမိကိုယ်ကိုယ် အသုံးဝင်ကြောင်း သက်သေပြရမည်ကို သူ ကောင်းစွာသိသဖြင့် ဤသဲလွန်စကို ဉာဏ်ဆင်၍ ညှစ်ထုတ်လိုက်ခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အဲဒါက ကျွန်တော်တို့ အထက်လူကြီးက သူ့လက်အောက်ငယ်သားတွေရဲ့ သားရဲတွေ လျင်မြန်စွာ အဆင့်တက်နိုင်ဖို့ ကူညီပံ့ပိုးပေးဖို့ မွေးမြူထားတာပါ။ ဒါက အရမ်း အဖိုးတန်တဲ့ ဝိညာဉ်သစ်ပင်ပဲ။ အရင်က သူတို့ကို အစာကျွေးဖို့ ကူညီပေးတုန်းက ကျွန်တော်တို့ တိုက်တိုက်ဆိုင်ဆိုင် မြင်ခဲ့ရတာပါ။ အခု အထက်လူကြီးက ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ပျောက်ဆုံးနေပြီး အဲဒီနေရာကို သိတဲ့လူလည်း အရမ်းနည်းတယ်။ ကျွန်တော်တို့လည်း မူလက သားရဲတွေ ဒဏ်ရာပျောက်ကင်းသွားရင် အဲဒီနေရာကို သွားဖို့ စီစဉ်ထားတာပါ။

အဲဒီနေရာမှာ သွေးအနှစ်သာရသစ်သီးပင်တင်မကဘူး အခြား ရတနာတွေလည်း အများကြီး ရှိသေးတယ်။ ကျွန်တော်တို့ အစ်ကိုကြီးအတွက် လမ်းပြပေးနိုင်သလို ကူညီပေးလို့လည်း ရပါတယ်။ အခု ကျွန်တော်တို့ သူဌေးလည်း သေသွားပြီဆိုတော့ အစ်ကိုကြီး ကျန်းဟန်သာ စိတ်မရှိရင် ကျွန်တော်တို့ အစ်ကိုကြီးကိုပဲ ဆရာတင်ပြီး နောက်လိုက်လုပ်ပါရစေ။”

အစိမ်းရောင်ဆံပင်နှင့်လူကလည်း ပျာပျာသလဲ ဝင်ရောက်ထောက်ခံလိုက်သည်။ သူ၏ သားရဲတစ်ကောင်မှာ ကျန်းဟန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဆိုသော်လည်း သူ၏ အသက်ရှင်သန်လိုသော ပင်ကိုယ်သိစိတ်က ထိုမုန်းတီးမှုများကို မေ့ပျောက်စေခဲ့ပြီး လက်ရှိ ကြုံတွေ့နေရသော အသက်အန္တရာယ် အကျပ်အတည်းကိုသာ အရင်ဆုံး ကျော်လွှားလိုတော့သည်။

အခန်း ၁၁၈

“အို... ဟုတ်လား။”

ကျန်းဟန်က အမူအရာမဲ့စွာဖြင့် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

“သေချာတာပေါ့။ ကျွန်တော်တို့ အသက်နဲ့ရင်းပြီး ကျိန်ဆိုဝံ့ပါတယ်။”

ထိုနှစ်ယောက်က တပြိုင်နက်တည်း ပြောလိုက်ကြသည်။

“မင်းတို့နှစ်ယောက်က ငါ့ကို ငတုံးလို့ ထင်နေတာလား။”

ကျန်းဟန်၏ မျက်နှာပေါ်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့ကို စိုက်ကြည့်လိုက်သည်။

အကယ်၍ သွေးအနှစ်သာရသစ်သီးကို ရဖို့ ထိုမျှလောက် လွယ်ကူနေလျှင် ဤနှစ်ယောက်သည် ၎င်းကို ယူပြီး ရောင်းစားခဲ့ကြမည် မဟုတ်ပါလော။ ဘာဖြစ်လို့ သူတို့က ပိုက်ဆံတောင်းဖို့ ဤမျှအဝေးကြီးကို လာကြရဦးမည်နည်း။

“တကယ်တော့ ငါ သေချာစဉ်းစားကြည့်ပြီးပြီ။ မင်းတို့နှစ်ယောက်မှာ အကြီးအကျယ် ပြဿနာရှိနေတာကို ငါ သတိထားမိလိုက်တယ်။ ငါ့မှာ ပိုက်ဆံမရှိနိုင်ဘူးဆိုတာကို သိသိကြီးနဲ့ မင်းတို့က ငါ့ကို လာရှာနေတုန်းပဲ။ မင်းတို့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ။”

ကျန်းဟန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခု တိုးဝင်လာခဲ့သည်။

ဤနှစ်ယောက်မှာ သူ့ကို လာရောက်စမ်းသပ်ရန် ကိရိယာ သက်သက်သာဖြစ်ပြီး တကယ့် လက်မည်းကြီးမှာ မှောင်ရိပ်ထဲတွင် ရှိနေဆဲဖြစ်ကာ ထိုလက်မည်းကြီးက သူ၏ လှုပ်ရှားမှုမှန်သမျှကို ကြိုတင်တွက်ချက်ထားပြီးဖြစ်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

သို့သော်လည်း သူသည် ထပ်မံတွေးတောမိလိုက်ပြီး ၎င်းက မဖြစ်နိုင်သလောက်ပင်။ သူက ထင်ရှားကျော်ကြားခြင်းမရှိသည့် သာမန်ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ ထိုလက်မည်းကြီးက သူ့ကို ဘာဖြစ်လို့ လာရှာနေရမည်နည်း။

သူ့မှာ သူတို့ကို လှုပ်ရှားလာရလောက်အောင် အဖိုးတန်တဲ့ ဘယ်လို အကျိုးအမြတ်မျိုး ရှိနေလို့လဲ။

ဒါ... ပိုင်လင်းကြောင့်များလား။ ဒါပေမဲ့ ဒါကလည်း ယုတ္တိမတန်ပြန်ဘူး။ ပိုင်လင်း နဂါးအဖြစ် ဆင့်ကဲပြောင်းလဲသွားတဲ့ကိစ္စက ဘယ်လိုမှ မပေါက်ကြားနိုင်ဘူး။

ကျန်းဟန်က အထပ်ထပ် တွေးတောကြည့်ပြီးနောက် ပိုင်လင်းကြောင့် ဖြစ်ဖို့က အလားအလာ အရှိဆုံးဖြစ်ပြီး သူကိုယ်တိုင်ပင် သတိမထားမိဘဲ တစ်ချိန်ချိန်တွင် ပိုင်လင်းကို မတော်တဆ ထုတ်ပြမိခဲ့ခြင်း ဖြစ်ရမည်ဟု ယူဆလိုက်သည်။

သို့မဟုတ်ပါက ပိုင်လင်း နဂါးအဖြစ် ဆင့်ကဲပြောင်းလဲစဉ်က သူ့အပြင် ဒုတိယမြောက်လူတစ်ယောက် ထိုနေရာတွင် ရှိနေခဲ့ပြီး ထိုလူသည် အလွန်ပြင်းထန်သော အစွမ်းကို ပိုင်ဆိုင်ထားသဖြင့် သူ သတိမထားမိအောင် ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ဖြောင်း... ဖြောင်း... ဖြောင်း

“မင်းရဲ့ တုံ့ပြန်မှုက နှေးမနေဘူးပဲ။ ဂျူနီယာ ကျန်းဟန်...မင်းက ထင်တဲ့အတိုင်းပါပဲ။ ဒါက မင်းကို ပစ်မှတ်ထားပြီး လုပ်တဲ့ အထူးစမ်းသပ်မှုတစ်ခုပဲ။ အခု မင်း အောင်မြင်သွားပြီဆိုတော့... ဂုဏ်ယူပါတယ်။”

ပြတ်သားသော လက်ခုပ်သံ သုံးချက်နှင့်အတူ ထူးခြားစွာ လှပပြီး အရပ်ရှည်ရှည် မိန်းကလေးတစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူမက ကျန်းဟန်ကို ချီးကျူးအသိအမှတ်ပြုသည့် အပြုံးဖြင့် ကြည့်နေခဲ့လေသည်။

ကွက်တိ ထိုအချိန်မှာပင် သူမ၏ နောက်ကွယ်၌ ကြီးမားသော ခရမ်းရောင် သားရဲတစ်ကောင်၏ ပုံရိပ်ယောင်က ဖျတ်ခနဲ လက်သွားခဲ့သည်။ ယင်း၏ ရလဒ်အနေဖြင့် အခုနက မတ်တပ်ရပ်နေခဲ့သော ဆံဝါလေးနှင့် အစိမ်းရောင်ဆံပင်နှင့်လူတို့မှာ အစအဆုံး မည်သည့်အသံမျှပင် ပြုလုပ်ခွင့်မရလိုက်ဘဲ မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ရတော့သည်။

“ချီရှီးမား ဆာကူရာ...”

ကျန်းဟန်သည် မိမိရှေ့မှ မိန်းကလေးကို အံ့ဩမှင်တက်စွာဖြင့် ကြည့်လိုက်မိသည်။ သားရဲထိန်းချုပ်သူများ မဟာမိတ်မှ ဤမိန်းကလေးကို ယခုကဲ့သို့သော နေရာမျိုးတွင် တွေ့ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဖူးချေ။ ထို့အပြင် ယခုအချိန်တွင် သူမ ပြသလိုက်သော စွမ်းအားမှာ ကောင်းကင်မဟာမိတ်ကို နှိမ်နင်းစဉ်ကထက်ပင် ပိုမို ကြီးမားနေသေးသည်။

“ဒါဆို မင်းက သားရဲထိန်းချုပ်သူများ မဟာမိတ်ကို ကိုယ်စားပြုပြီး ဒီကို ရောက်နေတာ မဟုတ်ဘူးပေါ့။”

ကျန်းဟန်က အခြေအနေကို လျင်မြန်စွာ ရိပ်မိသွားသည်။

အဘယ်ကြောင့်ဆိုသည်ကို အသေအချာ မပြောနိုင်သော်လည်း သားရဲထိန်းချုပ်သူများ မဟာမိတ်က ကောင်းကင်မဟာမိတ်ကို နှိမ်နင်းခဲ့သည့် ကိစ္စတွင် ထူးဆန်းသော အချက်တစ်ခု ရှိနေသည်ဟု ကျန်းဟန် အမြဲ ခံစားခဲ့ရသည်။

ထိုနှိမ်နင်းမှုတစ်ခုလုံးက မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးဆုံးသွားသလို ဖြစ်ခဲ့၏။ လုပ်ငန်းစဉ်က မြန်ဆန်လွန်းလှသည်။ နေရာတိုင်းတွင် မကောင်းမှုမှန်သမျှ ပြုလုပ်နေသော အင်အားကြီးအဖွဲ့အစည်းတစ်ခုကို တကယ်ပဲ ဤမျှလောက် လွယ်လွယ်ကူကူ နှိမ်နင်းနိုင်၏လော။

အကယ်၍ အမှန်တကယ် နှိမ်နင်းရ လွယ်ကူပါက ၎င်းသည် ဤမျှလောက်အထိ ဘယ်လိုလုပ် ကြီးထွားလာနိုင်ပါမည်နည်း။

“မင်း တော်တော်များများ တွေးမိထားပုံပဲ။ ငါ ဒီကို ရောက်နေတာက သားရဲထိန်းချုပ်သူများ မဟာမိတ်ကို ကိုယ်စားပြုတာ မဟုတ်ဘဲ မြူခိုးအဖွဲ့အစည်းကို ကိုယ်စားပြုပြီး မင်းကို အဖွဲ့ထဲဝင်ဖို့ လာဖိတ်ခေါ်တာပါ။”

ချီရှီးမား ဆာကူရာက ပြုံးကာ ပြောလိုက်သည်။

“မြူခိုးအဖွဲ့အစည်း ဟုတ်လား...။ နတ်ဆိုးအဖွဲ့အစည်းတစ်ခုလား။ ဒါဆိုရင် အဲဒီအဖွဲ့နဲ့ သားရဲထိန်းချုပ်သူများ မဟာမိတ် ပြီးတော့ ကောင်းကင်မဟာမိတ်တို့ကြားက ဆက်ဆံရေးက ဘာလဲ။ ပြီးတော့ အကယ်၍ ငါ ငြင်းပယ်ဖို့ ရွေးချယ်လိုက်ရင်... ဘာအကျိုးဆက်တွေ ရှိလာမှာလဲ။”

ကျန်းဟန်က ကျောင်းရှိရာ ဘက်သို့ တစ်ချက်လှမ်းကြည့်ရင်း မေးလိုက်သည်။

“လာကယ်မှာကို မျှော်လင့်မနေနဲ့။ မင်း ဒီတိုက်ပွဲတစ်လျှောက်လုံးမှာ တခြားလူတစ်ယောက်ကိုမှ မတွေ့ခဲ့ရတာကို သတိမထားမိဘူးလား။ ဒါက ငါ့ဘက်က လိုအပ်တဲ့ အစီအမံတွေကို အရင်လုပ်ထားပြီးသားမို့လို့ပဲ။ ငါတို့ရဲ့ လက်ရှိ တည်နေရာကို တစ်ယောက်ယောက်က ရှာတွေ့ဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။”

ချီရှီးမား ဆာကူရာက ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

“မြူခိုးအဖွဲ့အစည်းဆိုတာ လူမှုအဖွဲ့အစည်းရဲ့ အထက်တန်းလွှာ နိုဘယ်တွေဆီမှာ ခွေးလို အစေမခံချင်ကြတဲ့ သားရဲထိန်းချုပ်သူတွေနဲ့ မွေးမြူရေးပညာရှင်တွေ စုပေါင်းပြီး တည်ထောင်ထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပဲ။ ငါတို့ရဲ့ တည်ရှိမှုက သားရဲထိန်းချုပ်ခြင်းကဏ္ဍကို တစ်ဦးပိုင် စီးပွားရေးလုပ်တာနဲ့ သယံဇာတ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ထားတာတွေကို ရိုက်ချိုးဖျက်ဆီးပစ်ဖို့အတွက်ပဲ။”

“မင်းအနေနဲ့ ဒါကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသင့်တယ်လို့ ငါယုံကြည်တယ်။ ငါတို့လို သာမန်လူတွေက သားရဲပစ္စည်းနဲ့ အရင်းအမြစ် အနည်းငယ်အတွက် အသက်စွန့်ပြီး တိုက်ခိုက်နေရချိန်မှာ အဲဒီ အထက်တန်းလွှာ နိုဘယ်တွေက ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမှုရဲ့ အကျိုးကျေးဇူးကို ခံစားရုံပြီး အရင်းအမြစ်အများစုပေါ်မှာ ထိုင်ပြီး ငါတို့ကို အမိန့်ပေးနေကြတယ်။”

“ငါတို့က အဆင့်မြင့် သားရဲထိန်းချုပ်သူတွေ ဖြစ်ချင်ရင် တောရိုင်းစစ်တလင်းတွေထဲ သွားပြီး သားရဲတွေကို အမဲလိုက်ရတယ်။ သူတို့ကတော့ နောက်ကွယ်မှာ ရပ်ပြီး အမိန့်ပေးရုံပဲ။ နောက်ဆုံးတော့ ငါတို့ရဲ့ အသွေးအသားတွေ၊ အသက်တွေနဲ့ ရယူခဲ့ရတဲ့ နယ်မြေတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားကြတာပဲ။”

“ဒါက ဘာဖြစ်လို့လဲ။ သူတို့က အဆင့်တက်ဖို့ လိုအပ်တဲ့ အဓိက အရင်းအမြစ်အချို့ကို လက်ဝါးကြီးအုပ်ထားလို့ မဟုတ်ဘူးလား။”

“ပြီးတော့ မင်းလို အောက်ခြေကတက်လာတဲ့ ပါရမီရှင်တစ်ယောက်က ငါတို့ အဖွဲ့ထဲကို သွေးသစ်လောင်းဖို့ အလိုချင်ဆုံး လူမျိုးပဲ။ ငါတို့အဖွဲ့ထဲ ဝင်ခြင်းအားဖြင့် ပထမဦးဆုံး မင်းအနေနဲ့ လုံးဝ ပိတ်ဆို့ထားတဲ့ အချက်အလက်တွေကို ငါတို့ဆီက ရနိုင်မယ်။ ဒုတိယအနေနဲ့ အပြန်အလှန် လဲလှယ်မှုကနေတစ်ဆင့် ရရှိနိုင်တဲ့ အရင်းအမြစ်မျိုးစုံလည်း ရှိတယ်။”

“ဒါက ခေါင်းပုံဖြတ်တာ ဒါမှမဟုတ် ကျွန်ပြုတာမျိုးမရှိဘဲ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အဖွဲ့အစည်းမျိုးပဲ။ မင်း အဖွဲ့ကနေ ထွက်ချင်ရင်တောင် ထွက်လို့ရတယ်။ လျှို့ဝှက်ဆန်းကြယ် အမျိုးအစား ကျမ်းသစ္စာ သားရဲတစ်ကောင်ကို သုံးပြီး လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ပဲ လိုတယ်။”

ချီရှီးမား ဆာကူရာ အစမှအဆုံးအထိ တရစပ် ပြောသွားသော စကားရှည်ကြီးကို နားထောင်ပြီးနောက် ကျန်းဟန်၏ ရင်ထဲ၌ မည်သည့် လှုပ်ခတ်မှုမျှ မရှိခဲ့ပေ။ မည်သည့် အဖွဲ့အစည်း သို့မဟုတ် အင်အားစုမဆို အထက်လူကြီးများကို ပံ့ပိုးရန် အောက်ခြေလူတန်းစားအပေါ်တွင်သာ မှီခိုနေရသည်ချည်း ဖြစ်သည်။ အချိန်အများစုတွင် နတ်ဆိုးအဖွဲ့အစည်းများက အောက်ခြေလူတန်းစားအပေါ် ခေါင်းပုံဖြတ်ခြင်းမှာ ပိုမို၍ပင် အတားအဆီးမဲ့ပြီး လူမဆန်လှရာ တရားဝင်လမ်းစဉ်ထက် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။

မြူခိုးအဖွဲ့အစည်းသည် ချီရှီးမား ဆာကူရာ ဖော်ပြသကဲ့သို့ ဖြစ်နေလျှင်ပင် ၎င်း၏ နောက်ကွယ်တွင် ပိုမိုကြီးမားသော ပရိယာယ် အကြံအစည်တစ်ခု သေချာပေါက် ရှိနေလိမ့်မည်။ ၎င်းကို အခြားသူများ မသိနိုင်အောင် အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။

သူသည် ကလေးသူငယ်လေး မဟုတ်တော့သဖြင့် လက်တွေ့ဘဝကို အလွန် ရှင်းလင်းစွာ နားလည်ထားပြီးဖြစ်ရာ စကားလုံးလှလှလေးများဖြင့် အလွယ်တကူ လှုံ့ဆော်၍ မရနိုင်ပေ။

သို့သော်လည်း ချီရှီးမား ဆာကူရာ၏ စကားများအရ ကျန်းဟန်သည် သူမအနေဖြင့် ပိုင်လင်း နဂါးအဖြစ် ဆင့်ကဲပြောင်းလဲသွားသည့် ကိစ္စကို မသိရှိလောက်ကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့သည်။

“ငါ့မှာ ရွေးချယ်စရာ မရှိဘူးထင်တယ်...ဟုတ်တယ်မလား။”

ကျန်းဟန်က သူမကို တစ်ချက် ကြည့်လိုက်သည်။

“ငြင်းပယ်ဖို့ ကြိုးစားကြည့်လို့လည်း ရပါတယ်။”

ချီရှီးမား ဆာကူရာက ပြုံးလိုက်၏။ ထိုအပြုံးက အလွန် လှပလှသည်။

“တကယ်တော့ မြူခိုးအဖွဲ့အစည်းထဲ ဝင်တာက မင်းအတွက် အများကြီး အကျိုးရှိတယ်။ မင်းအနေနဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ပဲ လိုတယ်။ ကျန်တဲ့အရာအားလုံးက မင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ။ ဒါ့အပြင် မြူခိုးအဖွဲ့အစည်းကတစ်ဆင့် မင်းရဲ့ လက်ရှိအဆင့်အတန်းနဲ့ သိဖို့ခက်တဲ့ အချက်အလက်တွေအများကြီးကိုလည်း လေ့လာနိုင်သေးတယ်။”

“ဥပမာအားဖြင့်... မင်း ရှာနေတဲ့ သားရဲကုန်သည်နဲ့ ပတ်သက်တဲ့ အချက်အလက်မျိုးပေါ့။ မြူခိုးအဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဒါက ဘာမှ အားစိုက်ထုတ်နေစရာတောင် မလိုဘူး။”

ချီရှီးမား ဆာကူရာက ထပ်လောင်း ရှင်းပြလိုက်သည်။

“ကောင်းပါပြီ။ ဒါဆိုရင် ငါ အဖွဲ့ထဲဝင်ဖို့ ရွေးချယ်တယ်။”

ကျန်းဟန်သည် မိမိတွင် ငြင်းပယ်ရန် အခွင့်အရေး မရှိကြောင်း သိသဖြင့် အချိန်ဆွဲမနေတော့ပေ။ လက်ရှိတွင် သူ့၌ ငြင်းပယ်နိုင်စွမ်းသော အင်အား မရှိသေးချေ။

သန်မာသူများသာ ငြင်းပယ်နိုင်ခွင့် အာဏာရှိကြပြီး အားနည်းသူများမှာမူ ထိုသို့မထိုက်တန်ကြပေ။ ထို့ကြောင့် လွတ်လပ်မှုဟူသည်မှာ အပေါ်ယံ လွတ်လပ်မှုမျှသာ ဖြစ်သည်။

“ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ။ ဒါဆိုရင် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း စာချုပ်ကို ချုပ်ဆိုကြတာပေါ့။”

ချီရှီးမား ဆာကူရာက သားရဲတစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် သာမန် ကြောင်နက်တစ်ကောင်နှင့် တူသော်လည်း ခန္ဓာကိုယ်မှ အလွန် ထူးခြားဆန်းကြယ်ပြီး လျှို့ဝှက်နက်နဲသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ ၎င်းမှာ ကျန်းဟန် တစ်ခါမျှ မမြင်ဖူးသော အရှိန်အဝါ အမျိုးအစားမျိုး ဖြစ်သည်။

“မြောင်....”

ကြောင်နက်ကလေးက အော်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်အလင်းတန်းတစ်ခုသည် ကျန်းဟန်အပေါ် သက်ရောက်လာပြီး နောက်ဆုံးတွင် သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ တိုးဝင်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ကျန်းဟန်သည် ၎င်းကို ရှာဖွေကြည့်ချင်သော်လည်း ထိုအနက်ရောင်စွမ်းအား၏ တည်ရှိမှုကို လုံးဝ ခံစား၍မရပေ။ သို့သော် အန္တရာယ်တစ်ခုကိုမူ သူ အာရုံခံနိုင်သည်။ အကယ်၍ သူသာ မြူခိုးအဖွဲ့အစည်းနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို ထုတ်ဖော်ရန် စဉ်းစားလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ်ပင်လယ်မှာ ပေါက်ကွဲသွားမည့် အန္တရာယ်ရှိနေသည်။

“ဒါက ချိတ်ပိတ်ခြင်း ကျိန်စာတစ်ခုပဲ။ မြူခိုးအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို ပိတ်ဆို့ထားတယ်။ အကယ်၍ မင်းအနေနဲ့ အဖွဲ့ဝင်မဟုတ်တဲ့ အပြင်လူတစ်ယောက်ကို မြူခိုးအဖွဲ့အစည်းအကြောင်း တစ်ခုခု ထုတ်ပြောလိုက်တာနဲ့ မင်းရဲ့ စိတ်ဝိညာဉ်ပင်လယ်က ပေါက်ကွဲပြီး မင်း သေဆုံးသွားလိမ့်မယ်။”

ချီရှီးမား ဆာကူရာက ပြောလိုက်သည်။

“မင်း နားလည်ပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒါက လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့အတွက် အဖွဲ့အစည်းရဲ့ နည်းလမ်းတစ်ခုပဲ။”

ကျိန်စာတဲ့လား...။

ကျန်းဟန်က စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ အကယ်၍ သူသည် ပိုင်လင်းတွင် အနန္တနဂါးကျိန်စာရှိနေပါက ဤကဲ့သို့သော ကျိန်စာမျိုးကို ရိုက်ချိုးဖျက်ဆီးနိုင်မလားဟူ၍ တွေးတောလိုက်မိသည်။ နဂါးကျိန်စာသည်လည်း ကျိန်စာအမျိုးအစားတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ပိုမိုအဆင့်မြင့်သော ကျိန်စာတစ်ခုလည်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ...ကျန်းဟန်အနေဖြင့် ၎င်းကို သေချာပေါက် စမ်းသပ်ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ ချီရှီးမား ဆာကူရာက ၎င်းသည် ချိတ်ပိတ်ခြင်း ကျိန်စာတစ်ခုမျှသာဖြစ်သည်ဟု ဆိုသော်လည်း ၎င်းတွင် အခြားသော မိစ္ဆာနည်းလမ်းများ ပါဝင်နေဦးမလားဆိုသည်ကို မည်သူသိနိုင်မည်နည်း။ ၎င်းကို တတ်နိုင်သမျှ အမြန်ဆုံး ရိုက်ချိုးဖျက်ဆီးပစ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

All Chapters