အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း ၁၁၉
“ဒါကို ယူထားလိုက်။ ဒါနဲ့ဆိုရင် မင်း ငါတို့ မြူခိုးအဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်ထဲကို တိုက်ရိုက် ဝင်ရောက်နိုင်လိမ့်မယ်။ ဒါ့အပြင် ဒါက ငါတို့ မြူခိုးအဖွဲ့အစည်းဝင်တွေအကြား အချင်းချင်း အသိအမှတ်ပြုတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ဒါက မင်းရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ဖုံးကွယ်ပေးနိုင်တယ်။ မျက်နှာဖုံးကို ချွတ်မပြမချင်း တစ်ဖက်လူက ဘယ်သူလဲဆိုတာ ငါတို့ လုံးဝ မသိနိုင်ဘူး။”
ချီရှီးမား ဆာကူရာသည် ကျန်းဟန် ဘာတွေးနေသည်ကို သဘာဝအတိုင်း မသိရှိပေ။ သူမက အနက်ရောင် မျက်နှာဖုံးတစ်ခုကို ထုတ်ယူကာ သူ့ထံသို့ ကမ်းပေးလိုက်သည်။
ကျန်းဟန်သည် မျက်နှာဖုံးကို လှမ်းယူပြီး လက်ထဲတွင် အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။ ထိုအရာက အလွန်တရာ ပေါ့ပါးလှပြီး စက္ကူတစ်ရွက်နီးပါးမျှသာ ရှိသော်လည်း ကိုင်တွယ်ရသည်မှာမူ တကယ့် အစစ်အမှန် ဒြပ်ထုတစ်ခုကဲ့သို့ အထိအတွေ့မျိုး ရှိနေသည်။
“မင်း တပ်ပြီး စမ်းကြည့်လို့ရတယ်။”
ချီရှီးမား ဆာကူရာက ပြောလိုက်သည်။ ကျန်းဟန်က ဂရုမစိုက်ဘဲ ခေါင်းငြိမ့်ပြကာ မျက်နှာဖုံးကို စွပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မျက်နှာဖုံးသည် မြူတစ်ကိုယ်စာအဖြစ် ပြောင်းလဲသွားပြီး သူ့မျက်နှာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့သည်။
“ဒီမျက်နှာဖုံးကို တစ်ကြိမ် သုံးပြီးသွားရင် မင်းရဲ့ အထောက်အထားကို မှတ်မိသွားလိမ့်မယ်။ အသုံးမပြုတဲ့ အခါကျရင်တော့ ဒါက မီးခိုးရောင် မြူခိုးမျှင်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မင်းရဲ့ စိတ်စွမ်းအင်ထဲမှာ ရှိနေလိမ့်မယ်။
မင်း အသုံးပြုချင်တဲ့ အခါကျရင် မင်းရဲ့ စိတ်စွမ်းအင်ကို လှုံ့ဆော်ပေးလိုက်ရုံပဲ။ အဲဒါက မြူခိုးအဖြစ် ပြောင်းလဲပြီး မင်းရဲ့ မျက်နှာပေါ်မှာ ကပ်ငြိသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းရဲ့ အထောက်အထားကို ဖုံးကွယ်ပေးနိုင်ရုံတင်မကဘူး...မင်းရဲ့ သားရဲတစ်ကောင်ရဲ့ တကယ့်ရုပ်သွင်ကိုပါ ဖုံးကွယ်ပေးနိုင်တယ်။
တစ်ချိန်တည်းမှာပဲ မင်းက ဆက်သွယ်ဖို့အတွက် စိတ်စွမ်းအင်ကို လှုံ့ဆော်လိုက်မယ်ဆိုရင် အဲဒါက ငါတို့ မြူခိုးအဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်ထဲ ဝင်ဖို့အတွက် မီးခိုးရောင် မြူခိုးမျက်နှာပြင် တစ်ခုအဖြစ် ပြောင်းလဲပေးလိမ့်မယ်။”
ချီရှီးမား ဆာကူရာက ရှင်းပြလိုက်သည်။
“ဒါက ဘာမျက်နှာဖုံးမို့လို့ ဒီလောက်တောင် ဆန်းကြယ်နေရတာလဲ။”
ကျန်းဟန်တစ်ယောက် စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ချေ။ ဤကဲ့သို့သော သဘာဝလွန် ပစ္စည်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“ဒါက ငါတို့ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်ပဲ။ မင်းရဲ့ အဆင့်အတန်း မြင့်မားလာတဲ့ အခါကျရင် သိရလိမ့်မယ်။ နောက်နောင် ကိစ္စတစ်ခုခု ရှိရင် ငါ့ကို ဆက်သွယ်လို့ရတယ်။”
ချီရှီးမား ဆာကူရာက အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင်လည်း မြူခိုးမျက်နှာဖုံးတစ်ခု ပေါ်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် ကျန်းဟန်ထံသို့ သူငယ်ချင်းအဖြစ် အပ်သည့် တောင်းဆိုချက်တစ်ခု ရောက်ရှိလာခဲ့သည်။
လက်ခံသည် ကို နှိပ်လိုက်ပြီးနောက် သူ့ရှေ့ရှိ မီးခိုးရောင် မြူခိုးမျက်နှာပြင်ပေါ်တွင် ချီရှီးမား ဆာကူရာနှင့် ချတ်ဘောက်စ်တစ်ခု ပေါ်လာခဲ့သည်။ ထိုချတ်ဘောက်စ်မှတစ်ဆင့် ဤအရာသည် ဗီဒီယိုကောလ် ခေါ်ဆိုမှုများကိုပင် ပံ့ပိုးပေးနိုင်ကြောင်း ကျန်းဟန် ရှာဖွေတွေ့ရှိသွားခဲ့သည်။
၎င်းက ဤမျက်နှာဖုံးသည် အမှန်တကယ်တွင် မည်သည့် ဆက်သွယ်ရေးနည်းလမ်းမျိုးကို အသုံးပြုထားသနည်းဟူ၍ သူ့ကို တော်တော်လေး စိတ်ဝင်စားသွားစေခဲ့သည်။
“ငါ့ကို မင်းရဲ့ လမ်းညွှန်မိတ်ဆက်ပေးသူလို့ သတ်မှတ်လို့ရတယ်။ အဲဒါကြောင့်ပဲ ငါလည်း အကျိုးအမြတ် အချို့ကို ရရှိလိမ့်မယ်။ ဆုလာဘ်အနေနဲ့ ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ တစ်ခုက ငါ့ရဲ့ အခွင့်အာဏာကို သုံးပြီး မင်း ရှာနေတဲ့ သားရဲကုန်သည်ရဲ့ အချက်အလက်တွေကို စုံစမ်းပေးမယ်။
ဒါမှမဟုတ်... ငါ အခု လက်ရှိ လုပ်ဆောင်နေတဲ့ အမြစ်ပြတ်ချေမှုန်းရေး မစ်ရှင်မှာ မင်း ငါနဲ့အတူ ပါဝင်ဆင်နွှဲမလား။ စောစောက လူနှစ်ယောက် ပြောနေတဲ့ သူဌေးကြီးဆိုတဲ့ လူပေါ့။ အကယ်၍ ငါတို့ မစ်ရှင်ကို အောင်အောင်မြင်မြင် ပြီးမြောက်အောင် လုပ်နိုင်ရင် သူ့ခြံထဲက သွေးအနှစ်သာရသစ်သီးက မင်းအပိုင် ဖြစ်စေရမယ်။”
ချီရှီးမား ဆာကူရာက ထပ်လောင်း ပြောဆိုလိုက်သည်။
ကျန်းဟန်သည် အနည်းငယ် စဉ်းစားပြီးနောက် သူ၏ ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။
“ငါ မင်းနဲ့အတူ မစ်ရှင်လုပ်မယ်။”
“ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ။”
ချီရှီးမား ဆာကူရာက ပြုံးကာ ဆိုသည်။
“ဒါဆိုရင် သွားကြစို့။”
နောက်အခိုက်တွင် သူမ၏ မျက်နှာသည် မြူခိုးများဖြင့် ဖုံးလွှမ်းသွားပြီး အခြားသော ရုပ်သွင်တစ်ခုသို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး သူတို့ပတ်ပတ်လည်ရှိ မမြင်နိုင်သော အကာအကွယ်ပိတ်ဆို့မှုကြီးမှာလည်း ပျောက်ကွယ်သွားခဲ့တော့သည်။
ကျန်းဟန်က ကောင်းကင်ကို တစ်ချက်ကြည့်ကာ ချီရှီးမား ဆာကူရာ၏ နောက်ကနေ လိုက်ပါသွားခဲ့သည်။ သူသည်လည်း မြူခိုးမျက်နှာဖုံးကို သုံး၍ မိမိ၏ ရုပ်သွင်ကို ပြောင်းလဲလိုက်သည်။
ထို့နောက်တွင်မူ သူသည် သားရဲထိန်းချုပ်ရေးစင်တာ၌ သူ့ကို စောင့်ဆိုင်းနေကြသော ဟုန်ရွှဲ့နှင့် အခြားသူများထံသို့ မက်ဆေ့ခ်ျတစ်စောင် ပေးပို့လိုက်ပြီး မိမိတွင် အရေးကြီးကိစ္စတစ်ခု ရှိလာသဖြင့် သူတို့ အရင် ထွက်ခွာနှင့်ကြရန်နှင့် သူအနေဖြင့် လောလောဆယ် လာနိုင်ဦးမည်မဟုတ်ကြောင်း အကြောင်းကြားလိုက်၏။
ကျန်းဟန်သည် ချီရှီးမား ဆာကူရာ၏ နောက်သို့ လိုက်ပါရင်း မြို့အစွန်အဖျားအထိ ရောက်ရှိလာခဲ့သည်။ ထိုနေရာသို့ ရောက်မှသာ ချီရှီးမား ဆာကူရာက ပျံသန်းနိုင်သော သားရဲတစ်ကောင်ကို ထုတ်လွှတ်လိုက်ပြီး သူတို့နှစ်ယောက်လုံးကို တင်ဆောင်ကာ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားတော့သည်။
“သက်တမ်းတိုးစေတဲ့ ဝိညာဉ်သစ်ပင်အကြောင်းက တကယ်လား။”
လမ်းခရီးတွင် ကျန်းဟန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒါပေါ့...။ ဒါပေမဲ့ အဲဒီဝိညာဉ်သစ်ပင်က လူက ဖန်တီးထားတာပဲ။”
ချီရှီးမား ဆာကူရာက ပြုံးလိုက်သည်။
“အချို့လူတွေက ဒါကို လုယူနိုင်မယ်လို့ ထင်နေကြတယ်လေ။ ဒါက သေလမ်ကို သွားနေတာဆိုတာ သူတို့ မသိကြဘူး။”
“ခဏနေရင်... တိုက်ပွဲဖြစ်တဲ့အခါ မင်းက ဘေးကနေ ကြည့်ရုံပဲကြည့်နေ။ ဝင်ပါစရာ မလိုဘူး။”
“ကောင်းပြီ။”
ကျန်းဟန်က ခေါင်းငြိမ့်လိုက်သည်။ သူသည်လည်း ဝင်ရောက်စွက်ဖက်ရန် အရည်အချင်းမပြည့်မီကြောင်း ကောင်းစွာသိထားသည်။ သူ၏ လက်ရှိစွမ်းအားမှာ တကယ့်ကို သနားစရာကောင်းလောက်အောင် အားနည်းလွန်းနေသေးသည် မဟုတ်ပါလော။
သူ သွေးအနှစ်သာရသစ်သီးကို ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ ချီရှီးမား ဆာကူရာ၏ နောက်သို့ လိုက်ပါရင်း အချက်အလက်များကို ပိုမိုလေ့လာ သိရှိနိုင်ရန်အတွက် ဖြစ်သည်။
အဓိက အကြောင်းရင်းမှာမူ သွေးအနှစ်သာရသစ်သီးသည် ဟုတ်ဟုတ်၏ အဆင့်တက်ခြင်းအတွက် များစွာ အထောက်အကူပြုသောကြောင့် ဖြစ်သည်။ ကျန်းဟန်အနေဖြင့် နောင်တစ်ချိန်တွင် တောရိုင်းဒေသများသို့ သွားရောက်စူးစမ်းလေ့လာနိုင်ရန်အတွက် ဟုတ်ဟုတ်ကို ခေါင်းဆောင်အဆင့်သို့ လျင်မြန်စွာ ရောက်ရှိအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
အဆင့် ၃ လက်ရွေးစင်အဆင့် သားရဲတစ်ကောင်တည်းဖြင့် ပြင်ပကမ္ဘာသို့ သွားရောက်စူးစမ်းရန်မှာ အလွန် ခက်ခဲလွန်းလှသည်။
ထို့နောက်တွင် ကျန်းဟန်သည် မြူခိုးအဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်အကြောင်းကို ပိုမိုလေ့လာခဲ့သည်။ ၎င်းကို နားလည်သဘောပေါက်သွားပြီးနောက် မြူခိုးအဖွဲ့အစည်းသည် တကယ့်ကို ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြစ်ကြောင်း သူ ချက်ချင်း ရိပ်မိသွားခဲ့သည်။
ဤဝက်ဘ်ဆိုက်တွင် အများပြည်သူသိရှိနိုင်သော သတင်းအချက်အလက်မျိုးစုံ ရှိရုံတင်မက အခပေးကြည့်ရှုရသည့် အကြောင်းအရာများစွာလည်း ရှိနေသည်။ စျေးဝယ်စင်တာထဲရှိ ပစ္စည်းများမှာလည်း အလွန် စုံလင်လှရာ နယ်ပယ်အသီးသီးကို လွှမ်းခြုံထားသည်။ လက်ဝါးကြီးအုပ်ခံထားရသော ကုန်ပစ္စည်းများနှင့် သားရဲများစွာကို ရရှိနိုင်သည့်အပြင် အထက်တန်းမိသားစုများ ထံမှ စိတ်စွမ်းအားကျင့်စဉ်များပင် ရှိနေသေးသည်။
တန်ဖိုးကို ပေးဆောင်နိုင်သရွေ့ သက်တမ်းတိုးစေသော ဝိညာဉ်ပစ္စည်းများကိုပင် ဝယ်ယူနိုင်သည်။
သို့သော်လည်း ဤနေရာရှိ အရောင်းအဝယ်များကို ငွေကြေးဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ ပံ့ပိုးမှုအမှတ်များဖြင့်သာ ပြုလုပ်ကြသည်။ ပံ့ပိုးမှုအမှတ်မရှိပါက မည်သည့်အရာကိုမျှ ဝယ်ယူ၍ မရနိုင်ချေ။
ကျန်းဟန်သည် မြူခိုးအဖွဲ့ဝင်များ တင်ထားကြသော တာဝန်မျိုးစုံ ရှိရာ မစ်ရှင်ခန်းမကို ဆက်လက်ကြည့်ရှုလိုက်သည်။ ထိုတာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ပံ့ပိုးမှုအမှတ်များကို ရှာဖွေနိုင်သည်။
အချို့သော တာဝန်များကို ကြည့်ခြင်းအားဖြင့် ဤအဖွဲ့အစည်း၏ အဖွဲ့ဝင်များထဲတွင် သားရဲထိန်းချုပ်ခြင်း မဟာမိတ်ကဲ့သို့သော တရားဝင် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ သေချာပေါက် ပါဝင်နေကြောင်း ကျန်းဟန် ရှာဖွေတွေ့ရှိခဲ့သည်။
ဤနေရာတွင် တာဝန်တင်ခြင်းမှာ အတော်လေး လွတ်လပ်မှု ရှိသည်။ ပံ့ပိုးမှုအမှတ်များကို သုံး၍ တာဝန်တင်ရန် ရွေးချယ်နိုင်သလို အခြား အဖိုးတန်သော သားရဲပစ္စည်းများ သို့မဟုတ် သားရဲများကို သုံး၍လည်း တာဝန်တင်နိုင်သည်။ သို့သော် ထိုတာဝန်ကို တစ်ဦးဦးက လက်ခံ၊ မခံ ဆိုသည်မှာ သင်ပေးမည့် ဆုလာဘ်က မည်မျှအထိ ဆွဲဆောင်မှုရှိသလဲ ဆိုသည့်အပေါ်တွင်သာ မူတည်သည်။
ဆုလာဘ် မြင့်မားလေလေ၊ မစ်ရှင်ခန်းမ၏ ထိပ်ဆုံးအဆင့်တွင် ရှိနေလေလေ ဖြစ်သည်။
ကျန်းဟန် ထိပ်ဆုံးတွင် ရှိနေသော တာဝန်များကို ကြည့်လိုက်၏။ ပထမဆုံးတစ်ခုမှာ သဘာဝလွန် မျိုးရိုးဗီဇ သုတေသန တာဝန်ဖြစ်ပြီး စီနီယာ မွေးမြူရေးပညာရှင်တစ်ယောက်သာ လက်ခံရန် လိုအပ်ကာ ဆုလာဘ်မှာ သက်တမ်းတိုးစေသော ဝိညာဉ်ဆေးပင် ဖြစ်သည်။
ဒုတိယတစ်ခုမှာ သားရဲ ပြုပြင်မွမ်းမံခြင်း တာဝန် ဖြစ်ပြီး အောင်မြင်သော ပြုပြင်မွမ်းမံမှု အတွေ့အကြုံရှိသည့် စီနီယာ မွေးမြူရေးပညာရှင် သို့မဟုတ် အလယ်အလတ်အဆင့် မွေးမြူရေးပညာရှင် တစ်ယောက် လိုအပ်သည်။
တတိယတစ်ခုမှာ ကျွန်းစု စူးစမ်းလေ့လာရေး တာဝန် ဖြစ်ပြီး အဆင့် ၃ လက်ရွေးစင်အဆင့် သားရဲထိန်းချုပ်သူ သို့မဟုတ် ထိုထက်မြင့်သောသူ လိုအပ်ကာ လူအင်အား အမြောက်အမြား လိုအပ်သည်။
နောက်ထပ် တာဝန်များမှာမူ နဂါးဖမ်းဆီးခြင်း တာဝန်များ၊ ဧရာမ ခွန်းကြီးကို ရှာဖွေခြင်း၊ စိတ်ဝိညာဉ် ပြုပြင်မွမ်းမံခြင်းနှင့် အခြားသော အဆင့်မြင့် တာဝန်များ ဖြစ်ကြသည်။ ထိုတာဝန်များအတွက် ဆုလာဘ်များမှာ အလွန် မြင့်မားသော်လည်း ခက်ခဲမှုမှာလည်း အလွန် ကြီးမားလှ၏။ အများစုမှာ မြူခိုးအဖွဲ့အစည်း တရားဝင်ဌာနမှ တင်ထားခြင်းဖြစ်ပြီး စာရင်း၏ ထိပ်ဆုံးတွင် တစ်နှစ်ပတ်လုံး ချိတ်ဆွဲထားလေ့ ရှိသည်။
“ဘယ်လိုလဲ... မြူခိုးအဖွဲ့အစည်းထဲ ဝင်ရတာ ထိုက်တန်တယ်လို့ ခံစားရတယ်မလား။”
ချီရှီးမား ဆာကူရာက ပြုံးကာ မေးလိုက်သည်။
“လက်ရှိအခြေအနေအရတော့... ဒါက တကယ်ကို ထိုက်တန်ပါတယ်။”
ကျန်းဟန်က ပြုံးလိုက်သည်။ သူသည် ဤတာဝန်များမှတစ်ဆင့် မြူခိုးအဖွဲ့အစည်း တည်ရှိရခြင်း၏ တကယ့် လျှို့ဝှက်ချက်ကို သိမြင်လိုသော်လည်း မည်သည့် သဲလွန်စမျှ မရရှိခဲ့ချေ။
“မင်းရဲ့ သားရဲထိန်းချုပ်ခြင်း ပါရမီက အပေါ်ယံ မြင်နေရတဲ့ စိတ်ဝိညာဉ်စွမ်းအင်လောက်တင် မကဘူးမလား။ အဲဒါက သားရဲတွေကို မျိုးဗီဇပြောင်းလဲစေနိုင်တာလား။ မင်းရဲ့ ပထမဆုံး သားရဲက ကျောက်စိမ်းပိုးကောင် ဖြစ်ပေမဲ့ သူက လျှပ်စီးပိုးကောင်အဖြစ် မျိုးဗီဇပြောင်းလဲနိုင်ခဲ့တာကို ငါ အသေအချာ သိထားတယ်။”
ချီရှီးမား ဆာကူရာက မေးလိုက်သည်။ ကျန်းဟန်သည် အံ့ဩသွားသော အမူအရာကို ပြသလိုက်ပြီးနောက် ပြန်လည် တည်ငြိမ်သွားခဲ့သည်။
“မင်း ငါ့ကို လာချဉ်းကပ်တာက ဒီအချက်ကြောင့်ပဲဖြစ်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ ပါရမီက ငါ ကိုယ်တိုင် စာချုပ်ချုပ်ထားတဲ့ သားရဲတွေအပေါ်မှာပဲ သုံးလို့ရတယ်။”
“ငါ ခန့်မှန်းတာ မှန်နေတာပဲ။ မင်းရဲ့ စွမ်းအားတွေ ပိုပြီး သန်မာလာတဲ့အခါ ဒီပါရမီကို သုံးပြီး သားရဲ ပြုပြင်မွမ်းမံခြင်း တာဝန်တွေမှာ ပါဝင်ဆောင်ရွက်လို့ရတယ်။ မင်းပြောတဲ့ ပြဿနာနဲ့ ပတ်သက်လို့ကတော့ အဖွဲ့အစည်းမှာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိပါတယ်။”
ချီရှီးမား ဆာကူရာ၏ မျက်နှာထက်ရှိ အပြုံးမှာ ပိုမို နွေးထွေးလာပြီး ကျန်းဟန်အပေါ် ထားရှိသော သူမ၏ အသိအမှတ်ပြုမှုမှာ အဆင့်အသစ်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။
“အဖွဲ့အစည်းက အဲလောက်တောင် အားကောင်းတာလား။ ငါ စာချုပ်မချုပ်ထားတဲ့ ပြင်ပက သားရဲတွေအပေါ်မှာပါ ငါ့ရဲ့ပါရမီကို သုံးလို့ရမယ့် နည်းလမ်း ရှိတယ်ဟုတ်လား။”
ကျန်းဟန်က မယုံကြည်နိုင်သော အမူအရာကို ပြသလိုက်သည်။
သူ၏ သားရဲထိန်းချုပ်ခြင်း ပါရမီ ပေါက်ကြားသွားသည့် ကိစ္စနှင့် ပတ်သက်၍ ကျန်းဟန် အနည်းငယ် စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ ပိုင်လင်း ပထမဦးဆုံးအကြိမ် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်းပြုလုပ်၍ လျှပ်စီးပိုးကောင် ဖြစ်လာစဉ်က ဖြစ်ရမည်။ ထိုအချိန်ဝန်းကျင်တွင် သူသည် ချီရှီးမား ဆာကူရာနှင့် တိုက်တိုက်ဆိုင်ဆိုင် ထိတွေ့မှု ရှိခဲ့ဖူးသည်။
သူမ၏ အတွေ့အကြုံများနှင့်ဆိုလျှင် ၎င်းကို သဘာဝအလျောက် မျိုးဗီဇပြောင်းလဲခြင်း ဖြစ်သည်ဟု သေချာပေါက် ယုံကြည်မည်မဟုတ်ပေ။ အနည်းငယ်မျှ စုံစမ်းစစ်ဆေးလိုက်ရုံဖြင့် သူမအနေဖြင့် ခန့်မှန်းမိသွားခြင်း ဖြစ်ရမည်ဖြစ်ပြီး ထို့ကြောင့်ပင် ယခုတစ်ကြိမ်တွင် သူ့ကို မြူခိုးအဖွဲ့အစည်းထဲသို့ လာရောက် စည်းရုံးခြင်း ဖြစ်သည်။
သူမ မမျှော်လင့်နိုင်ခဲ့သည့် အချက်မှာမူ ၎င်းက ကျန်းဟန်၏ ဒုတိယမြောက် သားရဲထိန်းချုပ်ခြင်း ပါရမီ ဖြစ်နေခြင်းဖြစ်ပြီး သူမ စိတ်ကူးထားသည့် သားရဲမျိုးဗီဇပြောင်းလဲစေသော ပါရမီထက် များစွာ ပိုမို အစွမ်းထက်နေခြင်းပင်။
ကျန်းဟန်သည် စိတ်ထဲမှ အရာအားလုံးကို သဘောပေါက်သွားပြီဖြစ်ရာ သူသည် မျက်နှာတွင် ၎င်းနှင့် ကိုက်ညီသော အမူအရာကို ပူးပေါင်းပြသလိုက်ပြီး မည်သည့်အရာကိုမျှ ပေါက်ကြားခြင်းမရှိစေရန် ထိန်းသိမ်းထားလိုက်သည်။
“သေချာတာပေါ့။ မင်း အခု မြင်တွေ့နေရတာက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိသေးတယ်။”
ချီရှီးမား ဆာကူရာက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးရင်း ပြောလိုက်သည်။
အခန်း ၁၂၀
သူတို့သည် မကြာမီမှာပင် တောင်တန်းများထဲ၌ ဝှက်ထားသော လျှို့ဝှက်စံအိမ်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။ ချီရှီးမား ဆာကူရာသည် စံအိမ်နှင့် ကီလိုမီတာအနည်းငယ်အကွာတွင် ကောင်းကင်မှ အောက်သို့ဆင်းသက်လိုက်ပြီး ထိုမှတစ်ဆင့် ခြေကျင်ဖြင့် လျှို့ဝှက်စွာ ဆက်လက်ချီတက်ရန် ရွေးချယ်ခဲ့သည်။
သူတို့ရှေ့မှ စံအိမ်ကြီး၏ တံခါးဝမှာ နီးကပ်နေပြီဖြစ်ပြီး လမ်းခရီးတစ်လျှောက်တွင်လည်း မည်သည့်အတားအဆီးနှင့်မျှ မကြုံတွေ့ခဲ့ရသဖြင့် ဤနေရာသည် လူသူဆိတ်သုန်းနေသော နေရာတစ်ခုကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
“ငါ့နောက်က လိုက်ခဲ့။”
ချီရှီးမား ဆာကူရာက ကျန်းဟန်ကို တစ်ချက်ကြည့်ကာ အတွင်းသို့ လှမ်းဝင်လိုက်သည်။
သူတို့နှစ်ယောက် တံခါးဝသို့ ရောက်ခါနီးအချိန်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး တံခါးမကြီးမှာ တစ်စစီ လွင့်စင်သွားတော့သည်။ ၎င်းနှင့်အတူ မြေကြီးထဲမှ ရေတွက်၍မရနိုင်သော နွယ်ပင်အမြောက်အမြား ရုန်းကန်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော သစ်သား ဝိညာဉ်စွမ်းအင်များ ဝေါခနဲ လွင့်ပျံထွက်လာခဲ့သည်။
ကျန်းဟန်သည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ လန့်ဖျပ်သွား၏။ ဤသစ်သားဒြပ်စင် သားရဲကြီးမှာ အလွန်တရာ ကြီးမားလှပြီး ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။
“နင့်မှာ အားအင်အချို့ ကျန်သေးတာပဲ။”
ချီရှီးမား ဆာကူရာ၏ မျက်နှာ၌ အံ့ဩသွားသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ၏ ရှေ့မှောက်၌ အမွေးပွပွနှင့် ခရမ်းရောင် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းက ၎င်း၏ အမြီးကို ဘယ်ညာ အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ဓားအလင်းတန်း ဒါဇင်ပေါင်းများစွာ ပျံသန်းထွက်ခွာသွားပြီး ပတ်ဝန်းကျင်ရှိ နွယ်ပင်အားလုံးကို ပိုင်းဖြတ်ပစ်လိုက်တော့သည်။
ဝိညာဉ်အလင်းတန်းများ လွင့်စင်ပျောက်ကွယ်သွားသည့်အခါမှသာ ထိုအမွေးပွပွ ခရမ်းရောင်သဏ္ဍာန်ကြီးမှာ သူ ယခင်က အကြိမ်ကြိမ် မြင်ဖူးခဲ့သော ခရမ်းရောင်လျှပ်စီး ဓားအမြီးမြွေပါဖြစ်ကြောင်း ကျန်းဟန် ရိပ်မိသွား၏။ သို့သော် ယခုအခါတွင်မူ ၎င်းသည် အလွန်တရာ ခန့်ညားထည်ဝါပြီး အားကောင်းနေသည့်အပြင် ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း ယခင်ကထက် များစွာ သာလွန်နေခဲ့သည်။
“ငါက အလျော့ပေးထားတာတောင်မှ... မင်းတို့က ဒီလောက်အထိ ရက်စက်ပြီး ငါ့ကို အသေအလဲ လမ်းပိတ်စရာ လိုလို့လား။”
ဤအချိန်တွင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးသည် ပျက်စီးသွားသော ခြံဝင်းတံခါးထဲမှ လမ်းလျှောက်ထွက်လာ၏။ သူသည်လည်း မြူခိုးအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မီးခိုးရောင် မြူခိုးမျက်နှာဖုံးကို တပ်ဆင်ထားကြောင်း ကျန်းဟန် သတိထားမိလိုက်သည်။
“ရှင့်ရဲ့ ဦးနှောက်က တစ်ပြားလိုသွားတာပဲ။ အဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုကိုပါ လက်ရဲဇက်ရဲ လာထိရဲမှတော့ ရှင့်ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။”
ချီရှီးမား ဆာကူရာက ခေါင်းခါလိုက်ပြီး ခရမ်းရောင်လျှပ်စီး ဓားမြီးမြွေပါကို အမိန့်ပေးလိုက်သည်။
“သတ်ပစ်လိုက်။”
“ငါ့ကို သတ်မယ် ဟုတ်လား...ဟားဟားဟားဟား...ငါ ဆယ်စုနှစ်ပေါင်းများစွာ စီမံအုပ်ချုပ်လာခဲ့တဲ့ ဒီနယ်မြေထဲမှာ မင်း ငါ့ကို ဘယ်နှခါ ထိခိုက်အောင်လုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။”
အဘိုးအိုက ရူးသွပ်စွာ ရယ်မောလိုက်၏။ နောက်တစ်စက္ကန့်တွင် ကမ္ဘာမြေကြီး တုန်ဟုန်သွားပြီး ကမ္ဘာမြေထဲမှ ရေတွက်၍မရနိုင်သော နွယ်ပင်များ ထွက်ပေါ်လာပြန်သည်။ ၎င်းတို့သည် စောစောကကဲ့သို့ သာမန်နွယ်ပင်များ မဟုတ်တော့ချေ။ ယခုတစ်ကြိမ်တွင်မူ ၎င်းတို့အားလုံးမှာ ကြေးနီရောင် သတ္တုနွယ်ပင်များ ဖြစ်နေကြသည်။
ထိုနွယ်ပင်များသည် ထက်မြက်သော ဆူးချွန်များဖြင့် ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ဆောင်ကြဉ်းလျက် ချီရှီးမား ဆာကူရာနှင့် ကျန်းဟန်တို့ ရပ်နေသော နေရာသို့ တိုက်ခိုက်လာခဲ့သည်။
“တစ်သောင်းရွှေနွယ်ပင် ... ဒါက ရှင့်ရဲ့ ဝှက်ဖဲပေါ့။”
ချီရှီးမား ဆာကူရာသည် နွယ်ပင်များ၏ ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားခဲ့သည်။
တစ်သောင်းရွှေနွယ်ပင်ဆိုသည်မှာ အလွန် ထူးခြားဆန်းကြယ်သော သားရဲအမျိုးအစား ဖြစ်သည်။ ၎င်းကို တစ်ကြိမ် စိုက်ပျိုးပြီးပါက နေရာရွှေ့ပြောင်း၍ မရတော့ပေ။ ၎င်းသည် ၎င်း၏ အမြစ်များကို မြေအောက်တွင် နက်နက်ရှိုင်းရှိုင်း တွယ်ကပ်စေကာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားစေပြီး ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူစုဆောင်းလေ့ရှိသည်။
အချိန်ကြာလာလေလေ ၎င်းစုဆောင်းမိသော စွမ်းအားမှာ ပိုမိုကြီးမားလေလေ ဖြစ်သည်။ ဤတစ်သောင်းရွှေနွယ်ပင်သည် အဆင့် ၅ ဧကရာဇ်အဆင့် အစောပိုင်းအဆင့်မျှသာ ရှိသေးသော်လည်း ၎င်းစုဆောင်းထားသော ဝိညာဉ်စွမ်းအင်ပမာဏမှာမူ အဆင့် ၆ အင်ပါယာအဆင့် သားရဲတစ်ကောင်ထက်ပင် ပိုမိုများပြားနိုင်ချေ ရှိသည်။
“မိုးကြိုးမုန်တိုင်း... လျှပ်စီးအလင်း ဓားအသွင်ပြောင်းလဲခြင်း။”
နောက်တစ်စက္ကန့်တွင် ခရမ်းရောင်လျှပ်စီးများသည် ဧရာမ မှိုပွင့်တိမ်တိုက်ကြီးတစ်ခုကဲ့သို့ လျင်မြန်စွာ ပွင့်အာထွက်လာ၏။ ထို့နောက်တွင်မူ ရေတွက်၍မရနိုင်သော ခရမ်းရောင် ဓားအလင်းတန်းများအဖြစ် ဆင့်ကဲပြောင်းလဲသွားကာ နွယ်ပင်ပေါင်းများစွာကို ထပ်မံ ပိုင်းဖြတ်ပစ်လိုက်ပြန်သည်။
သို့သော် နောက်တစ်ခဏ၌ မြေကြီးက ထပ်မံ တုန်ခါသွားပြန်ပြီး ရေတွက်၍မရနိုင်သော သံနက်ရောင်နွယ်ပင်များက ယခင်ကထက် အရေအတွက်ရော အားပြင်းမှုပါ ပိုမိုကြီးမားစွာဖြင့် ထပ်မံ ပြန့်ကားထွက်လာခဲ့သည်။ ကျန်းဟန်မှာ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိ၏။ အကယ်၍ သူသာ ဤနေရာသို့ တစ်ယောက်တည်း လာခဲ့မိပါက သူ ဘယ်လိုသေသွားမလဲဆိုသည်ကိုတောင် သိလိုက်ရမည် မဟုတ်ပေ။
“ဟွန်း... ဆံဝါမလေးက ငါ့အသက်ကို လာယူချင်တာလား။ ငါသာ မင်းလိုကောင်မလေးလက်ထဲမှာ အသက်ပေးလိုက်ရရင် ငါ ဒီနှစ်တွေတစ်လျှောက်လုံး အလကား ရှင်သန်လာခဲ့သလို ဖြစ်မနေဘူးလား။”
ချီရှီးမား ဆာကူရာအနေဖြင့် တစ်သောင်းရွှေနွယ်ပင်ကို မနှိမ်နင်းနိုင်သည်ကို မြင်သောအခါ ဆံပင်ဖြူအဘိုးအိုက လှောင်ပြုံးပြုံးလိုက်သည်။
“မသေချင်ရင် အမြန် ပြန်လှည့်သွားလိုက်တော့။”
ခရမ်းရောင်လျှပ်စီး ဓားအမြီးမြွေပါသည် တစ်သောင်းရွှေနွယ်ပင်ကို ရင်ဆိုင်ရန် အမှန်တကယ်ပင် အခက်တွေ့နေရသည်။ တစ်သောင်းရွှေနွယ်ပင်သည် မြေအောက်တွင် ကြီးထွားလာခြင်းဖြစ်ပြီး လျှပ်စီးစီးကူးနိုင်စွမ်း ရှိသဖြင့် လျှပ်စီးတိုက်ကွက်များကို လွယ်ကူစွာပင် မြေကြီးထဲသို့ စီးဆင်းပျောက်ကွယ်သွားစေသည်။ ထို့ကြောင့် ခရမ်းရောင်လျှပ်စီး ဓားအမြီးမြွေပါသည် သတ္တုဒြပ်စင် ဓားသိုင်းစွမ်းရည်များကိုသာ သုံးစွဲနိုင်တော့သည်။
“အဲလိုလား...”
ချီရှီးမား ဆာကူရာက ဆံပင်ဖြူအဘိုးအိုကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ လက်ကို မြှောက်လိုက်သည်နှင့် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး ကြောင်နက်ကလေးတစ်ကောင် မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။
“မင်းအလှည့်ရောက်ပြီ။”
“မြောင်...”
ကြောင်နက်ကလေးသည် ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ပြီး အနက်ရောင်အလင်းတန်းတစ်ခု လေထဲသို့ ပျံနှံ့သွားခဲ့သည်။ ထိုအလင်းတန်းသည် တစ်သောင်းရွှေနွယ်ပင်အပေါ် သက်ရောက်သွားပြီး ချက်ချင်းဆိုသလိုပင် ထိုနွယ်ပင်များမှာ ညှိုးနွမ်းခြောက်သွေ့သွားတော့သည်။
ကျိန်စာ...ညှိုးနွမ်းခြင်း
“ကြောင်ကျိန်စာ... မင်း... မင်းက တကယ်ပဲ ဘယ်သူလဲ။ ဒီသားရဲက မင်းဆီမှာ ဘယ်လိုလုပ် ရှိနေတာလဲ။”
ထိုယဉ်ပါးလှသော ကြောင်နက်ကလေးကို မြင်လိုက်ရသည့်အခါ အဘိုးအို၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွားပြီး မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
“မ... မဖြစ်နိုင်ဘူး။ အဖွဲ့အစည်းက ငါ့တစ်ယောက်တည်းအတွက်နဲ့ ကြောင်ကျိန်စာကို ဘယ်လိုလုပ် စေလွှတ်မှာလဲ။ သခင်မလေး... မင်းက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်သွားတာပဲ ဖြစ်ရမယ်...ဟုတ်တယ်မလား။ ငါ အညံခံဖို့ အသင့်ပါပဲ။ မင်းကို ငါ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုပြီး မင်းရဲ့ အမိန့်မှန်သမျှကို နာခံပါ့မယ်။ ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ။”
စောစောက အောက်ခြေလွတ်မတတ် ထောင်လွှားနေခဲ့သော အဘိုးအိုသည် ယခုအခါတွင်မူ ချီရှီးမား ဆာကူရာ၏ ခြေရင်း၌ တိုက်ရိုက်ပင် ဒူးထောက်ကာ ဝပ်စင်းလိုက်ပြီး အဆက်မပြတ် ဦးခိုက်ရင်း အသက်ဘေးမှ လွတ်မြောက်ရန် တောင်းပန်တိုးလျှိုးနေတော့သည်။ သူ၏ ရင်ထဲ၌ ခုခံလိုစိတ် မြူတစ်မှုန်ပင် မကျန်ရှိတော့ချေ။
“ဟမ့်... အဲဒီတာအိုဝါးမြိုပန်းက အခုထိ ရှိနေသေးလား။”
ချီရှီးမား ဆာကူရာက ထိုအဘိုးအိုကို အထင်သေးစွာ ကြည့်လိုက်ပြီး ခပ်အေးအေးပင် မေးလိုက်သည်။
“ဒါ... ဒါကိုလည်း အဖွဲ့အစည်းက သိနေတာလား။ ရှိ... ရှိပါတယ်။ အဲဒါက သဘာဝအတိုင်း ငါ့ခြံဝင်းရဲ့ မြေအောက်တည့်တည့်မှာ ရှိနေဆဲပါ။ တစ်သောင်းရွှေနွယ်ပင်က စောင့်ရှောက်ထားပါတယ်။”
ချီရှီးမား ဆာကူရာထံမှ တာအိုဝါးမြိုပန်း ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ဆံပင်ဖြူအဘိုးအို၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မယုံကြည်နိုင်သော အမူအရာကို ပြသလာခဲ့သည်။
ဤအရာမှာ သူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ ဤလျှို့ဝှက်ချက်အတွက်ကြောင့်ပင် သူသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး သူ၏ သားရဲအများစုမှာ တိုက်ပွဲတွင် သေဆုံးသွားခဲ့ရသော်လည်း သူသည် ယခုထက်ထိ ဤနေရာကို အသက်နှင့်လဲ၍ ကာကွယ်ထားသည်။
ယခု သူ အညံခံခဲ့ခြင်းမှာပင် သူ ကြိုတင် ကြံစည်ထားသည့် အရာတစ်ခု ဖြစ်သည်။ တာအိုဝါးမြိုပန်းကို သုံး၍ ထိုကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်သရွေ့ ကြောင်ကျိန်စာကို ပိုင်ဆိုင်ထားသော ချီရှီးမား ဆာကူရာပင်လျှင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ဘဲ နောက်ဆုံးတွင် သူ့ခြေရင်း၌ ဝပ်စင်းရလိမ့်မည် ဖြစ်သည်။
“ရှင့်ရဲ့ အကြံအစည်သေးသေးလေးတွေကို အဖွဲ့အစည်းက မသိဘူးလို့ တကယ် ထင်နေတာလား။ ရှင် တာအိုဝါးမြိုပန်းကို စိုက်ပျိုးဖို့ သားရဲပစ္စည်းတွေကို လိုက်ရှာနေကတည်းက အဖွဲ့အစည်းက ရိပ်မိပြီးသားပဲ။ အဲဒီ ဝါးမြိုခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဖို့အတွက် နှစ်တစ်သောင်းသက်ရှည်မက်မွန်သီးကိုပါ လုယူဖို့ ကြိုးစားရလောက်အောင် ရှင် အရမ်းမိုက်မဲလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ရှင်က တကယ်သေချင်နေတာပဲ။”
ချီရှီးမား ဆာကူရာက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“ကျွန်မကို အဲဒီ တာအိုဝါးမြိုပန်းဆီ ခေါ်သွားစမ်း။”
“မြောင်....”
တစ်ချိန်တည်းမှာပင် သူမ၏ ခြေရင်းရှိ ကြောင်နက်ကလေးက နောက်ထပ် ကျိန်စာတစ်ခုဖြင့် တိုက်ခိုက်လိုက်သည်။ ဆံပင်ဖြူအဘိုးအို၏ အရိပ်သည် မြေပြင်ပေါ်မှ ကြွတက်လာပြီး အနက်ရောင် သံကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲကာ သူ၏ စိတ်ဝိညာဉ်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားခဲ့သည်။ သံကြိုး၏ အခြားတစ်ဖက်မှာမူ ကြောင်နက်ကလေး၏ ခြေရင်း၌ ကျရောက်နေခဲ့သည်။
ကျိန်စာ...ဘဝသော့ခတ်ခြင်း။
“ဟုတ်ကဲ့ပါ သခင်မ... ကျေးဇူးပြုပြီး ဒီဘက်ကို လိုက်ခဲ့ပါ။”
ဆံပင်ဖြူအဘိုးအိုသည် ထရပ်လိုက်ပြီး ချီရှီးမား ဆာကူရာအတွက် ရိုရိုသေသေ လမ်းရှင်းပေးလိုက်သည်။
“သွေးအနှစ်သာရသစ်သီးက ခြံဝင်းထဲမှာ ရှိတယ်။ မင်းဘာသာမင်း သွားယူလိုက်တော့။ ငါ့ကိစ္စတွေ ပြီးတာနဲ့ မင်းကို ဒီကနေ ခေါ်ထုတ်သွားမယ်။”
ချီရှီးမား ဆာကူရာက သူမနောက်ရှိ ကျန်းဟန်ကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ကောင်းပါပြီ။”
ကျန်းဟန်က အနည်းငယ် နှမြောတသဖြစ်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူသည်လည်း ထိုအဘိုးအို ပြောနေသော တာအိုဝါးမြိုပန်းဆိုသည့်အရာက အမှန်တကယ်တွင် မည်သို့သော အရာမျိုးဖြစ်သည်ကို မြင်တွေ့ခွင့်ရရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။
“ကြောင်ကျိန်စာ...တာအိုဝါးမြိုပန်း။”
ကျန်းဟန်သည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ခြံဝင်းထဲသို့ လှမ်းဝင်ခဲ့လိုက်သည်။ စောစောက အပြန်အလှန် စကားပြောဆိုမှုများကို ကြည့်ခြင်းအားဖြင့် ချီရှီးမား ဆာကူရာ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားမှာ သူ စိတ်ကူးထားသည်ထက်ပင် ပိုမို လျှို့ဝှက်ဆန်းကြယ်နေ၏။ သူအနေဖြင့် ကြောင်ကျိန်စာကိုရော တာအိုဝါးမြိုပန်းကိုပါ တစ်ခါမျှပင် မကြားဖူးခဲ့ချေ။
ချီရှီးမား ဆာကူရာကဲ့သို့ လူတစ်ယောက်က သူ့ကို မြူခိုးအဖွဲ့အစည်းထဲသို့ ဝင်ရန်အတွက် ကိုယ်တိုင် ဦးဆောင်ကာ လာရောက်စည်းရုံးခဲ့ခြင်း ဖြစ်ရာ သူမသည် သူ့အပေါ် သာမန်ထက် ပိုမို၍ အလေးအနက်ထားပုံရသည်။
ပြီးခဲ့သည့်အကြိမ်က သူမသည် သူ့ကို သားရဲထိန်းချုပ်သူများ မဟာမိတ်ထဲဝင်ရန် ဖိတ်ခေါ်ခြင်း မအောင်မြင်ခဲ့သဖြင့် ယခုတစ်ကြိမ်တွင်မူ သူ့ကို မြူခိုးအဖွဲ့အစည်းထဲ ဝင်လာစေရန် တိုက်ရိုက် နည်းလမ်းသုံး၍ ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
ဤမျှလောက်အထိ အလေးအနက်ထားခြင်း ခံရသော်လည်း ကျန်းဟန်အနေဖြင့် အနည်းငယ်မျှပင် ဝမ်းမသာနိုင်ခဲ့ချေ။ ချီရှီးမား ဆာကူရာသည် သူ၏ ပါရမီကို မျက်စိကျနေခြင်း ဖြစ်ဖို့များပြီး နောင်တစ်ချိန်တွင် သူမက သူ့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို မည်သူသိနိုင်မည်နည်း။
သူသည် ထိုဆံပင်ဖြူအဘိုးအိုကဲ့သို့ မြေပြင်ပေါ်တွင် ဝပ်စင်းကာ သူမကို သခင်ဟု ခေါ်ရမည့် ဘဝမျိုးကို လုံးဝ မလိုချင်ပေ။
သူ့အနေဖြင့် မိမိ၏ စွမ်းအားကို မြှင့်တင်ရန် အလွန် အရေးတကြီး လိုအပ်နေပြီး မိမိခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာကို ဖြေရှင်းရန်အတွက် ကျိန်စာသင့်နဂါးကိုလည်း အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။ ကျန်းဟန်သည် ခေါင်းကို ခါယမ်းလိုက်ရင်း ခြံဝင်းအတွင်းသို့သာ ဆက်သွားလိုက်တော့သည်။