အခန်း ၂၈၂
Vol. 29 Ch. 282
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၂
ဘာသာပြန် - Ko Yoohtoo
True Immortal Team
တောင်ပိုင်းပင်လယ်နယ်မြေသည် အဆုံးအစမရှိ ကျယ်ပြောလှရာ ရေနေသားရဲမျိုးစုံကို မွေးဖွားပေးထားပြီး ပင်လယ်မျိုးနွယ်စုပေါင်း သန်းနှင့်ချီ၍ ရှိနေ၏။ သို့သော်လည်း ရှေးဟောင်းလူသားမျိုးနွယ်စု၏ အမွေအနှစ်နေရာကို စူးစမ်းလေ့လာခွင့် ရရှိသည့် မျိုးနွယ်စုမှာ ရာဂဏန်းမျှသာ ရှိသည်။
အဘယ်ကြောင့်ဆိုသော် စည်းကမ်းချက်များအရ ပင်လယ်မျိုးနွယ်စုတစ်ခုသည် လူသားမျိုးနွယ်စုတစ်ခုနှင့် မဟာမိတ်ဖွဲ့ရမည် ဖြစ်သောကြောင့်ပင်။ ထို့ကြောင့်ပင် မကြာမီ စတင်တော့မည့် ရှေးဟောင်းအမွေအနှစ်နေရာ စူးစမ်းလေ့လာရေး၌ ပင်လယ်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့မှ စုစုပေါင်း အင်အားစု နှစ်ရာခန့် ပါဝင်ပတ်သက်ပေလိမ့်မည်။
ရှေးဟောင်းစစ်ပွဲများအတွင်းက တောင်တန်းများ ပြိုလဲပြီး မြေပြင်များ အစိတ်စိတ်အမွှာမွှာ ကွဲအက်ခဲ့ရာမှ တစ်ချိန်က ကုန်းမြေဖြစ်ခဲ့သည့် နေရာများသည် ယခုအခါ တောင်ပိုင်းပင်လယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့်ပင် တောင်ပိုင်းပင်လယ်၏ အောက်ခြေရှိ အမွေအနှစ်နေရာ အများစုမှာ ပင်လယ်မျိုးနွယ်စုများထက် ရှေးဟောင်းကုန်းမြေမှ လူသားမျိုးနွယ်စုများ၏ အကြွင်းအကျန်များသာ ဖြစ်နေခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် စူးစမ်းလေ့လာမည့် ရှေးဟောင်းလူသားမျိုးနွယ်စု၏ အမွေအနှစ်မှာ တိုက်ဆိုင်စွာပင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ထိုအရာက ကမ္ဘာငယ်လေးတစ်ခု၏ အကြွင်းအကျန်များ ဖြစ်၏။
သို့သော်လည်း အတိတ်က စစ်ပွဲများကြောင့် ထိုကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်နိုင်သည့် တံခါးဝမှာ လွန်စွာ ယိုယွင်းပျက်စီးနေပြီ ဖြစ်သည်။ ရှေးဟောင်းနေရာကို အောင်မြင်စွာ ရှာဖွေတွေ့ရှိပြီးနောက် အင်အားကြီး ပုဂ္ဂိုလ်များက ဝင်ပေါက်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်သော်လည်း ကန့်သတ်ချက်များ ရှိနေသည်ကို သတိပြုမိကြ၏။
သေခြင်းရှင်ခြင်း နယ်ပယ်အောက်ရှိ သိုင်းဝိညာဉ်ပညာရှင်များသာ ဝင်ရောက်နိုင်ပြီး ထိုအဆင့်ထက် မြင့်မားသူများ ဝင်ရောက်ပါက ပျက်စီးနေသည့် ဝင်ပေါက်တံခါးမှာ မတည်မငြိမ်ဖြစ်ကာ ပြိုလဲသွားနိုင်သောကြောင့် ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် အင်အားကြီးအဖွဲ့အစည်းများက ပျက်စီးနေသည့် ဝင်ပေါက်မှတစ်ဆင့် မျိုးဆက်သစ်လူငယ်များကိုသာ စူးစမ်းလေ့လာခွင့်ပေးရန် ဆုံးဖြတ်ခဲ့ကြ၏။ ဤသည်မှာ အတွေ့အကြုံရရှိစေရုံသာမက များပြားလှသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည် မဟုတ်လော။
ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နေရာ စူးစမ်းလေ့လာရေးသည် တောင်ပိုင်းပင်လယ်နယ်မြေနှင့် တောင်ပိုင်းကုန်းမြေမှ ပါရမီရှင်များ စုဝေးရာ ခမ်းနားသည့် ပွဲတော်ကြီးတစ်ခု ဖြစ်လာပြီး ထိုပွဲကို တောင်ပိုင်းတွေ့ဆုံပွဲဟု ရိုးရှင်းစွာပင် ခေါ်ဆိုကြသည်။ လက်ရှိအချိန်၌ လင်းချန်နှင့် သူ၏ အဖွဲ့သားများသည် ထိုတောင်ပိုင်းတွေ့ဆုံပွဲသို့ ဦးတည်ကာ ခရီးနှင်နေကြပြီ ဖြစ်၏။
အရှေ့ပိုင်းဌာနခွဲအတွက် အထူးသီးသန့် တည်ဆောက်ထားသည့် စစ်သင်္ဘောမှာ အလွန်ပင် သိသာလွန်းလှသဖြင့် ကျန်းထျန်ရှင်း၏ အောက်ပါ သားရဲကြီးကိုသာ စီးနင်းလိုက်ပါလာကြသည်။ ထိုသားရဲကြီးမှာ ဒေါသထွက်နေသည့် ဝေလငါးဘုရင်ပင် ဖြစ်၏။ အမည်နှင့် လိုက်ဖက်စွာပင် လင်းချန်၏ ယခင်ဘဝက မြင်တွေ့ခဲ့ရသည့် ဝေလငါးကြီးများနှင့် ဆင်တူသော်လည်း အဆပေါင်းများစွာ ပိုမိုကြီးမားလှသည်။
ထိုသားရဲကြီး၏ ကိုယ်ထည်ပေါ်၌ အညိုရောင် သံချပ်ကာကဲ့သို့ မာကျောသည့် အရိုးခွံများ ဖုံးအုပ်နေပြီး ထိုအရိုးခွံများက သားရဲကြီး၏ မူလက အားနည်းသော ခံစစ်ကို များစွာ မြင့်တင်ပေးထား၏။
ဝေလငါးဘုရင်၏ ဦးခေါင်းထက်၌ ထိုအရိုးခွံများမှာ ဘုရင်တစ်ပါး၏ သရဖူသဏ္ဌာန် ဖြစ်ပေါ်နေသဖြင့် ဤအမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဝေလငါးကြီး၏ ဦးခေါင်းထက်ရှိ ပြားချပ်သည့် သရဖူအရိုးများပေါ်၌ ပင်လယ်ပြာ သလင်းကျောက်များ စီခြယ်ထားသော ပင်လယ်မျိုးနွယ်စု ဟန်ပန် ခမ်းနားထည်ဝါသည့် စံအိမ်ကြီးတစ်လုံးကို ဆောက်လုပ်ထား၏။
ထို့အပြင် ဦးခေါင်းထက်ရှိ အရိုးမျက်နှာပြင်၌ အစီအရင် လမ်းကြောင်းများကို ထွင်းထုထားပြီး ထိုအစီအရင် အကာအကွယ်မှာ စံအိမ်တော်ကို ရေစီးကြောင်းများ၏ ဒဏ်မှ လုံခြုံစွာ ကာကွယ်ပေးထားသည်။
ဤရက်ပိုင်းအတွင်း ကျန်းဇီတဲ၊ လီယွမ်ဖုန်း၊ ကျန်းချီ နှင့် ကျန်းဝမ်ရွှမ်း တို့မှာ အလွန်ပင် စိတ်လှုပ်ရှား ပျော်ရွှင်နေကြ၏။
အဘယ်ကြောင့်ဆိုသော် ရတနာလောင်းကစားပွဲမှ ရရှိသည့် အမြတ်အစွန်းများထဲမှ လင်းချန်က သူတို့တစ်ဦးစီကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းငါးရာစီ ခွဲဝေပေးခဲ့သောကြောင့်ပင်။
ယီစင်းမှာမူ ဤခွဲဝေမှု၌ မပါဝင်ပေ။ သူမ တစ်စုံတစ်ခု လိုအပ်သည်နှင့် လင်းချန်အား တိုက်ရိုက်သာ တောင်းဆိုလေ့ ရှိသောကြောင့် ဖြစ်၏။
သန်းငါးရာတိတိ...။
လင်းချန် ရရှိသည့် ပမာဏနှင့် နှိုင်းယှဉ်လျှင် နည်းပါးသော်လည်း သူတို့မှာ ရတနာလောင်းကစားပွဲ၌ ဘာမျှပင် အင်အားစိုက်ထုတ်ခဲ့ရခြင်း မရှိဘဲ ဤမျှများပြားသော ကျောက်တုံးများကို ရရှိခဲ့သဖြင့် မကျေနပ်စရာ အကြောင်းမရှိပေ။ လင်းချန်သည် အမှန်တကယ်ပင် သဘောထားကြီးသူ ဖြစ်ကြောင်း ခံစားမိကြသဖြင့် သူတို့၏ ချစ်ခင်လေးစားမှုမှာလည်း ပိုမိုနက်ရှိုင်းလာကြသည်။
ဤရက်ပိုင်းအတွင်း အတူတူ ဖြတ်သန်းခဲ့ကြသဖြင့် သံယောဇဉ်မှာ ခိုင်မာလာပြီ ဖြစ်ရာ လင်းချန်သည် သူတို့၏ စရိုက်များကို အကဲခတ်ပြီးနောက် ပေါင်းသင်းထိုက်သူများအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်၏။ ကောင်းသည့်အရာများကို ဝေမျှခံစားသည် ဆိုသည်မှာ ပြောရန် လွယ်သော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
လူတိုင်း စိတ်ပျော်ရွှင်နေမှသာ ရှေးဟောင်းအမွေအနှစ်နေရာသို့ ရောက်သည့်အခါ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှာလည်း ပိုမိုချောမွေ့လာမည်ဖြစ်ကြောင်း လင်းချန် ယုံကြည်ထား၏။ စိတ်ဓာတ်တက်ကြွနေလျှင် အရာရာတိုင်းမှာ အလိုလို အဆင်ပြေသွားတတ်သည် မဟုတ်လား။
စံအိမ်တော်အတွင်းရှိ နေရာအချို့ကို ရေမရှိသည့် နေရာအဖြစ် ပြုပြင်မွမ်းမံထားသည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်စုမှ လင်းချန်နှင့် ယီစင်းသာမက နှောင်ကြိုးမဲ့ဂိုဏ်းမှ လူအများအပြားလည်း လိုက်ပါလာသောကြောင့် ဖြစ်၏။ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုသည် ရှေးဟောင်းအမွေအနှစ်နေရာနှင့် အတော်လေး နီးကပ်သော်လည်း ရောက်ရှိရန် နှစ်လခန့် ကြာမြင့်မည် ဖြစ်သည်။ ယခုအခါ တစ်လကျော်ကျော် ကုန်ဆုံးသွားပြီ ဖြစ်၏။
စံအိမ်တော်အတွင်းရှိ လင်းချန် နေထိုင်ရာ ရင်ပြင်ရှိ အိပ်ခန်းထဲ၌ သူသည် ကုတင်ပေါ်၌ တရားထိုင်နေပြီး ယီစင်းမှာမူ သူ၏ ရှေ့တည့်တည့်၌ တင်ပျဉ်ခွေထိုင်နေသည်။
လင်းချန်သည် ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် သဘာဝစွမ်းအင်များကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းစေနိုင်သဖြင့် ပတ်ဝန်းကျင်ရှိ အရှိန်အဝါများကို ထိန်းချုပ်နိုင်ပြီး သူ၏ ဘေးနား၌ ကျင့်ကြံခြင်း၏ အကျိုးရလဒ်ကို နှစ်ဆတိုးပွားအောင် ပြုလုပ်နိုင်၏။
ဤကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေးကို လင်းချန်သည် သူ၏ ဇနီးလောင်းအတွက်သာ သီးသန့် ချန်ထားပေးခြင်း ဖြစ်သည်။
ထိုခဏ၌ လင်းချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ရှေ့၌ တိတ်ဆိတ်စွာ ကျင့်ကြံနေသည့် ယီစင်းအား မနှောင့်ယှက်ဘဲ ကြည့်နေမိ၏။
ထိုစဥ် စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏ ရှေ့၌ စုစည်းလာပြီး နည်းဗျူဟာမျက်နှာပြင်မှာ ရုတ်ချည်း ပေါ်ပေါက်လာကာ စာတန်းတစ်ခုကို ပြသလိုက်သည်။ ထိုစာတန်း၌ အချက်တစ်ချက်ကို ရှင်းလင်းစွာ ဖော်ပြထား၏။
ထိုအရာမှာ စိတ်ဝိညာဉ်ပုလဲ သုတေသန အောင်မြင်ပြီ ဟူ၍ ဖြစ်သည်။
စိတ်ဝိညာဉ်ပုလဲ ဆိုသည်မှာ ရတနာလောင်းကစားပွဲရှိ ရှေးဟောင်းပစ္စည်းတစ်ခုအတွင်းမှ လင်းချန် တွေ့ရှိခဲ့သည့် ဆန်းသစ်သော ပစ္စည်းတစ်ခု ဖြစ်၏။ ထိုစဉ်က ကျူးကော့မင်သည် ထိုပုလဲကို မြင်လိုက်ရသည်နှင့် လင်းချန်အား ဝယ်ယူရန် အတင်းအကျပ် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ကျူးကော့မင်သည် ရှေးဟောင်းကျမ်းစာများ၌ ဤပုလဲအကြောင်းကို ဖတ်ဖူးခဲ့ပြီး လိုချင်နေသည်မှာ ကြာပြီ ဖြစ်၏။
စိတ်ဝိညာဉ်ပုလဲအတွင်းသို့ တစ်ဦးတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းနိုင်ပြီး စိတ်အာရုံဖြင့် ထိန်းချုပ်နိုင်သည်။ ဥပမာအားဖြင့် လက်နက်သွန်းလုပ်ရာ၌ စိတ်ဝိညာဉ်ပစ္စည်းအတွင်း၌ စိတ်ဝိညာဉ်ပုလဲကို ထည့်သွင်းထားလျှင် ထိုလက်နက်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ များစွာ မြင့်မားလာမည် ဖြစ်၏။
ကျူးကော့မင်၏ အစီအစဉ်အရ ဤပစ္စည်းသည် ရုပ်သေးခန္ဓာ စီမံကိန်း အတွက် မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ်သည်။ စိတ်ဝိညာဉ်ပုလဲကို ရုပ်သေးခန္ဓာ၏ စိတ်ဝိညာဉ်အဖြစ် အသုံးပြုခြင်းဖြင့် စစ်သည်တော်များသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းကာ ရုပ်သေးခန္ဓာကို ထိန်းချုပ်နိုင်မည် ဖြစ်၏။
သို့သော်လည်း စိတ်ဝိညာဉ်ပုလဲကို ရှာမတွေ့နိုင်ခဲ့ခြင်းမှာ ကြီးမားသည့် အခက်အခဲ ဖြစ်ခဲ့ရသည်။ ဟွာရှာအင်ပါယာအတွင်း၌ ဤကဲ့သို့သော အရာမျိုး မရှိခဲ့သောကြောင့်ပင် ဖြစ်၏။
အတိတ်ဘဝမှ အတွေ့အကြုံများအရ စိတ်ဝိညာဉ်ဟူသည့် အယူအဆ မရှိခဲ့သဖြင့် ဤကဲ့သို့သော အရာမျိုး ရှိနိုင်ရန် မဖြစ်နိုင်ပေ။ စိတ်ဝိညာဉ်နှင့် ပတ်သက်၍ ရှိခဲ့သည်မှာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကုသပေးသည့် ဆေးရည်များသာ ရှိခဲ့ခြင်း ဖြစ်သည်။
စိတ်ဝိညာဉ်ပုလဲကို ရရှိပြီးနောက် ကျူးကော့မင်သည် စိတ်လှုပ်ရှားစွာဖြင့် သုတေသနပြုရန် အထူးအာရုံစိုက်ခဲ့၏။ သူသည် ထိုပုလဲ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ကာ ပိုမိုကောင်းမွန်အောင် ပြုပြင်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဟွာရှာအင်ပါယာအတွင်းရှိ စစ်သည်တော် အရေအတွက်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလှသောကြောင့် မဟုတ်လား။
ယခုအခါ ကျူးကော့မင် ပေးပို့လိုက်သည့် သတင်းစကားမှာ စိတ်ဝိညာဉ်ပုလဲ သုတေသန အောင်မြင်သွားပြီ ဖြစ်ကြောင်းနှင့် သတင်းကောင်းများ ပါရှိနေခြင်း ဖြစ်၏။
ထို့နောက် လင်းချန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး လှပသည့် ဇနီးလောင်းလေးကို အသာအယာ ကြည့်လိုက်သည်။ "ရှင်းရှင်း။"
ယီစင်း၏ မျက်တောင်ရှည်လေးများမှာ အသာအယာ တုန်ခါသွားပြီးနောက် သူမ၏ လှပသည့် မျက်လုံးလေးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ကာ ကျင့်ကြံခြင်းမှ နိုးထလာ၏။ သူမသည် လင်းချန်ကို နားမလည်သည့် အမူအရာဖြင့် ကြည့်ကာ ဘာကြောင့် ရုတ်တရက် ခေါ်ရသလဲဟု တွေးတောနေပုံရသည်။
ယီစင်း၏ မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်နေသည့် အမူအရာကို ကြည့်ကာ လင်းချန်က သဘောတကျ ပြုံးလိုက်၏။ "မိန်း အမြဲ မြင်တွေ့ချင်နေတဲ့ စစ်မှန်တဲ့ ဟွာရှာအင်ပါယာကြီး ဘယ်လိုမျိုးလဲ ကြည့်ချင်သေးလား။"
ယီစင်းမှာ ပထမ၌ ဘာမျှ ပြန်မပြောနိုင်ဘဲ မှင်သက်သွားပြီးမှ အသက်ရှူသံ ပြင်းပြင်းဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။ ယီစင်းက အံ့အားသင့်စွာ ရေရွတ်လိုက်၏။ "ချန်လေး... ဒါဆိုရင်။"
လင်းချန်သည် သူ၏ လက်ကို လှန်ပြလိုက်ရာ လက်ဖဝါးပေါ်၌ မီးခိုးရောင် ရင့်ရင့် လုံးဝန်းသည့် ပုလဲလေးတစ်လုံး ပေါ်ထွက်လာသည်။ သူသည် ယီစင်းအား ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ "အခုဆိုရင် မိန်းရဲ့ ကိုယ်ပိုင်မျက်စိနဲ့ မြင်တွေ့နိုင်ပြီ။"
လင်းချန်၏ စကားအဆုံး၌ ယီစင်းမှာ အတော်ကြာအောင် တိတ်ဆိတ်သွားရသည်။ သူမ၏ မျက်ဝန်းအစုံမှာမူ ပိုမိုတောက်ပ၍ လာ၏။
သူမသည် လင်းချန် အမြဲပြောလေ့ရှိသည့် စစ်မှန်သော ဟွာရှာအင်ပါယာကြီးက မည်သို့သော ပုံစံရှိမည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုနေသည်မှာ ကြာလှပြီ ဖြစ်သည်။
သို့သော်လည်း လင်းချန်က အကြောင်းအမျိုးမျိုးကြောင့် ပြင်ပလူများကို ထိုနေရာသို့ ခေါ်ဆောင်သွားရန် မဖြစ်နိုင်သေးကြောင်း ပြောဆိုခဲ့ဖူး၏။
ထို့ကြောင့်ပင် ယီစင်းသည် လင်းချန်၌ မည်သို့သော အမွေအနှစ်မျိုး ရှိနေမည်ကို အမြဲတစေ စိတ်ကူးယဉ်နေမိသည်။ အထူးသဖြင့် ဟွာရှာအင်ပါယာ၏ ကံကြမ္မာအရှိန်အဝါများ ကောင်းကင်ထက်၌ ပေါ်ထွက်လာသည့် အချိန်မှစ၍ သူမ၏ မျှော်လင့်ချက်များမှာ ပိုမိုကြီးထွားလာ၏။
ထို့နောက်၌မူ အလွန်အမင်း သိလိုစိတ် ပြင်းပြနေသည့် ယီစင်းသည် လင်းချန်၏ ညွှန်ကြားချက်အတိုင်း သူမ၏ စိတ်ဝိညာဉ်စွမ်းအားမျှင်ကို စိတ်ဝိညာဉ်ပုလဲအတွင်းသို့ ထည့်သွင်းလိုက်သည်။
စိတ်ဝိညာဉ်စွမ်းအားမျှင် ဆိုသည်မှာ စိတ်ဝိညာဉ်အသိစိတ်နှင့် မတူညီပေ။ ထိုအရာမှာ စိတ်ဝိညာဉ်အမြုတေမှ ခွဲထုတ်ထားခြင်း ဖြစ်၏။ ယီစင်း ခွဲထုတ်လိုက်သည့် စိတ်ဝိညာဉ်စွမ်းအားမျှင်လေးသာ ပျက်စီးသွားလျှင် ထိုမျှလောက်သော ပမာဏလေးမှာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် တစ်နှစ်ထက်မနည်း အချိန်ယူရပေလိမ့်မည်။
ယီစင်း၏ စိတ်ဝိညာဉ်စွမ်းအားမျှင်မှာ စိတ်ဝိညာဉ်ပုလဲအတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပုလဲတစ်ခုလုံး၏ မျက်နှာပြင်ပေါ်၌ ရှုပ်ထွေးနက်နဲသည့် လမ်းကြောင်းများ ပေါ်ထွက်လာပြီး ပုလဲအတွင်းပိုင်းမှာလည်း ကြည်လင်သန့်ရှင်းသွားကာ သူမ၏ လှပသော ပုံရိပ်လေးကို မှေးမှိန်စွာ ထင်ဟပ်နေ၏။
ဤမြင်ကွင်းမှာ ကျူးကော့မင် ဖော်ပြခဲ့သည့် အောင်မြင်သော အခြေအနေနှင့် ထပ်တူပင် ဖြစ်ရာ လင်းချန်သည် အရာရာ အဆင်ပြေသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထိုခဏ၌ ယီစင်းသည် ထူးခြားဆန်းပြားသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
လင်းချန်၏ လက်ထဲရှိ ပုလဲလေးမှာ သူမ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်လာပြီး သူမ၌ အပိုမျက်လုံးတစ်စုံ ရရှိလိုက်သကဲ့သို့ပင် ဖြစ်နေသည်။
ထိုအချိန်၌ လင်းချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ၏ ဘေးနား၌ နောက်ထပ် ယီစင်း တစ်ဦး ပေါ်ထွက်လာ၏။
ယီစင်းက အံ့ဩသွားသည်။ "ချန်လေး... အဲဒါ ဘာလဲ။"
ရုတ်တရက် ပေါ်ထွက်လာသည့် ခန္ဓာကိုယ်ကြောင့် ယီစင်းမှာ လန့်ဖျန့်သွားရ၏။ ယီစင်း၏ အံ့အားသင့်နေသည့် အမူအရာကို ကြည့်ကာ လင်းချန်က သဘောတကျ ပြုံးလိုက်သည်။
"မကြောက်နဲ့ မိန်း၊ ဒါက ဟိုလူကြီး ကျူးကော့မင် ပြုလုပ်ထားတဲ့ ရုပ်သေးခန္ဓာပဲ။ အသွင်အပြင်က သာမန်လူနဲ့ အရမ်းတူပေမဲ့ ကုန်ကြမ်းတွေကတော့ အတော် မာကျောတယ်။ သေခြင်းရှင်ခြင်း နယ်ပယ်က လူတွေတောင် ဒီခန္ဓာကိုယ်ကို အစင်းကြောင်းလေး တစ်ခုတောင် ထင်အောင် မလုပ်နိုင်ဘူး။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၂ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team