အခန်း ၂၈၃
Vol. 29 Ch. 283
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၃
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ထိုသို့ ပြောပြီးနောက် လင်းချန်သည် သူ၏ လက်ထဲမှ ယီစင်း၏ ပုံရိပ်ပါသည့် စိတ်ဝိညာဉ်ပုလဲလေးကို ပစ်တင်လိုက်ရာ ထိုပုလဲမှာ ရုပ်သေးခန္ဓာ၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ထို့နောက်၌မူ သူမ၏ အတွင်းပိုင်းမှ လျှို့ဝှက်နက်နဲသည့် သတင်းစကားများ စီးဆင်းလာသကဲ့သို့ ထူးဆန်းသော ခံစားချက်ကို ရရှိလိုက်၏။
ယီစင်းသည် အလိုအလျောက်ပင် ရုပ်သေးခန္ဓာကို မည်သို့ ထိန်းချုပ်ရမည်ကို သိရှိသွားပြီး သူမ၏ အာရုံများကို ရုပ်သေးဆီသို့ ပို့လွှတ်လိုက်ကာ မူလခန္ဓာကိုယ်ကို ခေတ္တမျှ လျစ်လျူရှုထားလိုက်သည်။
ရုပ်သေးခန္ဓာကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီးနောက်၌ ယီစင်းသည် နေရာမှာတင် လှည့်ပတ်၍ လမ်းလျှောက်ကာ ကခုန်လိုက်ရာ သူမ၏ ဂါဝန်စလေးမှာ လွင့်ဝဲသွားပြီးမှ ပြန်လည် တည်ငြိမ်သွား၏။
ယီစင်းက လင်းချန်အား ပြုံးပြလိုက်သည်။ "ဒါက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမဲ့ ဒီခန္ဓာကိုယ်မှာ သွေးကြောတွေ၊ ဒန်ထျန်တွေ မရှိဘူးနော်။ ပြီးတော့ အေးစက်နေပြီး သက်ရှိအငွေ့အသက်လည်း မရှိဘူး။"
လင်းချန်က ပြန်ဖြေလိုက်၏။ "ဒါက ရုပ်သေးခန္ဓာ စီမံကိန်းက ထွက်လာတဲ့ တစ်ပိုင်းတစ်စ ပစ္စည်းပဲ ရှိသေးတာ။ ကမ်းရိုးတန်းပြည်နယ်မှာတုန်းက ဆရာကြီး ဝေဝူရွှမ် သေချင်ယောင်ဆောင်တာ မှတ်မိသေးလား။ အဲဒီတုန်းက သူ သုံးခဲ့တာ ဒီလိုမျိုး အတုလုပ်ထားတဲ့ ခန္ဓာကိုယ်ပဲ။"
ထိုအခါမှသာ ယီစင်းသည် ဝေဝူရွှမ်၏ သေဆုံးမှုမှာ အဘယ်ကြောင့် ဤမျှ ယုံကြည်စရာ ကောင်းရသည်ကို နားလည်သွားသည်။ ထိုမျှလောက် လက်ရာမြောက်သည့် ခန္ဓာကိုယ် ရှိနေသည် မဟုတ်ပါလား။
ထိုခဏ၌ လင်းချန်သည် ရုပ်သေးခန္ဓာ ယီစင်းထံသို့ လက်ကမ်းပေးလိုက်၏။ "သွားကြစို့။"
ယီစင်း ထိန်းချုပ်ထားသည့် ရုပ်သေးခန္ဓာသည်လည်း မသိစိတ်အရပင် လက်ပြန်ကမ်းလိုက်သည်။ "တိုက်ရိုက် သွားလို့ရတာလား။"
လင်းချန်က မည်သည့်အဖြေမျှ မပေးဘဲ လျှို့ဝှက်စွာ ပြုံးပြလိုက်ကာ သူ၏ စိတ်အာရုံကို ဟွာရှာအင်ပါယာသို့ ဦးတည်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အိပ်ခန်းအတွင်း၌ ယီစင်း၏ မူလခန္ဓာကိုယ်သာ ကျန်ရစ်ပြီး လင်းချန်နှင့် ရုပ်သေးခန္ဓာမှာမူ ပျောက်ကွယ်သွားသည်။
ယီစင်းသည် အံ့အားသင့်နေရင်းမှပင် ကုတင်ပေါ်သို့ တက်ကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကို တင်းတင်းပိတ်လျက် အာရုံအားလုံးကို ရုပ်သေးခန္ဓာဆီသို့ စုစည်းလိုက်၏။
သူမ၏ မျက်စိရှေ့၌ အလင်းဖြူတစ်ချက် လက်သွားပြီးနောက် ယီစင်း ထိန်းချုပ်ထားသည့် ရုပ်သေးခန္ဓာက မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူမနှင့် လင်းချန်တို့သည် ဟာလာဟင်းလင်း ဖြစ်နေသည့် စင်ကြယ်ဖြူဖွေးနေသော ဟင်းလင်းပြင်အတွင်း၌ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ ရှေ့၌ လင်းချန်က ပြုံး၍ ကြည့်နေပြီး သူ၏ နောက်ကွယ်၌မူ အဆုံးအစမရှိသည့် အဖြူရောင် နယ်မြေကြီးသာ ရှိနေ၏။
ယီစင်းက သေချာမသိသဖြင့် မေးလိုက်သည်။ "ဒါက ဟွာရှာအင်ပါယာလား။"
ယီစင်း၏ မေးခွန်းကို ကြားသည့်အခါ လင်းချန်က ဘာမျှ ပြန်မပြောဘဲ သူမ၏ နောက်ကျောဘက်သို့ မျက်ခုံးတစ်ချက် ပင့်ပြလိုက်၏။
ယီစင်းသည် လင်းချန်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
သူမ၏ နောက်ကွယ်မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ ယီစင်း၏ နှုတ်ခမ်းနီနီလေးများမှာ အနည်းငယ် ဟသွားရပြီး မျက်တောင်များမှာလည်း တုန်ခါသွားရ၏။ သူမသည် လင်းချန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားမိပြီး စကားတစ်လုံးမျှပင် မပြောနိုင်တော့ပေ။
ဧရာမ လုံးဝန်းသည့် အရာဝတ္ထုကြီးတစ်ခုသည် သူတို့၏ ရှေ့၌ လည်ပတ်နေပြီး ထိုအရာ၏ မျက်နှာပြင်ပေါ်၌ ကုန်းမြေများနှင့် သမုဒ္ဒရာများကို မြင်တွေ့နေရသည်။
သူတို့ ရပ်နေသော ဖြူစင်သည့် ဟင်းလင်းပြင်နှင့် တည့်တည့်၌မူ မှောင်မည်းနေသော နယ်ပယ်ကြီး တစ်ခု ရှိနေ၏။
တစ်ဖက်မှာ အတိုင်းအဆမရှိ လင်းထိန်နေပြီး ကျန်တစ်ဖက်မှာမူ ညဉ့်ဦးယံ ဖြစ်နေရမည် ဖြစ်သည်။
လင်းချန်က အံ့ဩမှုများ ပြည့်နှက်နေသည့် အသံဖြင့် ပြောလိုက်၏။ "ယင် တစ်ဖက်၊ ယန် တစ်ဖက်... နေနဲ့ လ မရှိပေမဲ့ နေ့နဲ့ ညကိုတော့ ခွဲခြားထားတာပဲ။ ဆန်းကြယ်တယ် မဟုတ်လား။"
အကြိမ်ကြိမ် မြင်ဖူးသော်လည်း လင်းချန်အတွက်မူ ဤမြင်ကွင်းသည် ခမ်းနားထည်ဝါလွန်းနေဆဲပင် ဖြစ်သည်။
ယီစင်းသည် ရှေ့မှ ပုံရိပ်ယောင် ကြယ်တာရာကို စိုက်ကြည့်ရင်း ခေါင်းအသာ ညိတ်လိုက်၏။
အင်ပါယာ၏ ကံကြမ္မာအရှိန်အဝါများ ပေါ်ထွက်စဉ်က မြင်တွေ့ခဲ့ရသည်ထက် အဘယ်ကြောင့် ဤမျှ သေးငယ်နေရသနည်းဆိုသည်ကို သူမ နားမလည်နိုင်ဘဲ ရှိနေသည်။
ဤမေးခွန်းကို စိတ်ထဲရှိသည့်အတိုင်း ယီစင်းက လင်းချန်အား တိုက်ရိုက်ပင် မေးလိုက်၏။
လင်းချန်က ရုတ်တရက် ရယ်မောလျက် ယီစင်း၏ လက်ကို ဆွဲလိုက်သည်။ "အဲဒါက ကိုတို့တွေ ရှန်ဟွမ်ကြယ်နဲ့ အလှမ်းဝေးနေလို့ပါ။"
စကားအဆုံး၌ လင်းချန်သည် ယီစင်းနှင့်အတူ ပုံရိပ်ယောင် ကြယ်တာရာဆီသို့ ချက်ချင်း ရွှေ့ပြောင်းလိုက်ရာ ထိုကြယ်နှင့် အလွန်နီးကပ်သွား၏။
ယီစင်း၏ အမြင်အာရုံများ ပြန်လည် ကြည်လင်လာသည့်အခါ အလွန်အမင်း ထိတ်လန့်သွားရသဖြင့် သူမ၏ စိတ်ဝိညာဉ်သည်ပင် မျက်လုံးပွင့်သွားရသည်။
အနီးကပ် ရောက်ရှိသွားမှသာ လင်းချန်ပြောသည့် ရှန်ဟွမ်ကြယ်သည် မည်မျှအထိ ဧရာမ ကြီးမားလှသည်ကို သူမ သိလိုက်ရသောကြောင့် ဖြစ်၏။
သူမ၏ ရှေ့မှ ကုန်းမြေများနှင့် သမုဒ္ဒရာများမှာ ယီစင်း၏ အမြင်၌ လက်လှမ်းမမီနိုင်လောက်အောင် ဖြစ်နေရုံမက လက်ရှိ စွမ်းအားဖြင့် ကုန်းမြေနှင့် ပင်လယ်၏ အသေးစိတ် အချက်အလက်များကို မခွဲခြားနိုင်သေးဘဲ ဝိုးတဝါး အရောင်အမျိုးမျိုးကိုသာ မြင်တွေ့နေရသည်။
ထို့ပြင် ယခင်က ဂြိုဟ်ကြီးတစ်ခုအဖြစ် မြင်တွေ့ခဲ့ရသော်လည်း ယခုအခါ၌မူ ကွေးညွတ်မှု အလျဉ်းမရှိဘဲ တံတိုင်းကြီးတစ်ခုကဲ့သို့ ပြားချပ်စွာ ဆန့်တန်းနေသယောင် ထင်ရ၏။
အပေါ်၊ အောက်၊ ဘယ်၊ ညာ မည်သည့်ဘက်သို့ ကြည့်ကြည့် အဆုံးအစကို မမြင်နိုင်ချေ။ ဤသည်မှာ ပုံရိပ်ယောင် ကြယ်တာရာသည် မည်မျှအထိ ကြီးမားလှကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
လင်းချန်သည် ယီစင်း၏ အံ့ဩနေသည့် အမူအရာကို ကြည့်ကာ ကလေးတစ်ယောက်ကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ရှန်ဟွမ်ကြယ်ဟာ ဟွာရှာအင်ပါယာရဲ့ နယ်မြေပဲ။ ကမ်းရိုးတန်းပြည်နယ်ရဲ့ အရွယ်အစားဟာ အင်ပါယာနဲ့ ယှဉ်ရင် သဲတစ်ပွင့်စာလောက်ပဲ ရှိတယ်။"
လင်းချန်၏ တုံ့ပြန်မှုကို မြင်သည့်အခါ ယီစင်းသည် ပြုံးလျက် အသာအယာ တွန်းလိုက်သော်လည်း သူမ၏ စိတ်လှုပ်ရှားမှုများကိုမူ အတော်ကြာအောင် မထိန်းနိုင်ဘဲ ဖြစ်နေရသည်။
သူမသည် လင်းချန်၏ ဟွာရှာအင်ပါယာမှာ အလွန်ကြီးမားနိုင်ကြောင်း၊ သိုင်းဝိညာဉ်တိုက်ကြီးထက်ပင် အနည်းငယ် ပိုကြီးနိုင်ကြောင်း သို့မဟုတ် နှစ်ဆခန့် ပိုကြီးနိုင်ကြောင်း အပြင်းအထန် စိတ်ကူးယဉ်ဖူး၏။
သို့သော်လည်း ထိုအတွေးများမှာပင် အလွန်အကျွံ ဖြစ်နေပြီဟု သူမကိုယ်တိုင် ပြန်လည် တွေးတောမိသေးသည်။
ယခု လက်တွေ့ မြင်ကွင်းမှာမူ သူမ၏ စိတ်ကူးယဉ်မှုများမှာ အလွန်ပင် ကလေးဆန်နေပေပြီ။
ဟွာရှာအင်ပါယာ၏ နယ်မြေအကျယ်အဝန်းမှာ ယီစင်း၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေပြီး ယခင် သိမြင်နားလည်မှုများကို အလျဉ်းဖြိုဖျက်ပစ်လိုက်၏။
လင်းချန်က အသိပေးလိုက်သည်။ "သွားကြစို့။ မိန်းကို မြို့တော်မှာရှိတဲ့ နန်းတော်ဆီ ခေါ်သွားပေးမယ်။ အင်ပါယာရဲ့ ဧကရီက ဘယ်လိုပုံစံ ရှိမလဲဆိုတာကို လူတိုင်းက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတာ။"
လင်းချန်၏ စကားကြောင့် ယီစင်း၏ ပါးပြင်လေးများမှာ ရှက်သွေးဖြာကာ နီမြန်းသွားရ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လင်းချန်က ရယ်မောလိုက်ပြီး ယီစင်း၏ ခါးလေးကို ဖက်ကာ ပုံရိပ်ယောင် ကြယ်တာရာ၏ မူလတိုက်ကြီးရှိ နန်းတော်ဆီသို့ ချက်ချင်းပင် ရွှေ့ပြောင်းလိုက်သည်။
**--**--**--**--**--**--**--**
မြင်ကွင်းမှာ တစ်ဖန် ပြောင်းလဲသွားပြန်ရာ ယီစင်းသည် ခမ်းနားထည်ဝါပြီး တောက်ပနေသည့် နန်းတော်ခန်းမဆောင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွား၏။
မျက်နှာကြက်သည် အလွန်တရာ မြင့်မားလှပြီး နဂါးရုပ်များ ထွင်းထုထားသည့် တိုင်လုံးကြီးများသည် ခန်းမအလယ်၌ ခံ့ညားထည်ဝါစွာ တည်ရှိနေကြကာ လေးနက်တည်ကြည်သော အရှိန်အဝါများကို ထုတ်လွှတ်နေလျက် ရှိသည်။
သူမ၏ ခြေဖဝါးအောက်၌ ကျောက်စိမ်းဖြူ ပလ္လင်ခုံတစ်ခု ရှိနေပြီး နောက်ကျောဘက်၌မူ ရွှေနီရောင် ကတ္တီပါမွေ့ရာ ခင်းကျင်းထားသည့် ရွှေရောင်ပလ္လင်ကြီးတစ်ခု တည်ရှိနေ၏။
လင်းချန်သည် လက်ကို ဆန့်တန်းလိုက်ပြီး ယီစင်းကို သူ့ဘေးနားသို့ ဆွဲခေါ်ကာ နောက်ဘက်ရှိ ကျယ်ဝန်းလှသည့် ပလ္လင်ကြီးထက်၌ ဝင်ထိုင်စေလိုက်သည်။
ထိုအချိန်၌ပင် သူတို့၏ ရှေ့မှောက်၌ ရှိနေကြသည့် လူအုပ်ကြီးသည် ပြိုင်တူ ဒူးထောက်ချလိုက်ကြကာ အသံပြိုင်ဆိုလိုက်ကြ၏။ "အရှင်ဧကရာဇ်နဲ့ အရှင်ဧကရီကို ဂါရဝပြုပါတယ်။ ဟွာရှာအင်ပါယာကြီး ထာဝရ တည်တံ့ခိုင်မြဲပါစေ။"
အသံများသည် ကျယ်လောင်ခြင်း မရှိသော်လည်း ခန်းမဆောင်ကြီးအတွင်း၌ ပဲ့တင်ထပ်သွားသည်။
လင်းချန်၏ ဘေးနားရှိ ပလ္လင်ထက်၌ ထိုင်နေသည့် ယီစင်းမှာမူ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေရှာ၏။
ဤမြင်ကွင်းကြောင့် သူမသည် စိတ်ရှုပ်ထွေးသွားရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးပြီး သက်တမ်းရှည်ကြာသည့် သိုင်းဝိညာဉ်ပညာရှင်များနှင့် ယှဉ်လျှင် အလွန် ငယ်ရွယ်နေသေးသောကြောင့်ပင်။
အထူးသဖြင့် လူအုပ်ကြီးထဲ၌ သူမအား ပညာရပ်များစွာ သင်ကြားပေးခဲ့သော အမတ်ချုပ် ကျူးကော့မင်ကို မြင်လိုက်ရသည့်အခါ ပို၍ စိတ်လှုပ်ရှားသွားရ၏။
အမတ်ချုပ် ကျူးကော့မင်၏ နက်နဲကျယ်ပြန့်သည့် ဗဟုသုတများသည် ယီစင်းအား လေးစားကြည်ညိုစေသည်။
ယခုအခါ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးက သူမ၏ ရှေ့မှောက်၌ ဒူးထောက်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ ခံစားချက်များ လှုပ်ရှားသွားရ၏။
တစ်ချိန်တည်းမှာပင် လင်းချန်က လက်ကို ဝှေ့ယမ်းကာ လူအုပ်ကြီးအား မတ်တပ်ရပ်ရန် အမိန့်ပေးလိုက်သည်။ "အားလုံး ထကြပါ။"
လင်းချန်၏ အမိန့်ကို ရရှိသည်နှင့် တရိုတသေ ဒူးထောက်နေကြသူများသည် နေရာမှ ထလာကြပြီး ပလ္လင်ထက်သို့ မော့ကြည့်လိုက်ကြ၏။
လင်းချန်က စကားဆက်လိုက်သည်။ "ဒီနေ့ မောင်မင်းတို့အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းရင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက ရုပ်သေးခန္ဓာ စီမံကိန်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိလာလို့ပဲ။ စိတ်ဝိညာဉ်ပုလဲ အောင်မြင်သွားတာကြောင့် ဧကရီအနေနဲ့ အင်ပါယာကို လာရောက်လေ့လာပြီး အားလုံးနဲ့ တွေ့ဆုံနိုင်တာက ဒုတိယအကြောင်းရင်းပေါ့။"
လင်းချန် ပြောပြီးသည်နှင့် အောက်ဘက်ရှိ လူအုပ်ကြီးမှာ ပြုံးရွှင်သွားကြပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
လင်းချန်က ယီစင်းဘက်သို့ လှည့်ကာ ရှင်းပြလိုက်သည်။ "ဒီလူတွေက ဟွာရှာအင်ပါယာရဲ့ စစ်မှန်တဲ့ လက်ရွေးစင်တွေ၊ အင်ပါယာရဲ့ ကျောရိုးမဏ္ဍိုင်တွေနဲ့ အားထားရတဲ့ သူတွေပဲ။ ဟွာရှာအင်ပါယာက လူတွေဟာ ကိုယ့်အတွက်တော့ မိသားစုဝင်တွေလိုပါပဲ။"
"ဘုန်းးး"
လင်းချန်၏ စကားဆုံးသည်နှင့် ကျယ်လောင်သည့် အသံကြီးတစ်သံကြောင့် ယီစင်း လန့်သွားရ၏။ အသံလာရာသို့ ကြည့်လိုက်သောအခါ ဝက်ဝံတစ်ကောင်ကဲ့သို့ တောင့်တင်းခိုင်မာသည့် လူဗလကြီးတစ်ဦးက သူ၏ ခေါင်းဖြင့် ကြမ်းပြင်ကို အားကုန် ဆောင့်တိုက်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူကြီးသည် အော်ဟစ်ငိုကြွေးနေ၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး စိတ်လှုပ်ရှားလွန်းလို့ပါဗျာ။"
သူ၏ ဦးခေါင်းနှင့် ကြမ်းပြင် ရိုက်ခတ်မိတိုင်း ခန်းမတစ်ခုလုံး တုန်ခါသွားသော်လည်း နဖူး၌ ပွန်းပဲ့ရာတစ်ခုမျှပင် မရှိသည်ကို မြင်လိုက်ရသည့်အခါ ယီစင်းမှာ အံ့အားသင့်သွားရရှာသည်။
ရွှီမုန်တစ်ယောက် စိတ်လွတ်နေသည်ကို မြင်လိုက်ရသဖြင့် လင်းချန်သည် မျက်နှာနီနှင့် ပါးသိုင်းမွှေး သပ်သပ်ရပ်ရပ်ရှိသည့် လူကို အလျင်အမြန် လှမ်းအော်လိုက်၏။ "ဟေ့ကောင်ကြီး... ကွမ်ရီ... သူ့ကို မြန်မြန်ဆွဲထားစမ်း။"
ရှိသမျှလူများထဲ၌ ကွမ်ရီတစ်ယောက်တည်းသာ ရွှီမုန်ကို ဆွဲထူနိုင်သည့် အင်အားရှိသည်။
ကွမ်ရီက အလျင်အမြန် ရှေ့တိုးသွားပြီး အားကုန် ဆွဲထူလိုက်၏။
လင်းချန်က စိတ်ဆိုးဟန်ဆောင်လိုက်မှသာ ရွှီမုန်တစ်ယောက် ငိုသည်ကို ရပ်တန့်ပြီး ငြိမ်သွားသည်။
ထို့နောက် လင်းချန်က ယီစင်းအား ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်၏။ "အဲဒီ ငိုနေတဲ့လူက ရွှီမုန်လို့ ခေါ်တယ်။ ဟွာရှာအင်ပါယာရဲ့ ဒုတိယတပ်မကြီးက တပ်မမှူးပဲ။ နတ်ဒိုင်းတပ်မတော်ကို ဦးဆောင်ပြီး ဒိုင်းကိုင်တပ်သားတွေကို တာဝန်ယူထားတယ်။ မျက်နှာနီ ပါးသိုင်းမွှေးနဲ့လူကတော့ ကွမ်ရီလို့ ခေါ်တယ်။ စတုတ္ထတပ်မကြီးရဲ့ တပ်မမှူး၊ နတ်ဓားတပ်မတော်ကို ဦးဆောင်ပြီး ဓားကိုင်တပ်ဖွဲ့တွေကို တာဝန်ယူထားတယ်။ ရွှီမုန်က ရိုးသားဖြောင့်မတ်တယ်။ ကွမ်ရီကျတော့ ပျော်ပျော်နေတတ်ပြီး သစ္စာတရားကို တန်ဖိုးထားတယ်။"
လင်းချန်၏ မိတ်ဆက်စကားကို ကြားပြီးနောက် ယီစင်းက ခေါင်းညိတ်လိုက်ပြီး ထိုလူနှစ်ယောက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
လင်းချန်က သူတို့ကို ရည်ညွှန်းပြောဆိုနေမှန်း သိလိုက်သည့်အခါ ထိုနှစ်ယောက်က အရိုအသေ ပြုလိုက်ကြ၏။
ထို့နောက် လင်းချန်က ကြိုးကြာမွှေးဝတ်ရုံ ဝတ်ဆင်ထားပြီး ခေါင်းပေါင်း ပေါင်းထားသည့် ကျူးကော့မင်ကို ညွှန်ပြလိုက်သည်။ "ကောင်းကင်လက်မှုပညာဌာနကို တာဝန်ယူထားတဲ့ အမတ်ချုပ်ကိုတော့ ရှင်းရှင်း သိပြီးသား ဖြစ်မှာပါ။"
ယီစင်းက ကျူးကော့မင်ကို ပြုံးပြရင်း ခေါင်းညိတ်လိုက်၏။ "သိတာပေါ့။ အမတ်ချုပ်က ကျွန်မကို အများကြီး သင်ပေးခဲ့တာပဲ။"
အောက်ဘက်ရှိ ကျူးကော့မင်ကလည်း ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြုလိုက်သည်။ "အရှင်ဧကရီက အလွန် ဉာဏ်ကောင်းပါတယ်။ အရှင်မကို ပညာသင်ပေးရတာ ကျွန်တော်မျိုးရဲ့ ဂုဏ်ယူစရာပါပဲ။"
လင်းချန်က ကျူးကော့မင်၏ နောက်မလှမ်းမကမ်း၌ ရှိနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ညွှန်ပြကာ မိတ်ဆက်ပေး၏။ "ကောင်းကင်လက်မှုပညာဌာနက အင်ပါယာရဲ့ သုတေသနပိုင်းကို တာဝန်ယူထားပြီး မီးသွန်းဌာနကတော့ ပစ္စည်းတွေ ဖန်တီးရတာကို တာဝန်ယူထားတယ်။ မီးသွန်းဌာနကို ဆရာလု ဦးဆောင်တဲ့ အမျိုးသား လက်မှုပညာရှင်အဖွဲ့နဲ့ ထန်ကျစ် ဦးဆောင်တဲ့ အမျိုးသမီး လက်မှုပညာရှင်အဖွဲ့ဆိုပြီး ခွဲထားတယ်။"
သူတို့သည် ငွေကြယ်ရောင်ဂါဝန်ဖြူကို စတင်တီထွင်ခဲ့သူများ ဖြစ်ကြသည့် ဆရာလုနှင့် ထန်ကျစ်တို့ ဖြစ်ကြသည်။
လင်းချန်က ထပ်မံ မိတ်ဆက်ပေးလိုက်၏။ "နှုတ်ခမ်းမွှေးရေးရေးနဲ့ လူကတော့ ဆရာလုပဲ။ ကြည့်ရတာ အဆင်မပြေလို့ ရိတ်ပစ်ဖို့ ပြောတာတောင် သူက ငြင်းနေတယ်။ ပန်းပွင့်ပုံဝတ်ရုံနဲ့ အမျိုးသမီးကတော့ ထန်ကျစ်လို့ ခေါ်တယ်။ မိန်းရဲ့ ရုပ်သေးခန္ဓာကိုယ်ကို သူကိုယ်တိုင် ဖန်တီးပေးထားတာ။ ယောကျာ်းလေး လက်မှုပညာရှင်တစ်ယောက်ကို မိန်းရဲ့ ရုပ်သေးခန္ဓာ တည်ဆောက်ခိုင်းဖို့က အဆင်မပြေဘူးလေ။"
ဆရာလုနှင့် ထန်ကျစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး ယီစင်းကို အရိုအသေပြုလိုက်ကြသည်။ "အရှင်ဧကရီကို ဂါရဝပြုပါတယ်။ ငွေကြယ်ရောင်ဂါဝန်ဖြူကို သဘောကျရဲ့လားဆိုတာ သိပါရစေ။"
ယီစင်းက ပြုံးလိုက်၏။ "တကယ်ကောင်းပါတယ်။ ကျွန်မ အရမ်းကြိုက်တယ်။ မိန်းကလေးအများကြီးက မြင်ပြီး အားကျနေကြတာ။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၃ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team