အခန်း ၂၈၄
Vol. 29 Ch. 284
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၄
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ဆရာလုနှင့် ထန်ကျစ်တို့၏ မျက်နှာများမှာ ပြုံးရွှင်သွားကြသည်။ ဖန်တီးရှင်တိုင်းသည် သူတို့၏ လက်ရာကို အသိအမှတ်ပြုခံရလျှင် ပျော်ရွှင်ကြစမြဲဖြစ်ပြီး အထူးသဖြင့် အရှင်ဧကရီကိုယ်တိုင်က ချီးကျူးသည်ကို ကြားလိုက်ရသဖြင့် ပို၍ ပီတိဖြစ်နေကြခြင်းဖြစ်၏။
ရွှီမုန်၊ ကွမ်ရီတို့နှင့် ပခုံးချင်းယှဉ် ရပ်နေသော အမျိုးသမီးကို မြင်လိုက်ရသည့်အခါ ယီစင်း၏ မျက်လုံးများ အရောင်တောက်သွားပြီး လင်းချန်ကို အလျင်အမြန် မေးလိုက်သည်။
"ရွှီမုန်တို့နဲ့ ယှဉ်ရပ်နေတဲ့ အစ်မကြီးက ဘယ်သူလဲဟင်"
လင်းချန် မဖြေနိုင်သေးခင်မှာပင် ဟွာလင်းက သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီး လေးစားစွာ အရိုအသေပြုလိုက်၏။
"ပထမတပ်မကြီးရဲ့ တပ်မမှူး ဟွာလင်းပါ အရှင်ဧကရီ"
ယီစင်းသည် ဟွာလင်းကို စူးစမ်းလိုစိတ်၊ လေးစားအားကျစိတ်တို့ဖြင့် ကြည့်လိုက်မိသည်။
ဟွာလင်းသည် သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ရဲရင့်သည့် အရှိန်အဝါများ ထွက်ပေါ်နေကာ စစ်နတ်ဘုရားမတစ်ပါးကဲ့သို့ ထူးခြားသော ဟန်ပန်ရှိသည်။
လင်းချန်က ပြုံးလိုက်သည်။
"သူက တပ်မမှူးတွေထဲမှာ တစ်ဦးတည်းသော အမျိုးသမီးပဲ။ နတ်ဓားတပ်မတော်ကို ဦးဆောင်ပြီး ဓားကိုင်တပ်သားတွေက သူ့လက်အောက်မှာ ရှိတယ်"
ထို့နောက် ဝတ်ရုံနက်ဝတ်ဆင်ထားပြီး မျက်နှာဖြူဖြူနှင့် ကျီချင်းကို ညွှန်ပြလိုက်၏။
"တတိယတပ်မကြီး တပ်မမှူး... နတ်ထောက်လှမ်းရေးတပ်မတော်ကို ဦးဆောင်ပြီး လေဟုန်စစ်သည်တွေကို တာဝန်ယူထားတယ်။ လုပ်ကြံသတ်ဖြတ်တာနဲ့ ကင်းထောက်အပိုင်းမှာ သူ့ရဲ့ စွမ်းရည်တွေက အလွန် ထူးခြားတယ်"
ကျီချင်း ဂါရဝပြုပြီးနောက် လင်းချန်က မျက်နှာဖြူဖြူနှင့် လူငယ်တစ်ဦးကို ထပ်မံညွှန်ပြလိုက်သည်။
"လီရုံ... ပဉ္စမတပ်မကြီးရဲ့ တပ်မမှူးပဲ။ သူ့ရဲ့ မြှားချက်တွေက ပစ်မှတ်ကို ဘယ်တော့မှ လွဲချော်တာ မရှိဘူး။ နတ်လေးသည်တော်တပ်မတော်ကို ဦးဆောင်ပြီး လေးသည်တော်တွေက သူ့နောက်ကို လိုက်ကြတယ်"
လင်းချန်က ဆက်ပြောလိုက်သည်။
"နောက်ဆုံး တပ်မမှူးကတော့ မိန်းနဲ့ တွေ့ဖူးပြီးသား ကျောက်လုံပဲ။ လက်ရှိအချိန်မှာ ဟွာရှာအင်ပါယာကနေ အပြင်ထွက်ခွင့်ရထားတဲ့ တစ်ဦးတည်းသော စစ်သူကြီး၊ ကိုယ့်ရဲ့ ကိုယ်ရံတော်နဲ့ ဆဋ္ဌမတပ်မကြီးရဲ့ တပ်မမှူးပဲဖြစ်တယ်"
တပ်မမှူး ခြောက်ဦး၊ အမတ်ချုပ်နှင့် လက်မှုပညာရှင် ခေါင်းဆောင်များသည် ဟွာရှာအင်ပါယာ၏ အထွတ်အထိပ် ပုဂ္ဂိုလ်များ၊ မရှိမဖြစ်သည့် ကျောရိုးမဏ္ဍိုင်များ ဖြစ်ကြသည်။
ထိုသူများကို ကြည့်ရင်း ယီစင်း၏ မျက်လုံးထဲ၌ ထူးခြားသည့် အရောင်များ တောက်ပလာသည်။ သူတို့ ထုတ်လွှတ်နေသော ဟန်ပန်အမူအရာသည် သူမ မြင်ဖူးသမျှနှင့် မတူဘဲ ကွဲပြားခြားနားနေ၏။
သို့သော် ယီစင်းအတွက် ထူးဆန်းနေသည်မှာ သာမန်အကျိုးအကြောင်းအရဆိုလျှင် သူတို့သည် အလွန် စွမ်းအားကြီးမားသင့်သော်လည်း အရှိန်အဝါများမှာ သာမန်လူများကဲ့သို့ ဖြစ်နေခြင်းပင်။
ထိုအရာကို စူးစမ်းလိုစိတ်ဖြင့် ယီစင်းက လင်းချန်ဘက်သို့ လှည့်လိုက်သည်။
"ချန်လေး... ဘာလို့ သူတို့ရဲ့ အရှိန်အဝါတွေက သာမန်လူတွေလို ဖြစ်နေရတာလဲ။ ဒါက မဖြစ်သင့်ဘူးလေ"
လင်းချန်က ရယ်မောလိုက်၏။
"ဘာလို့လဲဆိုတော့ သူတို့က စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး သူတို့ရဲ့ အရှိန်အဝါကို လုံးဝ ဖိနှိပ်ထားလို့ပဲ။ မဟုတ်ရင် သူတို့ဆီက ထွက်လာတဲ့ အရှိန်အဝါတစ်ခုတည်းနဲ့တင် မိန်းရဲ့ စိတ်ဝိညာဉ်ပုလဲထဲက စိတ်ဝိညာဉ်စွမ်းအားတွေက ခံနိုင်ရည်မရှိဘဲ ပျက်စီးသွားလိမ့်မယ်။ ကိုယ့်အတွက်ကတော့ ပြဿနာမရှိဘူး။ ကိုယ်က ဧကရာဇ်လေ"
ထိုအချိန်၌ ခန်းမအပြင်ဘက်မှ အားရပါးရ ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။ ထိုသူသည် လူသားနှင့်တူသည့် ခန္ဓာကိုယ်ရှိသော်လည်း ဦးခေါင်းမှာမူ နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ မြင်းမျက်နှာ၊ သမင်ချိုများနှင့် ရှည်လျားသည့် မုတ်ဆိတ်မွေးများကို ပိုင်ဆိုင်ထားပြီး အပြာရောင်သန်းသော အသားအရေပေါ်၌ သေသပ်သည့် အကြေးခွံများ ဖုံးအုပ်ထားကာ မျက်ဝန်းအစုံမှာမူ ဒေါင်လိုက်သူငယ်အိမ်များ ရှိနေသည်။
ထိုသူသည် ခန်းမကြီးထဲသို့ ဝင်ရောက်လာပြီး လင်းချန်ရှေ့၌ ဒူးထောက်လိုက်၏။
"အရှင်မင်းကြီး... ကျွန်တော်မျိုး အော်ဇန် နောက်ကျသွားပါတယ်။ ခွင့်လွှတ်ပေးတော်မူပါ"
ရောက်လာသူကို မြင်လိုက်သည့်အခါ ပလ္လင်ပေါ်မှ ယီစင်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အလွန်အမင်း အံ့အားသင့်သွားရသည်။ ထိုသူသည်လည်း ယီစင်းအား လေးစားစွာ ဂါရဝပြုလိုက်၏။
"ဧကရီကို ဂါရဝပြုပါတယ်ခင်ဗျာ"
တစ်ချိန်တည်းမှာပင် လင်းချန်က ခေါင်းညိတ်ပြလိုက်သည်။
"မောင်မင်း... ထပါဦး"
အော်ဇန်က ကြမ်းပြင်မှ ထရပ်လိုက်သည်။
"အမိန့်တော်အတိုင်းပါဘုရား"
အော်ဇန်သည် အလွန်ပင် ကျန်းမာသန်စွမ်းနေသည်ကို မြင်ရသော်လည်း လင်းချန်က စိုးရိမ်တကြီး မေးလိုက်၏။
"ဘယ်လိုလဲ... မောင်မင်းရဲ့ ဒဏ်ရာတွေ အကုန်သက်သာသွားပြီလား"
အော်ဇန်က ခေါင်းညိတ်ပြလိုက်ကာ သူ၏ အင်္ကျီလက်ထဲမှ နဂါးလက်သည်းကို ထုတ်၍ သူ၏ ရင်ဘတ်ကို ပုတ်ပြလိုက်ရင်း ရိုသေစွာ ပြန်ဖြေလိုက်၏။
"အရှင်မင်းမြတ် စိတ်အေးအေးထားပါ၊ ကျွန်တော်မျိုးရဲ့ ဒဏ်ရာတွေ အကုန်လုံး အရှင်းပျောက်ကင်းသွားပါပြီ။ စိုးရိမ်စရာ မလိုတော့ပါဘူးခင်ဗျာ"
အော်ဇန်၏ အာမခံချက်ကို ရရှိသည့်အခါမှသာ လင်းချန်သည် လုံးဝ စိတ်အေးသွားပြီး သူ၏ ဘေးနားရှိ ယီစင်းထံသို့ လှည့်လိုက်သည်။
"သူကတော့ အော်ဇန်ပဲ။ ဟွာရှာအင်ပါယာရဲ့ သားရဲစစ်သည်တပ်ဖွဲ့တွေရဲ့ တပ်မှူးချုပ်ပေါ့။ အင်ပါယာအတွင်းမှာရှိတဲ့ သားရဲစစ်သည်အားလုံးဟာ သူ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာပဲ"
ယီစင်းသည် ခေါင်းအသာ ညိတ်လိုက်၏။ သူမသည် ဟွာရှာအင်ပါယာ၏ သားရဲစစ်သည်များနှင့် ရင်းနှီးပြီးသားဖြစ်သည်။
ကမ်းရိုးတန်းပြည်နယ်၌ တွေ့ကြုံခဲ့ရသည့် မီးလျှံမြင်းတပ်ဖွဲ့၏ စစ်မြင်းများသည်လည်း သားရဲစစ်သည် တစ်မျိုးပင်ဖြစ်သည်။ ထိုသားရဲစစ်သည်များ ရှိနေခြင်းကြောင့်ပင် လှံတပ်သားများ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ မြင့်မားသွားခဲ့ရသည် မဟုတ်ပါလော။
လင်းချန်က အမိန့်ပေးလိုက်သည်။
"ကဲ... အားလုံးကို မိတ်ဆက်ပေးပြီးပြီဆိုတော့ မောင်မင်းတို့လည်း ကိုယ့်အလုပ်ကိုယ် ပြန်သွားကြတော့။ ကိုယ် ဧကရီကို လိုက်လံပြသပေးဦးမယ်"
လင်းချန်သည် ထိုသို့ပြောပြီးနောက် ယီစင်း၏ လက်ကို ဆွဲကာ နေရာမှာတင် ရုတ်ချည်း ပျောက်ကွယ်သွားသည်။
ယီစင်းမှာ မည်သို့မျှပင် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူတို့နှစ်ဦးလုံး ပျောက်ကွယ်သွားပြီး သူမ သတိပြန်ဝင်လာသည့်အခါ လေထုထဲ၌ လင်းချန်၏ ပွေ့ချီခြင်းကို ခံထားရသည်ကို တွေ့လိုက်ရ၏။
သူတို့၏ အောက်ခြေ၌မူ အဆုံးအစမရှိအောင် ကျယ်ပြောလှသည့် မြို့တော်ကြီးတစ်ခု ရှိနေသည်။ တစ်ချိန်တည်းမှာပင် မလှမ်းမကမ်း၌ နန်းတော်များနှင့် အဆောက်အဦးများမှာ တစ်ဆက်တည်း ဆန့်တန်းနေပြီး များပြားလှသော ပညာရှင်များနှင့် ကျောင်းသားများမှာလည်း အလုပ်များနေကြသည်ကို သူမ ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ထိုကျယ်ပြောလှသည့် အဆောက်အဦးများအတွင်းမှ ပညာရပ်ဆိုင်ရာ လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ ယီစင်းမှာ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
"ချန်လေး... ဟိုဘက်က အဆောက်အဦးတွေက ဟွာရှာအင်ပါယာရဲ့ မြို့တော်ထဲမှာရှိတဲ့ လက်မှုပညာဌာနရဲ့ အစိတ်အပိုင်းတွေလား။ ပညာရှင်တွေ ဒီလောက်တောင် များတာလား"
လင်းချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းကင်လက်မှုပညာဌာနဟာ ဟွာရှာအင်ပါယာ တစ်ခုလုံးမှာ ပျံ့နှံ့နေတာပါ။ ဒီပညာရှင်တွေဟာ သုတေသနလုပ်ငန်းတွေတင်မကဘဲ နယ်မြေအသီးသီးက စီမံခန့်ခွဲမှု လုပ်ငန်းတွေကိုပါ လုပ်ဆောင်နေကြတာ။ မိန်း ကျင့်ကြံနေတဲ့ ကျင့်စဉ်တွေ၊ မိန်း သုံးနေတဲ့ ဆေးရည်တွေ အားလုံးဟာ သူတို့ရဲ့ သုတေသနကနေ ထွက်ပေါ်လာတာပဲဖြစ်တယ်။ အဲဒီဌာနဟာ ဟွာရှာအင်ပါယာရဲ့ ဌာနအားလုံးကို ချိတ်ဆက်ပေးထားတဲ့ အသက်သွေးကြောပဲ။ စစ်ဘက်ဆိုင်ရာဌာနနဲ့ မီးသွန်းဌာနက ဖန်တီးမှုတွေဟာ ကောင်းကင်လက်မှုပညာဌာနရဲ့ ပုံစံထုတ်ချက်တွေပေါ်မှာပဲ မူတည်နေရတာ။ ဟွာရှာအင်ပါယာရဲ့ ဦးနှောက်က ကောင်းကင်လက်မှုပညာဌာနဖြစ်ပြီး ကျန်တဲ့ ဌာနတွေကတော့ ခြေလက်တွေပေါ့။ ကိုယ်ကတော့ အလိုဆန္ဒရဲ့ အရှင်သခင်ပဲ"
ယီစင်းသည် လင်းချန်၏ စကားကို နားထောင်ရင်း အောက်ဘက်ရှိ ဌာနကို ငေးကြည့်နေမိသည်။ ဤနေရာသည် သူမ၏ ကျင့်စဉ်များကို သုတေသနပြုခဲ့သည့် နေရာဖြစ်သည် မဟုတ်ပါလော။
လင်းချန်သည် စကားပြောရင်း ယီစင်းကို ဆွဲကာ ထပ်မံ၍ ရွှေ့ပြောင်းလိုက်ပြန်ရာ ကောင်းကင်လက်မှုပညာဌာနအတွင်းရှိ နန်းတော်တစ်ခုသို့ ရောက်ရှိသွား၏။
"ဒီ ပုံရိပ်ယောင် ကြယ်တာရာဟာ အခုဆိုရင် ဟွာရှာအင်ပါယာ တစ်ခုတည်းကသာ ပိုင်ဆိုင်တာပါ။ ဒီမှာ တိုက်ကြီး တစ်ဆယ့်ရှစ်ခုနဲ့ ပင်လယ်ကြီး ခြောက်ခု ရှိတယ်၊ အလွန်ကျယ်ဝန်းပြီး သယံဇာတတွေလည်း ပေါကြွယ်ဝလှတယ်"
နန်းတော်အတွင်း၌ အလင်းရောင်မှာ အနည်းငယ် မှိန်နေပြီး လေထုထဲ၌ ဧရာမ နည်းဗျူဟာမှန်ပြင် ခြောက်ခု လွင့်မျောနေသည်။ ထိုမှန်ပြင်များသည် အစီအရင် လမ်းကြောင်းများဖြင့် ချိတ်ဆက်ထားပြီး စိတ်ဝိညာဉ်စွမ်းအား အလင်းတန်းများကို ထုတ်လွှတ်နေကြ၏။
စိတ်ဝိညာဉ်စွမ်းအားများသည် ကြယ်တာရာ၏ ပုံရိပ်ယောင်တစ်ခုအဖြစ် ခန်းမအလယ်၌ တည်ရှိနေပြီး လင်းချန်နှင့် ယီစင်းတို့သည် ထိုပုံရိပ်၏ ရှေ့၌ ရပ်နေကြခြင်းဖြစ်သည်။
ပုံဖော်ထားသည့် ဂြိုဟ်ပုံရိပ်မှာ ဖြည်းညင်းစွာ လည်ပတ်နေပြီး ယီစင်းမှာမူ မျက်လုံးပြူးကာ တိုက်ကြီး တစ်ဆယ့်ရှစ်ခုနှင့် ထိုတိုက်ကြီးများကြားရှိ ကျယ်ပြောလှသော သမုဒ္ဒရာ ခြောက်ခုကို သေချာစွာ စိုက်ကြည့်နေမိ၏။
လင်းချန်သည် ရှေ့သို့ တိုးသွားကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုပုံရိပ်ယောင်မှာ ကြီးမားလာပြီး ယီစင်း သေချာမြင်နိုင်စေရန် ပထမတိုက်ကြီးကို ချဲ့ပြလိုက်သည်။
"ပထမတိုက်ကြီးကတော့ ဟွာရှာအင်ပါယာ စတင်ခဲ့တဲ့နေရာပဲ။ မြို့တော်ကလည်း အဲဒီမှာရှိပြီး ဌာနတိုင်းရဲ့ ဌာနချုပ်တွေကလည်း အဲဒီတိုက်ကြီးပေါ်မှာပဲ ရှိတာ"
ယီစင်းသည် စူးစမ်းလိုစိတ်ဖြင့် ပိုမိုနီးကပ်စွာ ကြည့်ရှုနေမိပြီး လင်းချန်က သူမအား ထိုပုံရိပ်ယောင်ကို မည်သို့အသုံးပြုရမည်ကို သင်ကြားပေးလိုက်၏။
အသုံးပြုပုံကို သိရှိသွားသည့်အခါ သူမသည် စိတ်လှုပ်ရှားစွာဖြင့် ပုံရိပ်များကို ဟိုရွှေ့ဒီရွှေ့ ပြုလုပ်ကြည့်ရင်း လင်းချန်အား မေးခွန်းပေါင်းများစွာကို တရစပ် မေးမြန်းနေသည်။
လင်းချန်က ဆက်လက်ရှင်းပြသည်။
"ဟိုဘက်က ဒုတိယတိုက်ကြီးပဲ၊ ပြီးတော့ တတိယတိုက်ကြီး... ဒုတိယတိုက်ကြီးကိုတော့ ကောင်းကင်လက်မှုပညာဌာနက စီမံခန့်ခွဲပြီး တတိယတိုက်ကြီးကိုတော့ မီးသွန်းဌာနက တာဝန်ယူတယ်။ အဲဒါကတော့ ဆေးဘက်ဆိုင်ရာဌာနရဲ့ စတုတ္ထတိုက်ကြီးပေါ့၊ ဆေးရည်တွေ ထုတ်လုပ်တာနဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ တာဝန်ယူရတာ"
ယီစင်းက မေးလိုက်သည်။
"သားရဲစစ်သည်ဌာနက ဘယ်မှာလဲ"
လင်းချန်က ဖြေလိုက်သည်။
"ပဉ္စမတိုက်ကြီးနဲ့ အလယ်ပင်လယ်ဟာ သူတို့ရဲ့ နယ်မြေပဲ။ သားရဲစစ်သည်တွေထဲမှာ ကုန်းနေသတ္တဝါတွေရော ရေနေသားရဲတွေရော ပါဝင်နေတာမို့လို့ သူတို့မှာလည်း မတူညီတဲ့ နယ်မြေတွေ ရှိကြတာပေါ့။ ဆဋ္ဌမတိုက်ကြီးကနေ ဧကဒသမတိုက်ကြီးအထိကတော့ အဓိက တပ်မတော် ခြောက်ခုရဲ့ လေ့ကျင့်ရေးကွင်းတွေနဲ့ တပ်စွဲထားတဲ့ နေရာတွေပဲ။ တိုက်ကြီးတိုင်းမှာ တပ်ဖွဲ့အချို့ ရှိကြပေမဲ့ အဓိက အင်အားစုတွေကတော့ အဲဒီတိုက်ကြီးတွေပေါ်မှာပဲ ရှိကြတာ။ ကျန်တဲ့ တိုက်ကြီး ခုနစ်ခုကတော့ စမ်းသပ်မှုတွေ ပြုလုပ်တာ၊ စိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေးတွေအတွက် အဓိက အသုံးပြုတာ။ နေရာတွေက အလွန်များပြားလှတော့ အင်ပါယာမှာ မရှိသေးတဲ့ အရာတွေကို ကိုယ်က ဖန်တီးထားတာပေါ့။ ဥပမာ... ကော်ဖီစေ့တွေနဲ့ တချို့သော အနံ့အရသာ ဖြည့်စွက်စာတွေလိုမျိုးပေါ့။ တစ်နေ့ကျရင် ကျူးကော့မင်ကို ဆိုဒါရည်တွေ လုပ်ခိုင်းပြီး မိန်းကို တိုက်ဦးမယ်"
ယီစင်းသည် စူးစမ်းလိုစိတ် ပြင်းပြနေသည့် ကလေးငယ်လေးတစ်ဦးကဲ့သို့ မေးခွန်းများကို အဆက်မပြတ် မေးမြန်းနေပြီး လင်းချန်၏ ရှင်းပြချက်များကို မျှော်လင့်တကြီး နားထောင်နေ၏။
သူမအတွက်မူ ဟွာရှာအင်ပါယာသည် ဆန်းကြယ်လှသည့် ကမ္ဘာသစ်တစ်ခုနှင့် တူနေ၏။ မည်သည့်နေရာကိုပဲ ကြည့်ကြည့် သူမအတွက် စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်နေသည်။
ထို့နောက်တွင်မူ ယီစင်းသည် လင်းချန်၏ ဦးဆောင်မှုဖြင့် ဟွာရှာအင်ပါယာ၏ ရှုခင်းများကို အပြည့်အဝ မြင်တွေ့ခွင့် ရရှိသည်။
လှပလှသည့် ရှုခင်းများမှာ အဆုံးအစမရှိဘဲ တည်ရှိနေကြပြီး အထူးသဖြင့် ပထမတိုက်ကြီးမှာ အလှပဆုံးဖြစ်၏။
အလွန်မြင့်မားလှသည့် နန်းတော်ကြီးမှာ အမြင်အာရုံ၏ အဆုံးအထိ တည်ရှိနေသဖြင့် ဤမျှကြီးမားသော နန်းတော်အတွင်း၌ လူအနည်းငယ်သာ ရှိနေရခြင်းကို ယီစင်းသည် ဇဝေဇဝါ ဖြစ်နေမိသည်။
အမှန်စင်စစ် လင်းချန်သည် သူမအား အမှန်အတိုင်း မပြောနိုင်ခဲ့ပေ။ သူ၏ ယခင်ဘဝက အတွေ့အကြုံများအတွင်း၌ အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီးနောက် ဟွာရှာအင်ပါယာ၌ ကုန်ကြမ်းပစ္စည်းများမှာ အလွန်အမင်း ပေါကြွယ်ဝနေသဖြင့် သူသည် အပျင်းပြေ နေရာအနှံ့၌ အဆောက်အဦးများကို ဆောက်လုပ်ခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့်ပင် ပထမတိုက်ကြီးသည် အလွန်ပင် သက်ဝင်လှုပ်ရှားနေပြီး ခမ်းနားထည်ဝါလှသည့် အဆောက်အဦးများဖြင့် အလွန်ပင် စည်ကားဝပြောနေခြင်းဖြစ်၏။
ဒုတိယတိုက်ကြီးသို့ ရောက်သည့်အခါ ယီစင်းသည် နေရာအနှံ့၌ စာဖတ်သံများကို ကြားနေရပြီး လမ်းမများပေါ်၌ ဆွေးနွေးနေကြသူများနှင့် စာသင်ကျောင်းများကိုလည်း နေရာတိုင်း၌ မြင်တွေ့နေရသည်။ လေထုအတွင်း၌ စက္ကူနှင့် မင်ရနံ့များမှာ ပျံ့လွင့်နေ၏။
တတိယတိုက်ကြီးမှာမူ အလွန်ပင် ပူပြင်းပုံရပြီး နေရာတိုင်း၌ ယန္တရားဖန်တီးဆောင်များရှိကာ အမျိုးသား၊ အမျိုးသမီး လက်မှုပညာရှင်များမှာလည်း တက်တက်ကြွကြွဖြင့် အလုပ်များနေကြသည်ကို တွေ့ရသည်။
သူတို့သည် ဧကရာဇ်နှင့် ဧကရီတို့ လာရောက်ကြည့်ရှုနေသည်ကိုပင် ဂရုမမူမိကြပေ။
တတိယတိုက်ကြီးမှ ထွက်ခွာလာပြီးနောက် စတုတ္ထတိုက်ကြီးသို့ ရောက်သည့်အခါ အပြာရောင်ဝတ်ရုံများ ဝတ်ဆင်ထားပြီး ဆေးဖက်ဝင်အပင်များကို သယ်ယူပို့ဆောင်နေကြသော အလုပ်များနေသည့် ပုံရိပ်များကို တွေ့မြင်ရသည်။
ကျယ်ပြောလှသည့် ဆေးခင်းကြီးများထဲ၌ အဖိုးတန် ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးထားကြ၏။
ယီစင်းသည် ပဉ္စမတိုက်ကြီးနှင့် အလယ်ပင်လယ်ရှိ သားရဲစစ်သည် အမျိုးမျိုးကိုလည်း မြင်တွေ့ရသည်။ ထိုသားရဲများ၏ အရှိန်အဝါများကို ထိန်းချုပ်ထားသော်လည်း ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်မှာပင် သူမအား ထိတ်လန့်သွားစေရန် လုံလောက်လှသည်။
အကယ်၍ ဤသားရဲစစ်သည်များသာ လင်းချန်အတွက် တိုက်ပွဲဝင်ရန် ထွက်ခွာသွားလျှင် ရန်သူများမှာ မည်မျှအထိ သနားစရာ ကောင်းနေမည်ကို သူမ စိတ်ပင် မကူးရဲတော့ပေ။
တပ်မတော် ခြောက်ခု စွဲထားသည့် တိုက်ကြီးများသို့ ရောက်သောအခါ၌မူ ယီစင်းမှာ အလွန်အမင်း ကြောက်လန့်သွားရသဖြင့် လင်းချန်၏ ရင်ခွင်အတွင်းသို့ တိုးဝင်သွားမိကာ သူမ၏ အာရုံများမှာလည်း လွတ်ထွက်သွားပြီး မူလခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ပုလဲမှာ သူမ၏ မျက်ခုံးနှစ်ခုကြားမှ ပြန်လည် ထွက်ပေါ်လာပြီး ထိုပုလဲ၏ တောက်ပမှုမှာလည်း သိသိသာသာ မှိန်ဖျော့သွားလေပြီ။
ဤသည်ကို မြင်သည့်အခါ လင်းချန်သည် စိတ်ဝိညာဉ်ပုလဲကို ယူဆောင်၍ ဟွာရှာအင်ပါယာအတွင်းမှ ထွက်ခွာလာ၏။
သူ၏ အခန်းအတွင်းသို့ ပြန်ရောက်သည်နှင့် စိတ်ဝိညာဉ်ပုလဲအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများသည် ယီစင်း၏ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ပြန်လည် ဝင်ရောက်သွားသည်။
ယီစင်းက မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သည့်အခါ သူမ၏ စိတ်အာရုံများမှာ မတည်မငြိမ် ဖြစ်နေဆဲပင်။
သူမသည် လင်းချန်၏ လက်အောက်၌ရှိသည့် စစ်သည်တော်များမှာ အလွန်များပြားနိုင်ကြောင်း စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ဤမျှအထိ များပြားလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့မိပေ။
များပြားလွန်းလှသဖြင့် သူမ မရေတွက်နိုင်တော့ရုံမက သူမ၏ စိတ်ကူးယဉ်နိုင်စွမ်းကိုပင် ကျော်လွန်နေရပြီဖြစ်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၄ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team