အခန်း ၂၈၅
Vol. 29 Ch. 285
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၅
ဘာသာပြန် - Ko Yoohtoo
True Immortal Team
ယီစင်းသည် သူမ၏ ပါးပြင်ကို ဆွဲဆိတ်ကြည့်လိုက်၏။ "ချန်လေး... ခုနက မိန်း အိပ်မက်မက်နေတာ မဟုတ်ဘူးမလား။"
နာကျင်မှုကြောင့် ထိုအရာမှာ အိပ်မက်မဟုတ်မှန်း သိလိုက်ရသော်လည်း သူမ၏ စိတ်ဝိညာဉ်မှာမူ အချိန်အတော်ကြာသည်အထိ တုန်လှုပ်နေဆဲ ဖြစ်သည်။
လင်းချန်သည် နှုတ်ဆိတ်နေလျက် ယီစင်း၏ ဘေး၌ ငြိမ်သက်စွာ ထိုင်နေပေးလိုက်၏။ သူမ၏ စိတ်အခြေအနေ ပြန်လည်တည်ငြိမ်လာသည်အထိ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခြင်းပင်။
စစ်မှန်သည့် ဟွာရှာအင်ပါယာ၏ အရှိန်အဝါနှင့် ထိတွေ့စေခြင်းက ယီစင်းအဖို့ အလွန်တရာ ကြီးမားသော တုန်လှုပ်မှု ဖြစ်စေမည်ကို သူသိရှိပြီးသား ဖြစ်သည်။
သို့သော် လင်းချန်သည် သူမကို ယုံကြည်၏။ ယီစင်းသည် မုချ တည်ငြိမ်သွားမည်ဖြစ်ပြီး သူမ၏ နှလုံးသားနယ်ပယ်သည်လည်း ဤမျှနှင့် ပျက်စီးသွားမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏ မိန်းကလေး ဖြစ်နေသည့်အတွက်ပင်။ သူမသည် သူ့အား မည်သို့မှ စိတ်ပျက်စေမည် မဟုတ်ချေ။
ခဏအကြာ၌ ယီစင်းသည် အမှန်တကယ်ပင် တည်ငြိမ်သွား၏။ သူမသည် တုန်လှုပ်နေမည့်အစား ဟွာရှာအင်ပါယာအတွင်းရှိ ထူးဆန်းအံ့ဩဖွယ်ရာများကို လင်းချန်အား စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ပြောပြနေသည်။
"ရှုမုန်က တကယ့်ကို ရယ်ရတာပဲ... သူ တကယ်ကြီး ငိုနေတာ ရှင်သိလား။"
"ပြီးတော့ အကြီးအကဲ ဟွာလင်းကရော... ချန်လေး လုပ်ခိုင်းထားတဲ့ ဆေးက ဘာဆေးမို့လို့လဲ။ သူကိုယ်တိုင် လုပ်နေရလို့ စောစော မလာနိုင်တာလား။"
"အလယ်ပိုင်း ပင်လယ်ကြမ်းပြင်က တောင်ပိုင်းပင်လယ်ထက် အများကြီး ပိုလှတာပဲ။ ရေအောက်ရှုခင်း ဒီလောက် ခမ်းနားမယ်လို့ မိန်း တစ်ခါမှ မတွေးဖူးဘူး။"
လင်းချန်သည် ပြုံးလျက် ယီစင်းကို ကြည့်နေပြီး သူမ၏ ပြောစကားများကို တိတ်ဆိတ်စွာ နားထောင်နေ၏။
ဤသည်မှာ သူကိုယ်တိုင် ပိုင်ဆိုင်သည့် အင်ပါယာဖြစ်သော်ငြား ယီစင်းက သူ့အား ပြန်လည် ဖောက်သည်ချနေသည်မှာ သူ၏ စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်နေသော်လည်း ထိုခံစားချက်ကို သူ နှစ်သက်မိသည်။
ယီစင်းသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် လင်းချန်အား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။ "ဒါနဲ့... ဟွာရှာအင်ပါယာရဲ့ တကယ့်အခြေအနေကို နောက်ထပ် ဘယ်သူတွေ သိသေးလဲ။"
လင်းချန်သည် ခေါင်းခါလိုက်သည်။ "အခုတော့ ရှင်းရှင်း တစ်ယောက်ပဲ သိတာပါ။ ဒါက ကိုယ်တို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ပေါ့။"
'ကိုယ်တို့နှစ်ယောက်ရဲ့ လျှို့ဝှက်ချက်တဲ့လား...'
လင်းချန်၏ စကားကြောင့် ယီစင်း၏ ပါးပြင်များ တစ်ဖန် နီမြန်းသွားပြန်၏။ သို့သော် သူမ၏ မျက်နှာထက်၌ ကြည်နူးမှုများ အထင်းသား ပေါ်လွင်နေသည်။
တစ်ချိန်တည်းမှာပင် လင်းချန်သည် စိတ်ဝိညာဉ်ပုလဲအား ပြန်လည်သိမ်းဆည်းလိုက်၏။ ဒန်ထျန်နှင့် အကြောများ မရှိသည့် ရုပ်သေးခန္ဓာသည် သဘာဝအတိုင်းပင် စိတ်ဝိညာဉ်စွမ်းအား မရှိချေ။
ထို့ကြောင့် စိတ်ဝိညာဉ်ပုလဲအား ကြာရှည်စွာ အလုပ်လုပ်ရန် မစွမ်းဆောင်နိုင်ပေ။ ယခုမျှ ကြာအောင် အလုပ်လုပ်နိုင်သည်မှာပင် လုံလောက်နေပြီ ဖြစ်သည်။
အကယ်၍ သူသည် စစ်မှန်သည့် ခန္ဓာသန့်စင်ခြင်း ကျမ်းစာအား ရှာဖွေတွေ့ရှိပြီး ထိုထဲရှိ နည်းစနစ်များနှင့် လိုအပ်သော ပစ္စည်းများကို ရရှိကာ ရုပ်သေးခန္ဓာစီမံကိန်းကို အပြီးသတ်နိုင်မှသာ ဤရုပ်သေးခန္ဓာသည် ပိုမိုပြည့်စုံလာပေလိမ့်မည်။
ရုတ်တရက် ယီစင်း၏ စိတ်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာ၏။ "အခုလို အချောမသတ်ရသေးတဲ့ ရုပ်သေးခန္ဓာထဲကနေ မိန်းလိုမျိုး လူတိုင်းကို အပြင်လောကကို ခေါ်ထုတ်လို့ မရဘူးလား။"
လင်းချန်သည် ပြုံးလိုက်သည်။ "ကလေးမလေးရာ... ရှင်းရှင်းကတော့ ဝင်ထွက်သွားလာလို့ ရပေမဲ့ သူတို့ကတော့ မရဘူး။ သူတို့က အားကြီးလွန်းလို့ပဲ။"
လင်းချန်သည် ယီစင်း၏ အကြံဉာဏ်ကို စဉ်းစားဖူးသော်လည်း နောက်ဆုံး၌ စွန့်လွှတ်လိုက်ရခြင်း ဖြစ်၏။ ယီစင်း၏ အစွမ်းသည် လင်းချန်ထက် နိမ့်ပါးသည့်အတွက် စိတ်ဝိညာဉ်ပုလဲမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်စွမ်းအား လှိုင်းနှုန်းမှာ မပြင်းထန်ချေ။
ထို့ကြောင့် ကောင်းကင်လမ်းကြောင်းကို ဖြတ်သန်းစဉ် သူ၏ ခန္ဓာကိုယ်အား ထိခိုက်မှု မရှိခြင်း ဖြစ်သည်။
သို့သော် အခြားသည့် စစ်သူကြီးများမှာမူ ရုပ်သေးခန္ဓာကြောင့် သူတို့၏ ခန္ဓာကိုယ်အင်အား မထိခိုက်သော်ငြား စိတ်ဝိညာဉ်စွမ်းအား လှိုင်းနှုန်းမှာမူ ကြီးမားသော ပြဿနာ ဖြစ်လာပေလိမ့်မည်။
ရှန်ဟွမ်ကြယ်ပေါ်၌ ရှိနေစဉ်က သူတို့၏ တည်ရှိမှုသည် လင်းချန်အား မထိခိုက်စေခဲ့ပေ။
သို့သော် ကောင်းကင်လမ်းကြောင်းကို ဖြတ်သန်းခြင်းသည် ကွဲပြားခြားနားလှ၏။ ထိုအရာက ခွဲခြားမှုမရှိဘဲ တူညီသည့် သက်ရောက်မှု ရှိပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ လင်းချန်ကိုယ်တိုင်ကြောင့်ပင် ဖြစ်သည်။
သူသည် ဟွာရှာအင်ပါယာရှိ လူများ၏ အရှိန်အဝါဒဏ်ကို မခံရခြင်းမှာ သူ၏ ကိုယ်ပေါ်၌ ဧကရာဇ်၏ ဘုန်းအာဏာ ရှိနေပြီး ထိုအရာက သူ့အား အကာအကွယ်လွှာသဖွယ် ဖုံးအုပ်ပေးထားသည့်အတွက် ဖြစ်၏။ သို့သော် သူ၏ ခန္ဓာကိုယ်အတွင်း၌မူ ထိုကဲ့သို့သော အကာအကွယ် မရှိချေ။
စိတ်ဝိညာဉ်စွမ်းအား မရှိသည့် ရုပ်သေးခန္ဓာသည် စိတ်ဝိညာဉ်စွမ်းအား လှိုင်းနှုန်းများကို မထိန်းချုပ်နိုင်ဘဲ လင်းချန်ကိုသာ ထိခိုက်စေပေလိမ့်မည်။ ထို့ကြောင့် ယီစင်း၏ အကြံဉာဏ်အား စွန့်လွှတ်လိုက်ရခြင်းပင်။
"ဘုန်းးး"
ထိုစဉ် အပြင်ဘက်၌ ရုတ်တရက် ကျယ်လောင်သည့် တိုက်မိသံကြီး ထွက်ပေါ်လာပြီး အိမ်တစ်ခုလုံး အထိန်းအကွပ်မဲ့ တုန်ခါသွား၏။
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ယီစင်းသည် လင်းချန်၏ ရင်ခွင်ထဲသို့ လဲကျသွားသည်။
လင်းချန်သည် သူ၏ စေ့စပ်ထားသူအား တင်းကျပ်စွာ ပွေ့ဖက်ထားရင်း စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ကာ တုန်ခါမှု ရပ်တန့်သည်အထိ သူတို့၏ ပုံရိပ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်၏။
အသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည့်အခါ လင်းချန်နှင့် ယီစင်းတို့သည် တစ်ဦးကိုတစ်ဦး ဝေခွဲမရသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး အိမ်အပြင်ဘက်သို့ ထွက်လာကြသည်။
လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်သည် တောင်ပိုင်းပင်လယ်တစ်ခုလုံး၌ နာမည်ကျော်ကြားသည့် အင်အားကြီးမျိုးနွယ် ဖြစ်ရာ မည်သူကမျှ ထိပ်တိုက်မတွေ့ချင်ကြပေ။ မည်သူက ဤမျှ ရဲတင်းစွာဖြင့် သူတို့ကို လာရောက် နှောင့်ယှက်ရသနည်း။
စောစောက အသံကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုသည် ဧရာမ ဘုရင်ဝေလငါးကြီးအား တိုက်မိသွားခြင်း ဖြစ်ကြောင်း ထင်ရှား၏။
လင်းချန်နှင့် ယီစင်းတို့သည် ရေအောက်အသက်ရှူကိရိယာများကို တပ်ဆင်ကာ အသံလာရာဘက်သို့ ဦးတည်သွားလိုက်ကြသည်။
နေအိမ်တံခါးမှ ထွက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ သူတို့၏ ရှေ့၌ နောက်ထပ် ဘုရင်ဝေလငါးတစ်ကောင် ရှိနေသည်ကို အံ့ဩစွာ တွေ့လိုက်ရ၏။
နောက်ထပ် ဝေလငါးတစ်ကောင် ရှိနေခြင်းက လင်းချန်အား မအံ့ဩစေပေ။ ဘုရင်ဝေလငါးသည် ပင်လယ်မျိုးနွယ်စုများက သွားလာရေးအတွက် အသုံးချလေ့ရှိသည့် ပင်လယ်စိတ်ဝိညာဉ်သားရဲ ဖြစ်ပြီး ထိုသားရဲ၏ ဦးခေါင်းပေါ်၌ အဆောက်အဦများ ဆောက်လုပ်ရန် အလွန် အဆင်ပြေသောကြောင့်ပင်။
နေအိမ်ရှေ့၌ လူအချို့သည် ငြိမ်သက်စွာ မျောပါနေသည့် ဘုရင်ဝေလငါးကို ကြည့်နေကြ၏။ လင်းချန်သည် ကျန်းဇီတဲထံသို့ လျှောက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ "အစ်ကိုကျန်း... ဘာတွေဖြစ်တာလဲ။"
လင်းချန်သည် ထူးဆန်းသော အရှိန်အဝါတစ်ခုကို ခံစားနေရ၏။ သူတို့ရှေ့၌ မျောနေသည့် ဘုရင်ဝေလငါးသည် အသက်ကင်းမဲ့နေပြီး သေဆုံးနေသကဲ့သို့ ဖြစ်နေသည်။
ကျန်းဇီတဲသည် လေးနက်သော မျက်နှာထားဖြင့် ခေါင်းခါပြကာ ရှေ့သို့ စိုက်ကြည့်လိုက်၏။ "ဒီဝေလငါးက ရေစီးကြောင်းနဲ့အတူ ရုတ်တရက် ပြေးဝင်လာတာ... ငါတို့ ရှောင်ဖို့တောင် မမီလိုက်ဘဲ တိုက်မိသွားတာ။ ဦးလေးကျန်းနဲ့ လူတစ်စုကတော့ အခြေအနေ သွားကြည့်နေကြတယ်။"
လီယွမ်ဖုန်းသည်လည်း သူတို့အနားသို့ ရောက်လာပြီး ရှေ့ရှိ ဝေလငါးကို ကြည့်လိုက်သည်။ "ဝေလငါးဦးခေါင်းပေါ်က အဆောက်အဦကို ဦးလေးလျူက တပည့်အချို့နဲ့ သွားစစ်ဆေးနေတယ်။ မကြာခင် ရလဒ်ထွက်လာမှာပါ... ခဏစောင့်ကြည့်ရအောင်။"
ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့သည်လည်း ဖြစ်စဉ်ကြောင့် လန့်နိုးလာပြီး အလျင်အမြန် ရောက်ရှိလာကြ၏။
မကြာမီမှာပင် သူတို့ရှေ့ရှိ ဝေလငါးကြီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် လည်ပတ်သွားသည်။ အမှန်စင်စစ်မှာ ဦးလေးကျန်းနှင့် သူ၏ လူများက ဝေလငါး၏ ခန္ဓာကိုယ်ကို လှန်လိုက်ခြင်း ဖြစ်၏။
ဝေလငါး၏ ဝမ်းဗိုက်ပိုင်းသည် လူအများရှိရာသို့ မျက်နှာမူလာသည့်အခါ လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ဘေးရှိ ယီစင်းသည်လည်း သူမ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ လင်းချန်၏ လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဘုရင်ဝေလငါး၏ ဝမ်းဗိုက်၌ ဧရာမ ဒဏ်ရာကြီးတစ်ခု ရှိနေပြီး ကိုယ်တွင်းအင်္ဂါများမှာ ပျောက်ဆုံးနေ၏။
ထိုအင်္ဂါများသည် ပင်လယ်ရေစီးကြောင်းနှင့်အတူ မျောပါသွားခြင်း ဖြစ်နိုင်သော်လည်း မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကိုမူ မသိရှိရပေ။ ကိုယ်တွင်းအင်္ဂါများ မရှိတော့ခြင်းနှင့် သွေးတစ်စက်မျှ ကျန်မနေခြင်းမှာ ဤဘုရင်ဝေလငါး သေဆုံးနေသည်မှာ အတော်ကြာပြီဖြစ်ကြောင်း ပြသနေသည်။
ဝေလငါး၏ ခန္ဓာကိုယ်အား လှန်လိုက်ပြီးနောက် နှောင်ကြိုးမဲ့ဂိုဏ်းမှ လူများသည်လည်း အဆောက်အဦအတွင်းမှ ပြန်ထွက်လာကြပြီး သူတို့ တွေ့ရှိချက်များကို တင်ပြကြ၏။ သူတို့သည် အလောင်းအချို့ကို သယ်ဆောင်လာပြီး လူအများရှေ့ရှိ ရေထဲ၌ ချထားလိုက်ကြသည်။
ထိုအလောင်းများသည်လည်း ပင်လယ်မျိုးနွယ်စုဝင်များ ဖြစ်ကြ၏။ လင်းချန် ယခင်က မြင်ဖူးသည့် အရိုးဓားငါးမျိုးနွယ်နှင့် ဆင်တူသော်လည်း ပို၍ အရပ်ရှည်ကာ အသားအရေမှာ အနက်ရောင် ဖြစ်နေသည်။ ထိုသူတို့မှာ အရိုးဓားမျိုးနွယ်များ ဖြစ်ကြ၏။
အရိုးဓားမျိုးနွယ်သည် အလွန်အင်အားကြီးမားသည့် ပင်လယ်မျိုးနွယ်တစ်ခုဖြစ်ပြီး လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်နှင့်ပင် အင်အားချင်း ယှဉ်နိုင်စွမ်း ရှိသည်။
ထိုအလောင်းများပေါ်၌ မည်သည့်ဒဏ်ရာမျှ မရှိသော်လည်း သူတို့သည် သေဆုံးနေကြပြီ ဖြစ်၏။ ကိုယ်တွင်းအင်္ဂါနှင့် သွေးများ ကုန်စင်နေသည့် ဝေလငါးအလောင်းနှင့် ဒဏ်ရာမရှိဘဲ သေဆုံးနေသော အရိုးဓားမျိုးနွယ်ဝင်များ၏ အလောင်းများက လူတိုင်းအား စိတ်မသက်မသာ ဖြစ်စေသည်။
ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်အား လာရောက်ယှဉ်ပြိုင်ကြမည့် အင်အားကြီး မျိုးနွယ်စုများအပေါ် ဤကဲ့သို့ ရက်စက်သည့် လုပ်ရပ်များ ကျူးလွန်ခံရရန် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။
ဤကဲ့သို့ အကြောင်းရင်းမရှိဘဲ သေဆုံးနေကြသည့် အရိုးဓားမျိုးနွယ်ဝင်များကို မြင်လိုက်ရသောအခါ ယီစင်းသည် ကြောက်လန့်တုန်ရီသွားပြီး လင်းချန်၏ လက်မောင်းအား တင်းကျပ်စွာ ဖက်ထားလိုက်၏။ “ချန်လေး...”
လင်းချန်သည် ယီစင်း၏ ပုခုံးအား ညင်သာစွာ ပုတ်ပေးလိုက်ပြီး မျက်လုံးများကမူ သေဆုံးနေသည့် ဝေလငါးဗိုက်ပေါ်မှ အပေါက်ကြီးဆီသို့ စူးစိုက်ကြည့်ကာ အတွေးများထဲ၌ နစ်မျောနေသည်။
သူတို့ရှေ့ရှိ သေဆုံးနေသော ဧရာမ ဘုရင်ဝေလငါးကြီး၏ ဝမ်းဗိုက်ပေါ်မှ ဒဏ်ရာမှာ အလွန်တရာ ချောမွေ့ညီညာလှ၏။ တစ်ချက်တည်းနှင့် စက်ဝိုင်းပုံစံ အတိအကျ လှီးဖြတ်ခံထားရသကဲ့သို့ ရှိနေသည်။
ဒဏ်ရာ၏ အနားသတ်များရှိ အပြာရောင်အစက်အပြောက်များမှာလည်း အလွန်ပင် သိသာထင်ရှားလှ၏။ ဝေလငါးကြီး၏ ဝမ်းဗိုက်အတွင်း၌မူ ပင်လယ်ရေများဖြင့်သာ ပြည့်နှက်နေပြီး ကိုယ်တွင်းအင်္ဂါများမှာ လုံးဝဥဿုံ ကင်းမဲ့နေသည်။
လင်းချန်၏ ခန့်မှန်းချက်အရ ဤဝေလငါး၏ အင်္ဂါစုများသည် ပင်လယ်ရေစီးကြောင်းကြောင့် မျောပါသွားခြင်း မဟုတ်ဘဲ တစ်စုံတစ်ရာက စုပ်ယူစားသောက်သွားခြင်း ဖြစ်နိုင်ခြေရှိ၏။
ထိုအင်္ဂါများကို ဝါးမြိုသွားသည့် အရာမှာ အလွန်တရာ သန့်ရှင်းစင်ကြယ်အောင် စားသောက်တတ်သော စိတ်ဝိညာဉ်သားရဲ တစ်မျိုးမျိုး ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဤဝေလငါးကြီး၏ သွေးများကိုလည်း ထိုတရားခံကပင် တစ်စက်မှမကျန်အောင် စုပ်ယူသွားခြင်း ဖြစ်တန်ရာ၏။
အလောင်းများကို စစ်ဆေးနေသည့် ကျိုးယီအန်သည် ခေါင်းမော့ကြည့်လိုက်သည်။ "သူတို့ရဲ့ စိတ်ဝိညာဉ်တွေ လုံးဝပျောက်ကွယ်သွားပြီ... ဘာအကြွင်းအကျန်မှ မရှိတော့ဘူး။ ခန္ဓာကိုယ်ပေါ် ဒဏ်ရာမရှိတာကို ကြည့်ရင် သေဆုံးရတဲ့ အကြောင်းရင်းက စိတ်ဝိညာဉ်တွေ အခိုးခံလိုက်ရလို့ပဲ ဖြစ်ရမယ်။"
သူ၏ မျက်နှာပေါ်ရှိ ရေအောက်အသက်ရှူကိရိယာမှ ရေပူဖောင်းလေးများမှာလည်း စကားပြောသည့်အရှိန်နှင့်အတူ တရစပ် ထွက်ပေါ်နေ၏။ ထို့နောက် ကျိုးယီအန်သည် လူပုသဏ္ဍာန်ရှိလျက် လက်တစ်ဖက် ပြတ်နေသည့် အရိုးဓားမျိုးနွယ် အလောင်းတစ်လောင်းကို ဆွဲယူကာ လူအများကို လက်တွေ့ပြသလိုက်သည်။
သူ၏ မျက်နှာထက်ရှိ ရေအောက်အသက်ရှူကိရိယာမှာ လင်းချန်က နှောင်ကြိုးမဲ့ဂိုဏ်းမှ လူတိုင်းအား လက်ဆောင်အဖြစ် ပေးအပ်ထားခြင်း ဖြစ်၏။ ကျိုးယီအန်သည် လင်းချန်အား ရှေးဟောင်းကျမ်းစာများစွာ ပေးခဲ့ဖူးသဖြင့် ဤသည်မှာ လင်းချန်ဘက်မှ တုံ့ပြန်သည့် ကျေးဇူးတရား အနည်းငယ်မျှသာ ဖြစ်သည်။
သို့သော် လင်းချန်အတွက် ထူးဆန်းသည်မှာ ကျိုးယီအန်သည် ထိုလက်ဆောင်ကို လက်ခံရယူရုံသာမက လင်းချန်အပေါ် အလွန်တရာ ကျေးဇူးတင်ရှိကြောင်း ပြသကာ ရိုသေလေးစားသော အမူအရာမျိုးပင် ပေါ်လွင်နေခြင်း ဖြစ်၏။ ယခင်က ကျိုးယီအန်သည် လင်းချန်အပေါ် ယဉ်ကျေးပျူငှာသော်လည်း မျိုးဆက်သစ် လူငယ်တစ်ဦးကဲ့သို့သာ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့သော သဘောထားအသစ်က လင်းချန်အား အံ့အားသင့်စေခဲ့၏။
ကျန်းထျန်ရှင်းသည် လေးနက်သော မျက်နှာထားဖြင့် အမိန့်ပေးရန် လှည့်ထွက်သွားသည်။ "စိတ်ဝိညာဉ်တွေ လုံးဝပျောက်ကွယ်သွားတာက တကယ့်ကို ထူးဆန်းလွန်းတယ်။ ငါတို့ ရှေ့ဆက်တဲ့အခါ ပိုပြီး သတိထားရမယ်။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၅ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team