← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၆

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ဤအဖွဲ့ကို အားအကောင်းဆုံး ပညာရှင်ကြီးနှစ်ဦးဖြစ်သည့် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့က ဦးဆောင်နေပြီး လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်မှ အကြီးအကဲ လေးဦး၊ နှောင်ကြိုးမဲ့ဂိုဏ်းမှ အကြီးအကဲ လေးဦးနှင့် အတူလိုက်ပါလာသော အစွမ်းထက် စစ်သည်တော် သုံးရာတို့ ပါဝင်သည်။

သူတို့၏ မျိုးဆက်သစ် တပည့်များထဲ၌မူ လင်းချန်တို့ ရှစ်ယောက်သာလျှင် ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ် ရှာဖွေရေး၌ ပါဝင်ခွင့်ရခြင်း ဖြစ်၏။

ထိုအချိန်၌ လင်းချန်သည် ယီစင်းကို ခေါ်ဆောင်ကာ ဘုရင်ဝေလငါးကြီး၏ ဦးခေါင်းခွံပေါ်ရှိ နေအိမ်နောက်ဘက်သို့ တိတ်တဆိတ် ဆုတ်ခွာလာ၏။

လင်းချန်က သူ၏ လက်များကို ဖြန့်လိုက်ရာ သာမန်ငါးလေးများကဲ့သို့ ထင်ရသည့် ငါးအုပ်လေးများမှာ လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာကြသည်။

ထိုငါးလေးများသည် လင်းချန်၏ ရှေ့၌ သူတို့၏ အမြီးများကို လှုပ်ခတ်ကာ အရပ်မျက်နှာအနှံ့သို့ ကူးခတ်သွားကြပြီး လင်းချန်နှင့် ယီစင်းတို့၏ အမြင်အာရုံမှ ခဏချင်းအတွင်း ပျောက်ကွယ်သွားကြ၏။

ယီစင်းက ငါးလေးများ ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်၏။ "ဒါတွေက ထောက်လှမ်းရေး ငါးတွေလား။"

လင်းချန်က ခေါင်းညိတ်ပြလိုက်သည်။ "အင်း... ဒါတွေက ထောက်လှမ်းရေးသားရဲတွေပေါ့။ ငါးတွေ၊ ငှက်တွေ၊ ယင်ကောင်တွေ စသဖြင့် ပုံစံမျိုးစုံ ရှိတယ်။ သူတို့ မြင်သမျှ အားလုံးကို ကိုတို့ဆီ ပြန်ပို့ပေးလိမ့်မယ်။"

ယီစင်းက သုံးသပ်လိုက်၏။ "ဒီလို သတ္တဝါလေးတွေ ရှိရင် လေဟုန်စစ်သည်တွေ မလိုတော့ဘူးပေါ့။"

လင်းချန်က ယီစင်း၏ နှာခေါင်းလေးကို ညင်သာစွာ ဆွဲလိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ "လေဟုန်စစ်သည်တွေက သတင်းစုံစမ်းရုံတင်မကဘူး၊ ကိုယ်ယောင်ဖျောက်ပြီး လုပ်ကြံသတ်ဖြတ်တာမှာလည်း အလွန် ကျွမ်းကျင်ကြတယ်။ ဒီသတ္တဝါလေးတွေကတော့ ပတ်ပတ်လည်ကို စောင့်ကြည့်ရုံပဲ အသုံးဝင်တာ။"

ယီစင်းက ခေါင်းညိတ်ပြရင်း လင်းချန်၏ လက်မောင်းကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်၏။ "ချန်လေး... လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်နဲ့ အင်အားချင်း တန်းတူရှိတဲ့ အရိုးဓားမျိုးနွယ်စုကိုတောင် ဘယ်အရာက ဒီလောက် အသံတိတ် သတ်ဖြတ်နိုင်ရတာလဲ။"

လင်းချန်က ထောက်လှမ်းရေးသားရဲများကို လွှတ်ပြီးနောက် ယီစင်း၏ လက်ကို ကိုင်ကာ သူတို့၏ ဝင်းထဲသို့ ပြန်လာ၏။ "ဒါပေမဲ့ အဲဒီမှာက လူအနည်းငယ်ပဲ ရှိတာလေ။ ကိုတို့ ရှာဖွေရေးအဖွဲ့မှာ တိုက်ခိုက်နိုင်တဲ့လူ သုံးရာကျော် ပါတယ်၊ ဝေယျာဝစ္စ လုပ်ဖို့ လူတစ်ထောင်လည်း ရှိနေတာပဲ။"

ယီစင်းကလည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒါ တော်တော် ထူးဆန်းတာပဲ... သေဆုံးတဲ့ အလောင်းတွေက ဒီလောက်ပဲ ရှိတာလား။ သူတို့က တောင်ပိုင်းမျိုးနွယ်စုများ အစည်းအဝေးကို လာတဲ့ပုံ မပေါ်ဘူး။"

'တောင်ပိုင်းအစည်းအဝေးကို မတက်တာလား...'

မဖြစ်နိုင်ပေ။ တောင်ပိုင်းပင်လယ်အတွင်းရှိ အရိုးဓားမျိုးနွယ်သည် လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်နှင့်ပင် ယှဉ်နိုင်သည့် မျိုးနွယ်ကြီးဖြစ်ရာ ဤအစည်းအဝေးသို့ မတက်ရောက်ဘဲ နေမည် မဟုတ်ချေ။

ဤထူးဆန်းသည့် တွေ့ကြုံမှုကြောင့် လင်းချန်တို့ အဖွဲ့သည် ပိုမို သတိကြီးစွာ ထားလိုက်ကြသည်။ ရန်သူ၏ ထောင်ချောက်အတွင်းသို့ မကျရောက်စေရန် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့သည် မည်သူ့ကိုမျှ ဘုရင်ဝေလငါးကြီး၏ အပြင်ဘက်သို့ ထွက်ခွင့်မပြုဘဲ ပတ်ပတ်လည်၌သာ ကင်းလှည့်စေသည်။

သို့သော် လင်းချန် စေလွှတ်ထားသည့် ငါးပုံသဏ္ဍာန် ထောက်လှမ်းရေးသားရဲများမှာမူ ဘုရင်ဝေလငါးကြီး၏ ပတ်လည်၌ အလွန်တရာ ကျယ်ပြန့်သော စောင့်ကြည့်ကွန်ရက်ကြီးတစ်ခုကို ဖြန့်ကျက်ထားပြီးဖြစ်ကြောင်း သူတို့ မသိရှိကြပေ။

အကယ်၍ တစ်စုံတစ်ရာ ထူးခြားလာပါက ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနမှတစ်ဆင့် လင်းချန်အား ချက်ချင်း အသိပေးမည် ဖြစ်၏။

သို့သော်လည်း ရှေ့ဆက်ရသည့် ခရီးစဉ်မှာမူ အဆင်ပြေချောမွေ့လှသည်။ မည်သည့် မတော်တဆမှုမျှ မကြုံတွေ့ရဘဲ သူတို့၏ ခရီးဆုံးသို့ ဘေးကင်းစွာ ဆိုက်ရောက်ကြ၏။ ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ် နယ်မြေသို့ နီးကပ်လာသည်နှင့်အမျှ သူတို့စီးနင်းလာသည့် ဘုရင်ဝေလငါးကြီးသည် ပင်လယ်ကြမ်းပြင်သို့ တဖြည်းဖြည်း ငုပ်လျှိုးဆင်းသွားသည်။

ပတ်ဝန်းကျင် ပင်လယ်ရေထုမှာလည်း နက်ရှိုင်းလာသည်နှင့်အမျှ ပို၍ မှောင်မိုက်လာ၏။

သို့သော် ပင်လယ်ကြမ်းပြင်နှင့် နီးကပ်လာသည့်အခါ အလင်းတန်းများ တဖြည်းဖြည်း မြင့်တက်လာသည်ကို တွေ့ရသည်။

ပင်လယ်ကြမ်းပြင်သို့ ရောက်သည့်အခါ ဝေလငါးကြီး၏ ဦးခေါင်းပေါ်ရှိ အစီအရင် အနားသတ်၌ ရပ်နေသည့် လင်းချန်တို့သည် အောက်ဘက်မှ အလင်းရောင်များ ထွက်ပေါ်နေသော ရှုခင်းကြီးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

ထိုနေရာသည် ကုန်းမြေပြင်ကဲ့သို့ပင် ပင်လယ်ကြမ်းပြင်၌ တောင်တန်းများ ရှိနေပြီး ရှေးယခင်ကတည်းက ရေအောက်သို့ နစ်မြုပ်နေဟန်ရှိသည့် အဆောက်အဦများမှာမူ ယနေ့တိုင် အလွန်ကောင်းမွန်သော အခြေအနေ၌ ရှိနေဆဲ ဖြစ်သည်။

ဤတောင်တန်းနှင့် အဆောက်အဦများမှ စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေပြီး ပင်လယ်ကြမ်းပြင်ကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်စေ၏။

လင်းချန်တို့သည် အခြားသော အရပ်မျက်နှာများမှ ရောက်ရှိလာကြသည့် ဘုရင်ဝေလငါးကြီးများနှင့် အမျိုးမျိုးသော ပင်လယ်စိတ်ဝိညာဉ်သားရဲကြီးများကိုလည်း တွေ့မြင်လိုက်ရသည်။

သူတို့အားလုံးသည် အောက်ဘက်ရှိ အဆောက်အဦများရှိရာသို့ စုပြုံတိုးဝင်နေကြခြင်း ဖြစ်၏။ ပင်လယ်ရေအောက် မြေမျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် ဤနေရာသည် တစ်ချိန်က ကုန်းမြေပေါ်ရှိ တောင်တန်းကြီးများ ဖြစ်ခဲ့ဟန်ရှိပြီး တစ်စုံတစ်ရာသော ဂိုဏ်း၏ တည်နေရာလည်း ဖြစ်နိုင်သည်။

ကျန်းထျန်ရှင်းက အောက်ဘက်သို့ လက်ညှိုးညွှန်ပြလိုက်၏။ "ဒီပတ်ဝန်းကျင်ကိုတော့ စူးစမ်းပြီးသွားပြီ... ရှေးဟောင်းပစ္စည်းတချို့လည်း ရခဲ့တယ်။ ဒါပေမဲ့ လူတိုင်းက သိမ်းကျုံးယူသွားကြလို့ အကုန်ပြောင်သလောက် ရှိနေပြီ။ အကောင်းဆုံး ကျန်နေတဲ့နေရာကတော့ ဒီ ကမ္ဘာငယ်လေးရဲ့ တံခါးဝပဲ။ အထဲမှာ ဘာရှိမလဲဆိုတာ ဘယ်သူမှ မသိသေးဘူး။"

လင်းချန်သည် အဆောက်အဦများ၏ အလယ်ဗဟိုရှိ ဧရာမ တံခါးဝကြီးဆီသို့ စူးစိုက်ကြည့်လိုက်သည်။

ထိုနေရာ၌ ဖြူဖျော့ဖျော့ အလင်းတန်းများ လည်ပတ်နေသည့် ဝဲဂယက်ကြီးတစ်ခု ရှိနေပြီး ရှေးဟောင်းအက္ခရာများ ရေးထွင်းထားသော အစီအရင် လှိုင်းတန်းများက တံခါးဝ၏ ဖွဲ့စည်းပုံထဲသို့ စိမ့်ဝင်စီးဆင်းနေ၏။

ထိုအစီအရင်၏ စွမ်းအားများသည် တံခါးဝကို တည်ငြိမ်အောင် ထိန်းညှိပေးနေခြင်း ဖြစ်သည်။

ဤအချက်အလက်များကို လင်းချန်က မြင်တွေ့သည်နှင့် ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနက ချက်ချင်း သုံးသပ်ချက် ထုတ်ပေးလိုက်ခြင်း ဖြစ်၏။

လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့၌ အစွမ်းမရှိသည့် လင်းချန်အဖို့မူ ဤသည်ကို ကိုယ်တိုင်နားလည်နိုင်ရန် မဖြစ်နိုင်ပေ။

ကျန်းထျန်ရှင်း၏ ထိန်းချုပ်မှုအောက်၌ ဘုရင်ဝေလငါးကြီးသည် ဧရာမ ခန္ဓာကိုယ်ကြီးကို လှုပ်ခါကာ ပင်လယ်ရေအောက် တောင်ထိပ်တစ်ခု၏ ရှေ့၌ တည်ငြိမ်စွာ ဆိုက်ကပ်လိုက်သည်။

ထို့နောက် လင်းချန်နှင့် အခြားသူများကို ခေါ်ဆောင်ကာ တောင်ခြေသို့ ဆင်းလာကြ၏။

ထိုတောင်ခြေ၌ ကျယ်ပြန့်သည့် မြေပြန့်ကွင်းပြင်ကြီး ရှိနေပြီး ခမ်းနားထည်ဝါသော စံအိမ်တော်ကြီးတစ်ခုကို တည်ဆောက်ထားသည်။

နီးကပ်သွားသည့်အခါ လင်းချန်သည် ထိုစံအိမ်တော်ကြီး၌ အသစ်ပြန်လည် ပြုပြင်ထားသည့် အရာများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

ကျန်းထျန်ရှင်းက ရှေ့ဆုံးမှ လျှောက်သွားသည်။ "ဒီနေရာက ငါတို့ ခဏ နားခိုမယ့် စံအိမ်ပဲ။ လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်နဲ့ နှောင်ကြိုးမဲ့ဂိုဏ်းက အစီအရင်ပညာရှင်တွေ ဒီကို ကြိုရောက်နေကြပြီး တခြားအင်အားစုတွေနဲ့ ပူးပေါင်းကာ တံခါးဝဖွင့်ဖို့ ကြိုးစားနေကြတယ်။"

သို့သော် စံအိမ်တော်အတွင်းသို့ ဝင်လိုက်သည်နှင့် ကျန်းထျန်ရှင်း၏ မျက်နှာသည် ရုတ်ချည်းဆိုသလို မည်းမှောင်သွား၏။

ကျန်းထျန်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ "ဒါက..."

လင်းချန် စံအိမ်တော်အတွင်းသို့ ဝင်လိုက်သည့်အခါ သူ၏ မျက်နှာထက်၌လည်း အလွန်အမင်း အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။

**--**--**--**--**--**--**--**

စံအိမ်တော်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် လင်းချန်ကို ဆီးကြိုနေသည်မှာ ပရမ်းပတာဖြစ်နေသည့် မြင်ကွင်းတစ်ခုပင်။

ရှေ့ဝင်းတစ်ခုလုံးမှာ ပျက်စီးယိုယွင်းနေပြီး လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်နှင့် လူသားမျိုးနွယ်ဝင် အချို့မှာလည်း ဒဏ်ရာကိုယ်စီဖြင့် ပျက်စီးမှုများကို ပြုပြင်နေကြသည်။

အခြားသော အဆောက်အဦများမှာ အကောင်းပကတိ ရှိနေသော်လည်း ဤစံအိမ်ရှေ့၌သာ အဘယ်ကြောင့် ပြုပြင်ထားသည့် အရာများ ရှိနေသနည်းဟူသော အဖြေကို လင်းချန် ရိပ်မိလိုက်ပြီ။

စံအိမ်တော်က ပျက်စီးနေသည်၊ သူတို့၏ ခန္ဓာကိုယ်များ၌လည်း ဒဏ်ရာများ ရှိနေသည်... ဤအရာကို ကြည့်ရုံဖြင့် ဘာဖြစ်ခဲ့သည်မှာ အထင်းသား ပေါ်လွင်နေ၏။

လင်းချန်တို့အုပ်စု ဝင်လာသည်ကို မြင်သည့်အခါ ပြုပြင်နေသူများက မော့ကြည့်လာကြသည်။ ထိုအချိန်၌ ကျန်းထျန်ရှင်းသည် သူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်၏။ "ဒါကို ဘယ်သူလုပ်တာလဲ။"

ဤမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်က သူတို့ကို တိုက်ခိုက်ခဲ့ကြောင်း ထင်ရှားလှသည်။

လင်းချန် ပေးထားသည့် ရေအောက်အသက်ရှူကိရိယာကို ဝတ်ဆင်ထားသည့် ကျိုးယီအန်၏ မျက်နှာကို မျက်နှာဖုံးကြောင့် မမြင်ရသော်လည်း တွန့်ချိုးနေသည့် မျက်မှောင်များနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် မျက်လုံးများက သူ၏ စိတ်အခြေအနေကို ဖော်ပြနေ၏။

လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်နှင့် လူသားမျိုးနွယ်ဝင်များမှာ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ကို မြင်သည်နှင့် အပြေးအလွှား ရောက်ရှိလာကြပြီး နာကျင်ခံခက်ဖြစ်နေသည့် မျက်နှာများဖြင့် ညည်းညူလိုက်ကြသည်။

"မျိုးနွယ်စုခေါင်းဆောင်... နောက်ဆုံးတော့ ရောက်လာပြီပဲ။"

"ဂိုဏ်းချုပ်... ကျွန်တော်တို့ကို ကူညီပြီး တရားမျှတမှု ရှာပေးပါဦး။"

လူတစ်ယောက်က ဒေါသတကြီး အံကြိတ်လိုက်၏။ "ရှစ်ဆန်းကြယ်ခန်းမနဲ့ အရိုးဓားမျိုးနွယ်တွေက အရမ်း အတင့်ရဲလွန်းတယ်။ အဲ့ဒီပစ္စည်းကို ကျွန်တော်တို့က အရင်တွေ့တာပါ... ဒါပေမဲ့ သူတို့က အင်အားသုံးပြီး လုယူသွားကြတယ်။"

နောက်တစ်ယောက်ကလည်း လက်သီးဆုပ်လိုက်သည်။ "သူတို့က ဒီကို အရင်ရောက်နေတဲ့ အသာစီးကို သုံးပြီး ရက်ရက်စက်စက် လုပ်ခဲ့ကြတာ။ ကိုးခုမြောက် အကြီးအကဲနဲ့ နှောင်ကြိုးမဲ့ဂိုဏ်းက အကြီးအကဲချီတို့ဆိုရင် ပြင်းထန်တဲ့ ဒဏ်ရာတွေရပြီး အိပ်ရာထဲ လဲနေကြရတယ်။"

လူအများ၏ တရစပ် ရှင်းပြချက်များကြောင့် လင်းချန်နှင့် သူ၏ အပေါင်းအဖော်များမှာ ဖြစ်စဉ်အလုံးစုံကို နားလည်သွားကြ၏။

ဤရှေးဟောင်းအမွေအနှစ် နယ်မြေကို တွေ့ရှိပြီးနောက် အဖွဲ့အသီးသီးသည် စည်းကမ်းချက်များကို သဘောတူခဲ့ကြပြီး စံအိမ်အသီးသီး၌ အခြေချကာ အစီအရင် ကျွမ်းကျင်သူများကို အရင်လွှတ်၍ တံခါးဝကို ဖွင့်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်ငါးရက်ခန့်က လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်၏ အစီအရင် ကျွမ်းကျင်သူ ကိုးခုမြောက် အကြီးအကဲသည် ရေအောက်တောင်ပူစာတစ်ခု၏ လိုဏ်ဂူအတွင်း၌ လျှို့ဝှက်ကျောင်းဆောင်တစ်ခုကို ရှာတွေ့ခဲ့၏။

ထိုနေရာမှာ ပုံရိပ်ယောင် အစီအရင်ဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်သည်။

လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်နှင့် နှောင်ကြိုးမဲ့ဂိုဏ်းသားများက ထိုအစီအရင်ကို ဖြတ်ကျော်ကာ ရတနာများကို ရယူလိုက်သည့်အချိန်မှာပင် အရိုးဓားမျိုးနွယ်နှင့် ရှစ်ဆန်းကြယ်ခန်းမမှ လူများက ရုတ်တရက် ရောက်လာပြီး ရတနာများကို အတင်းအဓမ္မ လုယူသွားကြခြင်း ဖြစ်၏။

အရိုးဓားမျိုးနွယ်နှင့် ရှစ်ဆန်းကြယ်ခန်းမ၏ အဓိက အင်အားစုများသည် တောင်ပိုင်းပင်လယ် အစည်းအဝေးအတွက် လွန်ခဲ့သော တစ်လကျော်ကတည်းက ရောက်ရှိနေကြခြင်း ဖြစ်ရာ ဤနေရာ၌ ကျန်ရစ်ခဲ့သည့် လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်နှင့် နှောင်ကြိုးမဲ့ဂိုဏ်းသားများမှာ သူတို့ကို မည်သို့မှ မတွန်းလှန်နိုင်ခဲ့ကြပေ။

ကံကောင်းသည်မှာ တစ်ဖက်လူများသည် ပဋိပက္ခကို ပိုမိုမကြီးထွားစေလိုသဖြင့် လူသတ်မှုအထိ ကျူးလွန်ခဲ့ခြင်း မရှိပေ။

သို့မဟုတ်ပါက ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ ယခုအချိန်၌ လက်စားချေရန်အတွက် သေမထူး နေမထူး တိုက်ခိုက်နေကြပြီ ဖြစ်၏။

ထိုစဉ် လင်းချန်က ရုတ်တရက် လှမ်းမေးလိုက်သည်။ "အစ်ကို... ကျုပ် တစ်ခုလောက် မေးပါရစေ။ အရိုးဓားမျိုးနွယ်အဖွဲ့ ဒီကို ရောက်လာတုန်းက ဘုရင်ဝေလငါးကြီးတွေကို စီးပြီး ရောက်လာတာလား... ပြီးတော့ ရှစ်ဆန်းကြယ်ခန်းမနဲ့ အတူတူ လာကြတာလား။"

လင်းချန်၏ စကားကြောင့် ကိုးခုမြောက် အကြီးအကဲတို့ကို သွားကြည့်ရန် ပြင်နေသည့် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ ခြေလှမ်းများ ရပ်တန့်သွားပြီး ချက်ချင်း လှည့်ကြည့်လာကြ၏။

အခြားသော သူများကလည်း ထိုလက်ရှစ်ဖက် ပင်လယ်မျိုးနွယ်ဝင်ကို စိတ်ဝင်တစား ကြည့်နေကြသဖြင့် သူ့မှာပင် အနည်းငယ် ထိတ်လန့်သွားရှာသည်။

ထိုသူက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ "ရှစ်ဆန်းကြယ်ခန်းမက နှစ်ရက်စောပြီး ရောက်လာတာပါ။ အရိုးဓားမျိုးနွယ်ကတော့ နှစ်ရက်နောက်ကျပြီး ဘုရင်ဝေလငါးတွေကို စီးကာ တစ်ဖွဲ့တည်း ရောက်လာတာ။ ထူးဆန်းတာက သူတို့က မဟာမိတ်တွေ ဖြစ်ပေမဲ့ အတူတူ ရောက်မလာကြတာပဲ..."

ကျန်းထျန်ရှင်းက အလောတကြီး ရှေ့တိုးလာသည်။ "ဒီတစ်ခေါက် အရိုးဓားမျိုးနွယ်က လူဘယ်လောက် ခေါ်လာလဲ။"

မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာကြောင့် ထိုသူမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ရိုးသားစွာပင် ဖြေကြားလိုက်၏။ "လူနှစ်ထောင်လောက် ရှိမယ် ထင်ပါတယ်။ ဘုရင်ဝေလငါးက တော်တော်ကြီးတာလေ... ဝေလငါးအရိုးစုနဲ့ ဆောက်ထားတဲ့ အိမ်ထဲမှာ အနည်းဆုံး လူတစ်သောင်းလောက် နေလို့ရတာ။"

လင်းချန်၏ စိတ်ထဲ၌ ထူးဆန်းသည့် သံသယတစ်ခု ဝင်လာသဖြင့် ခပ်ဖြည်းဖြည်း မေးလိုက်သည်။ "အရွယ်အစားက ပိုကြီးတာလား... အဲ့ဒီ ဘုရင်ဝေလငါးရဲ့ ဖြူဖွေးတဲ့ ဝမ်းဗိုက်အရှေ့ပိုင်းမှာ အပြာရောင် အစက်အပြောက် ပါသလား။ ပြီးတော့ အရိုးဓားမျိုးနွယ်အုပ်စုထဲမှာ လက်တစ်ဖက်ပြတ်နေပြီး ကြမ်းကြုတ်တဲ့ ပုံစံရှိတဲ့ လူပုတစ်ယောက် ပါသလား။"

ထိုသူက အံ့ဩသွား၏။ "လူသားလူငယ်လေး... မင်း ဒါတွေကို ဘယ်လိုလုပ် ဒီလောက် အသေးစိတ် သိနေတာလဲ။ အမှန်ပဲ... အဲ့ဒီ ဝေလငါးရဲ့ ဗိုက်ပေါ်မှာ အပြာရောင် အစက်အပြောက် ပါတယ်လေ။ ပြီးတော့ ကိုးခုမြောက် အကြီးအကဲနဲ့ အကြီးအကဲချီကို ဒဏ်ရာရအောင် လုပ်ခဲ့တာလည်း လက်တစ်ဖက်ပြတ်ပြီး အရပ်ပုပု၊ မျက်နှာကြမ်းကြုတ်တဲ့ အရိုးဓားမျိုးနွယ်ဝင်ပဲ။"

ထိုသူ၏ အဖြေကြောင့် ဝန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း၏ စိတ်ထဲ၌ ချမ်းစိမ့်သွား၏။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၆ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters