← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၇

ဘာသာပြန် - Ko Yoohtoo

True Immortal Team

လင်းချန်သည်လည်း သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း သက်ပြင်းတစ်ချက်ကို ပြင်းထန်စွာ ချလိုက်ရာ ရေပူဖောင်းများ တရစပ် ထွက်ပေါ်လာသည်။ သူ၏ ဘေးရှိ ယီစင်းမှာမူ လင်းချန်၏ လက်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

ကိုယ်တွင်းအင်္ဂါများ လုံးဝမရှိဘဲ သွေးတစ်စက်မျှ မကျန်အောင် စုပ်ယူခံထားရသည့် ဘုရင်ဝေလငါးအသေကြီးက လွန်ခဲ့သော တစ်လကျော်က အရိုးဓားမျိုးနွယ်ဝင်များကို ဤနေရာသို့ သယ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ အကြီးအကဲနှစ်ဦးကို ဒဏ်ရာရအောင် လုပ်ခဲ့သည့် လက်တစ်ဖက်ပြတ် လူပုသည်လည်း လွန်ခဲ့သော ဆယ့်ငါးရက်ခန့်က လင်းချန်တို့ တွေ့ရှိခဲ့သည့် အလောင်းများထဲ၌ ပါဝင်နေပြီးသား ဖြစ်သည်။

ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ကဲ့သို့ ပညာရှင်ကြီးများ၏ ရှေ့မှောက်၌ သေချင်ယောင်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ထိုလူပု၏ အလောင်းကို တွေ့ရှိချိန်၌ နောက်ထပ် လူပုတစ်ယောက်က ဤစံအိမ်၌ အကြီးအကဲများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

သူတို့တွေ့ခဲ့သည့် ဘုရင်ဝေလငါးနှင့် အရိုးဓားမျိုးနွယ်ဝင်အချို့မှာ အမှန်တကယ်ပင် သေဆုံးနေခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ယခု အရိုးဓားမျိုးနွယ်နှင့် ရှစ်ဆန်းကြယ်ခန်းမ စံအိမ်နား၌ ရှိနေသည့် ဘုရင်ဝေလငါးမှာ အဘယ်အရာနည်း။ ကိုးခုမြောက် အကြီးအကဲတို့ကို တိုက်ခိုက်ခဲ့သည့် ထိုလူပုမှာကော အဘယ်အရာ ဖြစ်နေသနည်း။

ထိုစဉ် လင်းချန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ကို လေးနက်စွာ ကြည့်လိုက်၏။

ကျန်းထျန်ရှင်းက လင်းချန် ဘာပြောမည်ကို မသိသဖြင့် စိတ်ပူစွာ မေးလိုက်သည်။ "လင်းချန်။ ဘာဖြစ်လို့လဲ ပြောပါဦး။"

လင်းချန်က ခဏမျှ စဉ်းစားလိုက်၏။ "ကျွန်တော်က စာအုပ်စုဆောင်းရတာ ဝါသနာပါသလို ထူးဆန်းတဲ့ စိတ်ဝိညာဉ်စွမ်းရည်တွေကိုလည်း ဖန်တီးတတ်တယ်။ အဲ့ဒီထဲက တစ်ခုက အရာဝတ္ထုတစ်ခုပေါ် အသိစိတ်ကပ်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်တာပဲ။ ဒီနည်းက ရိပ်မိလွယ်ပေမဲ့ ခုနက ဝေလငါးအသေကြီးပေါ်မှာ ဘယ်သူမှမရှိလို့ စမ်းသပ်တဲ့အနေနဲ့ အသိစိတ် ကပ်ထားခဲ့တာ။ ဒါပေမဲ့ အခုပဲ ကျွန်တော့်အသိစိတ် ပျောက်သွားပြီ။ မပျောက်ခင်မှာ အဲ့ဒီ ဝေလငါးအလောင်းနဲ့ အရိုးဓားမျိုးနွယ်ဝင်တွေရဲ့ အလောင်းတွေ လေထဲ အငွေ့ပျံသလို ရုတ်တရက် ပျောက်ကွယ်သွားတယ်။"

အမှန်စင်စစ် လင်းချန်၏ စကားများမှာ လုပ်ကြံဖန်တီးထားခြင်း ဖြစ်သော်လည်း အလောင်းများ ပျောက်ကွယ်သွားသည့် သတင်းမှာမူ အစစ်အမှန် ဖြစ်၏။ သူတို့ ထွက်လာပြီးနောက် လင်းချန်သည် ထောက်လှမ်းရေးသားရဲတစ်ကောင်ကို ထိုနေရာ၌ ချန်ထားခဲ့ခြင်း ဖြစ်သည်။

ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနက ထိုအလောင်းများ ရုတ်တရက် ပျောက်ကွယ်သွားသည့် မြင်ကွင်းကို လင်းချန်အား အသိပေးခဲ့ခြင်း ဖြစ်၏။ ထိုအလောင်းများမှာ မူလကတည်းက မရှိခဲ့သည့်အလား ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ကျန်းထျန်ရှင်း၏ မျက်နှာမှာ ထိတ်လန့်သွားပြီး အလျင်အမြန် မေးလိုက်၏။ "ရုတ်တရက် ပျောက်ကွယ်သွားတယ် ဟုတ်လား။ မင်း သေချာလို့လား။"

လင်းချန်က ခါးသက်သက် အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်။ ကျွန်တော်တို့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ကြုံနေရပြီ ထင်တယ်။"

လင်းချန် မေးမြန်းခဲ့သည့် လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်ဝင်မှာ ဘာမှနားမလည်ဘဲ ရှိနေရာမှ ဘေးရှိလူက ပြန်လည်ရှင်းပြသောအခါမှ သဘောပေါက်သွား၏။ သူ နားလည်သွားချိန်၌ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး အထိတ်တလန့် ပြောလိုက်သည်။ "ကျွန်တော် တစ်ခု သတိရလိုက်ပြီ။ အဲ့ဒီ လက်တစ်ဖက်ပြတ် လူပုမှာ အရိပ် မရှိဘူးဗျ။"

လင်းချန်သည် ရေငန်ဒဏ်မှ ကာကွယ်ရန် အစီအရင်ဖြင့် ပြုပြင်မွမ်းမံထားသည့် အိပ်ခန်းအတွင်းသို့ ယီစင်းနှင့်အတူ ဝင်ရောက်နားခိုလိုက်၏။ နှောင်ကြိုးမဲ့ဂိုဏ်းမှ လူအင်အားမှာ များပြားလှသဖြင့် ဘေးကပ်လျက်ရှိ ကျယ်ဝန်းသော ဝင်းကြီးအတွင်း၌ နေရာယူထားကြသည်။

အိပ်ခန်းအတွင်း ထိုင်နေရင်း ယီစင်းက လင်းချန်ကို မေးလိုက်၏။ "ချန်လေး။ ဘာတွေဖြစ်နေတာလဲဆိုတာ ရှင်လည်း အဖြေမထုတ်နိုင်သေးဘူးလား။"

သူမ၏ စိတ်ထဲ၌ တစ်စုံတစ်ရာကို အလိုလို သိနေသကဲ့သို့ ချမ်းစိမ့်စိမ့်နှင့် မသက်မသာ ခံစားနေရဆဲ ဖြစ်၏။

လင်းချန်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။ "ဟင့်အင်း။ အခုတော့ ကျန်းထျန်ရှင်းနဲ့ စီနီယာ ကျိုးယီအန်တို့က အရိုးဓားမျိုးနွယ်နဲ့ ရှစ်ဆန်းကြယ်ခန်းမဆီကို ရှင်းလင်းချက်တောင်းဖို့ သွားကြပြီ။ သူတို့ ပြန်လာမှပဲ ရလဒ်ကို သိရမှာပေါ့။"

လက်ရှိ အခြေအနေ၏ ဆန်းကြယ်မှုက သူ့ကိုပင် ဇဝေဇဝါ ဖြစ်စေ၏။ ဟွာရှာအင်ပါယာရှိ ကျမ်းစာများထဲ၌လည်း ဤကဲ့သို့သော အခြေအနေမျိုးကို မှတ်တမ်းတင်ထားခြင်း မရှိသဖြင့် ကျူးကော့မင်ပင်လျှင် မည်သို့မျှ ကောက်ချက်မချနိုင်ဘဲ ရှိနေသည်။ ဤကမ္ဘာသည် ဟွာရှာအင်ပါယာအတွက် သူစိမ်းပြင်ပြင် ဖြစ်နေသေးပြီး သူတို့ သိရှိသမျှမှာ လင်းချန်၏ ဗဟုသုတနှင့် သူတို့ ရရှိထားသည့် ကျမ်းစာများအပေါ်၌သာ အခြေခံနေရခြင်း ဖြစ်၏။

"ဝုန်းးး"

ရုတ်တရက် သူတို့၏ ဝင်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် အစီအရင် အကာအကွယ်မှ တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။ လင်းချန် စိတ်အာရုံဖြင့် တံခါးကို ဖွင့်ပေးလိုက်ရာ အပြင်ဘက်မှ လီယွမ်ဖုန်း၊ ကျန်းဇီတဲ၊ ကျန်းချီ နှင့် ကျန်းဝမ်ရွှမ်း တို့ လေးဦးသည် အခန်းတွင်းသို့ ဝင်ရောက်လာကြ၏။

သူတို့ လေးဦးသည် လင်းချန်နှင့် ယီစင်းတို့ရှေ့ရှိ စားပွဲ၌ အခန့်သင့် ထိုင်ချလိုက်ကြပြီးနောက် စိတ်ဝိညာဉ်လက်ဖက်ရည်ကို ကိုယ်စီငှဲ့၍ အေးအေးလူလူ သောက်နေကြသည်။

"ရလဒ်က ဘယ်လိုထွက်လာလို့လဲ။" သူတို့ လေးဦး ရောက်ရှိလာပုံကို ကြည့်ရုံဖြင့် တစ်စုံတစ်ရာသော အဖြေ ရရှိထားပြီဖြစ်ကြောင်း လင်းချန် ရိပ်မိလိုက်၏။

လီယွမ်ဖုန်းက လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ကစားရင်း ပြောလိုက်သည်။ "ကိစ္စကတော့ ပြေလည်သွားပြီ။ အဲ့ဒါကလည်း အရမ်းကို ချောချောမွေ့မွေ့ကြီး ဖြစ်သွားတာ။"

သူသည် ရေအောက်အသက်ရှူကိရိယာကို ချွတ်လိုက်ပြီးနောက် လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့ချလိုက်ကာ ဆက်ပြောလိုက်၏။ "ချောမွေ့လွန်းလို့ကို သဘာဝမကျသလို ခံစားရတယ်။"

လင်းချန်ကလည်း လက်ဖက်ရည်ခွက်ကို ကိုင်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သဘာဝမကျသလို ချောမွေ့တာလား။"

ကျန်းဇီတဲက ခေါင်းညိတ်လိုက်၏။ "အင်း။ အရိုးဓားမျိုးနွယ်နဲ့ ရှစ်ဆန်းကြယ်ခန်းမဆီ ရှင်းလင်းချက်တောင်းဖို့ ငါတို့သွားတုန်းက အငြင်းအခုန်တွေ၊ တိုက်ပွဲတွေ ဖြစ်မယ်လို့ ထင်ထားတာ။ ဘယ်သူထင်မှာလဲ။ ငါတို့ ရောက်သွားတာနဲ့ သူတို့က ချက်ချင်းပဲ အမှားဝန်ခံပြီး တောင်းပန်ကြတာပဲ။"

လင်းချန် အနည်းငယ် အံ့အားသင့်သွားသည်။ "ချက်ချင်း အမှားဝန်ခံပြီး တောင်းပန်တယ် ဟုတ်လား။"

အရိုးဓားမျိုးနွယ်ကဲ့သို့ ပစ္စည်းများကို အတင်းအဓမ္မ လုယူရဲသည့် မျိုးနွယ်စုမှာ ဤမျှလွယ်လွယ်နှင့် အလျှော့ပေးတတ်သော မျိုးနွယ် မဟုတ်သည်မှာ သေချာလှ၏။

ကျန်းဇီတဲ၏ အမူအရာမှာလည်း ထူးဆန်းနေကာ ဆက်ပြောလိုက်သည်။ "အစတုန်းကတော့ ရှစ်ဆန်းကြယ်ခန်းမက ငါတို့နဲ့ တိုက်ဖို့ ပြင်နေတာ။ ဒါပေမဲ့ သူတို့ကို အရိုးဓားမျိုးနွယ်က တားလိုက်တယ်။ အဲ့ဒီနောက် အရိုးဓားမျိုးနွယ်က ချက်ချင်း တောင်းပန်တဲ့အပြင် လျော်ကြေးအဖြစ် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာတောင် ပေးခဲ့သေးတယ်။"

လင်းချန်၏ မျက်ခုံးများ ပင့်တက်သွား၏။ တစ်ဖက်လူမှာ လူသေဆုံးမှု မရှိဘဲ ဒဏ်ရာရရုံမျှဖြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ လျော်ကြေးပေးခြင်းမှာ မနည်းလှသည့် ပမာဏ ဖြစ်သည်။ သူတို့၏ သဘောထားမှာ အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှ၏။

ကျန်းဇီတဲက ဆက်ပြောလိုက်သည်။ "ဒါတင် မကသေးဘူး။ အရိုးဓားမျိုးနွယ်စု ခေါင်းဆောင်က လက်တစ်ဖက်ပြတ်နေတဲ့ လူပုကို ငါ့အဖိုးလက်ထဲ အပ်လိုက်ပြီး ငါတို့ ဒေါသပြေအောင် သတ်ခိုင်းလိုက်သေးတယ်။ လျော်ကြေးလည်း ပေးတယ်၊ တရားခံကိုလည်း အပ်ပြီး သတ်ခိုင်းတယ်ဆိုတော့ ငါတို့လည်း ဘာမှ ထပ်ပြောစရာ မရှိတော့ဘဲ ပြန်လာခဲ့ရတာပဲ။"

ကျန်းဇီတဲ၏ စကားအဆုံး၌ လင်းချန်နှင့် ယီစင်းတို့သည် တစ်ဦးကိုတစ်ဦး အံ့ဩစွာ ကြည့်လိုက်ကြ၏။

လင်းချန် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိရင်း ရေရွတ်လိုက်သည်။ "အရိုးဓားမျိုးနွယ်က ဘာကစားကွက် ကစားနေတာလဲ။"

ဤကိစ္စ၌ တစ်စုံတစ်ခု လွဲချော်နေသကဲ့သို့ သူ ခံစားနေရ၏။

ယီစင်း၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ရုတ်တရက် မေးလိုက်သည်။ "အစ်ကိုကျန်း။ လုသွားတဲ့ ပစ္စည်းတွေကိုကော ပြန်ရခဲ့လား။"

ယီစင်း၏ မေးခွန်းကြောင့် ကျန်းဇီတဲမှာ ကြောင်အသွားပြီးမှ ခေါင်းခါလိုက်၏။ "မဟုတ်ဘူး။ သူတို့က လျော်ကြေးလည်း ပေးတယ်၊ လူလည်း အပ်တယ်ဆိုတော့ သူတို့လုသွားတဲ့ ကျောက်တုံးအကျိုးအပဲ့ကို ပြန်တောင်းဖို့က ငါတို့ဘက်က လွန်ရာကျသလို ဖြစ်နေမှာစိုးလို့ မတောင်းခဲ့တော့ဘူး။"

ယီစင်းက ဆက်ပြောလိုက်သည်။ "အဲ့ဒါပဲပေါ့။ အရိုးဓားမျိုးနွယ်က အမှားဝန်ခံတာ၊ လျော်ကြေးပေးတာ၊ လူအပ်တာတွေ အကုန်လုံးက ငါတို့ အဲ့ဒီကျောက်တုံးအကျိုးအပဲ့ကို ပြန်မတောင်းအောင်နဲ့ သူတို့နောက်ကို ထပ်မလိုက်အောင် လုပ်တာဆိုရင်ရော။"

ထိုစကားအဆုံး၌ လူတိုင်း၏ မျက်နှာထက်၌ တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာကြ၏။

လီယွမ်ဖုန်းက စားပွဲကို ပုတ်လိုက်သည်။ "မှန်တယ်။ မရီး ပြောတာ မှန်တယ်။ ဒါဆိုရင် အရိုးဓားမျိုးနွယ်ရဲ့ ဒီလောက်အထိ ရိုကျိုးနေတဲ့ အပြုအမူက အဓိပ္ပာယ်ရှိသွားပြီ။"

လင်းချန်၏ မျက်လုံးများထဲ၌ အလင်းတစ်ခု ပေါ်လာ၏။ "အကယ်၍ ငါတို့သာ အဲ့ဒီပစ္စည်းကို အတင်းပြန်တောင်းခဲ့ရင် တစ်ဖက်လူက ချက်ချင်း ရန်မူလာနိုင်တယ်။"

ကျန်းချီက အလျင်အမြန်ပင် မေးလိုက်သည်။ "ဒါဆိုရင် ငါတို့ အားလုံးကို ပြန်ပြောပြီး အရိုးဓားမျိုးနွယ်ဆီက အဲ့ဒီပစ္စည်းကို သွားပြန်တောင်းကြမလား။"

ကျန်းဝမ်ရွှမ်းက ကျန်းချီ၏ လက်မောင်းကို ပုတ်ကာ ခေါင်းခါလိုက်၏။ "မဖြစ်တော့ဘူး။ အခြေအနေတွေက ဒီလောက်အထိ ဖြစ်သွားပြီပဲ။ ငါတို့က သူတို့ရဲ့ တောင်းပန်မှုကို လက်ခံခဲ့ပြီးမှ အခုမှ ပစ္စည်းပြန်တောင်းမယ်ဆိုရင် တခြားလူတွေရဲ့ ကဲ့ရဲ့တာကို ခံရလိမ့်မယ်။"

လင်းချန် ခဏမျှ တိတ်ဆိတ်သွားသည်။ "ဒီကိစ္စကို ခဏထားလိုက်ဦးစို့။ တောင်ပိုင်းအစည်းအဝေး စတင်ဖို့က နောက်ထပ် တစ်လလောက် လိုသေးတယ်။ အဲ့ဒီအချိန်အထိ ကိုယ့်အခြေအနေကို အကောင်းဆုံးဖြစ်အောင်ပဲ ပြင်ဆင်ထားကြတာပေါ့။"

မူလက အစည်းအဝေးမှာ မကြာခင် စတင်ရန် ဖြစ်သော်လည်း ကမ္ဘာငယ်လေး၏ တံခါးဝ၌ ထူးဆန်းသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေသဖြင့် တည်ငြိမ်ရန် နောက်ထပ် တစ်လခန့် စောင့်ဆိုင်းရဦးမည် ဖြစ်၏။

ကျန်းဇီတဲ မျက်မှောင်ကြုတ်လိုက်သည်။ "ဒီတစ်ခေါက် အစည်းအဝေးကတော့ ထင်သလောက် လွယ်မှာမဟုတ်ဘူး။ အရိုးဓားမျိုးနွယ်က ငါတို့နဲ့ အင်အားချင်း တန်းတူပဲ။ ဒါပေမဲ့ သူတို့ ဒီတစ်ခေါက် စေလွှတ်လိုက်တဲ့ ပါရမီရှင်က သေခြင်းရှင်ခြင်းနယ်ပယ်ထဲက နှလုံးသားနယ်ပယ်အထိ ရောက်နေပြီလို့ ကြားတယ်။ ရှစ်ဆန်းကြယ်ခန်းမက ပါရမီရှင်ကိုတော့ ငါမတွေ့ရသေးလို့ ဘယ်အဆင့်လဲဆိုတာ မသေချာဘူး။ အစတုန်းကတော့ ငါတို့က ညီလေးလင်းရဲ့ အကူအညီနဲ့ အရိုးဓားမျိုးနွယ်ကို ကျော်တက်နိုင်မယ် ထင်ထားတာ။ ဒါပေမဲ့ သူတို့ရဲ့ အင်အားကလည်း လုံးဝ လျှော့တွက်လို့ မရဘူးပဲ။"

ဤနေရာ၌ ကျန်းဇီတဲ၏ မျက်နှာထက်၌ အားမလိုအားမရ ဖြစ်မှုအချို့ ပေါ်လာ၏။ သူသည် အရိုးဓားမျိုးနွယ်၏ ပါရမီရှင်မှာ အနည်းဆုံး တစ်ဆင့်လောက် နိမ့်ကျလိမ့်မည်ဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။

လင်းချန်က ရွှေရောင်ကြိုးလေးဖြင့် သီထားသည့် ရွှေရောင်တံဆိပ်ပြား လေးခုကို ထုတ်ယူကာ သူတို့ လေးဦးအား ဝေပေးလိုက်၏။ "မင်းတို့ရဲ့ နယ်ပယ်တွေကို ခိုင်မာအောင် လုပ်ထားပြီး စိတ်ဓာတ်ကို ပြင်ဆင်ထားကြပါ။ ကမ္ဘာငယ်လေးထဲကို ရောက်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အထဲရောက်လို့ နေရာလွဲသွားရင်တောင် ဒီတံဆိပ်ပြားတွေ ရှိနေရင် ငါ မင်းတို့ကို အတိအကျ လိုက်ရှာနိုင်လိမ့်မယ်။"

ယီစင်းက သူမလက်ထဲရှိ ရွှေရောင်တံဆိပ်ပြားလေးကို ကြည့်ကာ မေးလိုက်သည်။ "ဒါဆို ကျန်းကျန်း နဲ့ ကျန်းဇီချီ တို့ကိုကော ချန်လေး မပေးဘူးလား။"

ယီစင်း၏ မေးခွန်းကို ကြားသည့်အခါ လင်းချန်က ရယ်မောလိုက်၏။ "ဟားဟား။ သူတို့က ကို့ရဲ့ အတူတူ လှုပ်ရှားဖို့ ဖိတ်ခေါ်မှုကို ငြင်းခဲ့တယ်လေ။ တစ်ယောက်တည်း ရင်ဆိုင်ရတာကမှ စစ်မှန်တဲ့ သူရဲကောင်းရဲ့ အမှတ်အသားလို့ ပြောကြတယ်။ အင်အားစုတာကမှ ညီညွတ်မှုဖြစ်ပြီး ညီညွတ်တာကမှ ခွန်အားဖြစ်တာပါ။ သူတို့ ဘာလုပ်မလဲဆိုတာ ကို ဝင်မစွက်ဖက်သလို စိတ်လည်းမဝင်စားဘူး။ ကိုက မိန်းတို့ ဒီလူစုကိုပဲ ဂရုစိုက်ဖို့ လိုတာ။"

လင်းချန်၏ မျက်လုံးများထဲ၌ ပြင်းပြသည့် စိတ်ဝင်စားမှုများ ပေါ်ထွက်လာသည်။ "ဖြစ်နိုင်ရင်တော့။ အဲ့ဒီ ကမ္ဘာငယ်လေးတစ်ခုလုံးကို ကို့အတွက်ပဲ သိမ်းပိုက်ပစ်ချင်တယ်။"

ယီစင်းသည် လင်းချန်၏ မျက်လုံးများထဲ၌ နယ်မြေချဲ့ထွင်လိုသော ဧရာမ စိတ်ဆန္ဒကြီးကို မြင်တွေ့လိုက်ရ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၇ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters