← Chapters

အခန်း ၂၈၈

Vol. 29 Ch. 288

အခန်း ၂၈၈

Vol. 29 Ch. 288

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၈

ဘာသာပြန် - Ko Yoohtoo

True Immortal Team

တောင်ပိုင်းတွေ့ဆုံပွဲသည် ဤဒေသ၌ အလွန်ကြီးကျယ်ခမ်းနားသည့် ပွဲတော်တစ်ခုဟု ဆိုရပေလိမ့်မည်။

တောင်ပိုင်းပင်လယ်ပြင်၏ ပင်လယ်မျိုးနွယ်စုနှင့် တောင်ပိုင်းဒေသ ကမ်းရိုးတန်းတစ်လျှောက်ရှိ လူသားမျိုးနွယ်စု အင်အားစုများမှ ကိုယ်စားလှယ်ပေါင်း တစ်ရာစီကို ဤခမ်းနားသည့် ပွဲတော်ကြီးသို့ စေလွှတ်လိုက်ကြ၏။

ပတ်ဝန်းကျင်ရှိ ရှေးဟောင်းအမွေအနှစ်နယ်မြေများ၏ အတိုင်းအဆကို ကြည့်ရုံမျှဖြင့် ဤလူသားမျိုးနွယ်စု၏ ရှေးဟောင်းဂိုဏ်းမှာ နိမ့်ပါးသည့် အဆင့်အတန်းမဟုတ်ကြောင်း ထင်ရှားလှ၏။

အတိတ်ကာလက ဆိုလျှင် ဤဒေသတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့ပေလိမ့်မည်။

ထို့ကြောင့်လည်း အင်အားစုအသီးသီးတို့သည် ဤကမ္ဘာငယ်လေး၏ အပျက်အစီးများကြားမှ ရရှိလာနိုင်မည့် အရာများအပေါ် မျှော်လင့်ချက် ကြီးမားနေကြ၏။

အဖွဲ့များကို ဦးဆောင်လာကြသည့် အကြီးအကဲများ၏ လူငယ်ပါရမီရှင်များအပေါ် တောင်းဆိုချက်မှာ အလွန်ပင် ရိုးရှင်းလှသည်။

ထိုသည်မှာ အသက်ရှင်သန်ရန်နှင့် သူတို့ဂိုဏ်းများအတွက် လုံလောက်သည့် ရတနာများကို သယ်ဆောင်လာရန် ဖြစ်၏။

ထိုသို့ သယ်ဆောင်လာရာ၌လည်း ရရှိသမျှ၏ အနည်းဆုံး ထက်ဝက်ကို သူတို့ကိုယ်တိုင် ပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်သည်။

လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်စုအတွက်မူ အမွေအနှစ်နယ်မြေအတွင်းမှ ရရှိသည့် ပစ္စည်းများကို ပြန်လည်အပ်နှံရန် လိုအပ်သော်လည်း လင်းချန်နှင့် ယီစင်းတို့အတွက်မူ ခြွင်းချက်ရှိနေ၏။

လင်းချန်သည် ကျန်းဇီတဲအား ကြီးမားသည့် အကူအညီပေးသည့်အတွက် ကျေးဇူးဆပ်သောအားဖြင့် သူတို့နှစ်ဦး ရရှိလာသမျှ အရာအားလုံးကို ကိုယ်တိုင်ပိုင်ဆိုင်ခွင့် ပေးမည်ဖြစ်ကြောင်း ကျန်းထျန်ရှင်းက ထုတ်ဖော်ပြောကြားထားသည်။

ကျန်းထျန်ရှင်းက ထိုသို့ပြောဆိုသည့်အခါ ကျိုးယီအန်သည်လည်း ကန့်ကွက်ခြင်းမရှိသည့်အပြင် အပြည့်အဝ ထောက်ခံ၏။

ထို့ကြောင့် လင်းချန်သည် တောင်ပိုင်းတွေ့ဆုံပွဲမှတစ်ဆင့် ကမ္ဘာငယ်လေးသို့ ဝင်ရောက်ခွင့်ရရုံသာမက ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်း အပြည့်အဝ ခံစားခွင့်ရရှိတော့မည် ဖြစ်သည်။

ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့က ထိုမျှ ရက်ရောစွာ ခွင့်ပြုပေးထားသည်ဖြစ်ရာ လင်းချန်အနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိပေ။ သူသည် ဝမ်းမြောက်ဝမ်းသာပင် လက်ခံလိုက်သည်။

တစ်လတာ အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားရာ အစောပိုင်းက ဒဏ်ရာရရှိထားသည့် လက်ရှစ်ဖက် ပင်လယ်မျိုးနွယ်စုနှင့် နှောင်ကြိုးမဲ့ဂိုဏ်းမှ လူများမှာလည်း အကုန်နီးပါး ပြန်လည်ကောင်းမွန်လာကြပြီ ဖြစ်၏။

ယနေ့၌ တောင်ပိုင်းတွေ့ဆုံပွဲကို အရှိန်အဟုန်ဖြင့် စတင်တော့မည်ဖြစ်ရာ လူတိုင်းသည် ကမ္ဘာငယ်လေးသို့ ကူးပြောင်းပေးမည့် မူလတံခါးအနီးသို့ စောစီးစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။

ထိုမူလတံခါးသည် အလွန်တရာ ကြီးမားလှ၏။ ပေပေါင်းများစွာ မြင့်မားသည့် မုခ်ဦးပုံစံ တည်ဆောက်ထားပြီး နက်နဲဆန်းကြယ်သော ရူးန်စာလုံးများ ထွင်းထုထားကာ အစီအရင်ပုံစံများကလည်း တံခါးတစ်ခုလုံးကို ရစ်ပတ်ထားသည်။

တံခါး၏ အလယ်ဗဟို၌ ဖြူဖျော့ဖျော့ အလင်းတန်းများက တိတ်ဆိတ်စွာ လည်ပတ်နေကြ၏။

ထိုအလင်းတန်းကို ဖြတ်သန်းသွားသည်နှင့် လျှို့ဝှက်ဆန်းကြယ်သည့် ကမ္ဘာငယ်လေးသို့ ရောက်ရှိသွားမည် ဖြစ်သည်။

အင်အားကြီးမားလှသည့် ပညာရှင်များပင်လျှင် ထိုကမ္ဘာငယ်လေးအတွင်းသို့ ထိုးဖောက်မြင်နိုင်စွမ်း မရှိကြပေ။

ထိုမသိနားမလည်သေးသည့် ကမ္ဘာငယ်လေးသည် အန္တရာယ်ကြီးမားသော သေခြင်းနယ်မြေ ဖြစ်မည်လော သို့မဟုတ် ရတနာများ ပြည့်နှက်နေသည့် နေရာဖြစ်မည်လော ဆိုသည်မှာ အလွန်ပင် ခန့်မှန်းရ ခက်ခဲလှ၏။

သို့သော်လည်း ပါရမီရှင် လူငယ်များ၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့မှုဟူ၍ အစအနမျှ မရှိဘဲ စိတ်လှုပ်ရှားမှုနှင့် စိန်ခေါ်လိုစိတ်များသာ တောက်ပနေကြသည်။

သို့သော် ထိုသူများထဲ၌ နယ်မြေသိမ်းပိုက်လိုစိတ် အပြင်းထန်ဆုံးသူမှာ လင်းချန်ပင် ဖြစ်၏။

'ဒီကမ္ဘာငယ်လေးက အခုဆိုရင် ပိုင်ရှင်မဲ့နယ်မြေ ဖြစ်နေပြီပဲ... ငါသာ ဒါကို ဟွာရှာအင်ပါယာရဲ့ နယ်မြေအဖြစ် သိမ်းပိုက်နိုင်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ'

နယ်မြေများလေလေ၊ သယံဇာတများလေလေ ဖြစ်ရာ ဟွာရှာအင်ပါယာသည် ပိုမိုအင်အားကြီးမားလာမည် မဟုတ်လော။

ကျင့်ကြံခြင်းကို စွဲလန်းသူဖြစ်သည့် လင်းချန်အတွက်မူ ဟွာရှာအင်ပါယာ၏ အင်အား အနည်းငယ် တိုးတက်လာခြင်းသည်ပင် အလွန်တရာ ဝမ်းမြောက်ဖွယ်ရာ ကိစ္စဖြစ်သည်။

လင်းချန်သည် ဖြူဖျော့သည့် မူလတံခါးကို စိုက်ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်၏။ "ပိုင်ရှင်မဲ့ ကမ္ဘာငယ်လေး... ဒါကို ငါ အပိုင်သိမ်းရမယ်... အပိုင်သိမ်းရမယ်..."

သူ၏ မျက်ဝန်းများထဲ၌ ပြင်းပြသည့် ဆန္ဒများ အရောင်ဟပ်နေသည်။

ထို့နောက် အဖက်ဖက်မှ ပါရမီရှင်များသည် မူလတံခါးဆီသို့ တဖြည်းဖြည်း တိုးကပ်သွားကြပြီး စစ်သည်တို့သည်လည်း အုပ်စုနှစ်စုခွဲကာ နောက်သို့ ဆုတ်ပေးလိုက်ကြ၏။

တစ်ချိန်တည်းမှာပင် ဦးဆောင်လာကြသည့် အင်အားကြီး ပညာရှင်တို့သည် ကောင်းကင်ထက်သို့ ပျံတက်ကာ လူငယ်များကို အပေါ်စီးမှ စောင့်ကြည့်နေကြသည်။

ထိုအခိုက်၌ မူလတံခါးရှေ့၌ စောင့်ကြပ်နေသည့် အစီအရင်ပညာရှင် အဘိုးအိုက ကျယ်လောင်စွာ အမိန့်ပေးရင်း တံခါးဆီသို့ လက်ညွှန်လိုက်၏။ "စတင်စေ..."

အခြား အစီအရင် ပညာရှင်များလည်း ထိုနည်းတူစွာပင် လက်ထိပ်မှ သွေးတစ်စက်ကို ညှစ်ထုတ်ကာ တံခါးအထက်ရှိ တည်ဆောက်ပုံဆီသို့ ပစ်လွှတ်လိုက်ကြသည်။

ဝုန်းးး

ချက်ချင်းဆိုသလိုပင် မူလတံခါး၏ အဖြူရောင်ဝဲကတော့သည် ရူးသွပ်စွာ လည်ပတ်လာပြီး ပြင်းထန်သည့် တွန်းကန်အားကြောင့် ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများမှာ လွင့်စင်သွားရ၏။

ခဏချင်းအတွင်းမှာပင် မူလတံခါး ဝန်းကျင်၌ ပင်လယ်ရေ တစ်စက်မျှပင် မကျန်တော့ချေ။

ပင်လယ်မျိုးနွယ်စုဝင်များမှာမူ ရေမရှိသည့် ပတ်ဝန်းကျင်ကြောင့် အနည်းငယ် နေမရသလို ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။

အစီအရင်ပညာရှင် အဘိုးအိုက သတိပေးလိုက်သည်။ "မှတ်ထားကြ... ငါတို့ ဒီတံခါးကို တစ်နှစ်တိတိပဲ ဖွင့်ထားနိုင်မယ်... အဲဒီအချိန်အတွင်းမှာ မင်းတို့ ပြန်မထွက်လာနိုင်ရင်တော့ နောက်တစ်ကြိမ် တံခါးပြန်ပွင့်ဖို့ ဆယ်နှစ်တောင် ထပ်စောင့်ရလိမ့်မယ်"

"ဒဏ်ရာပြင်းထန်ရင် ချက်ချင်း ပြန်ထွက်လာခဲ့ကြ... ခေါင်းမမာကြနဲ့... တစ်နှစ်ပြည့်ခါနီးရင်လည်း တံခါးအနီးမှာ ကြိုပြီးစောင့်နေကြ... ဒီတံခါးက မင်းတို့ထင်သလောက် မတည်ငြိမ်ဘူး... ရက်နည်းနည်း နောက်ကျတာ ဒါမှမဟုတ် ရက်ဝက်လောက် စောပြီး ပိတ်သွားတာမျိုး ဖြစ်တတ်တယ်"

"တံခါးပွင့်ပြီး တစ်နာရီအတွင်းပဲ ဝင်ခွင့်ရှိမယ်... တစ်နာရီကျော်သွားရင်တော့ ပြန်ထွက်တဲ့သူတွေအတွက်ပဲ သုံးလို့ရတော့မယ်... တစ်ခါပြန်ထွက်လာပြီးရင် နောက်တစ်ကြိမ် ပြန်ဝင်လို့ မရတော့ဘူးနော်"

"ကဲ... ကလေးတို့... ဒီကမ္ဘာငယ်လေးထဲမှာ မင်းတို့အားလုံး ကံကောင်းကြပါစေ"

ပြောပြီးသည်နှင့် အစီအရင်ပညာရှင်သည် လက်နှစ်ဖက်ကို ဘေးသို့ တွန်းထုတ်လိုက်ရာ မူလတံခါးပေါ်ရှိ ရူးန်စာလုံးများမှာ စူးရှစွာ လင်းထိန်လာပြီး အဖြူရောင် ဝဲကတော့ကြီးမှာ ရုတ်တရက် ရပ်တန့်သွားကာ ဆွဲငင်အားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

အဘိုးအိုက အော်လိုက်သည်။ "သွားကြတော့..."

အဘိုးအို၏ အသံဆုံးသည်နှင့် ပင်လယ်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုမှ ပါရမီရှင်များသည် အဖြူရောင်အလင်းတန်းဆီသို့ တိုးဝင်သွားကြပြီး လူအများ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားကြသည်။

လင်းချန်သည်လည်း ယီစင်း၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ အဖြူရောင်အလင်းတန်းထဲသို့ ခုန်ဝင်လိုက်၏။

လင်းချန်၏ ခန္ဓာကိုယ်ကို အလင်းတန်းများ လွှမ်းခြုံသွားသည့်အခါ သူ၏ မြင်ကွင်းတစ်ခုလုံး ဖြူဖွေးသွားသည်။

ကျိုးယီအန်၏ စိုးရိမ်ပူပန်နေသည့် မျက်ဝန်းများအောက်၌ လင်းချန်နှင့် ယီစင်းတို့၏ ပုံရိပ်များသည် အဖြူရောင်အလင်းထဲ၌ လုံးဝ ကွယ်ပျောက်သွားလေပြီ။

ဘေးဘက်မှ ထွက်ပေါ်လာသည့် အသံကြောင့် ကျိုးယီအန်နှင့် ကျန်းထျန်ရှင်းတို့ လှည့်ကြည့်လိုက်ကြသည်။

စကားပြောလိုက်သူမှာ နှုတ်ခမ်းမွေးနှင့် ဓားကဲ့သို့ စူးရှသော မျက်ဝန်းရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်၏။ သူသည် ရေမရှိသည့် ဟင်းလင်းပြင်ထဲ၌ လက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေ၏။ သူသည် ငွေရောင်အနားသတ်များပါသော ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ခါး၌ ကျောက်စိမ်းဆွဲပြားတစ်ခု ချိတ်ဆွဲထားကာ သူ၏ တည်ရှိမှုမှာပင် ဖိအားတစ်ခုကို ပေးစွမ်းနေသည်။

ထိုလူလတ်ပိုင်း အမျိုးသားက လှောင်ပြောင်လိုက်သည်။ "ခင်ဗျားတို့ကတော့ တကယ်ကို ရယ်စရာကောင်းတာပဲ... တောင်ပိုင်းတွေ့ဆုံပွဲကို ကောင်းကင်နယ်ပယ်က နှစ်ယောက်တောင် လွှတ်လိုက်တယ်ပေါ့... အခွင့်အရေး နှစ်နေရာကို ဒီတိုင်း ဖြုန်းတီးပစ်လိုက်တာပဲ"

ကျိုးယီအန်က လှောင်ပြောင်သည့် အမူအရာဖြင့် တုံ့ပြန်လိုက်သည်။ "ဖြုန်းတီးတာ ဟုတ်မဟုတ်တော့ မသိဘူး... ရန်ကွေ့ရှန်း... အဲဒီ ကောင်းကင်နယ်ပယ်က လူငယ်လေးရဲ့ ပုံစံက တစ်စုံတစ်ယောက်နဲ့ တူနေတယ်လို့ မင်းမခံစားမိဘူးလား။ မင်းက လူကဲခတ်တော်တယ်လို့ အမြဲ ဂုဏ်ယူနေတာပဲ... အခုကော တကယ်ပဲ မမြင်ဘူးလား"

ရန်ကွေ့ရှန်း၏ မျက်ဝန်းများမှာ ရုတ်တရက် သွေးရောင်ပြောင်းသွားပြီး ကျိုးယီအန်၏ ကော်လာကို ဆွဲကာ စိတ်ဝိညာဉ်အသိဖြင့် မေးလိုက်သည်။ "အဲဒီလူငယ်က... ငါတို့ရဲ့ ကျေးဇူးရှင်နဲ့ ဘယ်လို ပတ်သက်နေတာလဲ"

ကျိုးယီအန်သည် ရန်ကွေ့ရှန်း၏ ဝတ်ရုံစကို ဆွဲကိုင်ထားသည့် သူ၏လက်အား ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီးနောက် တည်ငြိမ်အေးစက်သော လေသံဖြင့် ပြောလိုက်၏။ "ဒီသူငယ်ဟာ သခင်ကြီးရဲ့ မြေးတော်စစ်စစ်ပဲ... ဒါပေမဲ့ သခင်ကြီးရဲ့ ကိစ္စတွေကို သခင်လေးရှေ့မှာ ဘာတစ်ခုမှ ထုတ်မပြောမိစေနဲ့ဦး။ သခင်ကြီးကိုယ်တိုင်ကလည်း အခုအချိန်မှာ သူ့ရဲ့ အမှတ်အသားကို သခင်လေး မသိစေချင်သေးလို့ပဲ"

ကျိုးယီအန်၏ ရှင်းပြချက်ကြောင့် ရန်ကွေ့ရှန်း၏ မျက်ဝန်းအိမ်မှ သွေးရောင်အလင်းတန်းတို့သည် တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက်သွား၏။

သူသည် နယ်မြေဖြတ်ကျော်တံခါးကို ဖြတ်သန်းရန် အသင့်ဖြစ်နေသည့် အဖြူရောင်နှင့် အနီရောင်ဝတ်ရုံဝတ် လူသားမျိုးနွယ်စု တပည့်နှစ်ဦးထံသို့ စိတ်ဝိညာဉ်အသိဖြင့် အမိန့်ပေးလိုက်သည်။

'အဖြူရောင်ဝတ်ရုံနဲ့ လူငယ်ဟာ ကောင်းကင်နယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်မှာရှိပြီး နာမည်က လင်းချန် ဖြစ်တယ်။ အကယ်လို့ သူသာ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ရင် မင်းတို့နှစ်ယောက်လည်း ငါ့ဆီ ပြန်လာဖို့ မစဉ်းစားနဲ့တော့'

ရန်ကွေ့ရှန်း၏ ပြတ်သားလှသော စကားကို ကြားလိုက်ရသည့်အခါ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းမှ တပည့်နှစ်ဦးမှာ အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြမိသည်။

သို့သော်လည်း သူတို့၏ အကြီးအကဲဖြစ်သူက အမိန့်ပေးလိုက်ပြီဖြစ်ရာ မလိုက်နာပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် အကျိုးဆက်များ ကြုံတွေ့ရမည်ကို သိရှိထားကြသဖြင့် ရိုသေသမှုပြုကာ မူလတံခါးအတွင်းသို့ အပြေးအလွှား တိုးဝင်သွားကြသည်။

ညွှန်ကြားချက်များ ပေးပြီးနောက် ရန်ကွေ့ရှန်းသည် ကျိုးယီအန်ဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ "သူ့ရဲ့ အမှတ်အသားကို သိနေလျက်နဲ့ ဘာလို့ ဒီအမွေအနှစ်နယ်မြေထဲကို ဝင်ခွင့်ပြုလိုက်ရတာလဲ။ ဒီနယ်မြေက အန္တရာယ် ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အကယ်၍ သခင်လေးသာ တစ်ခုခုဖြစ်သွားရင် မင်း တာဝန်ယူနိုင်ပါ့မလား"

ကျိုးယီအန်သည် ရန်ကွေ့ရှန်း၏ စွပ်စွဲချက်ကို တုန်လှုပ်ခြင်းမရှိဘဲ တုံ့ပြန်လိုက်၏။ "အရာရာကို အတင်းအကျပ် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ သဘာဝအတိုင်း ဖြစ်ပျက်စေပြီး အခက်အခဲတွေ၊ အကြိမ်ကြိမ် လေ့ကျင့်မှုတွေကြားမှာ သူ့ကို ကြီးပြင်းလာစေဖို့က သခင်ကြီးရဲ့ ဆန္ဒပဲ... ဒါ့အပြင် သခင်လေးကို တကယ်ပဲ အားနည်းတယ်လို့ မင်းထင်နေတာလား။ ငါ့အမြင်မှာတော့ မင်းရဲ့ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းက တပည့်နှစ်ယောက် ပေါင်းတိုက်ရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်း ခုနက တပည့်တွေကို သခင်လေးကို ကာကွယ်ဖို့ အမိန့်ပေးလိုက်တယ်မလား... အင်း ... တကယ်တမ်းကျရင် ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးရမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

စိတ်ဝိညာဉ်အသိဖြင့် အပြန်အလှန် စကားဆိုပြီးနောက် ကျိုးယီအန်သည် အံ့အားသင့်နေသည့် ရန်ကွေ့ရှန်းအား လျစ်လျူရှုကာ မျက်လုံးများကို မှိတ်လျက် ဟင်းလင်းပြင်၌ တင်ပလ္လင်ခွေ ထိုင်နေလိုက်သည်။

ရှေ့လာမည့် တစ်နှစ်တာ အချိန်ကာလသည် အမွေအနှစ်နယ်မြေအတွင်းသို့ ရောက်ရှိသွားသည့် ပါရမီရှင်တို့၏ အလွန်အရေးပါသော အချိန်ပင် ဖြစ်သည်။

မူလတံခါးအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လင်းချန်၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဖြူဖွေးသည့် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားကာ ဝေဝါးသွား၏။

သူသည် တစ်ကမ္ဘာလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏လက်ထဲ၌ ဆုပ်ကိုင်ထားသည့် ယီစင်း၏ လက်ကလေးမှာလည်း မရှိတော့ပေ။

လင်းချန်၏ အမြင်အာရုံများ ပြန်လည်ကြည်လင်လာသည့်အခါ သူသည် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဟင်းလင်းပြင်ကဲ့သို့ တိတ်ဆိတ်မှောင်မိုက်နေပြီး သူ၏ခြေဖဝါးအောက်၌မူ မှိန်ဖျော့သည့်အလင်းများ လင်းလက်နေသော စင်္ကြံလမ်းတစ်ခုသာ ရှေ့သို့ တိုးထွက်နေ၏။

ထိုစင်္ကြံလမ်းကို ပြုလုပ်ထားသော ပစ္စည်းမှာ စိတ်ဝိညာဉ်စွမ်းအားကို တွန်းကန်နိုင်သည့် စိတ်ဝိညာဉ်တွန်းကန် ငွေသတ္တု အမည်ရသော မီးခိုးရောင် သတ္တုတစ်မျိုး ဖြစ်၏။

ထိုသတ္တုသည် အလွန်ခိုင်ခံ့ပြီး စိတ်ဝိညာဉ်စွမ်းအားဖြင့် တိုက်ခိုက်မှုများကို ထက်ဝက်ခန့် လျှော့ချပစ်နိုင်စွမ်း ရှိ၏။

သို့သော် ထိုစွမ်းရည်ကြောင့်ပင် စိတ်ဝိညာဉ်ပစ္စည်း သို့မဟုတ် မူလလက်နက်များ ပြုလုပ်ရာ၌ အသုံးပြု၍ မရပေ။

လင်းချန်သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ၏အထက်နှင့် ဘေးပတ်ပတ်လည်၌ အတားအဆီး အစီအရင်များ ရှိနေသဖြင့် ရှေ့သို့တိုးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း သိလိုက်ရ၏။

လင်းချန်က တွေးလိုက်သည်။ 'ဒီကမ္ဘာငယ်လေးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ...'

ဤသို့သော နေရာမျိုးသို့ အဘယ်ကြောင့် ရောက်လာရသည်ကို သူနားမလည်သော်လည်း လင်းချန်သည် အခြေအနေကို သုံးသပ်ပြီးနောက် ရှေ့သို့ စတင်လျှောက်လှမ်းလိုက်သည်။

လင်းချန် စတင်ရွေ့လျားလိုက်သည်နှင့် သူ၏ခြေထောက်အောက်ရှိ ပေနှစ်ဆယ်ခန့် ကျယ်ဝန်းသည့် စင်္ကြံလမ်းမပေါ်၌ အစီအရင်၏ အလင်းတန်းများ ပေါ်ထွက်လာပြီး သူ၏ရှေ့၌ စာသားအချို့ ပေါ်လာသည်။

"တိုက်ပွဲလမ်းစဉ်"

လမ်းစဉ်၏ အမည်ကို သိလိုက်ရသည့်အခါ လင်းချန်၏ မျက်နှာ၌ အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

ထိုစာသားများ၏ အဓိပ္ပာယ်အရ ဤအမွေအနှစ်နယ်မြေ၏ တကယ့် ကမ္ဘာငယ်လေး အတွင်းသို့ ဝင်ရောက်နိုင်ရန် ဤတိုက်ပွဲလမ်းစဉ်ကို မဖြစ်မနေ ဖြတ်သန်းရမည် ဖြစ်သည်။

ဤလမ်းပေါ်၌ လက်နက်သွန်းလုပ်ခြင်းနှင့် အစီအရင်ပညာရပ်များကို ပေါင်းစပ်ပြုလုပ်ထားသည့် ရုပ်သေးပြိုင်ဘက်များနှင့် တစ်ခုပြီးတစ်ခု ရင်ဆိုင်ရမည် ဖြစ်၏။

တိုက်ပွဲသုံးကြိမ် အနိုင်ရရှိသူများသာ ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်၏။

ထို့ပြင် အနိုင်ရရှိမှု များလေလေ... ရရှိမည့် အမှတ်များ များလေလေ ဖြစ်ပြီး ထိုအမှတ်များကို စမ်းသပ်မှု၏ စိတ်ဝိညာဉ်ထံ၌ ပစ္စည်းများဖြင့် စိတ်ကြိုက်လဲလှယ်နိုင်သလို သူတို့ဂိုဏ်းထံမှ တောင်းဆိုမှုများ ပြုလုပ်ရာ၌လည်း အသုံးပြုနိုင်၏။

အကယ်၍ သုံးကြိမ်ပင် အောင်မြင်အောင် မတိုက်ခိုက်နိုင်ပါက အပြင်သို့ တိုက်ရိုက် ပြန်လည်ပို့ဆောင်ခံရမည် ဖြစ်၏။

'ဒါက ရှေးဟောင်းဂိုဏ်းက သူတို့တပည့်တွေကို စမ်းသပ်ဖို့ လုပ်ထားတဲ့ နေရာပဲ...'

တစ်လောကလုံးရှိ အင်အားကြီး ပညာရှင်များ မည်သို့ပင် ကြိုးစားသော်လည်း အသက် ၃၀ အောက်နှင့် သေခြင်းရှင်ခြင်းနယ်မြေ အောက်ရှိသူများသာ ဝင်ရောက်နိုင်ခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်ပေလိမ့်မည်။

ကမ္ဘာငယ်လေးတစ်ခုလုံးကို တပည့်များအတွက် စမ်းသပ်ကွင်းအဖြစ် အသုံးပြုခြင်းမှာ အလွန်ပင် ကြီးကျယ်ခမ်းနားလှသည့် လုပ်ရပ်ဖြစ်သည်။

လင်းချန်သည် သူ၏ စိတ်ထဲ၌ တွေးတောရင်း ရှေ့သို့ လှမ်းတက်လိုက်သည်။ "ဒီတိုက်ပွဲလမ်းစဉ်က ရုပ်သေးတွေက ဘယ်လိုပုံစံမျိုးလဲ၊ ဘယ်လောက်တောင် အစွမ်းထက်မလဲဆိုတာ ကြည့်ရသေးတာပေါ့..."

သူလှမ်းလိုက်တိုင်း သူ၏ နောက်ကွယ်မှ အတားအဆီး အစီအရင်သည်လည်း ရှေ့သို့ လိုက်ပါလာရာ နောက်ဆုတ်ရန် လမ်းစ မရှိတော့ပေ။

မကြာမီမှာပင် အဝေးတစ်နေရာ၌ ရိပ်ခနဲ ပုံရိပ်တစ်ခုကို လင်းချန် မြင်တွေ့လိုက်ရသည်။ နီးကပ်သွားသည့်အခါမှသာ ထိုပုံရိပ်မှာ မီးခိုးရောင် သတ္တုကိုယ်ထည်နှင့် အေးစက်စက် အလင်းများ ထွက်ပေါ်နေသော ရုပ်သေးတစ်ရုပ် ဖြစ်ကြောင်း တွေ့လိုက်ရ၏။

ထိုရုပ်သေး၏ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်တွန်းကန် ငွေသတ္တုဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအား မဖောက်ထွင်းနိုင်သဖြင့် လက်နက်ပြုလုပ်၍ မရသော်လည်း ရုပ်သေး၏ ခန္ဓာကိုယ်အဖြစ် အသုံးပြုကာ အဆစ်အမြစ်များကို အစီအရင်ဖြင့် ထိန်းချုပ်ခြင်းမှာ အလွန်ပင် သင့်တော်လှ၏။

လင်းချန်သည် ရုပ်သေး၏ အဆစ်အမြစ်များကို စိုက်ကြည့်ရင်း အေးစက်စွာ တွေးတောနေလိုက်၏။ 'စိတ်ဝိညာဉ်တွန်းကန် ငွေသတ္တုနဲ့ လုပ်ထားတဲ့ ကိုယ်ထည်ပေါ့...'

'စိတ်ဝိညာဉ်စွမ်းအားနဲ့ တိုက်ခိုက်မှုတွေက ထက်ဝက် လျော့သွားမှာပဲ... တည့်တည့် တိုးတိုက်ရင်တော့ ငါပဲ ရှုံးလိမ့်မယ်။ အဲဒီ အဆစ်တွေကို တိုက်ခိုက်တာကမှ အနိုင်ရဖို့ နည်းလမ်းပဲ'

ထိုသို့ တွေးနေစဉ်မှာပင် ရုပ်သေးသည် လင်းချန်ထံသို့ စတင် ပြေးဝင်လာ၏။

ဝုန်းးး ဝုန်းးး

လင်းချန်နှင့် အရပ်အမောင်း မတိမ်းမယိမ်းရှိသည့် ထိုရုပ်သေးသည် သတ္တုလမ်းပေါ်၌ နားကွဲမတတ် အသံကြီးများ မြည်ဟည်းအောင် နင်းလျှောက်လာရာ ထိုရုပ်သေး၏ ခန္ဓာကိုယ် မည်မျှ လေးလံကြောင်း သိသာလှသည်။

တိုက်ရိုက် အထိမှန်ခံရပါက မည်သို့မှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

လင်းချန်သည် ပြေးဝင်လာသည့် ရုပ်သေးအား ကြည့်ရင်း သူ၏ မျက်ဝန်းများမှာ တည်ငြိမ်၍ ပြတ်သားနေသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၈ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters