← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၉

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ရုပ်သေးရုပ်၏ လေးလံသည့် ခြေလှမ်းသံတို့က မြေပြင်ကို တုန်ခါစေလျက် အနီးကပ်လာလေပြီ။

ထိုအချိန်၌ လင်းချန်၏ စိတ်ထဲတွင် အတွေးပေါင်း သောင်းခြောက်ထောင် ဖြတ်ပြေးသွား၏။

'စိတ်ဝိညာဉ်တွန်းကန် ငွေသတ္တုက စိတ်ဝိညာဉ်စွမ်းအားအပေါ် သက်ရောက်မှုရှိတော့ ထိပ်တိုက်ရင်ဆိုင်ဖို့ ခက်ခဲပြီး အကျိုးမရှိနိုင်ဘူး။ ဒါပေမဲ့ သူ့ကိုယ်ထည်က ကြီးမားလွန်းလို့ လှုပ်ရှားမှုတွေ အရမ်းနှေးကွေးနေတယ်။'

'သူ့အားက အရမ်းကြီးမှာ သေချာပေမဲ့ အရှိန်ယူပြီး အသာစီးယူမယ်ဆိုရင် အဆစ်တွေကို ချိုးဖျက်ပြီး အနိုင်ယူတာ အကောင်းဆုံးပဲ။'

လင်းချန် ထိုသို့ တွေးတောနေစဉ်မှာပင် မီးခိုးရောင်ကိုယ်ထည်နှင့် လေးလံသည့် ရုပ်သေးသည် လင်းချန်၏ အနီးသို့ ရောက်ရှိလာပြီး ကြီးမားသော သတ္တုလက်သီးဖြင့် လင်းချန်၏ မျက်နှာတည့်တည့်သို့ ထိုးနှက်လိုက်သည်။

လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် လေဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် လင်းချန်၏ ဆံနွယ်ရှည်များပင် နောက်သို့ လွင့်စင်သွားရ၏။

ဖြောင်းးး

ရွှေနီရောင် မိုးကြိုးလျှပ်စီးတို့သည် လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားလေပြီ။

သူသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏လက်သီးကို မြှောက်ကာ ရှေ့သို့ ပြန်လည် ထိုးနှက်လိုက်သည်။

ရွှေနီရောင် မိုးကြိုးများ စီးဆင်းနေသည့် သူ၏ သွေးသားလက်သီးသည် ပြေးဝင်လာသော သတ္တုလက်သီးနှင့် အားပါပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွား၏။

ရုပ်သေး၏ ကြီးမားသည့် ကိုယ်ထည်မှာ လက်သီးချင်း တိုက်ခိုက်မိသော အရှိန်ကြောင့် ရပ်တန့်သွားရပြီး လျှပ်စီးများကလည်း ရုပ်သေး၏ ကိုယ်ထည်ပေါ်သို့ ကူးစက်သွားသည်။

ဘုန်းးး

တိတ်ဆိတ်နေသည့် စင်္ကြံလမ်းအတွင်း၌ ပြင်းထန်သော တိုက်မိသံကြီးတစ်ခု ဟိန်းထွက်သွား၏။

လင်းချန်ကို တိုက်ခိုက်ရန် ပြေးဝင်လာသည့် ရုပ်သေးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ အပိုင်းအစများမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။

လင်းချန်သည် လက်သီးပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအားများကို ရုပ်သိမ်းလိုက်ပြီးနောက် မြေပြင်ပေါ်ရှိ အပိုင်းအစများကို ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွား၏။

သူဖျက်ဆီးလိုက်သည့် ရုပ်သေးအပိုင်းအစများကို ကျော်ဖြတ်ရင်း လင်းချန်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။ "တကယ်တော့ ထိပ်တိုက်တွေ့တာ အကောင်းဆုံးပဲ။"

တစ်ချိန်တည်းမှာပင် အခြားစင်္ကြံလမ်းတစ်ခု၌ ကြယ်တာရာများကဲ့သို့ တောက်ပနေသည့် ဓားစိတ်ဝိညာဉ်အရှိန်အဝါတို့သည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးငယ်တစ်ဦးကို ဝန်းရံထားသည်။

ထိုအရာတို့သည် ရှေ့သို့ ပျံသန်းသွားပြီး ရုပ်သေး၏ အဆစ်အမြစ်များကို တိကျစွာ ထိုးဖောက်ဖျက်ဆီးလိုက်ကြ၏။

ကွဲအက်သံများနှင့်အတူ စိတ်ဝိညာဉ်တွန်းကန် ငွေသတ္တုဖြင့် ပြုလုပ်ထားသည့် ရုပ်သေးကိုယ်ထည်မှာ ကြမ်းပြင်ပေါ်သို့ တစ်စစီ ပြန့်ကျဲသွားသည်။

ယီစင်းသည် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည် ထိန်းသိမ်းလိုက်ပြီးနောက် ရုပ်သေးအပိုင်းအစများကို ကျော်ဖြတ်ရင်း တွေးလိုက်၏။

'ဒီရုပ်သေးတွေက ချန်လေးအတွက် လွယ်ကူမှာ သေချာတယ်။'

ထို့အတူ လီယွမ်ဖုန်းသည်လည်း လင်းချန်၏ အကြံပြုချက်အတိုင်း ရုပ်သေး၏ ပတ်လည်၌ ပုံရိပ်ယောင်များကျန်ရစ်သည်အထိ လျင်မြန်စွာ လှုပ်ရှားလျက် ရုပ်သေးကို မျက်စိလည်အောင် ပြုလုပ်နေသည်။

ရွှေရောင် ဓားစိတ်ဝိညာဉ်အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီးနောက် ရုပ်သေး၏ အဆစ်များကို ချိုးဖျက်ကာ အောင်မြင်စွာ နှိမ်နင်းနိုင်သည်။

အခြားတစ်ဖက်၌လည်း ကျန်းဇီတဲသည် ပင်လယ်ရေကဲ့သို့ စွမ်းအားပြင်းသည့် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ရုပ်သေးကို ရစ်ပတ်ထားရာ ရုပ်သေးမှာ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေ၏။

စိတ်ဝိညာဉ်စွမ်းအားတို့၏ ဖိအားကြောင့် ရုပ်သေး၏ အဆစ်များမှာ ကြေမွသွားပြီး တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားသည်။

ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့မှာလည်း လင်းချန်၏ အကြံပေးမှုအတိုင်း လက်ရှစ်ဖက်စတိုင်ကို အသုံးပြုကာ ရုပ်သေးကို ကြံ့ခိုင်သည့် ကိုယ်လက်စွမ်းအားဖြင့် ရိုက်ချနှိမ်နင်းနိုင်ကြသည်။

လင်းချန်နှင့် သူ၏အပေါင်းအသင်းများမှာ စမ်းသပ်မှုကို အလွန်ပင် ချောမွေ့စွာ ဖြတ်သန်းနေကြသည်။

ဘုန်းးး

လင်းချန်၏ နောက်ထပ် လက်သီးချက်တစ်ခုက တတိယမြောက် ရုပ်သေးကို အပိုင်းအစများအဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြန်၏။

ထိုအချိန်၌ သူ၏ရှေ့တွင် ထူးခြားသည့် အပြောင်းအလဲတစ်ခု စတင်ဖြစ်ပေါ်လာသည်။ ကောင်းကင်ထက်မှ အနက်ရောင် အလင်းတန်းသုံးခု ကျဆင်းလာပြီး လင်းချန်၏ လက်ဖမိုးပေါ်သို့ ကျရောက်သွား၏။

လင်းချန် ကြည့်လိုက်သည့်အခါ သူ၏လက်ဖမိုးပေါ်၌ ရှုပ်ထွေးနက်နဲသည့် ဒီဇိုင်းတစ်ခု၏ အစိတ်အပိုင်းဟု ထင်ရသော သေးငယ်သည့် ပုံစံငယ်သုံးခု ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

ပေါ်ထွက်လာသည့် စာသားများအရ ဤသည်မှာ ရုပ်သေးသုံးရုပ်ကို အောင်မြင်စွာ နှိမ်နင်းနိုင်သည့်အတွက် ရရှိသော စမ်းသပ်မှုအမှတ် ဖြစ်ပြီး ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ခွင့်ရသည့် အထိမ်းအမှတ်လည်း ဖြစ်၏။

လင်းချန်သည် တိုက်ပွဲလမ်းစဉ်ပေါ်၌ ဆက်လက်လျှောက်လှမ်းရင်း ရုပ်သေးများကို ဆက်လက်စိန်ခေါ်ကာ စမ်းသပ်မှုအမှတ်များ ပိုမိုစုဆောင်းနိုင်ပေလိမ့်မည်။

လင်းချန်သည် ရှေ့သို့ လျှောက်လှမ်းရင်း ဟွာရှာအင်ပါယာရှိ ကျူးကော့မင်ထံ ဆက်သွယ်လိုက်၏။ "ကျူးကော့မင်... အခြေအနေ ဘယ်လိုလဲ။"

ဤနေရာသို့ ရောက်သည်နှင့် လင်းချန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို မျက်လုံးများ၌ စုစည်းကာ ဟွာရှာအင်ပါယာရှိ ကောင်းကင်လက်မှုပညာဌာနသို့ သူမြင်တွေ့သမျှ အချက်အလက်များကို ပေးပို့ထားသည်။

ထိုဌာန၏ ခွဲခြမ်းစိတ်ဖြာချက်အရ လင်းချန်သည် ယခုအခါ၌ ကမ္ဘာငယ်လေးအတွင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူရှိနေသည့် နေရာမှာ အစီအရင်တစ်ခုဖြင့် ခွဲထုတ်ထားသော ကမ္ဘာငယ်လေး၏ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်ကြောင်း သိရ၏။

ထိုနေရာ၌ မူလတံခါး အစီအရင်များ ရှိနေပြီး အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုအပေါ် မူတည်ကာ မတူညီသည့် ရလဒ်များကို ဖြစ်ပေါ်စေပေလိမ့်မည်။

လင်းချန်၏ လက်ပေါ်ရှိ အမှတ်အသားမှာမူ စမ်းသပ်မှုအမှတ်များကို မှတ်တမ်းတင်ပေးသည့် အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း ကျူးကော့မင်က အတည်ပြုပေးသည်။

ထို့ကြောင့် လင်းချန်သည် စိတ်အေးလက်အေးဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်း၏။

သူသည် အင်အားပိုမိုကြီးမားသည့် ရုပ်သေးများနှင့် တွေ့ဆုံရသော်လည်း အချိန်ဆွဲမနေဘဲ လက်သီးဖြင့်သာ တိုက်ရိုက် နှိမ်နင်းသွားသည်။

ထိုရုပ်သေးများ၏ နယ်ပယ် အဆင့်မှာ သေခြင်းရှင်ခြင်းနယ်ပယ်အဆင့်သာ ရှိသေးသဖြင့် လင်းချန်အတွက် အခက်အခဲ မရှိပေ။

လင်းချန်သည် ဆယ်ခုမြောက် ရုပ်သေးကိုပင် နှိမ်နင်းပြီးသွားသော်လည်း စွမ်းအားနယ်ပယ် အဆင့်သို့ ရောက်ရှိသည့် ရုပ်သေးတစ်ရုပ်မျှပင် မတွေ့ရသေးချေ။

လင်းချန် မျက်မှောင်ကြုတ်လျက် တွေးလိုက်၏။

'ဒီလိုဆို တိုက်ပွဲလမ်းစဉ် အောင်မြင်ပြီး ကမ္ဘာငယ်လေးထဲ ဝင်နိုင်တဲ့သူ အများကြီး ရှိမှာပဲ။ ဒီတောင်ပိုင်းတွေ့ဆုံပွဲမှာ ပါရမီရှင်တွေပဲ စုဝေးနေတာဆိုတော့ အများစုက သေခြင်းရှင်ခြင်းနယ်ပယ် ရောက်နေကြတာကိုး။'

ထိုသို့ တွေးတောရင်း လင်းချန်သည် သူ၏ ရှေ့သို့ ပြင်းထန်သည့် ကန်ချက်တစ်ခုကို ထိုးနှက်လိုက်သည်။

လေထုမှာ ပေါက်ကွဲသွားရပြီး ရှေ့မှ ရုပ်သေးမှာ လက်မြှောက်ရန်ပင် အချိန်မရလိုက်ဘဲ ရင်ဘတ်ကို တည့်တည့် အကန်ခံလိုက်ရသည်။

ဖြောင်းးး

ထိုကန်ချက်ကြောင့် ရုပ်သေး၏ စွမ်းအင်ဗဟိုချက်မှာ ပွင့်ထွက်သွားပြီး တစ်ကိုယ်လုံးသို့ အက်ကြောင်းများ ပျံ့နှံ့ကာ အပိုင်းအစများအဖြစ် ကြေမွသွား၏။

လင်းချန်သည် မြေပြင်ပေါ်ရှိ အပိုင်းအစများကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။ "ပျင်းစရာကြီး။"

သို့သော် ထိုအချိန်၌ သူ၏ရှေ့တွင် ဖြူဖျော့သည့် ဝဲကတော့တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။

လင်းချန်သည် သူ၏ လက်ပေါ်၌ မြင်းစောင်းဆယ်ခုအဖြစ် ပြောင်းလဲသွားသည့် အနက်ရောင်ပုံစံနှင့် ဝဲကတော့ကြီးကို ကြည့်ကာ ပြုံးလိုက်သည်။ "ရုပ်သေးဆယ်ရုပ်ပဲ ရှိတာ အကုန်ပြီးသွားပြီလား။ လွယ်လွန်းတယ်။"

ထိုသို့ဆိုပြီးသည်နှင့် လင်းချန်သည် ဝဲကတော့အတွင်းသို့ လှမ်းဝင်လိုက်ရာ တိုက်ပွဲလမ်းစဉ်ပေါ်မှ ပျောက်ကွယ်သွားလေပြီ။

လင်းချန် ထွက်ခွာသွားပြီးနောက် သူရှိနေသည့် နေရာ၌ တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသော အဘိုးအိုတစ်ဦး၏ စိတ်ဝိညာဉ်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။

ထိုအဘိုးအိုသည် အံ့အားသင့်ကာ သဘောကျနေသော အပြုံးဖြင့် ရေရွတ်လိုက်သည်။ "စိတ်ဝင်စားစရာပဲ။ တကယ့်ကို စိတ်ဝင်စားစရာ လူငယ်လေး။ ဒီလို သင့်တော်တဲ့ ကိုယ်စားလှယ်မျိုး မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ။"

ထွက်ခွာသွားသည့် လင်းချန်မှာမူ ထိုထူးဆန်းသော အဘိုးအို ပေါ်လာသည်ကို မသိရှိပေ။

သူသည် ခိုင်မာသည့် မြေပြင်ပေါ်သို့ ခြေချလိုက်သည်။

လင်းချန် မြေပြင်သို့ ရောက်သည်နှင့် သူ၏နောက်ကျောဘက်မှ လေခွင်းသံတစ်ခု ထွက်ပေါ်လာ၏။ သူလှည့်ကြည့်လိုက်သည့်အခါ ဧရာမဓားရှည်တစ်လက်မှာ သူ၏ ဦးခေါင်းတည့်တည့်သို့ ကျဆင်းလာနေသည်ကို တွေ့လိုက်ရသည်။

ဖြောင်းးး

သူ၏ နဖူးပေါ်သို့ ကျရောက်လာသည့် ဓားရှည်မှာ အပိုင်းနှစ်ပိုင်း ပြတ်ထွက်သွား၏။

ဓားဦးပိုင်းမှာ နောက်သို့ လွင့်စင်သွားပြီး ကျန်ရှိသည့် ဓားလက်ကိုင်အပိုင်းကိုမူ ပင်လယ်မျိုးနွယ်စုဝင် တစ်ဦးက ကိုင်ဆောင်ထားသည်။

ထိုပင်လယ်မျိုးနွယ်စုဝင်သည် သူ၏လက်ထဲမှ ကျိုးနေသည့် ဓားကို တစ်လှည့်၊ လင်းချန်ကို တစ်လှည့် ကြည့်လိုက်ပြီးနောက် ဘာမျှမစဉ်းစားတော့ဘဲ ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးသည်။

ပင်လယ်မျိုးနွယ်စုဝင်သည် အမြီးကုပ်ကာ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည့်အခါ လင်းချန်က အေးစက်စွာ ပြုံးလိုက်၏။ "လုပ်ချင်တာလုပ်ပြီး ထွက်ပြေးဖို့ မစဉ်းစားနဲ့။"

သူ၏ စကားသံပင် မဆုံးသေးမီမှာပင် လင်းချန်၏ ပုံရိပ်သည် ရှေ့သို့ ဒုန်းစိုင်းတိုးဝင်သွားကာ မူလနေရာမှ ပျောက်ကွယ်သွားသည်။

ရှန်ပင်းသည် အသက်လုကာ ရှေ့သို့ အသည်းအသန် ပြေးနေ၏။

သူသည် ဤသို့သော ဘီလူးသရဲတစ်ကောင်နှင့် တိုးလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။

သူသည် အစောပိုင်းက တိုက်ပွဲစမ်းသပ်မှု၌ ပဉ္စမမြောက် ရုပ်သေးရုပ်အား ရင်ဆိုင်ရာတွင် ကံဆိုးစွာဖြင့် ရှုံးနိမ့်ရပြီးနောက် ဤကမ္ဘာငယ်လေးအတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကမ္ဘာငယ်လေးအတွင်း လှည့်လည်သွားလာနေစဉ်မှာပင် ကောင်းကင်နယ်ပယ်အဆင့်ရှိသည့် လူသားမျိုးနွယ်စု လူငယ်တစ်ဦးနှင့် မထင်မှတ်ဘဲ တိုးရလေပြီ။

ရှန်ပင်းအနေဖြင့် များများစားစား စဉ်းစားနေရန် မလိုပေ။

တောင်ပိုင်းတွေ့ဆုံပွဲကဲ့သို့သော ပွဲမျိုးကို ကောင်းကင်နယ်ပယ်အဆင့်ဖြင့် တက်ရောက်နိုင်သူသည် နောက်ခံအင်အား ကြီးမားသူ သို့မဟုတ် တစ်စုံတစ်ရာသည့် စွမ်းအားရှိသူ ဖြစ်ရပေလိမ့်မည်။

သို့မဟုတ်ပါက ကောင်းကင်နယ်ပယ်၏ အမြင့်ဆုံးအဆင့်ရှိသည့် သိုင်းဝိညာဉ်ပညာရှင် တစ်ဦးအနေဖြင့် ဤပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

ထိုကဲ့သို့သည့် လူမျိုး၌ ရတနာများစွာ ရှိနေမည်မှာ အသေအချာပင်။

ရှေ့တည့်တည့်သို့ ရောက်လာသည့် ဆူဖြိုးသော သိုးငယ်တစ်ကောင်အား အဘယ်ကြောင့် ငြင်းပယ်နေမည်နည်း။

ထိုအတွေးဖြင့် ရှန်ပင်းသည် သူ၏လက်နက်ကို ထုတ်ယူကာ လင်းချန်၏ နဖူးတည့်တည့်သို့ ရက်စက်စွာ ခုတ်ချလိုက်ခြင်း ဖြစ်သည်။

လင်းချန်အား သတိမမူမိစေရန် သူသည် စိတ်ဝိညာဉ်စွမ်းအားကိုပင် အသုံးမပြုဘဲ သူ၏ ခွန်အားနှင့် စိတ်ဝိညာဉ်ပစ္စည်း ဓားရှည်၏ ထက်မြက်မှုအပေါ်၌သာ အားကိုးလိုက်၏။

အဘယ်ကြောင့်ဆိုသော် သူသည် သေခြင်းရှင်ခြင်းနယ်ပယ်၏ စွမ်းအားအဆင့်၌ ရှိနေသူဖြစ်ရာ ခန္ဓာကိုယ်ကို သန့်စင်ထားပြီးဖြစ်သဖြင့် အားအင်မှာလည်း သိသိသာသာ တိုးတက်နေပြီ ဖြစ်သည့်ကြောင့်ပင်။

သာမန် ကောင်းကင်နယ်ပယ် အဆင့်ရှိ သိုင်းဝိညာဉ်ပညာရှင် တစ်ဦးဆိုလျှင် သူ၏ရှေ့၌ ခေါင်းနှစ်ခြမ်းကွဲကာ ပွဲချင်းပြီး သေဆုံးသွားရပေလိမ့်မည်။

သို့သော် ကံဆိုးစွာဖြင့် သူရွေးချယ်လိုက်သည့် ပစ်မှတ်မှာ လင်းချန် ဖြစ်နေလေပြီ။

လင်းချန်၏ အသံမှာ ရှေ့တည့်တည့်မှ ထွက်ပေါ်လာ၏။ "ကျုပ်နဖူး ခုတ်ပြီးမှ ထွက်ပြေးဖို့ မစဉ်းစားနဲ့။"

ရှန်ပင်း မော့ကြည့်လိုက်သည့်အခါ အခြားတစ်ဖက်သားမှာ သူ၏ရှေ့တည့်တည့်၌ ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် အသည်းငယ်ကာ ထိတ်လန့်သွားသည်။

ရှန်ပင်းသည် ချက်ချင်းပင် လင်းချန်၏ရှေ့၌ ဒူးထောက်ကျသွားကာ တောင်းပန်လိုက်သည်။ "ကျွန်တော် မျက်စိမှားပြီး လောဘတက်မိလို့ပါ။ အပြစ်မယူပါနဲ့။ ခွင့်လွှတ်ပါ။"

ရှေ့မှ ပင်လယ်မျိုးနွယ်စုဝင်၏ စကားကို ကြားရသည့်အခါ လင်းချန်က ရယ်မောလိုက်၏။ "ရန်ရှာပြီးမှ ဒီတိုင်း လွှတ်ပေးစေချင်တာလား။ လောဘတက်တာလား။ အကြောင်းမရှိဘဲ တိုက်ခိုက်တာ မဆန်းပါဘူး။ ကျုပ်က ကောင်းကင်နယ်ပယ်နဲ့ တောင်ပိုင်းတွေ့ဆုံပွဲ လာတာဆိုတော့ နောက်ခံကောင်းပြီး ခေါင်းမှာ ဆုကြေး အများကြီး ရှိမယ်လို့ မင်းထင်နေတာကိုး။"

ရှန်ပင်းမှာမူ နဖူးနှင့် ကြမ်းပြင် တိုက်မိသည်အထိ ဦးချကာ အကြိမ်ကြိမ် အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်နေသည်။ "ကျွန်တော် အသိတရား ကင်းမဲ့သွားလို့ပါ။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ။"

ရှန်ပင်း၏ စကားပင် မဆုံးသေးမီမှာပင် စူးရှသည့် ဓားစိတ်ဝိညာဉ်အရှိန်အဝါတစ်ခုမှာ လျင်မြန်စွာ ဖြစ်တည်လာပြီး သူ၏နှလုံးသားနှင့် ဒန်ထျန်ဆီသို့ ထိုးစိုက်ဝင်သွား၏။

ရွှေနီရောင် မိုးကြိုးလျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် ထိုဓားစိတ်ဝိညာဉ်အရှိန်အဝါမှာ အလွန်တရာ မြန်ဆန်လှသည်။

ရှန်ပင်းမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သူ၏ စိတ်ဝိညာဉ်စွမ်းအား အကာအကွယ်မှာ ထိုးဖောက်ခံလိုက်ရကာ နှလုံးသားနှင့် ဒန်ထျန်မှာ စုတ်ပြတ်သွား၏။

လင်းချန်က စိုက်ကြည့်လိုက်သည်။ "ကျုပ်ကို သတ်မယ့်သူကို လွှတ်ပေးရအောင် ကျုပ်က အ ထင်နေလား။"

ထိုသို့ဆိုပြီးနောက် သူ၏ရှေ့၌ အသက်ပျောက်စပြုနေသည့် ရှန်ပင်းအား တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ လင်းချန်သည် နောက်လှည့်ကာ ထွက်ခွာသွားသည်။

လက်ဖက်ရည်တစ်ခွက် သောက်ချိန်ခန့် ကြာပြီးနောက် မြေပြင်ပေါ်၌ အသက်မဲ့စွာ လဲလျောင်းနေသည့် ရှန်ပင်းသည် ရုတ်တရက် ဝုန်းခနဲ ထထိုင်လိုက်၏။

သူ၏ နှလုံးသားနှင့် ဒန်ထျန်ရှိ ဒဏ်ရာများမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပြီး အမာရွတ်မျှပင် မကျန်တော့ချေ။

ရှန်ပင်းက သက်ပြင်းချလိုက်သည်။ "ကံကောင်းလို့ ငါတို့ ပင်လယ်မျိုးနွယ်စုရဲ့ နှလုံးသားနဲ့ ဒန်ထျန်က လူတွေနဲ့ မတူတာ အဲဒီကောင် မသိသွားတာ။ သေမင်းလက်က သီသီလေး လွတ်တာပဲ။"

ထို့နောက် ရှန်ပင်းသည် သူ၏ ကံကောင်းမှုကို ဝမ်းသာအားရဖြင့် မတ်တပ်ထရပ်လိုက်သည်။

သူ၏ မျက်နှာပေါ်၌ ယုတ်မာသည့် အပြုံးတစ်ခု ပေါ်လာပြီး ကြိမ်းဝါးလိုက်သည်။ "ဒီကောင် ငါ့ကို သေပြီ ထင်နေမှာပဲ။ ငါအသက်ရှင်နေတာ သိရင် မင်း ခံစားရမယ်။ သူ့ဆီ ရတနာတွေ ရှိတယ်လို့ သတင်းလွှင့်လိုက်ရင် သူ့ကို သတ်မယ့်သူ အများကြီးပဲ။ ဟားဟား"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၉ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters