← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၀

ဘာသာပြန် - Ko Yoohtoo

True Immortal Team

“ရွှီးးး ဖောက်းးး”

ရုတ်တရက်ဆိုသလိုပင် ရွှေနီရောင် မိုးကြိုးလျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် ဓားဦးဖျားတစ်ခုမှာ သူ၏ နောက်ကျောမှ ထိုးဖောက်ကာ ရင်ဘတ်အလယ်တည့်တည့်သို့ ပွင့်ထွက်လာပြီး သွေးများ ပန်းထွက်သွား၏။

ထိုအခိုက်၌ ရှန်ပင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်အားနှင့် စွမ်းအင်များ လျင်မြန်စွာ ဆုတ်ယုတ်သွားသည်ကို ခံစားလိုက်ရပြီး အဝေးသို့ ရောက်နေပြီဟု ထင်ထားသည့် လင်းချန်မှာ သူ၏ ဘေးမှ အေးအေးလူလူ လမ်းလျှောက် ကျော်ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။

“မင်း… ဘယ်လိုလုပ်ပြီး…”

သူ၏ နှလုံးသားနှင့် ဒန်ထျန်ကို ထိုးဖောက်ထားသည့် ဓားဝိညာဉ်အရှိန်အဝါမှာ ရုတ်တရက် ပျက်ပြယ်သွားပြီး ရှန်ပင်းသည် သွေးများ ပန်းထွက်နေသော ဒဏ်ရာကို ဖိကာ လင်းချန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။

လင်းချန်က သူ၏ မျိုးနွယ်စု၏ ထူးခြားသည့် ခန္ဓာဗေဒလက္ခဏာကို သိနေလော။

အကယ်၍ သိနေလျှင် ဘာကြောင့် အစောကြီးကတည်းက တိုက်ရိုက် မတိုက်ခိုက်ဘဲ ထွက်သွားဟန် ဆောင်ရသနည်း။

ရှန်ပင်း၏ မကျေမနပ်ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ လင်းချန်က သနားကရုဏာ ဖြစ်သွားပြီး သူ နားလည်သွားအောင် ရှင်းပြလိုက်သည်။

“ငါ တကယ် အစက ထွက်သွားတာ။ ဒါပေမဲ့ လမ်းမှားလို့ ပြန်လှည့်လာတဲ့အချိန်မှာ မင်း ကိုယ့်ဘာသာ စကားပြောပြီး ငါ့ကို ကလဲ့စားချေဖို့ ကြံစည်နေတာတွေကို မတော်တဆ ကြားလိုက်ရလို့ပဲ…”

ရှန်ပင်းသည် သွေးအိုင်ထဲသို့ မကျေမနပ်ဖြင့် လဲကျသွားပြီး မျက်လုံးအပြူးသားဖြင့် သေဆုံးသွား၏။

ထိုခဏမှာပင် ရှန်ပင်း၏ လက်ဖမိုးပေါ်မှ အနက်ရောင် အလင်းစက် ငါးစက်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး လင်းချန်၏ လက်ဖမိုးဆီသို့ တိုးဝင်သွားသည်။ လင်းချန် သူ၏ လက်ကို မြှောက်ကြည့်လိုက်သည့်အခါ သူ၏ လက်ဖမိုးပေါ်ရှိ အမှတ်အသားမှာ မျဉ်းကြောင်း ဆယ့်ငါးကြောင်း ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။

ထိုသည်က သူ၏ စမ်းသပ်မှုအမှတ် ဆယ့်ငါးမှတ် ရရှိသွားခြင်းပင် ဖြစ်သည်။

“တခြားသူတွေကို သတ်ရင် သူတို့ရဲ့ စမ်းသပ်မှုအမှတ်တွေကို လုယူလို့ ရတာလား…”

လင်းချန်သည် သူ၏လက်ပေါ်မှ တံဆိပ်ကို ကြည့်ရင်း မျက်နှာပျက်သွား၏။ အစောပိုင်းက ရှုံးနိမ့်လျှင် စစ်မြေပြင်မှ နှင်ထုတ်ခံရမည်ဟူသည့် စည်းကမ်းကြောင့် ဤကမ္ဘာငယ်လေးအတွင်း၌ အန္တရာယ် မများလှဟု လင်းချန် ထင်မှတ်ထားသော်လည်း ယခုတွေ့ရှိချက်ကြောင့် ထိုသို့မဟုတ်မှန်း သူ သိလိုက်ရပြီ ဖြစ်သည်။

ဝေးလံသည့် နေဝင်ရီတရော ကောင်းကင်ယံကို ကြည့်ရင်း လင်းချန်၏ ရင်ထဲ၌ အေးစိမ့်သွား၏။ ဤကမ္ဘာငယ်လေးအတွင်းရှိ စမ်းသပ်မှုမှာ အလွန်တရာ သွေးစွန်းလွန်းလှသည်။ အကယ်၍ အခြားသူများသာ ဤစည်းကမ်းကို သိသွားကြလျှင် တကယ့် သတ်ဖြတ်မှုကြီးမှာ စတင်လေမည်။

“ငါ အရင်ဆုံး စင်းစင်းကို ရှာရမယ်…”

လင်းချန်၏ မျက်ဝန်းများမှာ စူးရှသွားပြီး သူ၏ ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဖုံးလွှမ်းသွားကာ ရွှေနီရောင် လျှပ်စီးအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲလျက် ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွား၏။

ရှန်ပင်း၏ နောက်ဆုံးအခိုက်အတန့်၌ လင်းချန် ပြောသွားသည်မှာ အမှန်ပင် ဖြစ်သည်။

သူ လမ်းမှားသွားခြင်း ဖြစ်၏။ ယခုမှသာ နည်းဗျူဟာမြေပုံအရ လူတိုင်း၏ တည်နေရာကို စတင် တွေ့ရှိခြင်း ဖြစ်သည်။ လင်းချန် ပေးထားသည့် တံဆိပ်များကြောင့် နည်းဗျူဟာမြေပုံပေါ်၌ လူတိုင်း၏ တည်နေရာနှင့် မည်သူက မည်သူနှင့် ရှိနေသည်ကို အတိုင်းသား မြင်နေရ၏။

လင်းချန်အတွက် ကံကောင်းသည်မှာ ယီစင်းနှင့် သူ၏ အကွာအဝေးမှာ မဝေးလှခြင်းပင် ဖြစ်သည်။

လင်းချန်သည် ယီစင်းရှိရာသို့ ဦးတည်နေစဉ်မှာပင် သူ၏လက်ထဲ၌ တံဆိပ်တစ်ခု ထပ်မံပေါ်ပေါက်လာပြီး ထိုတံဆိပ်အတွင်းသို့ သူ၏ စိတ်ဆန္ဒများကို ထည့်သွင်းလိုက်၏။ တစ်ချိန်တည်းမှာပင် လူတိုင်းသည် လင်းချန်ထံမှ ပေးပို့လိုက်သည့် အတွေးစများကို လက်ခံရရှိလိုက်ကြပြီး မိမိတို့၏ တည်နေရာနှင့် အခြားသူများ၏ တည်နေရာကို သိရှိသွားကြသည်။

ယီစင်းအတွက်မူ သူမသည် တောင်ဘက်သို့ ဦးတည်ရမည်ဖြစ်ပြီး လင်းချန်က သူမနှင့် ဆုံတွေ့ရန် မြောက်ဘက်သို့ ဦးတည် လာနေပြီ ဖြစ်၏။

ယီစင်း၏ ခါး၌ ချိတ်ဆွဲထားသည့် တံဆိပ်မှာ ရွှေရောင်အလင်းများဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော်လည်း သူမမှာမူ ထိုအရာကို ဂရုစိုက်ရန် အချိန်မရှိချေ။ သူမသည် သူမကိုယ်သူမ အသင့်ပြင်ဆင်ထားပြီးဖြစ်ကာ ကြယ်တာရာဓားအရှိန်အဝါ ရှိသော သူမ၏ မူလလက်နက် ဓားရှည်မှာ တစ်ကိုယ်လုံးကို ကာကွယ်ထားသည်။

သူမ၏ ပတ်ပတ်လည်၌ လူလေးဦးက ဝိုင်းရံ တိုက်ခိုက်နေကြပြီး မာနထောင်လွှားသော ပုံစံရှိသည့် အမျိုးသမီးတစ်ဦးမှာ ဝိုင်းရံခံထားရသော ယီစင်းအား လှောင်ပြောင်သရော်သည့် မျက်နှာထားဖြင့် စောင့်ကြည့်နေ၏။

“နိမ့်ကျတဲ့ အစေခံမလေး… ငါက အကောင်းပြောပြီး တောင်းနေတာကို မင်းက ငြင်းရဲတယ်ပေါ့လေ။ ငါလိုလူက မင်းဆီက ပစ္စည်းကို အလိုရှိတာ မင်းအတွက် ကံကောင်းတယ်လို့ မှတ်ရမှာ။ အဲဒါကိုမှ မသိတတ်ဘဲ ငါ့ကို အာခံဝံ့တယ်ပေါ့…”

ကောင်းကင်ထက်၌ နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ယီစင်းအား အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်နေသည်။

သူမ၏ မျက်နှာ၌ မောက်မာရိုင်းစိုင်းမှုတို့ အပြည့်ရှိနေ၏။ သူမ၏ အမြင်၌ ယီစင်းသည် သူမပြောသကဲ့သို့ပင် နိမ့်ကျလှသည့် သတ္တဝါတစ်ဦးသာ ဖြစ်သည်။

ယီစင်းသည် ဘာမျှပြန်မပြောဘဲ အံကို တင်းတင်းကြိတ်ထားကာ ကြယ်တာရာကောင်းကင် ပုံသဏ္ဌာန်ရှိသည့် ဓားဝိညာဉ်အရှိန်အဝါ အကာအကွယ်ကို ထိန်းသိမ်းလျက် သူမကို ဝိုင်းရံထားသော အမျိုးသမီးလေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနေ၏။

ထိုအမျိုးသမီးလေးဦးမှာ သေခြင်းရှင်ခြင်းနယ်မြေ၊ ခန္ဓာနယ်ပယ်ရှိ ပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ ရုပ်ရည်မှာ အလွန်အမင်း လှပခြင်းမရှိသော်လည်း ဆွဲဆောင်မှု ရှိကြ၏။ သူတို့၏ မျက်နှာ၌ မလိုအပ်သည့် အမူအရာများ မရှိဘဲ အေးစက်စက် အကြည့်များဖြင့်သာ ယီစင်း၏ ဓားဝိညာဉ်အကာအကွယ်ကို ထိုးနှက်နေကြသည်။

ထိုလေးဦးစလုံးမှာ လူသားမျိုးနွယ်စုဝင်များ ဖြစ်ကြပြီး ဓားကို သိုင်းဝိညာဉ်အဖြစ် ပိုင်ဆိုင်ထားကြ၏။ သူတို့သည် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကို ပြုလုပ်ထားပြီးဖြစ်ရာ မူလလက်နက် ဓားများသည် အချင်းချင်း ဆက်နွှယ်နေသကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားများမှာလည်း ဟန်ချက်ညီစွာ တုန်ခါနေကြသည်။

တိုက်ပွဲစတင်ပြီး မကြာမီမှာပင် ယီစင်းသည် ထိုအမျိုးသမီးများ ပူးပေါင်းတိုက်ခိုက်ရေး နည်းစနစ်တစ်ခုကို အသုံးပြုနေခြင်းအား သတိပြုမိလိုက်၏။ ယင်းမှာ အလွန်တန်ဖိုးကြီးလှသည့် စိတ်ဝိညာဉ်စွမ်းရည်တစ်ခု ဖြစ်ပေလိမ့်မည်။

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးသည် သူမကိုယ်သူမ မင်းသမီးဟု ခေါ်ဆိုနေခြင်းကို ကြည့်ခြင်းအားဖြင့် သူမသည် မြင့်မြတ်သည့် နောက်ခံရှိပြီး အထက်စီးမှ နေသားကျနေသူတစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသည်။

လက်ရှိအချိန်၌ ယီစင်းမှာ ကြီးမားသည့် ဖိအားကို ခံစားနေရ၏။ အစွမ်းမနိမ့်လှသော ခန္ဓာနယ်ပယ် အဆင့်ရှိ ပညာရှင်လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ ရှိနေခြင်းမှာ သူမအတွက် အလွန်အမင်း အန္တရာယ်ရှိသည့် အခြေအနေပင် ဖြစ်သည်။

“ကြယ်တာရာ ဟင်းလင်းပြင်။”

ယီစင်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအားများကို ငွေကြယ်ရောင်ဂါဝန်ဖြူအတွင်းသို့ ပို့လွှတ်လိုက်ရာ ဂါဝန်မှာ ကြယ်တာရာအလင်းတန်းများဖြင့် တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။

ထိုစူးရှသည့် ကြယ်တာရာအလင်းတန်းများကြောင့် ဝိုင်းရံထားသော အမျိုးသမီးလေးဦး၏ လှုပ်ရှားမှုများ နှေးကွေးသွားပြီး ယီစင်း၏ ကြယ်တာရာ စိတ်ဝိညာဉ်စွမ်းအားမှာလည်း ပိုမိုအားကောင်းလာကာ ဓားဝိညာဉ်အရှိန်အဝါမှာလည်း ပိုမိုထက်မြက်လာသည်။

ငွေကြယ်ရောင်ဂါဝန်ဖြူကို ဝတ်ဆင်လိုက်သည့်အခါ ယီစင်းအပေါ် သက်ရောက်နေသည့် ဖိအားမှာ သိသိသာသာ လျော့ပါးသွားသော်လည်း သူမသည် အနည်းငယ်မျှပင် ပေါ့ဆ၍ မရချေ။ အဘယ်ကြောင့်ဆိုသော် မောက်မာသော ထိုအမျိုးသမီးသည် သူမကို အပေါ်စီးမှ ကြည့်နေဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ရသေးသောကြောင့်ပင်။

နှာခေါင်းရှုံ့လိုက်သည်။ “ဒီလောက် ကောင်းတဲ့ ပစ္စည်းကို ဒီလို နိမ့်ကျတဲ့သူက ဝတ်ထားရတယ်လို့… နှမြောစရာပဲ။”

ကောင်းကင်ယံရှိ ကြယ်တာရာများကို ဖော်ပြနေသည့် ဂါဝန်ဖြူကို ကြည့်ရင်း မင်းသမီး၏ မျက်ဝန်းများ၌ မဖုံးကွယ်နိုင်သော နှစ်သက်မှုနှင့် လောဘစိတ်များ ပြည့်နှက်နေ၏။

သူမသည် ဤကမ္ဘာငယ်လေးအတွင်းသို့ ရောက်ရှိလာချိန်၌ သူမ၏ ကိုယ်ရံတော်များနှင့် အတူရှိနေသဖြင့် ကံကောင်းလှသည်။ ထိုအချိန်မှာပင် သူမသည် ယီစင်းကို သတိထားမိလိုက်ခြင်း ဖြစ်၏။

ဤနေရာသို့ ရောက်ကာစ၌ ယီစင်းသည် စိတ်ဝိညာဉ်စွမ်းအားများကို တစ်ကိုယ်လုံး၌ ဖြန့်ကျက်ထားသဖြင့် ငွေကြယ်ရောင်ဂါဝန်ဖြူမှာ လှပသည့် အလင်းတန်းများဖြင့် တဖိတ်ဖိတ် တောက်ပနေသည်။

မင်းသမီးသည် ထိုဂါဝန်ကို မြင်လျှင်မြင်ချင်း လိုချင်တပ်မက်စိတ် ဖြစ်ပေါ်လာပြီး ယီစင်းထံ ချဉ်းကပ်ကာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းဖြင့် ဝယ်ယူရန် ကမ်းလှမ်း၏။

သို့သော် ဤဂါဝန်မှာ လင်းချန် ပေးထားသည့် လက်ဆောင်ဖြစ်ရာ ယီစင်းအနေဖြင့် အခြားသူအား မည်သို့ ရောင်းနိုင်ပါမည်နည်း။ ထို့အပြင် ထိုမင်းသမီး၏ လေသံမှာ အမိန့်ပေးနေသကဲ့သို့ ဖြစ်နေသဖြင့် ယီစင်းမှာ မနှစ်မြို့သော်လည်း ယဉ်ကျေးစွာပင် ငြင်းပယ်ကာ ထွက်ခွာရန် ပြင်ဆင်သည်။

သို့သော် သူမ၏ ငြင်းပယ်မှုက မင်းသမီး၏ မျက်နှာကို ပျက်ယွင်းသွားစေလိမ့်မည်ဟု ယီစင်း မထင်မှတ်ထားပေ။

မင်းသမီးသည် သူမကို နိမ့်ကျသည့် အစေခံမလေးဟု ဆဲရေးတိုင်းထွာကာ သူမ၏ မျက်နှာကို အရေးမလုပ်ဟု ဆိုလျက် ကိုယ်ရံတော်လေးဦးအား ထိုဂါဝန်ကို အတင်းအဓမ္မ ချွတ်ယူရန် အမိန့်ပေးလိုက်၏။

ထို့အပြင် မင်းသမီးက ယီစင်း၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်မှာ ကြည့်ကောင်းသဖြင့် ဂါဝန်ကို ချွတ်ယူပြီးနောက် သူမအား အင်အားကြီးမျိုးနွယ်စုမှ သခင်လေးများထံ လက်ဆောင်အဖြစ် ပေးပို့မည်ဟုပင် ဆိုသေးသည်။

ယီစင်းအနေဖြင့် ထိုသို့သော အရှက်တကွဲ အကျိုးနည်းစေမည့် စော်ကားမှုကို မည်သို့ သည်းခံနိုင်ပါမည်နည်း။ သူမသည် ချက်ချင်းပင် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကို ပြုလုပ်ကာ ယခုကဲ့သို့ တိုက်ခိုက်နေရခြင်း ဖြစ်၏။

ယီစင်း ခုခံနိုင်ချိန် ကြာလေလေ အပေါ်မှ မင်းသမီး၏ မျက်ဝန်းထဲ၌ လောဘနှင့် မနာလိုစိတ်များ ပိုမိုပြင်းထန်လာလေလေပင်။

‘ဒီလို နိမ့်ကျတဲ့ မိန်းမပျက်က ဘာလို့ ဒီလောက် ကောင်းတဲ့ ဂါဝန်ကို ဝတ်ထားရတာလဲ။’

‘ဒါက အဆင့်မနိမ့်တဲ့ စိတ်ဝိညာဉ်ပစ္စည်းပဲ။ ပြီးတော့ ဘာလို့ ဒီလောက် နိမ့်ကျတဲ့သူက ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားရတာလဲ။’

“ကိုယ်ကိုယ်ကိုယ် ဘာမှန်းမသိတဲ့ အစေခံမလေးက ဒီလို ကောင်းတဲ့အရာတွေကို ပိုင်ဆိုင်ဖို့ အခွင့်အရေး မရှိဘူး။”

ဝိုင်းရံတိုက်ခိုက်မှုအောက်၌ အသည်းအသန် ခုခံနေရသည့် ယီစင်းကို ကြည့်ရင်း မင်းသမီး၏ မျက်ဝန်းများ၌ ကျေနပ်အားရမှုများ ဖြစ်ပေါ်နေသည်။

တစ်ချိန်တည်းမှာပင် အောက်ဘက်မှ ယီစင်းသည်လည်း သူမ၏ ခွန်အားများ ဆုတ်ယုတ်လာသည်ကို ခံစားနေရ၏။ ကောင်းကင်နယ်ပယ်၊ အမြင့်ဆုံးအဆင့်ဖြင့် သေခြင်းရှင်ခြင်းနယ်မြေ၊ ခန္ဓာနယ်ပယ်ရှိ ပညာရှင်လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ဤမျှကြာအောင် တောင့်ခံနိုင်ခြင်းမှာပင် ဂုဏ်ယူစရာ ကောင်းလှသည်။

ထို့အပြင် လင်းချန်၏ အဆင့်မြှင့်တင်ထားသည့် ကျင့်စဉ်များနှင့် ဆေးရည်များကြောင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ကြံ့ခိုင်မှုမှာ သာမန် ပညာရှင်များထက် များစွာ သာလွန်နေခြင်းမှာလည်း အဓိက အချက်ပင် ဖြစ်၏။

သို့သော် သူမ ရင်ဆိုင်နေရသည့် အမျိုးသမီး လေးဦးမှာလည်း ခန္ဓာနယ်ပယ်၏ စမ်းသပ်မှုများကို ဖြတ်သန်းလာသူများ ဖြစ်ရာ ယီစင်းထက် ပိုမိုကြံ့ခိုင်ပြီး သက်လုံ ပိုကောင်းကြသည်မှာ သိသာလှသည်။

ယီစင်းက သူမ၏ လက်ရှိအခြေအနေကို စိုးရိမ်နေချိန်၌ ကိုယ်ရံတော် လေးဦးမှာလည်း အံ့အားသင့်နေကြ၏။ သူတို့သည် မွေးကတည်းကပင် ပူးပေါင်းတိုက်ခိုက်ရေးအတွက် ရွေးချယ်ခံထားရသူများ ဖြစ်ရာ သူတို့၏ တိုက်ကွက်ကို မည်သူမျှ ဤမျှကြာအောင် ခုခံနိုင်စွမ်း မရှိဖူးချေ။

‘ငါ ဒီလေးယောက်ကို သက်လုံချင်း ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒီတိုင်း ဆက်သွားရင်တော့ အသက်ကုန်တဲ့အထိ အတိုက်ခံရလိမ့်မယ်။’

ယီစင်းသည် စိုးရိမ်တကြီး တွေးတောရင်း ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ သူမ၏ မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ရာ ကြယ်တာရာ စိတ်ဝိညာဉ်စွမ်းအားများမှာ ဝုန်းခနဲ ပေါက်ကွဲထွက်လာ၏။

ကြယ်တာရာ စိတ်ဝိညာဉ်စွမ်းအားများသည် ငွေကြယ်ရောင်ဂါဝန်ဖြူနှင့် ချက်ချင်း ချိတ်ဆက်သွားကာ ပတ်ဝန်းကျင်ရှိ ကြယ်တာရာအလင်းများမှာ ပိုမိုတောက်ပလာပြီး သူမလက်ထဲရှိ ကြယ်တာရာဓားမှာလည်း စူးရှသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။

“ကြယ်တာရာ ဓားချက်။”

ယီစင်းသည် နှုတ်ခမ်းကလေးကို အနည်းငယ်ဟကာ အသက်ရှူထုတ်လိုက်ပြီးနောက် ရုတ်တရက် နောက်လှည့်ကာ ဓားဖြင့် ခုတ်ချလိုက်၏။

ကြယ်တာရာ ကောင်းကင်ယံမှာ လိမ်ယှက်သွားပြီး ကြီးမားသည့် ဓားဝိညာဉ်အရှိန်အဝါ တစ်ခုအဖြစ် ပြောင်းလဲလျက် ရှေ့မှ အမျိုးသမီးနှစ်ဦးထံသို့ ပြေးဝင်သွားသည်။ ထိုဓားဝိညာဉ်အရှိန်အဝါပေါ်၌ ကြယ်တာရာတစ်ခု စီးဆင်းနေသကဲ့သို့ ဖြစ်နေပြီး သောင်းချီသော အလေးချိန်နှင့်အတူ ပြင်းထန်စွာ လိမ့်ဆင်းလာ၏။

ယီစင်းသည် ခုခံရာမှ တိုက်စစ်သို့ ရုတ်တရက် ပြောင်းလဲလိုက်ခြင်းကြောင့် ဝိုင်းရံထားသည့် အမျိုးသမီး လေးဦးမှာ အငိုက်မိသွားကြသည်။ အထူးသဖြင့် ကြယ်တာရာဓားဝိညာဉ်နှင့် ရင်ဆိုင်လိုက်ရသော နှစ်ဦးမှာ ကြီးမားသည့် ဖိအားကို ခံစားလိုက်ရသဖြင့် မျက်နှာများ ပျက်ယွင်းသွားကာ သူတို့၏ မူလလက်နက်များကို မြှောက်ကာ အသည်းအသန် ကာကွယ်လိုက်ကြရ၏။

သူတို့သည် ရှိသမျှ စိတ်ဝိညာဉ်စွမ်းအားများကို ရှေ့၌ စုစည်းကာ ထိုဓားချက်ကို တောင့်ခံရန် ပြင်ဆင်လိုက်ကြသည်။

ဘုန်းးး

စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲသွားသဖြင့် ကျယ်လောင်သည့် မြည်ဟည်းသံကြီး ထွက်ပေါ်လာကာ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ရှေးဟောင်းသစ်ပင်များကို အမြစ်မှ နုတ်ထွက်သွားစေကာ မြေဆီလွှာများကိုပင် လန်တက်သွားစေ၏။

“အူးးး အူးးး”

ကြယ်တာရာ ဓားချက်ကို တိုက်ရိုက် ခံလိုက်ရသည့် အမျိုးသမီး နှစ်ဦးမှာ စိတ်ဝိညာဉ်များ ကြေမွသွားပြီး ခန္ဓာကိုယ်ပေါ်၌ နီရဲသော သွေးများ ယိုစီးနေသည့် ဒဏ်ရာဗရပွဖြင့် နောက်သို့ လွင့်စင်သွားကြသည်။ သူတို့သည် မြေပြင်ပေါ်၌ လိမ့်ဆင်းသွားကာ သွေးလမ်းကြောင်းကြီးတစ်ခု ချန်ထားပြီးနောက် သတိလစ် မေ့မြောသွားကြ၏။

လေမုန်တိုင်းကြားမှ ကြယ်တာရာ အလင်းတန်းတစ်ခု ဝုန်းခနဲ တိုးထွက်လာပြီး မြေပြင်ပေါ်၌ မေ့မြောနေသည့် အမျိုးသမီး နှစ်ဦးကို ကျော်ဖြတ်ကာ လွတ်မြောက်ရာလမ်းဆီသို့ အသည်းအသန် ပြေးထွက်သွားသည်။

နှာခေါင်းရှုံ့လိုက်သည်။ “စွမ်းဆောင်နိုင်သားပဲ အစေခံမလေး… ဒါပေမဲ့ အဲဒီတိုက်ကွက်ကို သုံးပြီးရင်တော့ မင်းမှာ အင်အား ကုန်သွားပြီ။ ငါ့လက်ထဲကနေ လွတ်မယ် ထင်နေတာလား။”

ထွက်ပြေးသွားသည့် ကြယ်တာရာပုံရိပ်ကို ကြည့်ရင်း မင်းသမီးက မထီမဲ့မြင် ပြုံးလိုက်ပြီး သူမ၏ လက်ဖဝါးထဲ၌ အေးစက်လှသော စိတ်ဝိညာဉ်စွမ်းအားများဖြင့် နှင်းခဲဓားတစ်လက်ကို ဖန်တီးကာ ယီစင်း၏ နောက်ကျောသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်၏။

အပြာနုရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားသည့် ထိုနှင်းခဲဓား ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ လေထုမှာ နှင်းခဲများဖြင့် အေးခဲသွားရသည်။

ယီစင်းသည် ရုတ်တရက် ရပ်တန့်လိုက်၏။ သူမသည် ဆက်လက် ထွက်ပြေးခြင်း မပြုတော့ဘဲ သူမထံသို့ ပျံသန်းလာသည့် နှင်းခဲဓားကို နောက်လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာ၌ ကြောက်ရွံ့မှုဟူ၍ အစအနမျှ မရှိဘဲ စိတ်အေးသွားသည့် အမူအရာတစ်ခုသာ ပေါ်လွင်လာ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၀ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters