အခန်း ၂၉၁
Vol. 30 Ch. 291
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၁
ဘာသာပြန် - Ko Yoohtoo
True Immortal Team
နန်းတွင်းဝတ်စုံနှင့် ထိုအမျိုးသမီးမှာ အစောပိုင်းက အသည်းအသန် ထွက်ပြေးနေသည့် ယီစင်းတစ်ယောက် အဘယ်ကြောင့် ရုတ်တရက် ရပ်တန့်သွားသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေ၏။
ယီစင်းသည် မည်သည့်အရာကို အားကိုး၍ သူမအား ကြောက်ရွံ့ခြင်းကင်းမဲ့သော အကြည့်တို့ဖြင့် ပြန်လည်စိုက်ကြည့်ဝံ့သည်ကို စဉ်းစား၍ မရနိုင်ပေ။
အစပိုင်း၌ သူမ နားမလည်နိုင်သော်ငြား ကောင်းကင်ယံအား ခွင်းလျက် ကျဆင်းလာသော မိုးကြိုးဝိညာဉ်စွမ်းအင်များ ပေါင်းစပ်ထားသည့် ဓားအရှိန်အဝါတစ်ခုက သူမ၏ အေးစက်လှသော နှင်းခဲဓားအရှိန်အဝါများကို ဖန်စကွဲများကဲ့သို့ တစ်စစီ ရိုက်ခွဲပစ်လိုက်ချိန်၌မူ ယီစင်း၏ ယုံကြည်မှု အဘယ်ကလာသည်ကို သူမ သဘောပေါက်သွား၏။
လွင့်ပျံနေသော နှင်းခဲစများကြားမှပင် မိုးကုတ်စက်ဝန်းဆီမှ အနီရောင်လျှပ်စီးတန်းတစ်ခုက အရှိန်အဟုန်ဖြင့် ပြေးဝင်လာကာ ယီစင်း၏အနီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ချက်ချင်းပင် ဝတ်ရုံဖြူဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ယီစင်း၏ဘေး၌ ထွက်ပေါ်လာ၏။ သူသည် ယီစင်း၏ အခြေအနေအား စိုးရိမ်တကြီး ကြည့်ရှုစစ်ဆေးပြီးနောက် တည်ကြည်အေးစက်နေသော မျက်နှာပေးဖြင့် ရန်သူများဘက်သို့ လှမ်းကြည့်လိုက်သည်။
ဤခဏ၌ လင်းချန်သည် ဒေါသနှင့် ဝမ်းမြောက်မှုတို့ ဒွန်တွဲကာ ခံစားနေရ၏။ အကယ်၍ သူသာ တစ်ခဏမျှ နောက်ကျသွားပါက ယီစင်း၏ အေးစက်နေသည့် ရုပ်အလောင်းကိုသာ မြင်တွေ့ရပေလိမ့်မည်။
ယီစင်း၏ အခြေအနေမှာ အကောင်းကြီးမဟုတ်လှချေ။ သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ များစွာကုန်ခမ်းနေကာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေ၏။ သေခြင်းရှင်ခြင်းနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူ လေးဦး၏ စုပေါင်းတိုက်ခိုက်မှုအား ကောင်းကင်နယ်ပယ်အဆင့်ဖြင့် ရင်ဆိုင်ရသည်မှာ မည်သို့မျှ လွယ်ကူလှသည် မဟုတ်ပေ။
နန်းတွင်းဝတ်စုံဝတ် အမျိုးသမီး ထင်မှတ်ထားသောအတိုင်းပင် ယီစင်းသည် ယခုအချိန်၌ အားအင်ကုန်ခမ်းနေသည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။
အကယ်၍ သေခြင်းရှင်ခြင်းနယ်ပယ်၊ စိတ်ဝိညာဉ်နယ်ပယ်အဆင့်ရှိသည့် ထိုအမျိုးသမီးက အားနည်းသော နှင်းခဲဓားအရှိန်အဝါကိုသာ အသုံးပြုလျှင်ပင် ယီစင်းအား အသက်ပျောက်စေရန် လုံလောက်နေသည်။ ယီစင်း၏ စိတ်ဝိညာဉ်စွမ်းအား အထောက်အပံ့ မရှိတော့သည့် ငွေကြယ်ရောင်ဂါဝန်ဖြူသည်လည်း ကာကွယ်ရေးစွမ်းအားများစွာ လျော့နည်းသွားမည် ဖြစ်၏။
ထို့အပြင် အမှန်တကယ် အသက်အန္တရာယ်ရှိစေသည်မှာ စိတ်ဝိညာဉ်စွမ်းအား၏ ရိုက်ခတ်မှုမဟုတ်ဘဲ အေးစက်လှသည့် နှင်းခဲအငွေ့အရှိန်အဝါများသာ ဖြစ်သည်။
"ဩော်... ဒါကြောင့်ကိုး။ နင့်ချစ်သူလေး ရောက်လာတာကိုး။ သူက ကောင်းကင်နယ်ပယ် အမြင့်ဆုံးအဆင့်ကို ရောက်နေပြီပေါ့။ ဒီတောင်ပိုင်းတွေ့ဆုံပွဲကလည်း ဘယ်ချောင်ကမှန်းမသိတဲ့ အကောင်တွေကို ဝင်ခွင့်ပေးထားတာ ရွံစရာပဲ။"
နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးသည် ရွံရှာဖွယ်ရာ အကြည့်များဖြင့် လင်းချန်နှင့် ယီစင်းကို ကြည့်ရင်း သူမ၏ မထီမဲ့မြင်ပြုမှုကို လုံးဝဖုံးကွယ်ထားခြင်း မရှိပေ။
"ဒါပေမဲ့ ကောင်းကင်နယ်ပယ် အမြင့်ဆုံးအဆင့်မှာ ရှိနေပြီး ငါကိုယ်တော် မင်းသမီးရဲ့ အစွမ်း သုံးပုံတစ်ပုံပါတဲ့ ဓားချက်ကို တားဆီးနိုင်တာကိုတော့ နင် ဂုဏ်ယူသင့်တယ်။"
"ငါတို့ ဒီလိုလုပ်ကြတာပေါ့။ နင်က ပါရမီနဲ့ ခွန်အား နည်းနည်းရှိတာကို ထောက်ထားပြီး သနားညှာတာတဲ့အနေနဲ့ နင်တို့ကို အခက်အခဲ မဖြစ်စေတော့ဘူး။"
ထို့နောက် ထိုအမျိုးသမီးသည် သနားစဖွယ် မျက်နှာပေးမျိုး လုပ်ပြရင်း ယီစင်းနှင့် လင်းချန်အား အမိန့်ပေးသကဲ့သို့ ဆက်ပြောလိုက်၏။
"နင်လို ယုတ်နိမ့်တဲ့ အစေခံမက ဒီဝတ်ရုံကိုချွတ်ပြီး ငါ့ကို ဆက်သရမယ်။ ပြီးတော့ နင့်မျက်နှာကို နင့်ဘာသာ ဖျက်ဆီးလိုက်။ နင်ကတော့ လက်တစ်ဖက်ဖြတ်၊ လျှာကို ထုတ်ပစ်လိုက်။ နင်တို့နှစ်ယောက်လုံး ငါ့ကျွန်အဖြစ် ခံယူရင် အသက်ရှင်ခွင့် ရနိုင်တယ်။"
လင်းချန်သည် ထိုစကားကို ကြားသည့်အခါ အဖက်ပင် မလုပ်တော့ဘဲ နှုတ်ခမ်းအစုံကို တွန့်ကွေးလျက် လှောင်ပြုံးတစ်ခုသာ ပြုံးလိုက်သည်။
သူသည် ယီစင်းအား စိုးရိမ်တကြီး ကြည့်ရှုရင်း လက်ထဲ၌ ဆေးရည်ပုလင်းတစ်လုံး ပေါ်လာကာ သူမထံ ကမ်းပေးလိုက်၏။ ယီစင်းကလည်း လင်းချန်ပေးသည့် ဆေးရည်ကိုယူ၍ ပုလင်းဆို့ကိုဖွင့်ကာ အထဲမှ တောက်ပသော အနီရောင်အရည်များကို သောက်လိုက်သည်။
ထိုအရည်များသည် လတ်ဆတ်သည့် သွေးများနှင့် ဆင်တူသော်လည်း တကယ်တမ်း၌မူ အလွန်ချိုမြိန်ကာ လန်းဆန်းစေသော အရသာရှိ၏။ ဆေးရည်ကို သောက်ပြီးနောက် ယီစင်းသည် သူမ၏ ကုန်ခမ်းနေသည့် စိတ်ဝိညာဉ်စွမ်းအားများနှင့် ခန္ဓာကိုယ်အင်အားများ လျင်မြန်စွာ ပြန်လည်ပြည့်ဝလာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
"ဆေးအာနိသင် ကုန်တဲ့အထိ ခဏစောင့်။ ပြီးမှ နောက်တစ်ပုလင်း ထပ်သောက်။ ဒါဆို မူလအခြေအနေ လုံးဝပြန်ရောက်သွားလိမ့်မယ်။"
လင်းချန်သည် ယီစင်းအား ဆေးရည်ပုလင်း အများအပြား ကမ်းပေးရင်း သတိပေးလိုက်၏။
"ပထမတစ်ပုလင်းရဲ့ အာနိသင်မကုန်ခင် ဒုတိယတစ်ပုလင်း သောက်တာက ဘာမှမထူးခြားဘဲ အလဟဿ ဖြစ်သွားလိမ့်မယ်။"
ယီစင်းသည် လင်းချန်အား နားလည်ကြောင်း အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယီစင်း၏ မျက်နှာသွေးရောင် ပြန်တက်လာသည်ကို မြင်ရမှသာ လင်းချန်လည်း သက်ပြင်းချနိုင်တော့၏။ သူသည် စင်းစင်းကို ပိုမိုဂရုမစိုက်မိခြင်းအတွက် အလွန်ပင် နောင်တရနေမိသည်။
ဆေးရည်များနှင့် ပတ်သက်၍ လင်းချန်သည် ယီစင်းအား ကျင့်ကြံခြင်းအတွက် ဆေးရည်များစွာ ပေးဖူးသော်လည်း ဒဏ်ရာကုသခြင်းနှင့် အားအင်ပြန်လည်ဖြည့်တင်းသည့် ဆေးရည်များကိုမူ ပေးရန် မေ့လျော့နေခြင်း ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်၌ အချိန်မီလေး ရောက်ရှိလာခြင်း ဖြစ်သည်။ အကယ်၍ သူသာ နောက်ကျသွားပါက လင်းချန်သည် မိမိကိုယ်ကိုယ် ဘယ်သောအခါမှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။
သူမအား လုံးဝအဖက်မလုပ်ဘဲ ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြသည့် လင်းချန်နှင့် ယီစင်းကို မြင်သောအခါ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးသည် ဒေါသကြောင့် အံကြိတ်မိကာ သူတို့ကို အပိုင်းပိုင်းခုတ်၍ ခွေးကျွေးပစ်ချင်စိတ်များ ပေါက်လာ၏။
သူမသည် ငယ်စဉ်ကတည်းက အလိုလိုက် အကြိုက်ဆောင်ခြင်း ခံရသူ ဖြစ်သလို အမြဲတမ်း လူအများ၏ အာရုံစိုက်မှုဗဟိုချက်၌သာ ရှိဖူးသည်။ ဤကဲ့သို့သော မသိကျိုးကျွန် လျစ်လျူရှု ခံရမှုမျိုးကို တစ်ခါမျှ မကြုံဖူးပေ။
ယင်းအပြင် သူမ၏ အမြင်၌ ဤလူနှစ်ဦးမှာ ထင်ရှားသည့် အင်အားစုကြီးများမှ ပါရမီရှင်များ မဟုတ်ဘဲ ဝေးလံသီခေါင်သော နေရာမှ လာသည့် ယုတ်နိမ့်သော သတ္တဝါများသာ ဖြစ်သည်။
ခြံရံလာသည့် အစေခံအမျိုးသမီးတစ်ဦးက လင်းချန်အား လက်ညှိုးငေါ့ငေါ့ထိုးလိုက်၏။
"ဘယ်ကလာတဲ့ အနိမ့်တန်းစားတွေလဲ။"
"မင်းသမီးက သနားနေတာကို ကျေးဇူးမသိဘဲ ရိုင်းစိုင်းရဲတယ်ပေါ့။ ရဲတင်းလှချည်လား။"
အစေခံမ၏ စကားကို ကြားသည့်အခါ လင်းချန်က လှောင်ပြုံးပြုံးလိုက်သည်။
"ငါတို့ကို သနားတာ ဟုတ်လား။ ရယ်စရာပဲ။ ငါ့စေ့စပ်ထားသူရဲ့ ဂါဝန်ကိုပေးခိုင်းပြီး ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးခိုင်းတာက ကြင်နာမှုလား။ ငါ့လက်ဖြတ်၊ လျှာထုတ်ခိုင်းတာက ကြင်နာမှုလား။"
"မင်းတို့ကို ငါကိုယ်တိုင် ရှင်းပစ်ရလောက်အောင် ဘာအရည်အချင်း ရှိလို့လဲ။"
လင်းချန်၏ စကားအဆုံး၌ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီး၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွား၏။ အခြားအစေခံမတစ်ဦးမှာ ပို၍ပင် ဒေါသထွက်သွားပြီး လင်းချန်အား လက်ညှိုးထိုးလိုက်သည်။
"နင်လို ယုတ်ညံ့တဲ့ကောင်က ဒီလောက် ရဲတင်းရဲတယ်ပေါ့။ အခုချက်ချင်း ကိုယ့်လည်ပင်းကိုယ်လှီးပြီး တောင်းပန်စမ်း။"
"တော်စမ်းးး"
အစေခံမနှစ်ဦး၏ စကားများအဆုံး၌ ဟိန်းဟောက်သံကြီးတစ်ခု ကောင်းကင်ယံမှ ပဲ့တင်ထပ်သွားပြီး အသံလှိုင်းများမှာ လေထုထဲ၌ လှိုင်းထကာ ပြန့်လွင့်သွား၏။
ထိုဟိန်းဟောက်သံ၌ ပါဝင်သည့် စွမ်းအားမှာ အလွန်ပြင်းထန်လှသဖြင့် အစေခံမနှစ်ဦးမှာ ရင်ဘတ်ထဲ၌ မွန်းကြပ်သွားကာ အနောက်သို့ ယိုင်နဲ့သွားကြရသည်။ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးပင်လျှင် အံ့အားသင့်သွားပြီး ထိုအသံလှိုင်းဒဏ်ကို ခုခံရန်အတွက် စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်လိုက်ရ၏။
သူတို့ သတိပြန်ဝင်လာချိန်၌မူ သူတို့ရှေ့ ကောင်းကင်ယံ၌ ငွေရောင် နဂါးနက်သံချပ်ကာ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်၊ ချောမောခန့်ညားပြီး ရဲရင့်သော အမျိုးသားတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူသည် ထိန်းမနိုင်သိမ်းမရသော ဒေါသများဖြင့် သူတို့ကို စိုက်ကြည့်နေ၏။
"မင်းတို့လို အမှိုက်တွေက ဧကရာဇ်နဲ့ ဧကရီကို ဆဲဆိုရဲတယ်ပေါ့။ ရုပ်ဆိုးတဲ့ ဝက်မတွေ။ ဧကရာဇ်နဲ့ ဧကရီရှေ့ ပေါ်လာတာကိုက မဟာပြစ်မှုပဲ။ ဒါကို ဒီလိုစကားတွေ ပြောထွက်သေးတယ်။"
"ဘယ်ချောင်က မင်းသမီးလဲ မသိပေမဲ့ ဧကရာဇ်ကို ခုခံတဲ့အတွက် မင်းတို့တိုင်းပြည်ကို မြေလှန်ဖျက်ဆီးမှ အပြစ်ကြေမယ်။"
"ဘယ်လို တိရစ္ဆာန်မျိုးကများ အဆင့်မရှိတဲ့ မိန်းမယုတ်တွေကို မွေးလိုက်တာလဲ။ အရှက်ကင်းမဲ့လိုက်တာ။ အကုန်လုံး သေထိုက်တယ်။"
ကျောက်လုံသည် စိတ်ကို လုံးဝမထိန်းနိုင်တော့ဘဲ ရူးသွပ်သူအလား ပေါက်ကွဲနေ၏။
ယီစင်း၏ တည်နေရာကို ရှာဖွေရန်အတွက် ကျောက်လုံ၏ မျက်လုံးများ၌ စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းထားရသဖြင့် အင်ပါယာအတွင်းမှနေ၍ ပြင်ပကမ္ဘာ၌ ဖြစ်ပျက်နေသမျှကို မြင်နေ၊ ကြားနေရခြင်း ဖြစ်သည်။
ဖြစ်ပျက်နေသည့် အရာများက ဟွာရှာအင်ပါယာ တစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေကာ ရှန်ဟွမ်ကြယ် တစ်ခုလုံးကို လှုပ်ခတ်သွားစေ၏။ အထူးသဖြင့် ကျောက်လုံပင် ဖြစ်သည်။ ကျူးကော့မင်၏ ပြောကြားချက်အရ လင်းချန်သာ သူ့ကို အပြင်ထွက်ခွင့် မပေးပါက သူသည် စိတ်မရှည်မှုကြောင့် ရူးသွားနိုင်ခြေပင် ရှိနေသည်။
အစေခံမတစ်ဦးသည် ကျောက်လုံ၏ စကားကို ကြားသည့်အခါ ကမ္ဘာပေါ်၌ အကြီးမားဆုံး ပြက်လုံးကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်ရယ်မောလိုက်၏။
"ဘယ်က အရူးလဲ။ ဘာဧကရာဇ်၊ ဘာဧကရီလဲ။ အောက်တန်းစားတွေကများ အဖြူရောင်ကျောက်စိမ်း မင်းဆက်ရဲ့ ပဉ္စမမြောက် မင်းသမီးရှေ့ ရိုင်းစိုင်းရဲတယ်ပေါ့။"
အစေခံမ၏ အမူအရာကို မြင်သောအခါ လင်းချန်က ခေါင်းကို တခါခါ ယမ်းရင်း ယီစင်းဘက် လှည့်လိုက်သည်။
"ဒုက္ခပါပဲ။ ကျောက်လုံတော့ တကယ်ရူးတော့မှာပဲ။ ဒါပေမဲ့ မင်းကတော့ သူ့ရဲ့ ထူးခြားတဲ့ တိုက်ကွက်ကို မြင်ရတော့မှာပေါ့။"
"ထူးခြားတဲ့ တိုက်ကွက်လား။"
လင်းချန်၏ စကားကို ကြားလိုက်ရချိန်၌ ယီစင်း၏ မျက်ဝန်းအစုံ၌ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်သွား၏။ သူမသည် ကျောက်လုံ၌ မည်သို့သော ဆန်းကြယ်သည့် စိတ်ဝိညာဉ်စွမ်းရည်မျိုး ရှိနေသနည်းဟု အမှန်တကယ်ပင် သိရှိလိုမိသည်။
"ပြိုင်ဘက်ကင်း။"
ယီစင်း၏ စူးစမ်းလိုစိတ်တို့ အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်မှာပင် ကျောက်လုံ၏ ဟိန်းဟောက်သံကြီး ထပ်မံထွက်ပေါ်လာပြန်ရာ သူမ၏ အာရုံတို့မှာ ကျောက်လုံရှိရာဘက်သို့ ရောက်ရှိသွားပြန်၏။
ရှန်ဟွမ်ကြယ်ပေါ်ရှိ ဟွာရှာအင်ပါယာမှ သတ္တဝါများ၏ ထူးခြားချက်မှာ ဖျော့တော့သော အဝါရောင်ရှိသည့် ဟွာရှာစိတ်ဝိညာဉ်စွမ်းအားပင် ဖြစ်သည်။ အခြားသော စိတ်ဝိညာဉ်စွမ်းအားအမျိုးအစားဟူ၍ မရှိဘဲ ကျောက်လုံသည်လည်း ထိုနည်းတူစွာပင် ဖြစ်၏။
သို့သော်လည်း ယခုအချိန်၌မူ သူ၏ ခန္ဓာကိုယ်ထက်၌ တောက်ပသည့် အနီရောင်အရှိန်အဝါတို့က လျှပ်ခနဲ ဝင်းလက်နေသည်။ ထိုအရှိန်အဝါတို့၌ သွေးညှီနံ့ဟူ၍ အလျဉ်းမရှိဘဲ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော တိုက်ခိုက်လိုစိတ်များဖြင့်သာ ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ရှိ လေထုကိုပင် ဖိအားပေးနေသကဲ့သို့ ရှိနေ၏။
'ခန္ဓာကိုယ်က အနီရောင်အလင်းတွေ ထွက်လာတာလေးနဲ့ပဲ ဆန်းကြယ်တဲ့ စိတ်ဝိညာဉ်စွမ်းရည်လို့ ခေါ်တာလား။'
ယီစင်းတစ်ယောက် ဇဝေဇဝါ ဖြစ်နေရရုံတင်မကဘဲ မျက်နှာချင်းဆိုင်ရှိ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးနှင့် သူမ၏ အစေခံမနှစ်ဦးမှာလည်း လှောင်ပြောင်ရယ်မောလိုက်ကြသည်။
သူတို့၏ အမြင်၌မူ ခန့်ညားသည့် စကားလုံးများဖြင့် ဟိန်းဟောက်လိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာ ရှိမလာဟု ထင်မြင်နေကြခြင်းပင် ဖြစ်၏။ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးသည်လည်း ခေါင်းကို ခါယမ်းလိုက်သည်။ သူမရှေ့ရှိ သံချပ်ကာဝတ်ဆင်ထားသော စစ်သူကြီးနှင့်တူသည့် အမျိုးသားမှာ သေခြင်းရှင်ခြင်းနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း ခန္ဓာနယ်ပယ်အဆင့်မျှသာ ရှိသေးသဖြင့် စိုးရိမ်စရာမရှိဟု ယူဆထား၏။
"ဝုန်းးး"
ထိုခဏ၌ ကျောက်လုံ၏ နောက်ကွယ်ရှိ လေထုမှာ ရုတ်တရက် ပေါက်ကွဲသွားကာ သူသည် ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားသည်။
ကောင်းကင်ယံ၌ ဖျော့တော့သည့် အနီရောင် အရိပ်ငွေ့အချို့သာ ကျန်ရစ်၏။
ရှေ့မှလူ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကြောင့် အစေခံမနှစ်ဦးမှာ မှင်တက်သွားရပြီး ရင်ထဲ၌ ထိတ်လန့်သွားကြရသည်။ နှစ်ရှည်လများ တိုက်ပွဲဝင်သည့် အတွေ့အကြုံများကြောင့် သူတို့သည် စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်ပြီး အခိုင်မာဆုံးသော ကာကွယ်ရေးအတားအဆီးကို ဖန်တီးကာ စုပေါင်းတိုက်စစ်အနေအထားကို ပြင်ဆင်လိုက်ကြ၏။
သူတို့ အနေအထား ပြင်ဆင်ပြီးရုံမျှရှိသေးသော်လည်း ပျောက်ကွယ်သွားသည့် ကျောက်လုံမှာ သူတို့၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အစေခံမနှစ်ဦး၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှသည်ဟု ဆိုရပေလိမ့်မည်။ သို့သော်လည်း ကျောက်လုံ၏ မျက်ဝန်းထဲ၌မူ ဒေါသအရှိန်အဟုန်များအပြင် အထင်အမြင်သေးမှုနှင့် လှောင်ပြောင်မှုတို့သာ ရှိနေ၏။
ကျောက်လုံ၏ လက်ထဲရှိ ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် လှံရှည်ကြီးသည် အစေခံမနှစ်ဦးထံသို့ တစ်ချက်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ဝင့်၍ ရိုက်ချလိုက်သည်။
"ဝုန်းးး"
ပြင်းထန်လှသော ထိမှန်သံကြီးနှင့်အတူ အစေခံမနှစ်ဦးမှာ ကောင်းကင်ယံ၌ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားကာ ဤကမ္ဘာပေါ်မှ ထာဝရ ပျောက်ကွယ်သွား၏။
ကျောက်လုံ၏ မျက်လုံးများထဲ၌ သနားညှာတာမှုဟူ၍ အစအနမျှပင် မရှိပေ။ သူ၏လှံဖြင့် သတ်လိုက်သောသူများမှာ လှပသည့် အမျိုးသမီးများမဟုတ်ဘဲ အထွတ်အထိပ် ဘုန်းအာဏာကို စော်ကားသည့် ရုပ်ဆိုးလှသော ဝက်မများသာ ဖြစ်သည်။
ထိုမိန်းမယုတ်သည် သူ၏ အရှင်သခင်အား လက်တစ်ဖက်ဖြတ်ရန်၊ လျှာထုတ်ရန်နှင့် ကျွန်ခံရန်ပင် ပြောဆိုရဲသည် မဟုတ်လား။
ထိုအကြောင်းကို တွေးမိသည်နှင့် ကျောက်လုံမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ သူ၏ ပြင်းထန်လှသည့် အရှိန်အဝါဖြင့် ပတ်ဝန်းကျင်ရှိ သွေးမြူများကို ဖယ်ရှားကာ ထိတ်လန့်တုန်လှုပ်နေသော နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးထံသို့ ပြေးဝင်သွား၏။
"သေစမ်း။"
ထိုအမျိုးသမီး တုံ့ပြန်ရန်ပင် အချိန်မရသေးမီမှာပင် ကျောက်လုံသည် သူမ၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ကာ သူ၏လှံကို အားကုန် ထိုးနှက်လိုက်သည်။
အမျိုးသမီး ဖြစ်နေသည့်အတွက်ကြောင့် ညှာတာမှုဟူ၍လည်း လုံးဝမရှိချေ။ ကျရောက်လာသည့် လှံချက်ကို ကြည့်ရင်း နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးမှာ မှင်တက်နေ၏။
အရှိန်မှာ အလွန်ပင် လျင်မြန်လွန်းလှသဖြင့် သူမ မည်သို့မျှ တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။ သူမသည် သေခြင်းရှင်ခြင်းနယ်ပယ်၏ စိတ်ဝိညာဉ်နယ်ပယ်အဆင့်၌ ရှိသော်လည်း ပြိုင်ဘက်မှာ ခန္ဓာနယ်ပယ်အဆင့်မျှသာ ရှိသည်မဟုတ်လား။ မည်သည့်အတွက်ကြောင့် သူ၏ အရှိန်မှာ သူမ ရှင်းရှင်းလင်းလင်းပင် မမြင်နိုင်လောက်အောင် လျင်မြန်နေရသနည်း။
"ဒုန်းးး"
နားကွဲမတတ် ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာသော်လည်း ကျောက်လုံ၏ လှံသည် ထိုအမျိုးသမီးကို တိုက်ရိုက်ထိမှန်ခြင်း မရှိပေ။
ထိုအစား အေးစက်သော လေထုဖြင့် ဖုံးလွှမ်းထားသည့် အတားအဆီးတစ်ခုကိုသာ သွားရောက်ထိမှန်ခြင်း ဖြစ်၏။ အမျိုးသမီး၏ ပတ်ဝန်းကျင်၌ စုစည်းနေသော ထိုနှင်းခဲအတားအဆီးသည် အလွန်ပင် ကြွပ်ဆတ်လွယ်ပုံ ပေါ်သော်လည်း ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာလှသည်။
ကျောက်လုံ၏ လှံချက်ကို ထိမှန်ပြီးနောက်၌ ယင်း၏ မျက်နှာပြင်ထက်၌ အက်ကွဲကြောင်းအချို့သာ ပေါ်ထွက်လာ၏။ သို့သော်လည်း လှံချက်မှ ပါလာသည့် ကြီးမားလှသော အရှိန်အဟုန်မှာမူ သူမအား အမှန်တကယ်ပင် ရိုက်ခတ်သွားသည်။
ဤခဏ၌ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးမှာ နှင်းခဲလုံးကြီးတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ဖြစ်နေကာ ကျောက်လုံ၏ လှံချက်ကြောင့် လွင့်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွား၏။
ထိုအမျိုးသမီး အမှန်တကယ်ပင် လွင့်ထွက်သွားသည်ကို မြင်သည့်အခါ ကျောက်လုံမှာ ထိတ်လန့်သွားရသည်။ သူသည် မိမိ၏ အရှင်သခင်ကို စော်ကားသော သူကို မည်သို့လျှင် လွတ်မြောက်ခွင့် ပေးနိုင်မည်နည်း။
စိုးရိမ်စိတ်ဖြင့် ကျောက်လုံသည် သူမနောက်သို့ လိုက်ရန် ပြင်လိုက်သော်လည်း သူ၏ ကိုယ်ပေါ်ရှိ အနီရောင်အရှိန်အဝါတို့မှာ ကွယ်ပျောက်သွားကာ ပြေးထွက်တော့မည့် သူ၏ ခန္ဓာကိုယ်မှာလည်း ရပ်တန့်သွား၏။
သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ဟွာရှာစိတ်ဝိညာဉ်စွမ်းအားများကို ပြန်လည်လည်ပတ်ကာ ထပ်မံ လိုက်လံရန် ပြင်ဆင်လိုက်ပြန်သည်။ ကျောက်လုံက ဆက်လက် လိုက်လံရန် ပြင်ဆင်နေသည်ကို မြင်သည့်အခါ လင်းချန်က အလျင်အမြန် တားဆီးလိုက်၏။
"ပြန်လာခဲ့စမ်း။"
လင်းချန်၏ အော်သံကို ကြားလိုက်ရသဖြင့် ကျောက်လုံမှာ အရှင်သခင်၏ အမိန့်ကို မလွန်ဆန်ဝံ့ဘဲ ပြန်လှည့်လာရသည်။ သူသည် အရှက်ရနေသည့် မျက်နှာပေးဖြင့် လင်းချန်ရှေ့၌ ခေါင်းငုံ့လိုက်၏။
"အရှင်မင်းကြီး... ကျွန်တော့်ကြောင့် သူ လွတ်သွားပါပြီ။ ကျွန်တော့်ကို အပြစ်ပေးပါ။ သူ့နောက်ကို လိုက်ပြီး ဦးခေါင်းကို ဖြတ်ယူခွင့်ပြုခြင်းဖြင့် ကျွန်တော့ရဲ့ အပြစ်ကို ဆေးကြောခွင့်ပေးပါ။"
ကျောက်လုံ၏ စကားအဆုံး၌ လင်းချန်က သူ့အား တစ်ချက် ကန်လိုက်ရာ သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွားပြီးမှ ဟန်ချက်ပြန်ထိန်းနိုင်၏။
"စင်းအာ... ကျောက်လုံရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်ကို အသက်သွင်းလိုက်ရင် ခွန်အား၊ အရှိန်နဲ့ တုံ့ပြန်မှုတွေက ၁၀ ဆလောက် တိုးလာတာ။"
လင်းချန်က စူးစမ်းလိုနေဆဲဖြစ်သည့် ယီစင်းအား ရှင်းပြလိုက်သည်။
"ဒါပေမဲ့ အဲဒီလိုပဲ... စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းမှုကလည်း ပုံမှန်ထက် အဆ ၁၀၀ လောက် ပိုများသွားတယ်။ အစွမ်းတွေ အကုန်လုံး ၁၀ ဆ တိုးလာတာပေါ့။ ဒါကြောင့်လည်း အဲဒီလှံချက်က ဒီလောက် အစွမ်းထက်နေတာကိုး။"
ကျောက်လုံ၏ ပြိုင်ဘက်ကင်း စွမ်းရည်အကြောင်း အသေးစိတ် သိရှိသွားသည့်အခါ ယီစင်း၏ မျက်ဝန်းများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားကာ ထိုစွမ်းရည်ကို သူမကိုယ်တိုင်ပင် လေ့လာလိုစိတ် ပေါက်သွား၏။
ကံဆိုးစွာဖြင့် ဤစွမ်းရည်မှာ လင်းချန် ကမ္ဘာကူးပြောင်းလာစဉ်က ပါလာသော အတိတ်ဘဝ ဂိမ်းထဲမှ စွမ်းရည်တစ်ခုဖြစ်သဖြင့် အခြားသူများကို သင်ကြားပေး၍ မရနိုင်သည့်အရာ ဖြစ်သည်။
ပြိုင်ဘက်ကင်း စွမ်းရည်၏ ထူးခြားချက်များကို ရှင်းပြပြီးနောက် လင်းချန်က ကျောက်လုံအား တစ်ဖန် လှည့်ကြည့်လိုက်၏။
"မင်းရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်က အလိုအလျောက် ရပ်တန့်သွားပြီ။ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်ခမ်းသလောက် ဖြစ်နေပြီ မဟုတ်လား။ မင်းရဲ့ လက်ရှိစိတ်ဝိညာဉ်စွမ်းအားနဲ့ဆိုရင် ပြိုင်ဘက်ကင်း စွမ်းရည်က အသက်ရှူ ၁၂ ချက်စာလောက်ပဲ ခံမှာ။ အခု အဲဒီအချိန်က ကုန်သွားပြီ။
စိတ်ဝိညာဉ်စွမ်းအားတွေ ဒီလောက် ကုန်ခမ်းနေတဲ့ အခြေအနေနဲ့ ဘာနဲ့ သွားတိုက်မှာလဲ။ မင်းက သေဖို့ လိုက်သွားမှာလား။ ဒေါသကြောင့် မင်းရဲ့ ဆင်ခြင်တုံတရားကို ဖုံးကွယ်မခံပါနဲ့။"
လင်းချန်၏ ဆုံးမစကားကို ကြားရမှသာ ကျောက်လုံမှာ တဖြည်းဖြည်း တည်ငြိမ်သွားကာ သူမနောက်သို့ လိုက်ရန် မပြောတော့ပေ။
လင်းချန်သည် ထိုအမျိုးသမီး လွင့်ထွက်သွားရာ အရပ်မျက်နှာသို့ ကြည့်လိုက်သည်။
"ဒီကမ္ဘာငယ်လေးထဲမှာ တစ်နှစ်တောင် ကျန်သေးတာပဲ။ သူ ရှေးဟောင်းအမွေအနှစ်နယ်မြေထဲကနေ စောစောစီးစီး ထွက်မသွားဘူးဆိုရင် လွတ်အောင် မပြေးနိုင်ပါဘူး။"
"အဲဒီအတွက် အများကြီး စိတ်ပူမနေနဲ့... ပေးဆပ်ရမယ့် အကြွေးကတော့ တစ်နေ့နေ့မှာ ပေးဆပ်ရမှာပဲ။"
ထိုအချိန်မှာပင် အနက်ရောင် အလင်းတန်းနှစ်ခုမှာ ကောင်းကင်ယံသို့ ရုတ်တရက် ပျံတက်လာ၏။
ထိုအလင်းတန်းများသည် ကျောက်လုံ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် သွေးမြူများထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ သူ၏ လက်ဖမိုးထက်သို့ တံဆိပ်ခတ်နှိပ်လိုက်သကဲ့သို့ ကျရောက်သွားသည်။ ယင်းနောက်၌ ကျောက်လုံ၏ လက်ဖမိုးထက်၌ အနက်ရောင် ပုံရိပ်နှစ်ခု ပေါ်လာကာ ယင်းမှာ စမ်းသပ်မှုအမှတ်ဟု ခေါ်ဆိုသော အရာပင် ဖြစ်၏။
လင်းချန်၏ မျက်ဝန်းတို့မှာ ကျဉ်းမြောင်းသွားကာ ကျောက်လုံ၏ လက်ပေါ်မှ တံဆိပ်ကို ကြည့်ရင်း ရင်ထဲ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားရသည်။
ကျောက်လုံ၏ လက်ကို စစ်ဆေးနေစဉ်မှာပင် လင်းချန် အောက်ဘက်ရှိ တောအုပ်ဆီသို့ လှမ်းကြည့်လိုက်မိရာ မမျှော်လင့်ထားသည့် အမူအရာတစ်ခု ပေါ်လာပြီး အောက်ဘက်သို့ အလျင်အမြန်ပင် ဆင်းသက်သွားလိုက်၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၁ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team