အခန်း ၂၉၂
Vol. 30 Ch. 292
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၂
ဘာသာပြန် - Ko Yoohtoo
True Immortal Team
တစ်ချိန်တည်းမှာပင် လင်းချန်တို့နှင့် အတော်လေးဝေးကွာသည့် နေရာတစ်ခုရှိ မြေပြင်ပေါ်၌ ကျယ်ပြန့်သော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်နေ၏။
ထိုသည်မှာ တစ်စုံတစ်ရာက မြေပြင်သို့ ပြင်းထန်စွာ ရိုက်ခတ်မိပြီးနောက် တရွတ်တိုက် ဆွဲသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အမှတ်အသားဖြစ်ကြောင်း ထင်ရှားလှသည်။
ထိုချိုင့်ဝှမ်းကြီးကြောင့် ပျက်စီးသွားသော စိတ်ဝိညာဉ်သစ်တောများမှာလည်း အပိုင်းပိုင်းပြတ်တောက်နေလေပြီ။
ချိုင့်ဝှမ်းကြီး စတင်ရာနေရာ၌မူ သစ်စသစ်နများမှာ အမှုန့်ဖြစ်သွားသည်အထိ ကြေမွနေပြီး ကောင်းကင်ယံမှ အရာဝတ္ထုတစ်ခု အရှိန်အဟုန်ဖြင့် ကျဆင်းလာကာ ဤအခြေအနေသို့ ရောက်သည်အထိ ရိုက်ခွဲပစ်လိုက်ခြင်းပင် ဖြစ်၏။
ထိုချိုင့်ဝှမ်းကြီး၏ အဆုံးရှိ ကျင်းအတွင်း၌မူ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးတစ်ယောက်မှာ ဝတ်စားဆင်ယင်မှုများ ဖရိုဖရဲဖြစ်လျက် ရပ်နေသည်။
သူမ၏ မျက်နှာထက်၌ ဒေါသအရှိန်အဟုန်များအပြင် အလွန်အမင်း နှမြောတသဖြစ်နေသော အရိပ်အယောင်များလည်း ထင်ဟပ်နေ၏။
အစောပိုင်းက ကျောက်လုံ၏ တိုက်ခိုက်မှုဒဏ်မှ သူမအား ကာကွယ်ပေးခဲ့သည့် နှင်းခဲအတားအဆီးမှာ သူမ၏ ကိုယ်ပိုင်စွမ်းအားမှ ပေါ်ထွက်လာခြင်း မဟုတ်ပေ။
ထိုသည်မှာ ဤကမ္ဘာငယ်လေးအတွင်းသို့ မဝင်ရောက်မီက သူမ၏ ခမည်းတော် ဧကရာဇ်ကိုယ်တိုင် ရေးထိုးပေးထားခဲ့သော အဆောင်လက်ဖွဲ့တစ်ခုသာ ဖြစ်သည်။
အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်၌ အလိုအလျောက် အသက်ဝင်ကာ ကာကွယ်ပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်၏။
တောင်ပိုင်းတွေ့ဆုံပွဲသို့ လာရောက်ကြသည့် ပါရမီရှင်အများစုမှာ ကြီးမားသော နောက်ခံအင်အားစုကိုယ်စီ ရှိကြသည်ဖြစ်ရာ မည်သူကများ လျှို့ဝှက်လက်နက် သို့မဟုတ် အကြီးအကဲများ၏ အကူအညီများ မရှိဘဲ နေမည်နည်း။
ခမည်းတော် ရေးထိုးပေးလိုက်သည့် ထိုအဆောင်လက်ဖွဲ့မှာ နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးအတွက် အသက်ကယ်လက်နက်ပင် ဖြစ်သည်။
မူလက သူမသည် ထိုအသက်ကယ်အဆောင်အား အရေးအကြီးဆုံး အခိုက်အတန့်ကျမှသာ အသုံးပြုရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။ ထိုသို့ အသုံးပြုပြီးလျှင်လည်း တန်ဖိုးရှိသော ဆုလာဘ်များအား ပြန်လည်ရရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။
သို့သော် ရလဒ်က မည်သို့နည်း။ သူမ၏ အဖိုးတန်လှသည့် အသက်ကယ်လက်နက်မှာ ကျောက်လုံ၏ လှံချက်ကြောင့် အသုံးပြုလိုက်ရပြီး သူမကိုယ်တိုင်လည်း ဤကဲ့သို့ ကျင်းထဲ၌ ဖရိုဖရဲဖြင့် ရပ်နေရလေပြီ။
ခမည်းတော်၏ အဆောင်လက်ဖွဲ့ကြောင့်သာ အသက်ရှင်လျက် ဤနေရာ၌ ရပ်နေနိုင်ခြင်း ဖြစ်သော်ငြား ဤရလဒ်မှာ သူမ စိတ်ကူးထားခဲ့သော အခြေအနေနှင့် လုံးဝကို ကွဲပြားခြားနားနေသဖြင့် ဘယ်သောအခါမှ လက်ခံနိုင်ဖွယ်မရှိသည့် အရာပင် ဖြစ်သည်။
နန်းတွင်းဝတ်စုံဝတ် အမျိုးသမီးက ဒေါသတကြီး ပြောလိုက်သည်။ "အဲဒီ မိန်းမယုတ်နဲ့ အဲဒီ အောက်တန်းစားတွေဆီမှာ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ လက်အောက်ငယ်သား ရှိနေရတာလဲ"
ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို တွေးမိတိုင်း ထိုအမျိုးသမီးမှာ ဒေါသကြောင့် အံကြိတ်မိပြီး လင်းချန်တို့ အုပ်စုအား အရှင်လတ်လတ် အရေခွံခွာပစ်ချင်စိတ်များ ပေါက်လာ၏။
သို့သော် သံချပ်ကာဝတ် အမျိုးသားက လှံတစ်ချက်တည်းနှင့် သူမ၏ အစေခံမများကို သွေးမြူဖြစ်အောင် ချေမှုန်းပစ်ခဲ့ပုံနှင့် ခမည်းတော်၏ အဆောင်လက်ဖွဲ့ကိုပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့ပုံကို ပြန်လည် မြင်ယောင်လာမိချိန်၌မူ ရင်ထဲ၌ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားရ၏။
သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် အနီရောင်အလင်းများ ထွက်ပေါ်လာခြင်းမှာ ဆန်းကြယ်သော စိတ်ဝိညာဉ်သိုင်းစွမ်းရည်ကို အသုံးပြုလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်လည်း ဤမျှ စွမ်းအားကြီးမားနေခြင်း ဖြစ်လေမည်။
"ငါ့ခွန်အားနဲ့တော့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ နောင်တော့်ဆီကနေ အကူအညီတောင်းဖို့ပဲ ရှိတော့တယ်။" ဟု သူမ တွေးတောရင်း ကောင်းကင်ယံသို့ ပျံတက်ကာ ပျောက်ကွယ်သွားသည်။
နန်းတွင်းဝတ်စုံဝတ် အမျိုးသမီး ထွက်ခွာသွားချိန်၌ လင်းချန်မှာမူ အောက်ဘက်ရှိ တောအုပ်အတွင်းသို့ ဆင်းသက်သွား၏။
ထိုနေရာ၌ ကြီးမားလှသည့် စိတ်ဝိညာဉ်သားရဲကြီးတစ်ကောင်မှာ "ဝေါင်းးး" ဟု ဟိန်းဟောက်လျက် ရှေ့သို့ ပြေးဝင်လာ၏။
ထိုစိတ်ဝိညာဉ်သားရဲကြီးမှာ အနက်ရောင် နွားသိုးကြီးတစ်ကောင်နှင့် တူပြီး ဦးခေါင်းပေါ်၌ အလွန် ထက်မြက်လှသော ဦးချိုနှစ်ချောင်း ရှိနေ၏။
ထိုဦးချိုများ၌ ရွှေစွမ်းရည် စိတ်ဝိညာဉ်စွမ်းအားများ စုစည်းနေသဖြင့် ထိုးဖောက်နိုင်စွမ်းမှာ အလွန်တရာ မြင့်မားလှ၏။
သားရဲကြီး၏ သန်မာလှသည့် ခန္ဓာကိုယ်နှင့် ခြေလက်များရှိ ကြွက်သားများကလည်း သူ၏ ကြီးမားလှသော ခွန်အားကို ထင်ရှားစေသည်။
သို့သော်လည်း ထိုသားရဲကြီးမှာ လင်းချန်၏ လက်ထဲ၌ ရပ်တန့်သွား၏။
သူ၏ ဦးချိုများကို လင်းချန်က မြဲမြံစွာ ဖမ်းဆုပ်ထားသဖြင့် လုံးဝ လှုပ်ရှား၍ မရတော့ချေ။
သားရဲကြီးသည် ခြေထောက်များဖြင့် မြေကြီးအား ကုတ်ခြစ်ကာ ဖုန်မှုန့်များ ထသွားသည်အထိ ရုန်းကန်နေသော်ငြား လင်းချန်၏ လက်မှ လွတ်မြောက်ခြင်းမရှိသလို တစ်လက်မမျှပင် ရွေ့လျားအောင် မလုပ်နိုင်ချေ။
ထိုခဏ၌ လင်းချန်သည် သားရဲကြီး၏ ဦးခေါင်းထိပ်အား စိုက်ကြည့်နေမိ၏။
ထိုနေရာ၌ သူ၏ လက်ဖမိုးထက်ရှိ ပုံရိပ်နှင့် ဆင်တူသည့် အနက်ရောင် အမှတ်အသားတစ်ခု ရှိနေသည် မဟုတ်ပါလော။
စိတ်ဝိညာဉ်သားရဲများ၏ ခွန်အားမှာ သေခြင်းရှင်ခြင်းနယ်ပယ်၏ ခန္ဓာနယ်ပယ်အဆင့်ခန့်၌ ရှိပြီး သာမန် သိုင်းဝိညာဉ်ပညာရှင်များထက် များစွာ သန်မာကြ၏။
သို့သော် တောင်ပိုင်းတွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ပါရမီရှင်များနှင့် ယှဉ်လျှင်မူ အထူးတလည် ပြောစရာ မရှိလှပေ။
သို့သော်လည်း ဤနွားရိုင်းကြီးမှာ သာမန်သားရဲတစ်ကောင် မဟုတ်ချေ။ အကယ်၍ သူတို့ ဆယ်ကောင်ခန့်သာ တစ်ပြိုင်နက် ပေါ်လာပါက လူအများအပြားမှာ ထွက်ပြေးရန်ပင် အားအင်ကုန်ခမ်းသွားနိုင်၏။
သံချိုနွားနက်များမှာ အုပ်စုလိုက် နေထိုင်တတ်ကြသည့် စိတ်ဝိညာဉ်သားရဲများ ဖြစ်ကြသည်။
ယခု ဤနေရာ၌ တစ်ကောင်တည်း ပေါ်လာခြင်းမှာ အုပ်စုနှင့် ကွဲကွာနေပြီး တောအုပ်အတွင်း လမ်းမှားကာ ပတ်ဝန်းကျင်အား စူးစမ်းနေခြင်း ဖြစ်ပေလိမ့်မည်။
လင်းချန် ကောင်းကင်ယံမှ ဆင်းသက်လာချိန်၌ ရန်သူဟု မှတ်ယူကာ တိုက်ခိုက်ခဲ့သော်ငြား လင်းချန်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်၏။
လင်းချန်က သေချာကြည့်လိုက်သည်။ "စိတ်ဝိညာဉ်သားရဲတွေမှာလည်း စမ်းသပ်မှုအမှတ်တွေကို ပြတဲ့ အမှတ်အသားတွေ ရှိတာပဲ။ ဒါပေမဲ့ ဒီသံချိုနွားနက်မှာတော့ တစ်ခုပဲ ရှိတယ်"
သံချိုနွားနက်၏ ဦးခေါင်းထိပ်မှ အမှတ်အသားအား အတန်ကြာ စိုက်ကြည့်ပြီးနောက် လင်းချန်၏ ခန္ဓာကိုယ်ထက်၌ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားသည်။
လင်းချန်သည် ထိုမိုးကြိုးအရှိန်အဝါဖြင့် သံချိုနွားနက်ကြီးကိုပါ ပတ်ပတ်လည် ဝိုင်းပတ်ထားလိုက်၏။
"ဝေါင်းးး" ဟူသော ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီး တစ်ချက် ထွက်ပေါ်လာပြီးနောက် လေထုထဲ၌ အမဲသားကင်နံ့များ ပျံ့လွင့်လာ၏။
လက်ရှိအချိန်၌ လင်းချန်သည် ထိုအမဲသားကင်၏ အရသာကို မြည်းစမ်းကြည့်ရန် စိတ်မပါသေးချေ။
ထိုအစား သံချိုနွားနက်၏ ကျွမ်းသွားသည့် ဦးခေါင်းအတွင်းမှ အနက်ရောင် အလင်းတန်းတစ်ခု ပျံထွက်လာပြီး သူ၏ လက်ဖမိုးထက်သို့ ကပ်ပါသွားသည်ကိုသာ စိုက်ကြည့်နေမိ၏။
သူ၏ လက်ဖမိုးထက်ရှိ အနက်ရောင်ပုံရိပ်များကြား၌ နောက်ထပ် မျဥ်းကြောင်းတစ်ခု တိုးလာ၏။
သို့သော် အခြားအရာများနှင့် မတူသည်မှာ ထိုမျဥ်းကြောင်းမှာ အလွန်ပင် သေးငယ်လှပြီး ပြည့်စုံမှုမရှိဘဲ ပုံရိပ်တစ်ခု၏ အစိတ်အပိုင်းမျှသာ ဖြစ်ပုံရ၏။ ထိုသည်မှာ သာမန် စမ်းသပ်မှုအမှတ် တစ်ခု၏ နှစ်ဆယ်ပုံတစ်ပုံမျှသာ ရှိသည်။
လင်းချန်သည် သူ၏ လက်ပေါ်မှ ပြောင်းလဲမှုအား ကြည့်ရင်း ယီစင်းအား လှည့်ကြည့်လိုက်သည်။ "တခြားသူတွေကို သတ်ပြီး အမှတ်လုတာအပြင် စိတ်ဝိညာဉ်သားရဲတွေကို သတ်တာကလည်း အမှတ်ရနိုင်တဲ့ နည်းလမ်းတစ်ခုပဲ။ ကိုယ်တို့ အခုရောက်နေတဲ့ တောအုပ်က အဲဒီအမှတ်တွေ စုဆောင်းရမယ့် နေရာပဲ ဖြစ်ရမယ်။"
လင်းချန်၏ စကားကို ကြားသည့်အခါ ယီစင်းသည် မွှေးကြိုင်နေသော သံချိုနွားနက်ကင်ကြီးကို ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ခေါင်းရမ်းလိုက်သည်။ "စမ်းသပ်မှုအမှတ်တွေ စုဆောင်းရတာက တကယ်ပဲ ဒီလောက် ရိုးရှင်းတာလား"
လင်းချန်က ပြုံးလိုက်ပြီး ယီစင်း၏ နှာခေါင်းလေးအား အသာအယာ ကလိထိုးလိုက်သည်။ "တကယ်တမ်းတော့ ဒီလောက် မရိုးရှင်းပါဘူး။ တခြားသူတွေကို သတ်ပြီး အမှတ်လုတာဖြစ်ဖြစ်၊ စိတ်ဝိညာဉ်သားရဲတွေကို သတ်ပြီး အမှတ်ယူတာဖြစ်ဖြစ်... ဒီနည်းလမ်းတွေက ကိုယ့်ဘာသာ ရှာတွေ့ခဲ့တာ မဟုတ်လား။ ဘယ်မှာမှ ညွှန်ကြားချက် ပေးမထားဘူး။ ဒါကို ကြည့်ရင် အမှတ်ရနိုင်တဲ့ တခြားနည်းလမ်းတွေလည်း ရှိနိုင်သေးတယ်။"
လင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ "အရင် စစ်မြေပြင်လမ်းကြောင်းတုန်းကတော့ အစီအရင်ကနေ လမ်းညွှန်ချက်တွေ၊ စည်းကမ်းတွေကို ထုတ်ပြန်ပေးတယ်။ အခုတော့ ဘာမှ မရှိဘူး။ ကိုယ်တို့ဘာသာ ရှာဖွေအောင် လုပ်ထားသလိုပဲ။ အရေးကြီးဆုံးအချက်က... ဒီအဆင့်ကို ကျော်ဖြတ်ဖို့ လိုအပ်ချက်တွေက ဘာလဲဆိုတာပဲ။"
ထိုသို့ ကြားသည့်အခါ ယီစင်းလည်း ထိတ်လန့်သွားရသည်။ သို့သော် သူမ၏ ဉာဏ်ရည်ဖြင့် ထိုအချက်အား ချက်ချင်းပင် သဘောပေါက်သွား၏။
အရင်က စစ်မြေပြင်လမ်းကြောင်းအား ကျော်ဖြတ်ရန် လိုအပ်ချက်မှာ ရှင်းလင်းလှ၏။
ရှေ့မှ ရုပ်သေးသုံးရုပ်အား အနိုင်ယူလိုက်လျှင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ လင်းချန်တို့ ဒုတိယအဆင့်အား ကျော်ဖြတ်ရန်အတွက်လည်း တစ်စုံတစ်ရာသော လိုအပ်ချက်များ ရှိပေလိမ့်မည်။ သို့သော် ထိုလိုအပ်ချက်များမှာ အဘယ်နည်း။
လင်းချန်က သက်ပြင်းချလိုက်သည်။ "စမ်းသပ်မှုအမှတ်တွေ များများရလေ ကောင်းလေ ဖြစ်နိုင်ပေမဲ့ ဒါက တစ်ခုတည်းသော လိုအပ်ချက်တော့ မဟုတ်လောက်ဘူး။ ကိုယ်တို့ ဆက်ပြီး စူးစမ်းရဦးမှာပဲ။"
လင်းချန် စကားဆုံးချိန်၌ သူတို့၏ ပတ်ဝန်းကျင်၌ တိရစ္ဆာန်များနှင့် ပိုးမွှားအမျိုးမျိုး ပေါ်ထွက်လာ၏။
ထိုအရာများ အားလုံးမှာ ထောက်လှမ်းရေးသားရဲများပင် ဖြစ်ကြသည်။
ထိုထောက်လှမ်းရေးသားရဲ အုပ်ကြီးမှာ ရောက်ရှိလာပြီးနောက် ချက်ချင်းပင် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကြရာ ယီစင်းမှာမူ ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေမိသည်။
သိပ်သည်းလှသည့် ထောက်လှမ်းရေးသားရဲအုပ်ကြီးအား ကြည့်ရှုရင်း ယီစင်း၏ ဦးရေပြားများပင် စိမ့်ခနဲ ဖြစ်သွားရ၏။
သူမသည် ဟွာရှာအင်ပါယာ၏ အင်အားမည်မျှ တောင့်တင်းသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသော်ငြား ယခုကဲ့သို့ အခြေအနေမျိုး၌မူ ထပ်မံ၍ ထိတ်လန့်တုန်လှုပ်မိရပြန်၏။
ငှက်အမျိုးမျိုး၏ ပုံသဏ္ဌာန်ကို ယူထားကြသော မြောက်မြားစွာသည့် ထောက်လှမ်းရေးသားရဲတို့သည် အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားကြကုန်၏။
အခြားသည့် သားရဲငယ်လေးများမှာမူ တောအုပ်အတွင်းသို့ တိုးဝင်ခြင်း၊ သစ်ပင်များပေါ်သို့ တက်ခြင်းတို့ဖြင့် သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။
သေးငယ်လှသည့် ပိုးမွှားလေးများကလည်း သစ်ခေါင်းများ၊ ကျောက်နံရံအက်ကြောင်းများအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားကြ၏။
ဤမျှများပြားလှသော ထောက်လှမ်းရေးသားရဲများ၏ အကူအညီဖြင့် ဤကမ္ဘာငယ်လေး၏ အကြောင်းအရာအားလုံးကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ယီစင်း ခန့်မှန်းမိ၏။
ယီစင်းက တွေးတောလိုက်သည်။ "တခြားသူတွေကတော့ ဒီရှေးဟောင်းအမွေအနှစ်နယ်မြေထဲကို ကိုယ်ကျိုးအတွက်ဖြစ်ဖြစ်၊ လေ့ကျင့်ဖို့အတွက်ဖြစ်ဖြစ် ဝင်လာကြတာ။ ဒါပေမဲ့ ချန်လေးကတော့... ဒီကမ္ဘာငယ်လေး တစ်ခုလုံးကို သိမ်းပိုက်ဖို့ပဲ။"
ထောက်လှမ်းရေးသားရဲများ ပျံ့နှံ့ထွက်ခွာသွားပြီးနောက်၌ လင်းချန်သည်လည်း ကောင်းကင်လက်မှုပညာဌာနမှတစ်ဆင့် အသုံးဝင်သည့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် ရရှိနေမည် ဖြစ်၏။
မူလက လင်းချန်သည် လေဟုန်စစ်သည်များအား အသုံးပြု၍ ထောက်လှမ်းရန် စဉ်းစားခဲ့သော်ငြား ထိုသည်မှာ မလိုအပ်ဘဲ ပြဿနာများကို ဖိတ်ခေါ်ရာ ရောက်နိုင်၏။
မည်သို့ပင်ဆိုစေ လင်းချန်၏ ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်နယ်ပယ်မျှသာ ရှိသေးသည် မဟုတ်ပါလော။
သူသည် ပါရမီ မည်မျှပင် ထူးချွန်သည်ဖြစ်စေ၊ တောင်ပိုင်းတွေ့ဆုံပွဲ၏ ထိပ်တန်းပါရမီရှင်များနှင့် ရင်ဆိုင်ရပါက အလွယ်တကူ အနိုင်ရရန်မှာ မဖြစ်နိုင်ကြောင်း ကိုယ်တိုင် နားလည်ထား၏။
အခြားသူများထက် အပြတ်အသတ် သာလွန်မနေသော ဤခံစားချက်ကြောင့် လင်းချန်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိ၏။
ထို့ကြောင့် သူသည် ဤကမ္ဘာငယ်လေးအတွင်း ရှိနေစဉ်မှာပင် သေခြင်းရှင်ခြင်းနယ်ပယ်၏ ခန္ဓာနယ်ပယ်အဆင့်သို့ အမြန်ဆုံး ရောက်ရှိအောင် အားထုတ်ရန် ဆုံးဖြတ်လိုက်သည်။
လင်းချန်က အမိန့်ပေးလိုက်သည်။ "ကျောက်လုံ... မောင်မင်း ဟွာရှာအင်ပါယာကို အခုချက်ချင်း ပြန်စရာမလိုသေးဘူး။ ငါ့အနားမှာပဲ ခဏနေဦး။ မောင်မင်းရဲ့ အင်အားကို လိုအပ်လိမ့်မယ်။"
ကျောက်လုံက ချက်ချင်းပင် ဦးညွှတ်လိုက်သည်။ "ဧကရာဇ်မင်းမြတ် အမိန့်တော်အတိုင်းပါပဲ... ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်။"
လင်းချန်က လက်ယပ်ခေါ်လိုက်သည်။ "သွားကြစို့... တခြားသူတွေနဲ့ သွားပေါင်းရအောင်။ လူများလေ အင်အားရှိလေပဲ။"
လင်းချန်သည် သူ၏ ညာဘက်လက်ဖဝါးအား ယီစင်းထံသို့ ကမ်းပေးလိုက်၏။
ယီစင်းကလည်း ခေါင်းညိတ်လိုက်ပြီး သူမ၏ နူးညံ့လှသည့် လက်ကလေးကို သူ၏ နွေးထွေးသော လက်ဖဝါးအတွင်းသို့ ထည့်လိုက်ရာ လင်းချန်က မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။
နောက်တစ်ခဏ၌ တောက်ပဝင့်ကြွားလှသည့် ရွှေရောင်တော်ဝင်ရထားလုံးကြီးသည် မီးလျှံသံခွာ စစ်မြင်းကိုးကောင် ဆွဲလျက် ကောင်းကင်ယံ၌ ပေါ်ထွက်လာ၏။
လင်းချန်သည် ယီစင်း၏လက်ကို ကိုင်ထားရင်း တော်ဝင်ရထားလုံးပေါ်သို့ အသာအယာ ခုန်တက်လိုက်ပြီး ကျောက်လုံကမူ ရှေ့၌ထိုင်ကာ မီးလျှံသံခွာ စစ်မြင်းကိုးကောင်အား ထိန်းကျောင်းလိုက်သည်။
စစ်မြင်းများက "ဟီီးးး" ဟု ဟီသံပေးလိုက်ကြပြီး သူတို့၏ မီးတောက်များ တောက်လောင်နေသော သံခွာများဖြင့် လေထုအား နင်းဖြတ်ကာ မီးတောက်လမ်းကြောင်းတစ်ခုကို ချန်ရစ်လျက် ခန့်ညားထည်ဝါသည့် တော်ဝင်ရထားလုံးကြီးအား လျင်မြန်စွာ ဆွဲယူသွားကြ၏။
တော်ဝင်ရထားလုံး၏ အပေါ်ဘက်၌မူ မျက်စိဖြင့် မမြင်နိုင်သည့် ကာကွယ်ရေး အတားအဆီးတစ်ခု ပေါ်ထွက်လာပြီး သူတို့အား ရိုက်ခတ်လာမည့် လေပြင်းများဒဏ်မှ ကာကွယ်ပေးထားသဖြင့် လင်းချန်နှင့် ယီစင်းတို့မှာ ကမ္ဘာငယ်လေး၏ ရှုခင်းများအား အေးအေးလူလူ ခံစားနိုင်ကြ၏။
ဤသို့သော သွားလာမှုမျိုးမှာ မူလက နဂါးကိုးကောင် ဆွဲသည့်အတွက် ပို၍ပင် ခန့်ညားထည်ဝါလှသော်ငြား ထိုနဂါးများ၏ အင်အားမှာ ကြီးမားလွန်းလှသဖြင့် လင်းချန်အနေဖြင့် ဟွာရှာအင်ပါယာမှ ဆင့်ခေါ်ရန် မဖြစ်နိုင်သေးပေ။
ထိုနဂါးကိုးကောင်မှလွဲ၍ အခြားသည့် သားရဲစစ်သည်များကလည်း ထိုတော်ဝင်ရထားလုံးအား ဆွဲရန် အရည်အချင်း မပြည့်မီကြချေ။
ထို့ကြောင့် လင်းချန်သည် အကောင်းဆုံး အစားထိုးမှုအဖြစ် ဤမီးလျှံသံခွာ စစ်မြင်းကိုးကောင်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ဤအရာကပင် အလွန်အမင်း ခမ်းနားထည်ဝါလှလေပြီ။ တော်ဝင်ရထားလုံး ဖြတ်သန်းသွားချိန်၌ ကမ္ဘာငယ်လေးအတွင်းသို့ ရောက်ရှိနေကြသော ပါရမီရှင်အချို့မှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသည့် မီးလျှံတန်းကြီးအား မော့ကြည့်လိုက်ကြကုန်၏။
အချို့ကမူ လင်းချန်သည် အလွန်အမင်း ကြွားဝါလွန်းသည်ဟု ထင်မြင်ကာ မျက်မှောင်ကြုတ်ကြသော်ငြား အချို့ကမူ သူတို့ကိုယ်ပိုင် ရထားလုံးများမှာလည်း ဤသို့ အရှိန်အဝါရှိသည်ဖြစ်ရာ အရေးတယူ မလုပ်ကြချေ။
ကျောက်လုံ၏ ထိန်းကျောင်းမှုအောက်၌ တော်ဝင်ရထားလုံးမှာ အလွန်ပင် တည်ငြိမ်လှသဖြင့် ယီစင်းသည် လင်းချန်၏ ပခုံးကို မှီလိုက်ရင်း အိပ်စက်ချိုမြိန်ခြင်းဆီသို့ နစ်မြောသွား၏။
ယီစင်း အစောပိုင်းက ရင်ဆိုင်ရသော အစေခံမလေးဦးမှာ အလွန်ပင် ထူးခြားဆန်းပြားလှသည့် စုပေါင်းတိုက်စစ် နည်းပညာကို အသုံးပြုခဲ့ကြသဖြင့် ထိုအရာအား တန်ပြန်ရန်အတွက် စိတ်အင်အားများစွာ ကုန်ခမ်းခဲ့ရရှာ၏။
ထို့ကြောင့် အိပ်စက်ခြင်းမှာ သူမ၏ စိတ်ဝိညာဉ်အား ပြန်လည်နုပျိုစေရန်နှင့် အားအင်ပြန်လည်ရရှိရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်၏။
မကြာမီမှာပင် လင်းချန် ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိလာခဲ့သော်ငြား သူတို့မှလွဲ၍ အခြားသူများ ရောက်မလာကြသေးပေ။
နည်းဗျူဟာမြေပုံအရ အခြားသူများမှာ အတော်လေး ဝေးကွာနေသေးလေပြီး ပုံမှန်အရှိန်ဖြင့်သာ လာနေကြသည်ကို လင်းချန် မြင်တွေ့လိုက်ရ၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၂ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team