← Chapters

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃

Vol. 30 Ch. 293

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၃

ဘာသာပြန် - Ko Yoohtoo

True Immortal Team

သူတို့သည် ယီစင်းကဲ့သို့သည့် ပြဿနာမျိုးများနှင့် မကြုံတွေ့ရဘဲ မကြာမီ ရောက်ရှိလာလိမ့်မည်ဟု ယူဆရ၏။

တော်ဝင်ရထားလုံးသည် မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး မီးလျှံခွာ စစ်မြင်းကိုးကောင်မှာလည်း အသံတစ်ချက်မျှ မထွက်ဘဲ ခေါင်းကို အေးအေးလူလူ ခါယမ်းနေကြသည်။

ကျောက်လုံသည် ခပ်လှမ်းလှမ်း၌ ရပ်ကာ ပတ်ဝန်းကျင်ကို နိုးနိုးကြားကြား စောင့်ကြည့်နေသည်။

မတော်တဆမှုများ သို့မဟုတ် ရုတ်တရက် တိုက်ခိုက်မှုများမှ ကာကွယ်ရန် ကင်းလှည့်စောင့်ရှောက်နေခြင်းပင် ဖြစ်၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ အရှင်မင်းကြီးကို စော်ကားရန်ဖြစ်စေ ၊ ဧကရီစင်း၏ အနားယူမှုကို နှောင့်ယှက်ရန်ဖြစ်စေ ကြံစည်လာပါက ကျောက်လုံသည် သူ၏ လှံကို မဆိုင်းမတွ ဝင့်ကာ ထိုသူတို့ နောင်တရသွားအောင် လုပ်ဆောင်ပေလိမ့်မည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး လင်းချန်သည် မိုးကုတ်စက်ဝိုင်းဆီမှ နေဝင်ချိန် ရှုခင်းကို ငေးကြည့်နေမိ၏။

သူ၏ နားအနီး၌မူ ယီစင်း၏ ပုံမှန်ရှိနေသည့် အသက်ရှူသံလေးကို ကြားနေရ၏။

ဤခဏ၌ သူ၏ စိတ်နှလုံးမှာ အလွန်ပင် တည်ငြိမ်အေးချမ်းနေရသည်။ သူသည် သူ၏ ဘေးရှိ စေ့စပ်ထားသူကို ငေးကြည့်ရင်း ကြည်နူးစွာ ပြုံးလိုက်မိ၏။

လင်းချန်သည် သူ၏ အတိတ်ဘဝ ပထမပိုင်းကာလများကို ပြန်လည် မြင်ယောင်နေမိသည်။

သူသည် မိဘမဲ့တစ်ဦး ဖြစ်ခဲ့ပြီး တစ်ကိုယ်တည်း အထီးကျန်ခဲ့ရ၏။ သူ့ကို ချစ်မြတ်နိုးမည့် မိန်းကလေးဟူ၍လည်း မရှိခဲ့ပေ။

သူ့၌ မွေးစားမိဘများ ရှိခဲ့သော်လည်း မကြာမီမှာပင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင့် ဆုံးပါးသွားခဲ့ကြသည်။

ကြီးမားသည့် အမွေအနှစ်များကို ဆက်ခံခဲ့ရသော်လည်း သူ၏ ရင်ထဲ၌မူ အမြဲတမ်း ဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီး အထီးကျန်နေခဲ့ရ၏။

သူ၏ တစ်ခုတည်းသော ထွက်ပေါက်မှာ ဂိမ်းကစားခြင်းများသာ ဖြစ်ခဲ့ပြီး ထိုအတွင်းမှ ဇာတ်ကောင်များမှာ ခံစားချက်မရှိသည့် အချက်အလက်များသာ ဖြစ်သော်လည်း သူ့အတွက်မူ လုံခြုံမှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့ပေ။

ထို့ကြောင့်လည်း သူသည် အတိတ်ဘဝတုန်းက ဟွာရှာအင်ပါယာမှ စစ်သည်များ အမှန်တကယ် အသက်ဝင်လာရန် အမြဲ ဆုတောင်းခဲ့မိခြင်းပင် ဖြစ်၏။

ယခုမူ လင်းချန်မှာ တစ်ကိုယ်တည်း မဟုတ်တော့ပေ။ ဤဘဝ၌ သူ့ကို ချစ်မြတ်နိုးသည့် မိဘများ ၊ ချစ်သူ ၊ ဂရုစိုက်သော ဆရာနှင့် သူကိုယ်တိုင် ရရှိထားသည့် သူငယ်ချင်းများ ရှိနေလေပြီ။

သာ၍ အရေးကြီးသည်မှာ သူ့၌ အမှန်တကယ် အသက်ဝင်နေသည့် ဟွာရှာအင်ပါယာကြီး ရှိနေခြင်းပင် ဖြစ်၏။

ယီစင်းသည် မည်သည့်အချိန်က နိုးလာသည် မသိဘဲ လင်းချန်အား ပြုံးကြည့်လိုက်သည်။ "ချန်လေး... ရှင့် ကြည့်ရတာ အရမ်းပျော်နေပုံပဲ။"

လင်းချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာထက်၌ အပြုံးများ ပြည့်နှက်နေသော်လည်း မျက်ဝန်းထဲ၌မူ မျက်ရည်များ ဝဲနေ၏။

လင်းချန်က ပြုံးလိုက်သည်။ "အင်း... ကိုယ် အရမ်း ပျော်နေတယ်။"

ယီစင်းက လင်းချန်၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

လင်းချန် မျက်ရည်ကျနေသော်လည်း သူ စိုးစဉ်းမျှ ဝမ်းနည်းမနေကြောင်း ယီစင်း ခံစားမိသည်။

သူမအား ကြည့်သည့်အကြည့်မှာလည်း တစ်စုံတစ်ခုအား ယုံကြည်စိတ်ချစွာ အပ်နှံထားသကဲ့သို့ ခံစားရသည်။

ယီစင်းသည် လင်းချန်က သူမအပေါ် မှီခိုနေသည့် ဤခံစားချက်ကို နှစ်သက်လှသည်။ သူတို့ ငယ်စဉ်က လင်းချန် အနိုင်ကျင့်ခံရတိုင်း သူမကသာ အမြဲတမ်း ရှေ့ကနေ ကာကွယ်ပေးခဲ့သည် မဟုတ်ပါလော။

မသိစိတ်အတွင်းမှာပင် လင်းချန်နှင့် ယီစင်းတို့၏ စွမ်းအင်များမှာ ဒွန်တွဲသွားပြီး သူတို့၏ အရှိန်အဝါများမှာ ပြင်းထန်စွာ ထွက်ပေါ်လာ၏။

"ဝုန်းးး"

သူတို့နှစ်ဦး၏ အရှိန်အဝါကြောင့် တော်ဝင်ရထားလုံးတစ်ခုလုံး တုန်ခါသွားရပြီး ကင်းစောင့်နေသည့် ကျောက်လုံမှာလည်း ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။ လင်းချန်နှင့် ယီစင်းတို့မှာ လက်ချင်းချိတ်ကာ တင်ပလ္လင်ခွေထိုင်လျက် မျက်နှာချင်းဆိုင် ရှိနေကြသည်ကို တွေ့လိုက်ရ၏။

ခဏမျှ အံ့အားသင့်သွားပြီးနောက် ကျောက်လုံမှာ ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားသည်။

သူ၏ လက်ထဲ၌ ဖြူဖွေးသည့် လှံမှာ ချက်ချင်း ပေါ်ထွက်လာပြီး စိတ်ဝိညာဉ်စွမ်းအားများကို အမြဲမပြတ် လည်ပတ်စေကာ ဖြစ်ပေါ်လာနိုင်သမျှသော အခြေအနေများအတွက် အသင့်ပြင်ထားလိုက်သည်။

**--**--**--**--**--**--**--**

"ရွှီးးး"

လေထုကို ခွင်းလိုက်သည့် အသံနှင့်အတူ အပြာရောင် စိတ်ဝိညာဉ်စွမ်းအားများ လွှမ်းခြုံထားသော လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်တစ်ဦးသည် ဝေးကွာလှသည့် အရပ်မှ ပျံသန်းလာပြီး မြေပြင်သို့ ဆင်းသက်လိုက်၏။

သူ ဆင်းသက်လိုက်သည့် အရှိန်ကြောင့် ရေစက်များမှာ အရပ်မျက်နှာအနှံ့ စဉ်ထွက်သွားပြီး သူ၏ ပုံရိပ်မှာ ထင်ရှားပေါ်လွင်လာ၏။

ချိန်းဆိုထားသည့် နေရာသို့ ဦးစွာရောက်ရှိလာသော ကျန်းဇီတဲသည် မြေပြင်ပေါ်၌ ရပ်တန့်ထားသည့် တော်ဝင်ရထားလုံးကြီးကို ကြည့်ကာ အားကျမဆုံး ဖြစ်နေမိသည်။ "ဝိုး... အစ်ကိုလင်းရဲ့ ယာဉ်က တကယ် ခန့်ညားတာပဲ။"

ထို့နောက်၌ ကျန်းဇီတဲသည် တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိသွား၏။ အဘယ်ကြောင့်ဆိုသော် ရထားလုံးပေါ်၌ ထိုင်နေသည့် လင်းချန်နှင့် ယီစင်းတို့မှာ ကျင့်ကြံခြင်းအတွင်းသို့ နစ်ဝင်နေကြသောကြောင့်ပင်။

သူ ရောက်ရှိလာစဉ်က ထွက်ပေါ်ခဲ့သည့် အသံဗလံများအရဆိုလျှင် သူတို့အနေဖြင့် သတိပြုမိသင့်သော်လည်း ယခုတိုင် အာရုံစူးစိုက် ကျင့်ကြံနေဆဲ ဖြစ်၏။

ကျန်းဇီတဲသည် စူးစမ်းလိုစိတ်ဖြင့် အနီးကပ်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခုက သူ၏ ရှေ့မှ ရုတ်တရက် ပိတ်ဆို့တားဆီးလိုက်သည်။

ကျောက်လုံသည် ကျန်းဇီတဲအား သူ၏ လှံကို မြေကြီးထဲသို့ စိုက်သွင်းကာ ရိုသေသေဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီးနဲ့ ဧကရီစင်းတို့ အဆင့်တက်ဖို့ ကျင့်ကြံနေကြပါတယ်။ ကျေးဇူးပြုပြီး စောင့်ပေးပါ။"

သူ၏ အမူအရာမှာ ခက်ထန်ခြင်းမရှိသလို ပျော့ညံ့ခြင်းလည်း မရှိပေ။

ကျောက်လုံ၏ ရှင်းပြချက်ကို ကြားသည့်အခါ ကျန်းဇီတဲသည် မျက်လုံးအပြူးသားဖြင့် တော်ဝင်ရထားလုံးဆီသို့ လှမ်းကြည့်လိုက်သည်။ "အစ်ကိုလင်းနဲ့ မရီးက အဆင့်တက်ဖို့ ကျင့်ကြံနေတာလား။"

လွန်ခဲ့သည့် ရက်များအတွင်း လင်းချန်၏ အကူအညီကြောင့် ကျန်းဇီတဲနှင့် အခြားသူများ၏ ခွန်အားမှာ မယုံနိုင်လောက်အောင် တိုးတက်လာခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့နှင့် လင်းချန်ကြားရှိ တိုက်ခိုက်ရေးစွမ်းရည် ကွာဟချက်မှာလည်း ကျဉ်းမြောင်းသွားခဲ့ပြီး ဤကမ္ဘာငယ်လေးအတွင်းသို့ မဝင်ရောက်မီမှာပင် အတိတ်က သူတို့ကိုယ်တိုင်ထက် များစွာ သာလွန်နေခဲ့ကြပြီ ဖြစ်၏။

သူတို့ထက် အဆင့်မြင့်သည့် ရန်သူများကို ပင်ကိုပါရမီ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် အနိုင်ယူနိုင်ခြင်းမှာပင် အတော်လေး ချီးကျူးဖွယ်ရာပင် ဖြစ်၏။

သို့သော်လည်း စစ်မှန်သည့် ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရာ၌မူ ကျင့်ကြံမှုအဆင့် ကွာဟချက်သည် အကြီးမားဆုံးသော အတားအဆီး ဖြစ်လာတတ်၏။

ကောင်းကင်နယ်ပယ်မှာပင် ဤမျှ စွမ်းအားကြီးမားနေသည့် လင်းချန်သည် သေခြင်းရှင်ခြင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင် မည်မျှအထိ ထိတ်လန့်ဖွယ် ကောင်းလာမည်နည်းဟု ကျန်းဇီတဲ တွေးတောနေမိ၏။

ထိုသို့ဆိုလျှင် ဤကမ္ဘာငယ်လေးအတွင်း၌ လင်းချန်ကို ယှဉ်နိုင်သူ ရှိတော့မည် မဟုတ်ချေ။

ကျန်းဇီတဲသည် သူ၏ လက်ခြောက်ဖက်ကို ရင်ဘတ်ပေါ်၌ ပိုက်ထားရင်း ကျန်လက်နှစ်ဖက်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။ "ဒီဇနီးမောင်နှံက တစ်ပြိုင်နက်တည်း အဆင့်တက်နေကြတာပေါ့... စိတ်ဝင်စားစရာပဲ။"

သေခြင်းရှင်ခြင်းနယ်ပယ်သည် ကောင်းကင်နယ်ပယ်နှင့် ကွဲပြား၏။ ကောင်းကင်နယ်ပယ်မှာ စိတ်ဝိညာဉ်စွမ်းအားများကို စုဆောင်းရခြင်းဖြစ်သော်လည်း သေခြင်းရှင်ခြင်းနယ်ပယ်သို့ တက်လှမ်းရန်မှာမူ သူတို့၏ နှလုံးသားနယ်ပယ်အပေါ်၌သာ လုံးလုံးလျားလျား မူတည်နေသည်။

နှလုံးသားနယ်ပယ်မှာ မှန်ကန်သည့် အခြေအနေသို့ ရောက်ရှိပါက သေခြင်းရှင်ခြင်းနယ်ပယ်သို့ တက်လှမ်းရန်မှာ သဘာဝအလျောက်ပင် ဖြစ်လာပေလိမ့်မည်။

မူလက လင်းချန်၏ အကူအညီဖြင့် သူတို့၏ ကျင့်စဉ်များမှာ ပိုမိုကောင်းမွန်လာခဲ့သလို ဆန်းကြယ်သည့် ဆေးရည်များကိုလည်း အသုံးပြုခဲ့ရသဖြင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး အတိုင်းအဆမရှိသော ကြည်နူးမှုကို ခံစားခဲ့ရ၏။

ထိုသို့ ခွန်အားများ လျင်မြန်စွာ တိုးတက်လာမှုကြောင့် သူတို့၏ စိတ်နှလုံးမှာ အလွန်အမင်း ဝမ်းမြောက်ကြည်နူးခဲ့ရပြီး နှလုံးသားနယ်ပယ်မှာလည်း ချောမွေ့သွားခဲ့သဖြင့် ကပ်ဘေးများကို သဘာဝအလျောက် ကျော်လွှားကာ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက်၌ ကျန်းဇီတဲ လာခဲ့သည့် အရပ်နှင့် ဆန့်ကျင်ဘက်မှ လီယွမ်ဖုန်း ရောက်ရှိလာခဲ့၏။

သူသည်လည်း တော်ဝင်ရထားလုံးဆီသို့ စူးစမ်းကြည့်ရှုရင်း လင်းချန်နှင့် ယီစင်းတို့၏ အခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိနေ၏။

ကျန်းဇီတဲက အခြေအနေကို ရှင်းပြမှသာ သူ သဘောပေါက်သွား၏။ နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက်၌ ကျန်းချီ နှင့် ကျန်းဝမ်ရွှမ်း တို့လည်း ထိုနေရာသို့ ရောက်ရှိလာကြပြီး လက်ရှိအခြေအနေကို နားလည်သွားကြသည်။

ထို့နောက်၌ သူတို့၏ အာရုံမှာ ကျောက်လုံဆီသို့ ရောက်ရှိသွားပြီး စူးစမ်းလိုစိတ်ဖြင့် အထက်အောက် ကြည့်ရှုနေကြ၏။

ကျောက်လုံထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ သူသည် သာမန်လူတစ်ဦး မဟုတ်ကြောင်း သူတို့ သိရှိထားသည်။ သူက လင်းချန်နှင့် ယီစင်းကို ခေါ်ဝေါ်ပုံအရ လင်းချန်၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်နိုင်ချေရှိ၏။

သူတို့ကို စူးစမ်းလိုစိတ် ဖြစ်စေသည်မှာ လင်းချန်သည် ကျောက်လုံကို ဤကမ္ဘာငယ်လေးအတွင်းသို့ မည်သည့်နည်းလမ်းဖြင့် ခေါ်ဆောင်လာခဲ့သနည်းဟူသည့် အချက်ပင် ဖြစ်၏။

ကမ္ဘာငယ်လေးသို့ ဝင်ရောက်ရာ တံခါးပေါက်၏ တည်ငြိမ်မှုမှာ အကန့်အသတ်ရှိသဖြင့် ဝင်ရောက်နိုင်သည့် လူဦးရေမှာလည်း သဘာဝအလျောက် အကန့်အသတ် ရှိနေ၏။

လက်ရှိအချိန် တောင်ပိုင်းတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပင်လယ်မျိုးနွယ်နှင့် လူသားမျိုးနွယ် အင်အားစုများမှာလည်း အင်အားချင်း မတူညီကြသဖြင့် ရရှိသော လူဦးရေသတ်မှတ်ချက်မှာလည်း ကွဲပြားကြ၏။

လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ကဲ့သို့ အတော်အသင့် အင်အားရှိသည့် အင်အားစုများမှာ သူတို့၏ လူသားမဟာမိတ်များနှင့်အတူ စုစုပေါင်း ရှစ်နေရာသာ ရရှိခဲ့ကြခြင်း ဖြစ်၏။

လင်းချန်သည် ကျောက်လုံကို မည်သို့ ခေါ်ဆောင်လာသနည်းဟု သူတို့ အံ့ဩသင့်ကာ စဉ်းစားနေကြစဉ်မှာပင် တော်ဝင်ရထားလုံးထက်၌ လှုပ်ရှားမှုအချို့ စတင်လာ၏။

လင်းချန်နှင့် ယီစင်းတို့၏ အရေပြားပေါ်၌ ခရမ်းပြာရောင် လျှပ်စီးတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး ယီစင်းမှာမူ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

လီယွမ်ဖုန်းသည် တော်ဝင်ရထားလုံးပေါ်ရှိ လူနှစ်ဦးကို စိုက်ကြည့်လိုက်၏။ "သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ ခန္ဓာအဆင့်ကို တက်လှမ်းဖို့ ခန္ဓာကပ်ဘေး စတင်ပေါ်ပေါက်လာပြီ။"

လင်းချန်နှင့် ယီစင်းတို့သည် သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနေသည့် ထိုလျှပ်စီးတန်းများကြောင့် ခရမ်းပြာရောင် လျှပ်စစ်ပင်လယ်အတွင်း စိမ်နေရသကဲ့သို့ ဖြစ်နေ၏။

သို့သော်လည်း လင်းချန်နှင့် ယီစင်းမှလွဲ၍ ရထားလုံးဖြစ်စေ ၊ ရထားလုံးဆွဲသည့် မီးလျှံသံခွာ စစ်မြင်းများဖြစ်စေ ထိုမိုးကြိုးများ၏ သက်ရောက်မှုကို မခံရပေ။ ဤသို့သော ခန္ဓာကပ်ဘေး မိုးကြိုးသည် ကပ်ဘေးရင်ဆိုင်နေရသူကိုသာ သက်ရောက်မှု ရှိသည်။

ခန္ဓာကပ်ဘေး မိုးကြိုး၏ ပြင်းထန်မှုမှာ ယီစင်း ထင်မှတ်ထားသည်ထက် များစွာ ကျော်လွန်နေ၏။ သူမသည် ကောင်းကောင်း ခံနိုင်ရည်ရှိမည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေရရှာသည်။

ထိုခဏ၌ လင်းချန်သည် သူမ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန်အတွက် သူမ၏ လက်ကို အနည်းငယ် ပိုမိုမြဲမြံစွာ ဆုပ်ကိုင်လိုက်သည်ကို ယီစင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။

လင်းချန်ထံမှ ခွန်အားများကို ရရှိလိုက်သည့်အခါ နာကျင်မှုမှာ လျော့ပါးသွားခြင်းမရှိသော်လည်း ယီစင်း၏ စိတ်မှာ များစွာ တည်ငြိမ်သွား၏။

တစ်ချိန်တည်းမှာပင် လင်းချန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သက်သောင့်သက်သာရှိသည့် အမူအရာဖြင့် သူ၏ ခန္ဓာကိုယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ကပ်ဘေးမိုးကြိုးများ၏ သက်ရောက်မှုနှင့် တိုးတက်မှုများကို ငြိမ်သက်စွာ ခံစားနေမိ၏။

သူ၏ ခန္ဓာကိုယ် သန်မာလာသည့် အရှိန်အဝါကြောင့် လင်းချန်သည် ရင်ထဲ၌ အလွန်ပင် ကျေနပ်နေမိ၏။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူ တစ်ခါမျှ မကြုံဖူးခဲ့ပေ။

သူ၏ ခန္ဓာကိုယ်မှာ မူလကပင် သန်မာပြီး ကျင့်ကြံမှုအရှိန်မှာလည်း မြန်ဆန်ခဲ့သော်လည်း ထိုသည်မှာ တဖြည်းဖြည်း တိုးတက်လာသည့် ဖြစ်စဉ်မျိုးသာ ဖြစ်ခဲ့၏။

ယခုကဲ့သို့ ခွန်အားများ အဆမတန် တိုးပွားလာခြင်းမျိုး မဟုတ်ခဲ့ပေ။

ဤခန္ဓာကပ်ဘေး မိုးကြိုးဒဏ်ကို အောင်မြင်စွာ ခံနိုင်ရည်ရှိသွားပါက သူသည် သေခြင်းရှင်ခြင်းနယ်ပယ်၏ ခန္ဓာနယ်ပယ်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်၏။

လင်းချန်မှာ သက်သောင့်သက်သာ ရှိနေပုံရသော်လည်း ဘေးမှ ကြည့်နေကြသည့် ကျန်းဇီတဲ ၊ လီယွမ်ဖုန်း ၊ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့မှာမူ အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

အတိတ်တုန်းက သူတို့ ခန္ဓာကပ်ဘေးကို ရင်ဆိုင်ရချိန်၌ နာကျင်မှုများကို လျှော့ချရန်နှင့် အာရုံပြောင်းရန်အတွက် မျက်လုံးများကို တင်းတင်းပိတ်ကာ ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်ခဲ့ကြရ၏။

ထို့ပြင် စိတ်ဝိညာဉ်စွမ်းအားများ စီးဆင်းမှုကို မြှင့်တင်ခြင်းဖြင့်လည်း ခန္ဓာကိုယ်ကို ကာကွယ်ခဲ့ကြရသေး၏။

ယီစင်းမှာလည်း ထိုနည်းအတိုင်း လုပ်ဆောင်နေသော်လည်း လင်းချန်မှာမူ သူ၏ ကိုယ်ပေါ်ရှိ ခန္ဓာကပ်ဘေး မိုးကြိုးဒဏ်ကို လုံးဝ ဂရုမစိုက်သကဲ့သို့ ရှိနေသည်။

လင်းချန်က သူတို့ကို ကြည့်ကာ ပြုံးပြနေသည်ကို မြင်သည့်အခါ ကျန်းဝမ်ရွှမ်းက အံ့ဩသင့်စွာ အော်ဟစ်လိုက်သည်။ "မိုးကြိုးစွမ်းရည် ရှိရင်တောင် ဒီလောက် လွယ်စရာမရှိဘူး မဟုတ်လား။"

ထိုအချိန်၌ ကျန်းဇီတဲက ခါးသက်သက် အပြုံးဖြင့် ခေါင်းခါယမ်းလိုက်၏။ "ငါတို့အားလုံး မေ့နေကြတာ ထင်တယ်... အစ်ကိုလင်းရဲ့ ခန္ဓာကိုယ်က အစကတည်းက သန်မာနေတာလေ။ မျိုးနွယ်စု အစည်းအဝေးတုန်းက သူက ကောင်းကင်နယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်မှာရှိတဲ့ ပြိုင်ဘက်ကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တာ မဟုတ်လား။"

လီယွမ်ဖုန်းကလည်း သက်ပြင်းချလိုက်သည်။ "ဟုတ်တယ်... အဖိုး ငါတို့ကို အစ်ကိုလင်းဆီ ခေါ်သွားတာကလည်း ငါတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို သူက ကူညီမြှင့်တင်ပေးနိုင်လို့ပဲလေ။"

သူသည် လင်းချန်၏ သန်မာလှသည့် ခန္ဓာကိုယ်ကို အားကျနေမိ၏။

အမှန်တကယ်ပင် လင်းချန်၏ အဆင့်အတန်းအတွင်း အလွန်အမင်း သန်မာလှသည့် ခန္ဓာကိုယ်ကြောင့် ဤခန္ဓာကပ်ဘေး မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိရန်မှာ သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်နေ၏။

အကြီးမားဆုံးသော နာကျင်မှုမှာပင် ယားကျိကျိ ဖြစ်ရုံမျှသာ ရှိပြီး ခန္ဓာကိုယ်ကို ပိုမိုသန်မာလာစေသည့် အကျိုးကျေးဇူးကိုသာ ရရှိစေ၏။

လင်းချန် ခန္ဓာကပ်ဘေး မိုးကြိုး၏ အကျိုးကျေးဇူးများကို ခံစားနေစဉ်မှာပင် ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနမှ ထိတ်လန့်ဖွယ်ရာ ကောင်းလှသည့် သတင်းစကားတစ်ခု သူ၏ စိတ်ထဲသို့ ရောက်ရှိလာ၏။

ထိုအကြောင်းအရာမှာ အလွန်ပင် ထူးဆန်းလွန်းလှသဖြင့် သူ၏ စိတ်ကူးစိတ်သန်းများထက်ပင် ကျော်လွန်နေသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၃ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters