← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၅

ဘာသာပြန် - Ko Yoohtoo

True Immortal Team

သို့သော်လည်း ဤကမ္ဘာငယ်လေးအထဲသို့ အရိုးဓားငါးမျိုးနွယ်စုမှ လူပေါင်း လေးရာခုနစ်ဆယ့်ခြောက်ယောက် ဝင်ရောက်သွားသည်ဆိုခြင်းမှာ အလွန်ပင် မယုံကြည်နိုင်စရာ ကောင်း၏။

ဝင်ခွင့်အရေအတွက် ကန့်သတ်ထားသည့်အပြင် အင်အားစုအသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကလည်း တံခါးဝ၌ စောင့်ကြပ်နေကြသည်။ ထို့အတွက်ကြောင့် သာမန် လှည့်ကွက်များဖြင့် လှည့်စားရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

အရိုးဓားငါးမျိုးနွယ်စုအနေဖြင့် ဤကမ္ဘာငယ်လေးအတွင်းသို့ သူတို့၏ လူများကို ထိုမျှအထိ များပြားစွာ ခေါ်ဆောင်လာရန် မည်သည့်နည်းလမ်းအား အသုံးပြုကြသနည်း။

လင်းချန်၏ ပြောပြချက်အရ ထိုအရိုးဓားငါးမျိုးနွယ်စုဝင်များသည် မြောက်ဘက်ဆီသို့သာ အလျင်အမြန် ခရီးနှင်နေကြ၏။

လမ်းခရီး၌ အစွမ်းထက်သော သိုင်းဝိညာဉ်သားရဲများနှင့် တွေ့ဆုံရသည့်အခါ၌လည်း လုံးဝမတိုက်ခိုက်ဘဲ အမြန်နှုန်းမြှင့်ကာ ရှောင်ကွင်းသွားကြသည်။

ထိုအချက်အား ကြည့်ခြင်းအားဖြင့် သူတို့သည် အချိန်မဖြုန်းလိုဘဲ တစ်စုံတစ်ခုအား အရေးတကြီး လုပ်ဆောင်ရန် မြောက်ဘက်သို့ အမြန်ဆုံး ရောက်ရှိလိုနေကြကြောင်း သိသာထင်ရှားသည်။

ထိုအချိန်၌ လင်းချန်က ဆွေးနွေးမှုများအား ရပ်တန့်ရန် လက်မြှောက်အချက်ပြလိုက်သည်။

"နေဦး... အရိုးဓားငါးမျိုးနွယ်စုက ရှစ်ဆန်းကြယ်ခန်းမက လူတွေနဲ့ ဆုံသွားကြပြီ။"

သူ၏ မျက်ဝန်းထဲ၌ ရွှေရောင် ဧကရာဇ်အာဏာ စိတ်ဝိညာဉ်စွမ်းအားများ စုစည်းလာသည်။

လက်ရှိအချိန်၌ လင်းချန်သည် ပတ်ဝန်းကျင်အား လုံးဝ သတိမမူတော့ချေ။ သူတစ်ဦးတည်းသာလျှင် ဟွာရှာအင်ပါယာ၏ နည်းဗျူဟာမျက်နှာပြင်ပေါ်မှ ပုံရိပ်များအား မြင်တွေ့နေရခြင်းဖြစ်၏။

ထိုပုံရိပ်များမှာ ကောင်းကင်လက်မှုပညာဌာနမှတစ်ဆင့် ကျူးကော့မင်က လင်းချန်ထံသို့ ပေးပို့နေခြင်းဖြစ်ရာ ဖြစ်ပျက်နေသမျှအား အထင်အရှား မြင်တွေ့နေရခြင်းပင်။

တစ်ချိန်တည်း၌ပင် ဤကမ္ဘာငယ်လေးအတွင်းရှိ မြစ်ကမ်းပါးတစ်ခု၌ အုပ်စုနှစ်စုမှာ မထင်မှတ်ဘဲ ဆုံတွေ့သွားကြသည်။

ထိုသူတို့မှာ မဟာမိတ်များဖြစ်ကြသည့် အရိုးဓားငါးမျိုးနွယ်စုနှင့် ရှစ်ဆန်းကြယ်ခန်းမတို့ပင် ဖြစ်၏။ သို့သော်လည်း သူတို့နှစ်စုကြားရှိ လူအရေအတွက် ကွာခြားချက်မှာမူ အလွန် ကြီးမားသည်။

ရှစ်ဆန်းကြယ်ခန်းမမှ တပည့်လေးဦးမှာ သူတို့၏ စိတ်ထဲမှ ထိတ်လန့်မှုအား ဖုံးကွယ်မထားနိုင်ကြချေ။ အရိုးဓားငါးမျိုးနွယ်စုမှ လူပေါင်း လေးရာခုနစ်ဆယ့်ခြောက်ယောက်အား မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်းက သူတို့အတွက် အလွန်ကြီးမားသော တုန်လှုပ်မှုတစ်ခု ဖြစ်သွားစေ၏။

သူတို့၏ ပင်လယ်မျိုးနွယ်စု မဟာမိတ်က ဤမျှများပြားသော လူများကို မည်သို့မည်ပုံ ခေါ်ဆောင်လာသနည်းဆိုသည်ကို သူတို့ လုံးဝ နားမလည်နိုင်ဖြစ်နေကြသည်။

ရှစ်ဆန်းကြယ်ခန်းမ တပည့်များထဲမှ ကျင့်စဉ်အမြင့်ဆုံးဖြစ်သူက အရိုးဓားငါးမျိုးနွယ်စုအား မကျေမနပ်ဖြင့် ပြစ်တင်လိုက်သည်။

"မင်းတို့မှာ ဒီလောက်ကောင်းတဲ့ နည်းလမ်းရှိနေတာကို ဘာလို့ မမျှဝေတာလဲ။ ဒါက မဟာမိတ်အချင်းချင်း ဆက်ဆံတဲ့ ပုံစံလား။"

ထိုအချိန်၌ ရှစ်ဆန်းကြယ်ခန်းမမှ ဂျူနီယာတပည့်တစ်ဦးက စီနီယာအစ်ကိုဖြစ်သူ၏ ပုခုံးအား ပုတ်ကာ အရိုးဓားငါးမျိုးနွယ်စု တန်းစီထားသည့်ဘက်သို့ လက်ညှိုးထိုးပြရင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"နေဦး... စီနီယာအစ်ကို။ ဟိုမှာ ကြည့်ပါဦး။"

ညွှန်ပြရာသို့ ကြည့်လိုက်သည့်အခါ၌ ရှစ်ဆန်းကြယ်ခန်းမမှ တပည့်ခေါင်းဆောင်၏ မျက်နှာပေါ်၌လည်း ထိတ်လန့်မှုများ လွှမ်းမိုးသွား၏။

အဘယ်ကြောင့်ဆိုသော် အရိုးဓားငါးမျိုးနွယ်စု လူအုပ်ကြီးကြားထဲမှ လက်တစ်ဖက်ပြတ် မျိုးနွယ်စုဝင်တစ်ဦးက လမ်းလျှောက်ထွက်လာပြီး သူတို့ဘက်သို့ ကြည့်ကာ အလွန် ရက်စက်သည့် အပြုံးတစ်ခု ပြုံးပြလိုက်သောကြောင့်ပင်။

ထိုသူသည် ရှစ်ဆန်းကြယ်ခန်းမ တပည့်လေးဦးအား အကဲခတ်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လူအုပ်ထဲမှ ပုံရိပ်တစ်ခုဘက်သို့ လှည့်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။

လက်တစ်ဖက်ပြတ် အရိုးဓားငါးမျိုးနွယ်စုဝင်က ဦးညွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြား၌ လမ်းတစ်ခု ပွင့်သွားပြီး လူတစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာ၏။ ထို့နောက် သူက မေးလိုက်သည်။

"သခင်ကြီး... ကျွန်တော် စလို့ရပြီလား။"

ထိုပုံရိပ်ထံမှ ခေါင်းညိတ်ပြမှုအား ရရှိပြီးနောက်၌မူ သူ၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

နောက်တစ်ခဏ၌ သူ ပြန်လည်ထွက်ပေါ်လာသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးမှ အလွန်အေးစက်သော အနက်ရောင် စိတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး ရှစ်ဆန်းကြယ်ခန်းမ တပည့်ခေါင်းဆောင်အား ရစ်ပတ်သွား၏။

တစ်ချိန်တည်း၌ပင် သူ၏လက်ထဲ၌ အလွန် ထက်မြက်ပြီး အေးစက်သည့် ဓားမြှောင်တစ်လက် ထွက်ပေါ်လာကာ ကျွမ်းကျင်ပိုင်နိုင်စွာ လှည့်ပတ်သွားသည်။

ရွှီးးး ခနဲ မြည်သံနှင့်အတူ မျက်စိတစ်မှိတ်အတွင်း၌ပင် ရှစ်ဆန်းကြယ်ခန်းမ တပည့်ခေါင်းဆောင်၏ လက်တစ်ဖက်မှာ ပြတ်တောက်သွား၏။

ထိုပြတ်ကျသွားသော လက်မှာ မြေပြင်ပေါ်သို့ မကျရောက်သေးမီ၌ပင် လက်တစ်ဖက်ပြတ် အရိုးဓားငါးမျိုးနွယ်စုဝင်က ပါးစပ်ဖြင့် လှမ်း၍ ကိုက်ဖမ်းလိုက်သည်။

"အင်းးး"

ရှစ်ဆန်းကြယ်ခန်းမ တပည့်ခေါင်းဆောင်မှာ အတော်အတန် ကြံ့ခိုင်သူတစ်ဦးဖြစ်သဖြင့် နာကျင်လွန်းသော်လည်း အော်ဟစ်ခြင်းမပြုဘဲ ပြတ်တောက်သွားသော သူ၏ လက်ငုတ်အား ဖိကာ အနောက်သို့ အမြန်ဆုတ်ခွာရင်း ထွက်ပြေးသည်။

ကျန်ရှိနေသော တပည့်များသည်လည်း သူတို့ခေါင်းဆောင်၏ နောက်မှလိုက်ကာ အသက်လု၍ အမြန်ဆုံး ထွက်ပြေးကြ၏။

လက်ပြတ်သွားသည့် တပည့်ခေါင်းဆောင်မှာ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ အရိုးဓားငါးမျိုးနွယ်စုမှာ သူတို့အား လိုက်လံဖမ်းဆီးမည့် အစီအစဉ် မရှိသည်ကို တွေ့လိုက်ရသည်။

ထိုအစား သူတို့သည် မူလနေရာ၌ပင် ရပ်နေကြပြီး လက်တစ်ဖက်ပြတ် မျိုးနွယ်စုဝင်က သူ ကိုက်ယူထားသော လက်မောင်းအား အလွန်ပင် အရသာရှိသည့်အလား ဝါးစားနေသည်ကို ရက်စက်သော အပြုံးများဖြင့် ကြည့်နေကြခြင်းပင်။

ဤဖြစ်ရပ်အားလုံးကိုမူ အနီးအနားရှိ စိတ်ဝိညာဉ်သစ်ပင်ပေါ်မှ အနက်ရောင်ငှက်ကလေးမှတစ်ဆင့် လင်းချန်က အစမှအဆုံးအထိ အထင်အရှား မြင်တွေ့နေရခြင်းဖြစ်သည်။

**--**--**--**--**--**--**--**

အရိုးဓားငါးမျိုးနွယ်စုသည်လည်း ထွက်ပြေးသွားသူများ၏ နောက်သို့ လိုက်လံဖမ်းဆီးခြင်း လုံးဝမရှိဘဲ ခရီးကိုသာ ဆက်လက် နှင်နေကြ၏။

လက်တစ်ဖက်ပြတ်နေသော အရိုးဓားငါးမျိုးနွယ်စုဝင်မှာမူ ဘေးပတ်ဝန်းကျင်ရှိ သူ၏ မျိုးနွယ်စုဝင်များထံမှ မနာလိုစဖွယ် ကြည့်နေကြသည့် အကြည့်များအား သာယာရင်း ရှစ်ဆန်းကြယ်ခန်းမတပည့်၏ လက်မောင်းအား အရသာခံကာ ဝါးစားနေဆဲပင် ဖြစ်သည်။

လင်းချန်၏ မျက်ဝန်းထဲမှ စိတ်ဝိညာဉ်စွမ်းအားများမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွား၏။ သူသည် မျက်မှောင်ကြုတ်ထားလျက် တစ်စုံတစ်ခုအား နက်နက်နဲနဲ စဉ်းစားနေသည်။

လင်းချန် ဤကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ယီစင်းက အနားသို့ လျှောက်လာပြီး မေးလိုက်သည်။

"ချန်လေး... ဘာဖြစ်လို့လဲ။ ရှင့်မျက်နှာလည်း တော်တော် ဖြူဖျော့နေတယ်။"

လင်းချန်က ပြောသည်။

"ကိုယ့်မျက်နှာ ဖြူဖျော့နေမှာပေါ့ မိန်းရယ်။ ငါတို့ လူသားမျိုးနွယ်ဝင်တစ်ယောက်ရဲ့ လက်မောင်းကို တခြားမျိုးနွယ်စုက စားကောင်းသောက်ဖွယ်လို ဝါးစားနေတာ မြင်ရမှတော့ ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲ။"

လင်းချန်သည် သက်ပြင်းတစ်ချက်ချကာ သူ၏ လက်ထဲရှိ ပုံရိပ်ဖော်သလင်းကျောက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်ရာ စောစောက ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများ သူတို့ရှေ့၌ ပြန်လည် ထွက်ပေါ်လာ၏။

ထိုမြင်ကွင်းအား မြင်ပြီးနောက် ယီစင်းသည် မည်သည့်စကားမျှ ဆက်မပြောနိုင်တော့ဘဲ လင်းချန်၏ နံဘေး၌ မှင်တက်လျက်သာ ရပ်နေမိသည်။

လီယွမ်ဖုန်းမှာမူ သွားများကို တင်းတင်းကြိတ်ထားရာ သွားကြိတ်သံများပင် ထွက်ပေါ်လာ၏။ လက်သီးများကိုလည်း တင်းတင်းဆုပ်ထားလွန်းသဖြင့် သူ၏ အရှိန်အဝါများမှာလည်း ကြမ်းကြုတ်ခက်ထန်လာသည်။

ထိုဒေါသထွက်ဖွယ် ကောင်းသော ကောင်များအား သတ်ဖြတ်ပစ်ရန်အတွက် သူတို့ မည်သည့်နေရာ၌ ရှိသနည်းဟု လင်းချန်အား သူ စတင် မေးမြန်းနေပြီ။

အကယ်၍ တစ်စုံတစ်ယောက်သည် အရည်အချင်း နိမ့်ပါးမှုကြောင့် အသတ်ခံရသည်ဆိုပါက ဤမျှအထိ ဒေါသထွက်စရာ မရှိလှချေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးစီးပွားအတွက် ပြိုင်ဘက်များ၊ ရန်သူများ ဖြစ်ကြသည့်အပြင် တိုက်ပွဲမြေပြင်၌ သေဆုံးခြင်းမှာလည်း အနည်းဆုံးတော့ ဂုဏ်သိက္ခာတစ်ခု ရှိနေသေးသောကြောင့်ပင်။

သို့သော်လည်း ထိုလက်တစ်ဖက်ပြတ် အရိုးဓားငါးမျိုးနွယ်စုဝင်၏ အပြုအမူမှာကား လုံးဝ ကွဲပြားခြားနားလွန်းလှ၏။

လူသားမျိုးနွယ်စုအား အစားအစာသက်သက်အဖြစ် သဘောထားခြင်းမှာ လူသားများကို တိရစ္ဆာန်များကဲ့သို့ နှိမ့်ချဆက်ဆံခြင်းနှင့် မခြားနားလှချေ။

အနီးအနား၌ ရပ်နေကြသော ကျန်းဇီတဲ၊ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့၏ မျက်နှာများမှာလည်း အတော်လေး ပျက်ယွင်းနေကြသည်။

အရိုးဓားငါးမျိုးနွယ်စု၏ ယုတ်မာသော လုပ်ရပ်မှာ သူတို့ ပင်လယ်မျိုးနွယ်စု၏ ဂုဏ်သိက္ခာကိုပါ အညစ်အကြေး စွန်းထင်းသွားစေခြင်းပင် ဖြစ်၏။

ပင်လယ်မျိုးနွယ်စုအတွင်း၌ ကွဲပြားသော မျိုးနွယ်စုများစွာ ရှိကြပြီး တစ်ခုချင်းစီ၌ ကိုယ်ပိုင်စရိုက်နှင့် အမူအကျင့်များ ရှိကြသော်ငြား သူတို့သည် ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားကြသူများ ဖြစ်ကြသည်။

အခြားသော အသိဉာဏ်ရှိသည့် မျိုးနွယ်စုများအား စားသုံးသည့် လုပ်ရပ်ကိုမူ သူတို့ အလွန်ပင် စက်ဆုပ်ရွံရှာကြ၏။

လင်းချန်သည်လည်း ဤအချက်အား ကောင်းစွာ သိရှိထားသည်။

သူသည် ယခင်က ငါးမန်းမျိုးနွယ်စုများသည် လူသားများကို စားသောက်ခြင်း ရှိမရှိ သိလိုသဖြင့် ကျူးကော့မင်အား မေးမြန်းခဲ့ဖူးရာ ကျူးကော့မင်က ပညာရှင်များ၏ မှတ်တမ်းများအား ကိုးကား၍ ပင်လယ်မျိုးနွယ်စုသည် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ဘယ်သောအခါမျှ မလုပ်ဆောင်ကြောင်း မှတ်ချက်ပြုခဲ့ဖူး၏။

သို့သော် ယခု မြင်တွေ့လိုက်ရသော အခြေအနေက ကျူးကော့မင်၏ ယူဆချက်များအား အလုံးစုံ ရိုက်ချိုးပစ်လိုက်သကဲ့သို့ ဖြစ်နေသည့်အတွက် ကျန်းဇီတဲတို့ကဲ့သို့ ပင်လယ်မျိုးနွယ်စုဝင်များကိုပါ ဒေါသဖြင့် တောက်လောင်သွားစေခြင်းပင်။

လီယွမ်ဖုန်းသည် ရှေ့သို့ တိုးထွက်၍ အရိုးဓားငါးမျိုးနွယ်စုကိုသာမက အထူးသဖြင့် ထိုလက်တစ်ဖက်ပြတ်ကောင်အား အမှုန့်ကြိတ်ပစ်လိုနေပြီဖြစ်၏။

လင်းချန်နှင့် ယီစင်းထံ၌လည်း ထိုကဲ့သို့သော ခံစားချက်မျိုး ရှိနေသကဲ့သို့ ကျန်းဇီတဲတို့ ညီအစ်ကိုများသည်လည်း အရှက်မရှိသော အရိုးဓားငါးမျိုးနွယ်စုအား အပိုင်းပိုင်း ပိုင်းဖြတ်ကာ ပင်လယ်မျိုးနွယ်စု၏ ဂုဏ်သိက္ခာအား ဆေးကြောသန့်စင်ပစ်လိုနေကြသည်။

သို့သော်လည်း သူတို့၏ ဆင်ခြင်တုံတရားက ထိုသို့လုပ်၍ မရနိုင်ကြောင်းနှင့် အရိုးဓားငါးမျိုးနွယ်စုအား လိုက်လံတိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်းကို သတိပေးနေသည်။

အဘယ်ကြောင့်ဆိုသော် လူအုပ်ကြီး လမ်းဖယ်ပေးလိုက်စဉ်၌ ထိုလက်တစ်ဖက်ပြတ်ကောင်က သခင်ကြီးဟု ခေါ်ဆိုသော ပုံရိပ်အား သူတို့ အထင်အရှား မြင်တွေ့ရသောကြောင့်ပင်။

ထိုသူကား အခြားသူမဟုတ်ဘဲ ယခုတစ်ကြိမ်၌ လာရောက်သော အရိုးဓားငါးမျိုးနွယ်စု၏ ခေါင်းဆောင်ပင် ဖြစ်၏။

အရိုးဓားငါးမျိုးနွယ်စု ခေါင်းဆောင်အား မြင်လိုက်ရသည့်အခါ၌ ကျန်းဇီတဲမှာ ဒေါသမထိန်းနိုင်တော့ဘဲ ဆဲရေးလိုက်သည်။

"တောက်... ဒီအဖိုးကြီးက ဘယ်လိုလုပ် ဒီထဲကို ရောက်နေတာလဲ။ သူက နိုးထခြင်းနယ်ပယ်မှာ ရှိနေတဲ့သူလေ။"

ဤကမ္ဘာငယ်လေးထဲသို့ မဝင်ရောက်မီက အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် ကောင်းကင်ထက်၌ ပျံဝဲနေကြပြီး ထိုဝင်ပေါက်အား စူးစိုက်ကြည့်နေကြသည်ကို သူတို့ အထင်အရှား မြင်တွေ့ခဲ့ကြရ၏။

ထိုအထဲ၌ အရိုးဓားငါးမျိုးနွယ်စု ခေါင်းဆောင်လည်း ပါဝင်နေပြီး သူသည် ကျန်းထျန်ရှင်းနှင့်ပင် ရင်းရင်းနှီးနှီး စကားပြောနေခဲ့သေး၏။

ထိုမြင်ကွင်းအား ကြည့်ရင်း လင်းချန်နှင့် သူ၏ အပေါင်းအပါများမှာ ထိုစဉ်က အတော်ပင် ထူးဆန်းသည်ဟု ထင်မြင်ခဲ့မိကြသည်။

လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်နှင့် အရိုးဓားငါးမျိုးနွယ်တို့ကြားရှိ ယခင်က ပဋိပက္ခများမှာ ပြေလည်သွားပြီဟုပင် ထင်မှတ်ခဲ့ရ၏။

အမှန်တကယ်ပင် ထူးဆန်းလှ၏။ သို့သော် လင်းချန်၏ ထောက်လှမ်းရေး သားရဲများမှာမူ တဖြည်းဖြည်း ပြန့်နှံ့သွားပြီဖြစ်ရာ စိတ်ဝိညာဉ်သစ်ပင်များဖြင့်သာ ဖွဲ့စည်းထားသော တောအုပ်တစ်ခုလုံးမှာ ကောင်းကင်လက်မှုပညာဌာန၏ စောင့်ကြည့်မှုအောက်သို့ အလုံးစုံ ကျရောက်နေပြီဖြစ်သည်။

ထို့အပြင် နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးအကြောင်းကိုလည်း ကျူးကော့မင်ထံမှ သတင်းပို့ချက်များအား သူ ရရှိထားပြီးဖြစ်၏။

ဖြစ်ပျက်သမျှအား ပြန်လည်စဉ်းစားပြီးနောက်၌ လင်းချန်သည် လီယွမ်ဖုန်း၏ ပြောပြချက်မှတစ်ဆင့် ထိုအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သေချာစွာ သိရှိလိုက်ရသည်။

လီယွမ်ဖုန်းက လင်းချန်၏ ဖော်ပြချက်အား ကြားပြီးနောက်၌ ရွံရှာသော မျက်နှာထားဖြင့် ဆိုသည်။

"သူက ချင်မင်းဆက်ရဲ့ ပဉ္စမမြောက်မင်းသမီးပဲ။ ပါရမီနဲ့ နောက်ခံကို အားကိုးပြီး မောက်မာချင်တိုင်း မောက်မာနေတဲ့သူပေါ့။ တကယ်ကို စက်ဆုပ်ဖို့ကောင်းတယ်။"

လီယွမ်ဖုန်းက ဆက်ပြောသည်။

"နှောင်ကြိုးမဲ့ဂိုဏ်းက ချင်မင်းဆက်နဲ့ အလှမ်းဝေးပေမဲ့ သူ့ရဲ့ နာမည်ဆိုးကတော့ တစ်နယ်လုံး ပြန့်နေတာပဲ။"

လီယွမ်ဖုန်း၏ အဆိုအရ ထိုပဉ္စမမြောက်မင်းသမီး၏ အမည်မှာ ချင်ယီယီ ဖြစ်ပြီး သူမ၏ အပြုအမူမှာ အလွန်ပင် ဆိုးသွမ်းလှ၏။

သို့သော် ချင်မင်းဆက်၏ လက်ရှိ ဧကရာဇ်က သူမအား အလွန်အမင်း အလိုလိုက်ထားသောကြောင့်သာ ထိုကဲ့သို့ ဆိုးသွမ်းယုတ်ညံ့သည့် စရိုက်များ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဆို၏။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၅ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters