← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၆

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ထိုမျှမကသေးဘဲ သူမ၏ အစွမ်းထက်လှသည့် အစ်ကိုတော် မင်းသားကြီးများကလည်း သူမအပေါ် အလွန်ပင် ချစ်ခင်အလိုလိုက်ကြသဖြင့် သူမ၏ ဆိုးသွမ်းမှုများမှာ ပိုမို အတင့်ရဲလာခြင်း ဖြစ်၏။

သို့ရာတွင် ချင်မင်းဆက်၏ အင်အားမှာ အလွန်တရာ ကြီးမားလှသည်။ သူတို့သည် ပြည်နယ်ပေါင်း ၃၂ ခုအထိ သိမ်းပိုက်ထားကြပြီး ယခု ကမ္ဘာငယ်လေး စူးစမ်းရေးခရီးစဉ်၌လည်း နေရာပေါင်း ၁၈ နေရာအထိ ရရှိထားကြရာ နှောင်ကြိုးမဲ့ဂိုဏ်းထက် များစွာ သာလွန်နေ၏။

သို့သော် နှောင်ကြိုးမဲ့ဂိုဏ်းကိုလည်း လျှော့တွက်၍ မရနိုင်ပေ။ အမှန်စင်စစ် ချင်မင်းဆက်သည် နှစ်ပေါင်း ၉,၀၀၀ ကျော် သက်တမ်းရှိသည့် အမွေအနှစ်တစ်ခု ဖြစ်သောကြောင့် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ဤမျှ အင်အားကြီးမားနေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် နှောင်ကြိုးမဲ့ဂိုဏ်းမှာမူ လုံးဝကို ကွဲပြားခြားနားလှ၏။ နှောင်ကြိုးမဲ့ဂိုဏ်းကို ကျိုးယီအန်က တစ်ဦးတည်း စတင်တည်ထောင်ခြင်းဖြစ်ပြီး နှစ်ပေါင်း နှစ်ရာကျော်အတွင်း၌ပင် ပြည်နယ်ပေါင်း ၉ ခုကို သိမ်းပိုက်နိုင်ကာ လက်အောက်ခံ အင်အားစုများစွာဖြင့် မကြာသေးမီကမှ ပေါ်ထွက်လာသည့် အင်အားစုသစ်များထဲ၌ ထင်ရှားလှသည်။

ထိုမျှမက နှောင်ကြိုးမဲ့ဂိုဏ်းနှင့် ခေတ်ပြိုင်ပေါ်ထွက်လာသည့် သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း နှင့် ဝင်ရိုးစွန်းနှစ်ခုနန်းတော် တို့သည်လည်း ပြည်နယ် ၈ ခုနှင့် ၁၀ ခုစီ အသီးသီး သိမ်းပိုက်ထားကြ၏။

တောင်ပိုင်းနယ်မြေမှ ပေါ်ထွက်လာသည့် ထိုအင်အားစုသစ် သုံးခုမှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာအတွင်းမှသာ ထွန်းကားလာခြင်း ဖြစ်သော်လည်း တောင်ပိုင်းနယ်မြေ၏ ကျယ်ပြောလှသော စင်မြင့်ထက်၌ ကိုယ်ပိုင်နေရာတစ်ခုကို ခိုင်ခိုင်မာမာ ရရှိထားကြပြီ ဖြစ်သည်။

ထိုသည်တို့နှင့် နှိုင်းယှဉ်ပါက ကမ်းရိုးတန်းပြည်နယ်မှ နတ်ဓားဂိုဏ်း နှင့် ရှန်ထျန်ဂိုဏ်း တို့၏ ထွန်းကားမှုမှာ ရယ်စရာပင် ကောင်းနေ၏။

သို့သော်ငြားလည်း ထိုအင်အားစုသစ် သုံးခု ပေါင်းစည်းလိုက်လျှင်ပင် နှစ်ပေါင်း ၉,၀၀၀ ကျော် စုဆောင်းတည်ဆောက်ထားသည့် ချင်မင်းဆက်၏ အင်အားကို နှစ်ပေါင်းနှစ်ရာမျှဖြင့် တုန်လှုပ်အောင် ပြုလုပ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သေးချေ။

ချင်မင်းဆက်အကြောင်း ပြောဆိုပြီးနောက်၌ လီယွမ်ဖုန်းသည် လင်းချန်၏ တုံ့ပြန်မှုကို သိလိုသဖြင့် တိတ်တဆိတ် အကဲခတ်နေမိသည်။

ထိုကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ရန်စမိခြင်းမှာ ညီအစ်ကိုလင်းကဲ့သို့ နတ်ဘုရားတစ်မျှ အစွမ်းထက်သူပင်လျှင် စိတ်မသက်မသာ ဖြစ်လိမ့်မည်ဟု သူ ထင်မြင်နေခြင်း ဖြစ်၏။

လင်းချန်၏ ကြောက်ရွံ့နေသည့် မျက်နှာထားကို မြင်တွေ့လိုသဖြင့် လီယွမ်ဖုန်းက တမင်တကာ ပို၍ ချဲ့ကားပြောလိုက်သည်။ "ညီအစ်ကိုလင်း... ချင်မင်းဆက်ကို ရန်စမိတာ မလွယ်ဘူးနော်။ မင်းကလည်း နိုင်ငံတစ်ခုရဲ့ ဧကရာဇ်ပဲလေ။ ငါစိုးရိမ်တာက မင်းဒီကနေ ထွက်သွားတာနဲ့ ချင်မင်းဆက်က ဟွာရှာအင်ပါယာကို စစ်တပ်တွေ တိုက်ရိုက်လွှတ်ပြီး တိုက်လိမ့်မယ်။"

သို့သော်ငြားလည်း လင်းချန်၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိဘဲ ထိုအစား သူ၏ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ယင်နေ၏။

ထို့အပြင် အဝေးတစ်နေရာမှ ကျောက်လုံသည်လည်း လီယွမ်ဖုန်း၏ စကားကို ကြားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ဖုံးလွှမ်းသွားကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ "ဟွန့်... အဲဒီလောက် ဒုက္ခခံနေဖို့ မလိုဘူး။ အဲဒီမင်းသမီးရဲ့ လုပ်ရပ်က ဟွာရှာအင်ပါယာကို စိန်ခေါ်လိုက်တာပဲ။ ဟွာရှာအင်ပါယာကို စိန်ခေါ်တဲ့သူတိုင်းအတွက် ရလဒ်က တစ်ခုတည်းပဲ။ အဲဒါက ပျက်သုဉ်းခြင်းပဲ။ ဟွာရှာအင်ပါယာကို ဆန့်ကျင်တဲ့ ဘယ်ရန်သူမဆို သေမင်းဆီ သွားရာလမ်းပေါ် ရောက်သွားလိမ့်မယ်။ ဟွာရှာအင်ပါယာက ပြိုင်ဘက်ကင်းတယ်။ အင်ပါယာအပေါ် မကောင်းတဲ့ စိတ်ထားမျိုး မွေးမြူရဲတဲ့သူက ကျောက်တုံးကို ကြက်ဥနဲ့ ထုသလို ကိုယ့်ကိုယ်ကိုယ် အရှက်ရဖို့ပဲ ရှိလိမ့်မယ်။"

ကျောက်လုံသည် ထိုစကားများကို ပြောဆိုစဉ် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အရှိန်အဝါများ တိုးထွက်လာပြီး မျက်နှာထက်၌လည်း ဂုဏ်ယူဝင့်ကြွားမှုများဖြင့် တည်ကြည်နေ၏။

ယီစင်းသည် ကျောက်လုံ၏ ယုံကြည်မှုကို နားလည်နိုင်သည်။ သူမကိုယ်တိုင်ပင် ထိုမှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလှသည့် ဂြိုဟ်ကြီးပေါ်၌ ဟွာရှာအင်ပါယာ၏ အစွမ်းမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသည်ကို ကိုယ်တိုင်မြင်တွေ့ဖူးသောကြောင့်ပင်။

သို့သော်လည်း သူမ သိထားသကဲ့သို့ အခြားသူများကမူ သိရှိခြင်း မရှိကြချေ။ ဥပမာအားဖြင့် ကျန်းဇီတဲ၊ လီယွမ်ဖုန်း၊ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့မှာ ကျောက်လုံ၏ ဦးနှောက်များ တစ်ခုခု ဖြစ်သွားပြီလားဟုပင် သံသယဝင်ကာ ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေကြ၏။

ချင်မင်းဆက်ဆိုသည်မှာ တောင်ပိုင်းနယ်မြေအတွင်း လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု သို့မဟုတ် နှောင်ကြိုးမဲ့ဂိုဏ်းတို့ပင်လျှင် ဗြောင်ကျကျ ဆန့်ကျင်ရန် ဝန်လေးရသည့် အင်အားစုမျိုး ဖြစ်ပြီး အမှန်တကယ်ပင် အစွမ်းထက်လှသော ဘီလူးကြီးတစ်ကောင် ဖြစ်သည်။

ကျန်းချီသည် ဟွာရှာအင်ပါယာ၏ အင်အားမှာ အတော်အတန် တောင့်တင်းသည်ကို သိထားသော်လည်း ချင်မင်းဆက်၏ ရှေ့မှောက်၌မူ ထိုအင်အားမှာ လုံလောက်လိမ့်မည် မဟုတ်ဟု ယူဆထားဆဲပင် ဖြစ်၏။

ကျောက်လုံ၏ စကားများကို ကြားရသည့်အခါ လင်းချန်သည်လည်း အခြေအနေကို နားမလည်သူများ၏ ရှေ့မှောက်၌ ထိုသို့ပြောဆိုခြင်းမှာ ရယ်စရာကောင်းနေမည်ကို သိသဖြင့် သက်ပြင်းချကာ မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။ "ဒါတွေကို ခဏမေ့ထားလိုက်ကြစမ်းပါ။ အရေးကြီးတာက ငါတို့ရဲ့ အစွမ်းတွေကို မြှင့်တင်ဖို့ပဲ။"

လင်းချန်သည် စိတ်ထဲမှ ရှုပ်ထွေးနေသည့် အတွေးများကို ခါထုတ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် မာကျောလာ၏။

သူသည် သေခြင်းရှင်ခြင်းနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပြီဖြစ်ရာ ခန္ဓာကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာလည်း များစွာ ကြံ့ခိုင်လာပြီ ဖြစ်သည်။ ထို့ကြောင့် ဟွာရှာအင်ပါယာအတွက် ပိုမိုအစွမ်းထက်သည့် တိုက်ခိုက်ရေးအင်အားကို ပံ့ပိုးပေးရန် သူ အသင့်ဖြစ်နေပြီ ဖြစ်၏။

သို့သော်ငြားလည်း လင်းချန်သည် ဤကမ္ဘာကြီး၏ အင်အားကို လျှော့တွက်၍ မရနိုင်ကြောင်း တဖြည်းဖြည်း နားလည်လာသည်။

အကယ်စင်စစ် ဟွာရှာအင်ပါယာ၏ စစ်မှန်သည့် ခွန်အားနှင့် ယှဉ်လိုက်လျှင် သိုင်းဝိညာဉ်တိုက်ကြီးတစ်ခုလုံးမှာ အစက်အပြောက်မျှသာ ရှိသော်လည်း လောလောဆယ်၌ သူ အသုံးချနိုင်သော စွမ်းအားမှာမူ အတိုင်းအတာတစ်ခုအထိသာ ရှိနေသေး၏။

ဥပမာအားဖြင့် ချင်မင်းဆက်ကို ရင်ဆိုင်ရာ၌ သူသည် သေခြင်းရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လက်ရှိ ကိုင်စွဲထားနိုင်သည့် စွမ်းအားတစ်ခုတည်းဖြင့် ထိုသူတို့ကို ရင်ဆိုင်ရန် လင်းချန်၌ ယုံကြည်ချက် အပြည့်အဝ မရှိသေးပေ။

အကယ်၍ ချင်မင်းဆက်နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားလာပါက လင်းချန်သည် မတုန်မလှုပ်ဘဲ ရင်ဆိုင်သွားမည်ဖြစ်ကာ အောင်နိုင်ရန်လည်း မျှော်လင့်ချက် ရှိသည်။

သို့သော် ထိုအောင်ပွဲကို ရယူရန်မှာ အလွန်တရာ ခက်ခဲလိမ့်မည်ကို ကြိုတင်မြင်နေရ၏။

လင်းချန်သည် ထိုသို့သော အခြေအနေမျိုးကို လက်ခံနိုင်ခြင်း မရှိပေ။

အကယ်၍ ဟွာရှာအင်ပါယာကသာ လှုပ်ရှားလိုက်လျှင် တစ်ဖက်ရန်သူကို အလုံးစုံ ဖိနှိပ်ပစ်ရမည်ဖြစ်ကာ အောင်ပွဲမှာလည်း ပြတ်သားသည့် အနိုင်ရရှိမှုမျိုးသာ ဖြစ်ရပေလိမ့်မည်။

ချင်မင်းဆက်နှင့် ဖြစ်ပွားမည့် ပဋိပက္ခမှာ ရှောင်လွှဲ၍ မရနိုင်တော့သဖြင့် စစ်ပွဲမစတင်မီ မည်သည့်အခြေအနေကိုမဆို ကိုင်တွယ်နိုင်မည့် လုံလောက်သော ခွန်အားကို သူ ရရှိထားရန် လိုအပ်သည်။

လင်းချန်က သူ၏ အစွမ်းများ တိုးတက်လာမှု အရှိန်အဟုန်အပေါ် မကျေမနပ်ဖြစ်ကာ စိတ်ထဲမှ ဟိန်းဟောက်လိုက်မိ၏။ 'ငါ ဒီထက်မက ပိုပြီး သန်မာလာရမယ်။'

သူ၏ အတိတ်ဘဝ ကျင့်စဉ်လောကထဲ၌ သူသည် ထိပ်တန်းကျင့်ကြံသူအဖြစ် အားလုံး၏ လေးစားမှုကို ခံရပြီး အမြင့်ဆုံးအဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သူ ဖြစ်သည်ကို ပြန်လည်အမှတ်ရနေမိသည်။

လင်းချန်၏ အတွေးများကို ယီစင်း၏ အသံက ဖြတ်တောက်လိုက်၏။ "ချန်လေး... မိန်းတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။"

လင်းချန်သည် ယီစင်း၏ လက်ကို ဆွဲကိုင်ကာ တော်ဝင်ရထားလုံးဆီသို့ လျှောက်သွားလိုက်သည်။ "ရှင်းရှင်း... နေရာတစ်ခုကို အတူတူ သွားကြရအောင်။ အဲဒီမှာ စမ်းသပ်မှုအမှတ်တွေ ရနိုင်မယ့် နည်းလမ်းသစ် ရှိနိုင်တယ်။ ဒါပေမဲ့ သေချာအောင်တော့ ကိုယ်တို့ ကိုယ်တိုင် သွားကြည့်ဖို့ လိုမယ်။"

ပြောပြောဆိုဆိုဖြင့် လင်းချန်နှင့် ယီစင်းတို့သည် ရထားလုံးပေါ်သို့ တက်လိုက်ကြပြီး ကျန်ရှိသည့် လူလေးဦးကိုလည်း လှမ်းခေါ်လိုက်၏။

တော်ဝင်ရထားလုံးမှာ အလွန်ပင် ကျယ်ဝန်းလှရာ လူတစ်ရာခန့်အထိ သက်သောင့်သက်သာ လိုက်ပါနိုင်သည်။

လင်းချန်၏ ဖိတ်ခေါ်မှုကြောင့် ထိုလေးဦးမှာလည်း အသီးသီး ဝင်ရောက်ထိုင်လိုက်ကြ၏။ ကျောက်လုံကမူ ရှေ့ဆုံးမှနေ၍ မီးလျှံသံခွာစစ်မြင်း ကိုးကောင်ကို ထိန်းကျောင်းကာ ရထားလုံးကို ဦးတည်ချက်အသစ်တစ်ခုသို့ မောင်းနှင်လိုက်သည်။

ဟွာရှာအင်ပါယာမှ ဆင်းသက်လာသူတစ်ဦး ဖြစ်သည့်အတွက် ကျောက်လုံသည် ကောင်းကင်လက်မှုပညာဌာနနှင့် တိုက်ရိုက် ဆက်သွယ်နိုင်စွမ်း ရှိ၏။ သူသည် ဟွာရှာအင်ပါယာ၏ အစီအမံများနှင့် နည်းဗျူဟာမြေပုံများကို မြင်တွေ့နိုင်သလို လင်းချန်ထံမှ အမိန့်များကိုလည်း တိုက်ရိုက် လက်ခံရရှိနေသည်။

ရထားလုံး ပျံသန်းနေစဉ်အတွင်း လင်းချန်သည် မျက်စိမှိတ်၍ တိတ်ဆိတ်စွာ ထိုင်နေသော်လည်း သူ၏ စိတ်ထဲ၌မူ ကောင်းကင်လက်မှုပညာဌာနမှ ပေးပို့ထားသည့် သတင်းအချက်အလက်များကို ကြည့်ရှုနေ၏။

ထောက်လှမ်းရေးသားရဲများ၏ စောင့်ကြည့်ချက်အရ အရိုးဓားငါးမျိုးနွယ်စုမှ လူပေါင်း ၄၇၆ ယောက်တို့သည် တောင်ဘက်သို့ ဦးတည်သွားနေကြရာမှ ဤနယ်မြေ၏ အစွန်းတစ်နေရာအရောက်၌ ရုတ်တရက် အစပျောက် ပျောက်ကွယ်သွားကြသည်ဟု ဆိုသည်။

ကျူးကော့မင်၏ ခန့်မှန်းချက်အရ ထိုနေရာ၌ ပုံရိပ်ယောင် အစီအရင်တစ်ခု ရှိနေနိုင်ပြီး အရိုးဓားငါးမျိုးနွယ်စုမှာ ထိုအစီအရင်အတွင်းသို့ ဝင်ရောက်သွားခြင်း ဖြစ်ပေလိမ့်မည်။

ထောက်လှမ်းရေးသားရဲမှာ လေဟုန်စစ်သည်ကဲ့သို့ မဟုတ်ပေ။ ထိုသားရဲမှာ သားရဲစစ်သည်များထဲ၌ အနိမ့်ဆုံးအဆင့်ဖြစ်ပြီး ထောက်လှမ်းရန်အတွက်သာ အသုံးပြုသဖြင့် ပုံရိပ်ယောင်အစီအရင်များကို ခွဲခြားနိုင်စွမ်း မရှိပေ။

ယုန်ပုံသဏ္ဌာန် ထောက်လှမ်းရေးသားရဲကလေးသည် အရိုးဓားငါးမျိုးနွယ်စု ပျောက်ကွယ်သွားသည့် နေရာသို့ ခုန်ပေါက်သွားနေ၏။

ကျူးကော့မင် ခန့်မှန်းထားသည့် နေရာသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်မြင်ကွင်းမှာ ရူးသွပ်မတတ် လည်ပတ်သွားသည်။ မမြင်ရသော လှိုင်းလုံးတစ်ခု ဖြတ်သန်းသွားပြီးနောက် မြင်ကွင်းထဲ၌ သွေးများဖြင့် စုတ်ပြတ်နေသည့် ယုန်၏ ကိုယ်ခန္ဓာတစ်ဝက်ကိုသာ မြင်လိုက်ရပြီး အရာအားလုံး မှောင်အတိ ကျသွား၏။

ထို့ကြောင့် ထိုပုံရိပ်ယောင် အစီအရင်အတွင်း၌ ထောက်လှမ်းရေးသားရဲကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်လိုက်သည့် ကာကွယ်ရေး ယန္တရားများ ရှိနေသည်ဟု ကောက်ချက်ချရပေလိမ့်မည်။

လင်းချန်သည် ထိုထူးဆန်းလှသည့် အရိုးဓားငါးမျိုးနွယ်စုကို ဆက်လက် ဝင်ရောက်စွက်ဖက်ရန် အစီအစဉ် မရှိသေးပေ။

သူ၏ ပန်းတိုင်မှာ ဤကမ္ဘာငယ်လေးတစ်ခုလုံး ဖြစ်သည်။ နယ်မြေတစ်ခုချင်းစီကို စူးစမ်းလေ့လာပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ရန်မှာ လက်ရှိ သူလုပ်ဆောင်ရမည့် အရာပင် ဖြစ်၏။ ထို့အပြင် ထောက်လှမ်းရေးသားရဲက ပေးပို့ထားသည့် ပုံရိပ်များကို ကြည့်ခြင်းအားဖြင့် ထိုပုံရိပ်ယောင် အစီအရင်မှာ အလွယ်တကူ ကိုင်တွယ်နိုင်မည့် အရာမဟုတ်ကြောင်း ထင်ရှားလှသည်။

ကောင်းကင်ထက် ခရီးနှင်ရသည်မှာလည်း လွယ်ကူချောမွေ့ခြင်း မရှိလှပေ။ မြေပြင်၌ သိုင်းဝိညာဉ်သားရဲများ ရှိနေသကဲ့သို့ ကောင်းကင်ထက်၌လည်း ပျံသန်းတတ်သည့် သိုင်းဝိညာဉ်သားရဲများ ရှိနေသည် မဟုတ်ပါလား။

လက်ရှိအချိန်၌ လင်းချန် ရှိနေသည့် ကောင်းကင်ယံ၌ သံတောင်ပံငှက် အများအပြား ရှိနေကြ၏။

ထိုငှက်များ၏ တောင်ပံများမှာ သံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ ရှိနေပြီး ကောင်ရေ တစ်ရာကျော်ပါဝင်သည့် အုပ်စုများမှာ မီးလျှံခွာစစ်မြင်းများကို တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။

ထိုငှက်များ၏ နှုတ်သီးများကို ဖွင့်လိုက်သည့်အခါ ထူထပ်သိပ်သည်းလှသော သွားတန်းကြီးများကို မြင်တွေ့ရပြီး မီးလျှံခွာစစ်မြင်းများကို သားကောင်အဖြစ် သဘောထားနေကြပုံရ၏။

သံတောင်ပံငှက် တစ်ကောင်ချင်းစီမှာ သေခြင်းရှင်ခြင်းနယ်ပယ်၊ ခန္ဓာအဆင့် ခွန်အားများ ရှိကြရာ ဤကမ္ဘာငယ်လေး၏ စမ်းသပ်မှုမှာ မူလဂိုဏ်းအတွင်းရှိ သေခြင်းရှင်ခြင်းနယ်ပယ် တပည့်များအတွက်သာ သီးသန့်ရည်ရွယ်ထားကြောင်း ညွှန်ပြနေသည်။

သံတောင်ပံငှက်များ ပေါ်လာသည်နှင့် ကျောက်လုံသည် ရှေ့သို့ ထွက်ခွာသွားလိုက်၏။ ယခုအခါ သေခြင်းရှင်ခြင်းနယ်ပယ်၊ နှလုံးသားအဆင့် ခွန်အားများ ရှိနေပြီဖြစ်သည့် ကျောက်လုံသည် သူ၏ လက်သီးချက်များမှတစ်ဆင့် စိတ်ဝိညာဉ်စွမ်းအားများကို ပေါက်ကွဲစေပြီး ထိုငှက်များကို အမှုန့်ကြိတ်ပစ်လိုက်သည်။

ထိုအခါ သံတောင်ပံငှက်များ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကျောက်လုံ၏ လက်ဖမိုးပေါ်ရှိ တံဆိပ်ပေါ်၌ စွဲထင်သွားကာ သူ၏ စမ်းသပ်မှုအမှတ်များကို တိုးတက်စေ၏။

တစ်ချိန်တည်း၌ လင်းချန်သည် ကျောက်လုံ၏ လက်ပေါ်ရှိ တံဆိပ်များ ပြောင်းလဲမှုကို အနီးကပ် စောင့်ကြည့်နေသည်။ သံတောင်ပံငှက် အကောင်ရေ သုံးရာခန့်ကို သတ်ဖြတ်ပြီးနောက်မှ စမ်းသပ်မှုအမှတ် တစ်မှတ် ရရှိကြောင်း သူ တွေ့ရှိလိုက်ရ၏။

ဤကောက်ချက်အရ ယခင်က ထိုသားရဲအကောင်ရေ အနည်းဆုံး တစ်ရာခန့်ကို သတ်ဖြတ်မှသာ အမှတ် တစ်မှတ် ရရှိနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

မီးလျှံခွာစစ်မြင်း ကိုးကောင်၏ ဆွဲငင်မှုဖြင့် တစ်နာရီခန့် ခရီးနှင်ပြီးနောက်၌ သူတို့သည် စိတ်ဝိညာဉ်သစ်ပင်များ ရှိရာ တောင်တောအုပ်အတွင်းရှိ လူသူကင်းမဲ့သည့် နေရာတစ်ခုသို့ ရောက်ရှိလာကြပြီး အောက်ဘက်ရှိ ခမ်းနားထည်ဝါလှသော အဆောက်အဦးများကို ငုံ့ကြည့်လိုက်ကြသည်။

ထိုအခါ ရထားလုံးပေါ်ရှိ ကျန်သူများမှာ မသိစိတ်မှပင် နေရာမှ ထရပ်လိုက်မိကြ၏။

ပါးလျလှသည့် စိတ်ဝိညာဉ်သစ်ပင်တောအုပ်၏ အလယ်ရှိ မြေပြန့်ပေါ်၌ မီးခိုးရောင်နှင့် အဖြူရောင် အဆောက်အဦးများ အဆက်မပြတ် တည်ရှိနေကြသည်။ အရွယ်အစားမျိုးစုံရှိသော ခန်းမဆောင်များနှင့် နန်းဆောင်များကို လုံခြုံသည့် စင်္ကြံလမ်းများ၊ အမိုးပါသော လမ်းလျှောက်လမ်းများဖြင့် ချိတ်ဆက်ထားရာ ကြောက်မက်ဖွယ်ကောင်းသည့် ခံတပ်ကြီးတစ်ခုနှင့် တူနေ၏။

ခံတပ်နှင့်တူသည့် အဆောက်အဦးအစုအဝေး၏ ရှေ့၌ ပေ ၃၀ ကျော် မြင့်မားလှသော ဧရာမတံခါးကြီးမှာ ပွင့်ဟနေပြီး ထိုတံခါးကြီးမှာ အစွမ်းထက်လှသည့် သိုင်းဝိညာဉ်သားရဲကြီးတစ်ကောင်က ဝါးမြိုရန် ပါးစပ်ကြီးကို ဟထားသကဲ့သို့ ရှိနေသည်။

ထို့အပြင် ခံတပ်ကြီး၏ ရှေ့မှောက်၌ ဖြစ်ပွားနေသည့် ပြင်းထန်လှသော တိုက်ပွဲကြီးကလည်း သူတို့၏ အာရုံကို ဖမ်းစားသွား၏။

ထိုစဉ် တိုက်ပွဲအလယ်မှ သွေးနီရောင် ဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ကောင်းကင်ယံရှိ လင်းချန်တို့၏ တော်ဝင်ရထားလုံးကို မော့ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။ "ပြေးကြ... အမြန်ဆုံး ပြေးကြတော့။"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၆ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters