အခန်း ၂၉၇
Vol. 30 Ch. 297
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၇
ဘာသာပြန် - Ko Yoohtoo
True Immortal Team
သွေးနီရောင်ဝတ်ရုံနှင့် တပည့်၏ အော်ဟစ်သတိပေးသံက လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေသော်လည်း လင်းချန်တစ်ဦးတည်းသာလျှင် ဘာတွေဖြစ်နေသည်ကို ကောင်းကောင်းသိနေ၏။
အခြားသူများ အမှောင်ထဲ၌ ရှိနေစဉ်မှာပင် လင်းချန်သည် တော်ဝင်ရထားလုံးပေါ်မှ ရုတ်တရက် ခုန်ထွက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ နီရဲသည့် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများမှာ လျှံတက်လာပြီး ဧရာမဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ရှေ့ရှိ ဘာမျှမရှိသော လေဟာနယ်ဆီသို့ ခုတ်ပိုင်းချလိုက်၏။
လင်းချန် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်လုံသည်လည်း လိုက်ပါလှုပ်ရှားလိုက်သည်။
သူ၏ ဝါဖန့်ဖန့် ဟွာရှာစိတ်ဝိညာဉ်စွမ်းအားများမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားသည့် လှံရိပ်များအဖြစ်သို့ စုစည်းသွားပြီး သည်းထန်စွာရွာသွန်းသော မိုးစက်များကဲ့သို့ ညာဘက်ရှိ လေဟာနယ်ဆီသို့ ထိုးစိုက်ချလိုက်၏။
ဓားစွမ်းအင်များက ဟိုဒီယှက်သန်းသွားပြီး လှံရိပ်များမှာလည်း အဆုံးမရှိ ဆက်တိုက်ထွက်ပေါ်လာသည်။
အရှင်သခင်နှင့် နောက်လိုက်တို့ နှစ်ဦး၏ တိုက်ခိုက်မှုအပြီး၌ ရှေ့ရှိ လေဟာနယ်အတွင်း၌ သွေးစများ ရုတ်တရက် ပေါ်ထွက်လာပြီး ပုံရိပ်ပေါင်း တစ်ဆယ်ကျော်မှာ လေထဲ၌ ကိုယ်ထင်ပြလာကြ၏။
ထိုသူတိုင်း၌ ဓားစွမ်းအင်နှင့် လှံချက်တို့ကြောင့် ရရှိထားသည့် ဒဏ်ရာများမှာ အထင်အရှား ရှိနေကြသည်။
ထိုသူများအထဲမှ လေးဦးမှာမူ အသက်ဇီဝိန် ချုပ်ငြိမ်းသွားပြီဖြစ်ရာ ကောင်းကင်ယံမှ မြေပြင်သို့ ပြုတ်ကျသွားကြ၏။
ပေါ်ထွက်လာသည့် ပုံရိပ်များကို မြင်သည်နှင့် လီယွမ်ဖုန်းက တော်ဝင်ရထားလုံးပေါ်မှ ထရပ်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "အရိပ်မဲ့မျိုးနွယ်ပဲ။"
သူ့ဘေးရှိ ကျန်းဇီတဲ၏ မျက်နှာမှာလည်း ညိုမှောင်သွားကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်မိ၏။
ထိုအခါမှသာ သိုင်းဝိညာဉ်သားရဲများနှင့် တိုက်ခိုက်နေသည့် သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းမှ တပည့်မှာ အဘယ်ကြောင့် ဘာမျှမရှိသော လေဟာနယ်ဘက်သို့ ဒိုင်းသဖွယ် ကာကွယ်နေရသည်ကို နားလည်သွားသည်။
ယီစင်းသည်လည်း အတင်းအကျပ် ကိုယ်ထင်ပြခိုင်းစေခြင်း ခံလိုက်ရသည့် ထူးဆန်းသော မျိုးနွယ်စုဝင်များကို ကြည့်ကာ အံ့ဩသွားရ၏။
ရုတ်တရက် ပေါ်ထွက်လာသည့် ထိုပုံရိပ်များသည် အနည်းငယ် ပုကွကွရှိကြပြီး အသားအရေမှာ နှင်းကဲ့သို့ ဖြူဆွတ်နေကာ ဆံပင်များမှာလည်း အရောင်အသွေးမရှိဘဲ ကြည်လင်နေကြသည်။
သူတို့၏ မျက်ဝန်းများမှာလည်း မည်သည့် အရောင်ခြယ်ပစ္စည်းမျှ မရှိဘဲ ဖြူဖွေးနေကြရာ ကြည့်ရသည်မှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်ဖွယ် ကောင်းလှ၏။
ထိုတစ်ကိုယ်လုံး ဖြူဖွေးနေသည့် မျိုးနွယ်စုဝင်များကို စိုက်ကြည့်ရင်း ကျန်းချီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "တောင်ပိုင်းအစည်းအဝေးက လူသားနဲ့ ပင်လယ်မျိုးနွယ်စုအတွက်လေ။ ဝင်ပေါက်တွေကိုလည်း အထင်ကရပုဂ္ဂိုလ်ကြီးတွေ စောင့်နေကြတာ။ လူဦးရေလည်း ကန့်သတ်ထားတာပဲ။ ဒီအရိပ်မဲ့မျိုးနွယ်တွေ ဘယ်လိုလုပ် ဒီရောက်လာတာလဲ။"
ယီစင်းမှာမူ ဇဝေဇဝါ ဖြစ်နေသဖြင့် ဘေးရှိ ကျန်းဝမ်ရွှမ်းအား ထိုအရိပ်မဲ့မျိုးနွယ်စုမှာ မည်သို့သော အမျိုးအစားဖြစ်ကြောင်း လှမ်းမေးလိုက်၏။
ကျန်းဝမ်ရွှမ်းက ရှင်းပြလာသည်။ "ဒီမျိုးနွယ်စုရဲ့ ပါရမီက ပုံရိပ်ဖျောက်နိုင်တာပဲ။ ဒါကြောင့် ထောက်လှမ်းဖို့ ခက်တယ်။ နယ်ပယ်မြင့်လေ ပိုကြာကြာ ပုန်းနိုင်လေပဲ။ ပြီးတော့ အရမ်းမြန်ပြီး ဖမ်းဆုပ်ဖို့ ခက်သလို ချောင်းမြောင်းတိုက်ခိုက်ရာမှာလည်း ကျွမ်းကျင်ကြတယ်။ ဒါပေမဲ့ သူတို့က မဖြစ်မနေမှလွဲပြီး လူတွေနဲ့ တိုက်ရိုက်မရင်ဆိုင်တတ်ဘူး။ အကျိုးရှိမယ့် အခြေအနေ ဖန်တီးပြီးမှ သူတို့ပါရမီကိုသုံးပြီး ချောင်းမြောင်းတိုက်ခိုက်တတ်ကြတာ။"
"အခု သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းက တပည့်နှစ်ယောက်လိုပေါ့။ သိုင်းဝိညာဉ်သားရဲ အများကြီး လာတိုက်အောင် တမင်ဆွဲဆောင်တာ။ ပြီးမှ အခွင့်ကောင်းစောင့်ပြီး ချောင်းတိုက်ဖို့ ကြံကြတာပဲ။ တစ်ချိန်တည်းမှာပဲ အဲဒီတပည့်နှစ်ယောက်နဲ့ သားရဲတွေရဲ့ တိုက်ပွဲက ငါတို့အာရုံလွှဲဖို့ အစာဖြစ်သွားတာ။ အဲဒီနောက်မှ ငါတို့ကိုပါ လုပ်ကြံဖို့ အခွင့်အရေး စောင့်နေကြတာ။ တော်သေးတာပေါ့၊ လင်းချန်တို့က ကြိုထောက်လှမ်းမိသွားလို့။ တကယ်ကို အံ့ဩစရာပဲ။"
ထိုသို့ပြောရင်း ကျန်းဝမ်ရွှမ်းသည် လင်းချန်နှင့် ကျောက်လုံတို့အား လေးစားအားကျသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
သူတို့ ချောင်းမြောင်းမတိုက်ခိုက်မီမှာပင် အရိပ်မဲ့မျိုးနွယ်စုကို ရှာဖွေတွေ့ရှိခြင်းမှာ မလွယ်ကူလှချေ။ ထို့အပြင် ကိုယ်ထင်ပြလာသည့် သူများ၏ အရှိန်အဝါအရ ထိုသူများမှာ သေခြင်းရှင်ခြင်းနယ်ပယ်၏ ကျွမ်းကျင်သူများ ဖြစ်ကြောင်း ထင်ရှားလှသည်။
ထိုစဉ် လင်းချန်၏ တစ်ဖက်ရှိ အရိပ်မဲ့မျိုးနွယ်စုဝင် တစ်ဦးက သူ၏ ကျဆုံးသွားသည့် မျိုးနွယ်စုဝင်များ၏ အလောင်းကို နားမလည်နိုင်သော မျက်နှာထားဖြင့် ငုံ့ကြည့်လိုက်၏။ "မင်းတို့ ငါတို့ကို ဘယ်တုန်းက သတိထားမိတာလဲ။"
လင်းချန်က အေးစက်စွာ ရယ်မောလိုက်သည်။ "လီပေါင်း နှစ်ဆယ်အကွာကတည်းကပဲ။ ငါတို့နောက် လိုက်လာတဲ့ မင်းတို့လူကို တွေ့ကတည်းက မင်းတို့ကိုပါ တွေ့ပြီးသား။"
ထိုမျိုးနွယ်စုဝင်သည် အံ့ဩမှုနှင့် ရောယှက်နေသည့် မျက်နှာဖြင့် ခဏမျှ ငေးမှိုင်သွားပြီးနောက် ဟိန်းဟောက်လိုက်၏။ "ဆုတ်ကြ။"
သူ၏ အော်ဟစ်သံအပြီး၌ ထိုမျိုးနွယ်စုဝင်သည် အနောက်ဘက်သို့ အရှိန်အဟုန်ဖြင့် စတင်ဆုတ်ခွာသည်။ တစ်ချိန်တည်းမှာပင် အခြား ကိုယ်ထင်ပြနေသော အရိပ်မဲ့မျိုးနွယ်စုဝင်များသည်လည်း တစ်ဦးပြီးတစ်ဦး ပုန်းကွယ်သွားကြကာ မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။
အောက်ဘက်ရှိ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းမှ တပည့်နှစ်ဦးမှာလည်း သူတို့ ဝေဝေဝါးဝါး ခံစားမိနေသည့် အရိပ်မဲ့မျိုးနွယ်စုဝင်များ တဖြည်းဖြည်း ဝေးကွာသွားသည်ကို သတိထားမိလိုက်ကြသည်။ ထိုအခါမှသာ ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားပြီး ဝိုင်းရံထားသော သိုင်းဝိညာဉ်သားရဲများကိုသာ အာရုံစိုက် တိုက်ခိုက်နိုင်တော့၏။
အရိပ်မဲ့မျိုးနွယ်စု ထွက်ခွာသွားသည့် လေဟာနယ်ကို ကြည့်ရင်း လင်းချန်၏ မျက်ဝန်းများမှာ အနည်းငယ် မှေးစင်းသွားသည်။
ဘဝနှစ်ခုကို ဖြတ်သန်းလာသူဖြစ်ရာ သူ၏ စိတ်ဝိညာဉ်ပေါင်းစပ်မှုမှာ သာမန်ထက် ပိုမိုနက်ရှိုင်းလှ၏။
ဟွာရှာအင်ပါယာ၏ ကံကြမ္မာအရှိန်အဝါက သူ၏ အသိစိတ်ပင်လယ်အတွင်းရှိ စိတ်ဝိညာဉ်အသိစိတ်ကို ပိုမိုအားကောင်းစေသည်။ ထို့ကြောင့် လင်းချန်၏ စိတ်ဝိညာဉ်အာရုံမှာ မှန်းဆ၍မရနိုင်လောက်အောင် အစွမ်းထက်လှ၏။
ထောက်လှမ်းရေးသားရဲများမှာ သူ၏ မျက်စိအဖြစ် အသုံးဝင်ပြီး ဤကမ္ဘာငယ်လေးအတွင်းရှိ စိတ်ဝိညာဉ်သစ်ပင်တောအုပ်အတွင်းမှ ခြေရာလက်ရာ မှန်သမျှကို ရှာဖွေပေးနေသည်။
အထူးသဖြင့် အရိုးဓားငါးမျိုးနွယ်စုနှင့် ချင်မင်းဆက်မှ မင်းသမီးတို့၏ ဦးတည်ရာကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လင်းချန်၏ စိတ်ဝိညာဉ်အာရုံမှာ သူတည်ဆောက်ထားသည့် ခံစစ်တစ်ခုကဲ့သို့ လီပေါင်းများစွာအထိ ဖြန့်ကျက်ထား၏။
အရိပ်မဲ့မျိုးနွယ်စု သူတို့နောက်သို့ လိုက်ပါလာသည်ကို လင်းချန် သိရှိပြီးသား ဖြစ်သည်။ သို့သော် ထိုသူများမှာ လူသားမျိုးနွယ်စုလည်း မဟုတ်၊ ပင်လယ်မျိုးနွယ်စုလည်း မဟုတ်ဘဲ အခြား မျိုးနွယ်စုတစ်ခု ဖြစ်နေလိမ့်မည်ဟု လင်းချန် မသိချေ။
လင်းချန်၏ နားမှာလည်း မညံ့ဖျင်းလှချေ။ ကျန်းဝမ်ရွှမ်း၏ အရိပ်မဲ့မျိုးနွယ်စုအကြောင်း ရှင်းပြချက်ကို သူ အထင်အရှား ကြားလိုက်ရ၏။
လင်းချန်က ကောင်းကင်ယံထက်၌ မျက်မှောင်ကြုတ်လိုက်သည်။ "တောင်ပိုင်းအစည်းအဝေးရဲ့ ထိန်းချုပ်မှုက ပင်လယ်မျိုးနွယ်စုနဲ့ လူသားတွေရဲ့ လက်ထဲကနေ လွတ်သွားပြီထင်တယ်။"
ပထမဦးစွာ အရိုးဓားငါးမျိုးနွယ်စု အမြောက်အမြား ပေါ်လာသလို အပြင်မှာ ရှိနေရမည့် မျိုးနွယ်စုခေါင်းဆောင်ကလည်း ဤထဲသို့ ရောက်နေ၏။
ယခုအခါ၌မူ ပင်လယ်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့၏ အပြင်ဘက်မှ အင်အားစုဖြစ်သည့် အရိပ်မဲ့မျိုးနွယ်စုပင် ပေါ်ထွက်လာပြီ ဖြစ်သည်။
အခြေအနေများမှာ တစ်စထက်တစ်စ ပိုမိုရှုပ်ထွေးလာသော်လည်း လင်းချန်မှာမူ ပို၍ပင် စိတ်လှုပ်ရှားလာ၏။ ဖရိုဖရဲ ဖြစ်နေမှသာလျှင် အခွင့်အရေးများကို အရယူနိုင်မည် ဖြစ်ပြီး ဤရိုင်းစိုင်းလှသော ကမ္ဘာငယ်လေးကို အလုံးစုံ ထိန်းချုပ်နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်သည်။
ထိုသို့တွေးတောရင်း လင်းချန်၏ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများမှာ မအောင့်နိုင်ဘဲ လျှံတက်လာကာ သူ၏လက်ထဲ၌ အန္တရာယ်ရှိသည့် အရှိန်အဝါများ ထွက်ပေါ်နေသော မိုးကြိုးဓားစွမ်းအင်တစ်ခုအဖြစ် စုစည်းသွား၏။
နောက်တစ်ခဏ၌ သူသည် ထိုဓားစွမ်းအင်ကို ပြင်းထန်စွာ ပစ်လွှတ်လိုက်ရာ ရွှေနီရောင် လျှပ်စီးတန်းကြီးတစ်ခုမှာ လေထုကို ဖြတ်သန်းသွားပြီး အောက်ဘက်ရှိ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း တပည့်၏ နောက်ကျောကို ဦးတည်သွားသည်။
“ဖျန်းးး”
အသားထဲသို့ တစ်စုံတစ်ခု ထိုးဖောက်ဝင်ရောက်သွားသော အသံမှာ ထိုတပည့်၏ အနောက်မှ ထွက်ပေါ်လာ၏။ သူသည် ရှေ့မှ သိုင်းဝိညာဉ်သားရဲကို ခုတ်ပိုင်းလိုက်ပြီးနောက် အမြန်လှည့်ကြည့်လိုက်သည်။
အနောက်ဘက်ရှိ အခြေအနေကို မြင်လိုက်ရသည့်အခါ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း တပည့်မှာ ချွေးစေးများ ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး စိမ့်သွားရ၏။
ထွက်ခွာသွားပြီဟု ထင်ရသည့် အရိပ်မဲ့မျိုးနွယ်စုဝင်မှာ မည်သို့ရောက်လာသည်မသိဘဲ သူ၏ နောက်ကျောကို ဓားမြှောင်ဖြင့် ထိုးရန် အသင့်ဖြစ်နေခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ထိုမျိုးနွယ်စုဝင်မှာ သူ၏ အကြံကို အကောင်အထည် မဖော်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်မှာ မိုးကြိုးဓားစွမ်းအင်ဖြင့် အလုံးစုံ အဖောက်ခံလိုက်ရသောကြောင့် ဖြစ်၏။
ရွှေနီရောင် မိုးကြိုးများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ရာ သူသည် လှုပ်ပင်မလှုပ်နိုင်တော့ချေ။
လင်းချန်က အဝေးရှိ လေဟာနယ်ဆီသို့ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "သွားကြစမ်း။"
တော်ဝင်ဧကရာဇ်၏ တော်ဝင်စိတ်ဝိညာဉ်စွမ်းအားများမှာ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများနေရာ၌ အစားထိုးဝင်ရောက်လာပြီး အစွမ်းထက်လှသည့် စိတ်ဝိညာဉ်ဖြင့် ပံ့ပိုးထားသော ဧကရာဇ်၏ အရှိန်အဝါမှာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖိနှိပ်ခြေမှုန်းပစ်လိုက်၏။
“ဝေါ့းးး... ဖျန်းးး။”
ထွက်ခွာသွားကြပြီ ဖြစ်သည့် အရိပ်မဲ့မျိုးနွယ်စုဝင်များသည် လင်းချန်၏ ပြင်းထန်လှသော ဖိအားအောက်၌ တစ်ဦးပြီးတစ်ဦး ပုံရိပ်များ ပေါ်ထွက်လာကြသည်။
သူတို့အားလုံးမှာ သွေးအန်နေကြပြီး လင်းချန်ကို ထိတ်လန့်တကြား ကြည့်ကာ ပုန်းကွယ်ရန်ပင် မစဉ်းစားနိုင်တော့ဘဲ အံ့မခန်း အမြန်နှုန်းဖြင့် အဝေးသို့ ထွက်ပြေးကြ၏။
လင်းချန်က အေးစက်စွာ လှောင်ပြုံးလိုက်သည်။ "လူစွမ်းကောင်း လုပ်ချင်ပြီးမှ ထွက်ပြေးနိုင်မယ် ထင်နေတာလား။"
တော်ဝင်ဧကရာဇ်၏ စိတ်ဝိညာဉ်စွမ်းအားမှာ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများနှင့် ရောယှက်ကာ ထွက်ပြေးနေသည့် အရိပ်မဲ့မျိုးနွယ်စုဝင် တစ်ဦးတည်းဆီသို့ ပြေးဝင်သွား၏။
သူ၏ အရှိန်မှာ လေထုကိုပင် ဆွဲဖြဲသွားပြီး အနောက်၌ ကျန်ရစ်သော ပြင်းထန်သည့် လေပွေလှိုင်းများကြောင့် အဖွဲ့ကြီးမှာပင် ယိမ်းယိုင်သွားရသည်။
လင်းချန်၏ ဖိအားကြောင့် ပုံရိပ်ထွက်ပေါ်လာရသည့် အရိပ်မဲ့မျိုးနွယ်စုဝင်မှာ အနောက်ဘက်သို့ အလန့်တကြား ထွက်ပြေးသွား၏။ သူ့အား စောစောက စကားပြောခဲ့သည့် ခေါင်းဆောင်မှာလည်း မျက်နှာပျက်သွားရသည်။
ထိုခေါင်းဆောင်သည် သူတို့မျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ပြန်လည်လှည့်ပတ်လာခြင်း ဖြစ်ရာ ကျိုးကြောင်းဆင်ခြင်မှုအရ ဆိုလျှင် တစ်ဖက်လူမှာ မည်သို့မျှ ရိပ်မိနိုင်စွမ်း မရှိဘဲ အငိုက်မိနေရမည် မဟုတ်ပါလော။ သို့သော် သူတို့ အဘယ်ကြောင့် ထောက်လှမ်းခံလိုက်ရသနည်း။
ထိုအရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်သည် စိတ်ဝိညာဉ်စွမ်းအားကို လှုံ့ဆော်ကာ အရှိန်ကို အစွမ်းကုန် မြှင့်တင်ရင်း စိတ်ထဲမှ တွေးလိုက်၏။ ‘ဒီလူသားက ငါတို့ရှိတာကို ဘယ်လိုသိသွားတာလဲ။ သခင်လေးဆီ အမြန်သတင်းပို့ရမယ်။ မဟုတ်ရင် သူက ငါတို့အစီအစဉ်တွေကို ဖျက်ဆီးပစ်လိမ့်မယ်။’
သို့သော် သူတို့၏ ရှေ့တည့်တည့်၌ ရုတ်တရက် ရွှေနီရောင် မိုးကြိုးလျှပ်စီးတစ်ခုမှာ ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံထက်မှ ပိုင်းဖြတ်ချလိုက်သည်။
ဧရာမ ဓားစွမ်းအင်ကြီးမှာ မိုးကြိုးကန့်လန့်ကာတစ်ခုကဲ့သို့ ရှေ့ဆက်သွားမည့် လမ်းကြောင်းကို အလုံးစုံ ပိတ်ဆို့လိုက်ရာ ထွက်ပြေးရန် အခွင့်အရေး လုံးဝမရှိတော့ချေ။
အရှိန်အနည်းငယ် ပိုမြန်နေသည့် အရိပ်မဲ့မျိုးနွယ်စုဝင် နှစ်ဦးမှာ ကောင်းကင်မှ ကျဆင်းလာသော ထိုဓားစွမ်းအင် ကန့်လန့်ကာအောက်၌ ခန္ဓာကိုယ်များ နှစ်ပိုင်းပြတ်သွားရပြီး သွေးစများဖြင့် မြေပြင်သို့ ပစ်ကျသွားကြ၏။
ဓားစွမ်းအင် ကန့်လန့်ကာကြီး တဖြည်းဖြည်း မှေးမှိန်သွားသည့်အခါ ရွှေနီရောင် မိုးကြိုးများအကြား၌ ဝတ်ရုံဖြူမှာ လွင့်ပျံနေပြီး လူငယ်လေး၏ အေးစက်လှသော အကြည့်မှာ သူတို့အပေါ်သို့ ကျရောက်နေသည်။
အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်မှာ နဖူးမှ ချွေးစေးများ ထွက်လာပြီး ရှေ့မှပုံရိပ်ကို ကြည့်ကာ အံ့ဩတုန်လှုပ်စွာဖြင့် စိတ်ထဲမှ အော်ဟစ်လိုက်၏။ ‘ဒီလူသားက ဘယ်လိုကောင်လဲ။ ငါတို့ခြေရာတွေကို အလွယ်တကူ သိရုံတင်မကဘူး၊ သူ့အမြန်နှုန်းက ငါတို့ထက် အဆပေါင်းများစွာ သာနေပါလား။’
လက်ရှိအချိန်၌ ထိုခေါင်းဆောင်သည် အလွန်တရာ ထိတ်လန့်နေပြီဖြစ်၏။ သူတို့၏ အရိပ်မဲ့မျိုးနွယ်သည် ခြေရာဖျောက်ကာ ရန်သူကို မမြင်ကွယ်ရာမှ သတ်ဖြတ်ခြင်းနှင့် လျင်မြန်သည့် အမြန်နှုန်းတို့အပေါ်၌ များစွာ ဂုဏ်ယူဝင့်ကြွားကြသူများ ဖြစ်သည်။ သို့သော် ဤလူသားမျိုးနွယ်ဝင်၏ ရှေ့မှောက်၌မူ သူတို့၏ ပါရမီများမှာ အသုံးမဝင်သော အမှိုက်များကဲ့သို့ ဖြစ်နေရပြီ။
တစ်ဖက်လူမှာ သေခြင်းရှင်ခြင်းနယ်ပယ်၏ ခန္ဓာနယ်ပယ်အဆင့်မျှသာ ရှိသေးသော်လည်း ခေါင်းဆောင်ဖြစ်သူမှာမူ သေခြင်းရှင်ခြင်းနယ်ပယ်၏ စိတ်ဝိညာဉ်နယ်ပယ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်၏။
ထို့အပြင် သူ၏ အပေါင်းအပါများမှာလည်း သေခြင်းရှင်ခြင်းနယ်ပယ်၏ စွမ်းအားနယ်ပယ်အဆင့်ရှိသူများဖြစ်ကာ တစ်ဦးချင်းစီမှာ ထူးချွန်သည့် ပါရမီရှင်များ ဖြစ်ကြသည်။
သို့သော် မိုးကြိုးများကြားမှ ပုံရိပ်မှာမူ သူတို့မျိုးနွယ်စုအတွက် သဘာဝတရား၏ အဆုံးအဖြတ်ပေးမည့် ရန်သူတော်ကြီးအလား ကြောက်မက်ဖွယ် ကောင်းလှ၏။
ထို့အပြင် တစ်ဖက်လူထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ မြင့်မြတ်လှသော အုပ်ချုပ်သူတစ်ဦးနှင့် တူလှပေရာ သူတို့အဖို့ ထိုဖိအားကို လုံးဝ တောင့်မခံနိုင်တော့ချေ။
တော်ဝင်ဧကရာဇ်တစ်ဦးဖြစ်သည့် လင်းချန်အတွက်မူ ခြေရာဖျောက်တတ်သော သူခိုးကလေးများမှာ ဧကရာဇ်၏ ဘုန်းအာဏာနှင့် အရှိန်အဝါရှေ့မှောက်၌ ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။
ဘဝနှစ်ခု ပေါင်းစပ်ထားသော အစွမ်းထက်သည့် စိတ်ဝိညာဉ်အာရုံမှာ တစ်နည်းအားဖြင့် အရိပ်မဲ့မျိုးနွယ်စု၏ ဘေးအန္တရာယ်ကြီးပင် ဖြစ်ပေ၏။
အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ အသံနှိမ့်လိုက်သည်။ "မင်းက ငါတို့ကို တကယ်ပဲ အမြစ်ပြတ် သုတ်သင်ပစ်ဖို့ ရည်ရွယ်ထားတာလား။"
လင်းချန်သည် ညာလက်ကို ဆန့်ထုတ်လိုက်ရာ စိတ်ဝိညာဉ်ဒြပ်စင်များမှာ သတ္တုရည်များအဖြစ် ပြောင်းလဲသွားပြီး မူလလက်နက်ကို အလုံးစုံ ဖုံးလွှမ်းသွားကာ သူအောင်မြင်စွာ တပ်ဆင်လိုက်သည့် မိုးကြိုးလျှပ်စီးဓားကို တင်းတင်းဆုပ်ကိုင်လိုက်၏။ "စောစောက မင်းတို့ကို လွှတ်ပေးတာ ငါ့ကရုဏာပဲ။ ဒါပေမဲ့ မင်းတို့က ငါ့စေတနာကို အလွဲသုံးစားလုပ်ပြီး ပြန်လှည့်လာရုံမကဘူး၊ ငါ့ကိုပါ တိုက်ခိုက်ဖို့ ပြင်နေသေးတယ်ပေါ့။"
လင်းချန်က ရှေ့မှ အရိပ်မဲ့မျိုးနွယ်စုဝင်များကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "မင်းတို့ သတ္တိကတော့ တကယ်မနည်းဘူးပဲ။"
နောက်တစ်ခဏ၌ သူ၏ ပုံရိပ်မှာ သူတို့ရှေ့မှ ပျောက်ကွယ်သွား၏။
ခေါင်းဆောင်ဖြစ်သူ၏ သူငယ်အိမ်မှာ ကျုံ့ဝင်သွားပြီး အခြားမျိုးနွယ်စုဝင်များကို အော်ဟစ်လိုက်သည်။ "ဆုတ်ကြ... လူစုခွဲပြီး ဆုတ်ကြ။ ပြီးရင် သခင်လေးဆီ သတင်းပို့ကြ။"
ခေါင်းဆောင်၏ စကားကို ကြားသည်နှင့် အခြား အရိပ်မဲ့မျိုးနွယ်ဝင်များမှာ သူတို့၏ ဖျော့တော့သည့် အပြာရောင် စိတ်ဝိညာဉ်စွမ်းအားများကို အစွမ်းကုန် စုစည်းကာ ထွက်ပြေးရန် ပြင်ကြ၏။
သို့သော် ထိုအချိန်၌ သူတို့၏ အနောက်ဘက်မှနေ၍ အနက်ရောင် ဓားသွားတစ်ခုမှာ လည်ပင်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အနောက်ဘက်မှ အထင်အမြင်သေးလှသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ "မင်းတို့ လှည့်ကွက်တွေက ကလေးကစားစရာတွေပဲ။ ငါ့အင်ပါယာရဲ့ အောက်ခြေအဆင့် လေဟုန်စစ်သည်တွေကနေ ညအရိပ်ဆိုတဲ့ အလုပ်ကို ပြောင်းလိုက်တဲ့အခါ ဘယ်လိုလုပ်ကြံသတ်ဖြတ်မှုမျိုး လုပ်နိုင်လဲဆိုတာ မင်းတို့ကို ပြပေးမယ်။"
လင်းချန် စကားဆုံးသည်နှင့် အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်မှာ သူ၏ ရှေ့မှောက်၌ ဖြစ်ပျက်နေသည်များကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားရသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၇ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team