အခန်း ၂၉၈
Vol. 30 Ch. 298
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၈
ဘာသာပြန် - Ko Yoohtoo
True Immortal Team
လက်ရှိအချိန်၌ ဤကမ္ဘာငယ်လေးအတွင်း ညအချိန်သို့ ရောက်ရှိနေပြီဖြစ်ကာ တောက်ပသည့် လရောင်အောက်၌ မျိုးနွယ်စုဝင်များမှာ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ရှိနေကြသဖြင့် အရိပ်များမှာ တစ်ဦးပေါ်တစ်ဦး ထပ်နေကြ၏။
ထိုအရိပ်မဲ့မျိုးနွယ်စုဝင်များ၏ အရိပ်များအတွင်းမှနေ၍ အနက်ရောင် ဓားမြှောင်ကို ကိုင်ဆောင်ထားသည့် လက်တစ်ဖက်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး အနောက်ဘက်မှနေ၍ လည်ပင်းများကို ချောင်းမြောင်း လှီးဖြတ်လိုက်သည်။
နောက်တစ်ခဏ၌ ထိုအရိပ်အတွင်းမှ ပုံရိပ်တစ်ခု အလုံးစုံ ထွက်ပေါ်လာပြီး ခေါင်းဆောင်ဖြစ်သူ သေချာမမြင်ရမီမှာပင် ညအမှောင်ထုအတွင်းသို့ ခြေရာလက်ရာမရှိ ပြန်လည် ပျောက်ကွယ်သွားပြန်၏။
သို့သော်လည်း ထိုခဏအတွင်းမှာပင် သူတို့၏ ကိုယ်ပိုင်အရိပ်များထဲမှ ထွက်ပေါ်လာသည့် ထိုပုံရိပ်များသည် အရိပ်မဲ့မျိုးနွယ်စုဝင် တစ်ဝက်ခန့်ကို သတ်ဖြတ်ပြီးဖြစ်လေပြီ။
ကျန်ရှိနေသည့် အရိပ်မဲ့မျိုးနွယ်စုဝင်များမှာ ထိတ်လန့်တကြားဖြင့် အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲကာ ထွက်ပြေးကြပြီး သူတို့၏ ပုံရိပ်များကို ညကောင်းကင်ယံထဲ၌ ဖျောက်ကွယ်လိုက်ကြပြန်၏။
ယနေ့ည၏ လရောင်မှာ အလွန်ပင် တောက်ပလှရာ အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ တုန်ယင်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ဘာမျှမရှိသည့် လေဟာနယ်အတွင်း၌ သွေးပန်းပွင့်များမှာ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်အံလာသည်ကို သူ အထင်အရှား မြင်နေရသည့်အတွက် ဖြစ်၏။
ထိုသွေးနီရောင် ပွင့်ချပ်များ ပွင့်အံလာတိုင်း အရိပ်မဲ့မျိုးနွယ်စုဝင် တစ်ဦးစီမှာ ကိုယ်ထင်ပြလာပြီး ကောင်းကင်ယံမှ ပြုတ်ကျသွားကြ၏။
ထိုမျှမက လူသားမျိုးနွယ်ဝင် တစ်ဦးမှာလည်း တစ်ချိန်တည်းမှာပင် ပေါ်လာတတ်ပြီး သူ၏ မျိုးနွယ်စုဝင်များ၏ နှလုံးသားထဲမှ အနက်ရောင် ဓားမြှောင်ကို ပြန်လည်ဆွဲထုတ်နေသည်ကို မြင်တွေ့ရ၏။
ထိုပုံရိပ်မှာ အနုစိတ်လှသည့် သံချပ်ကာအင်္ကျီပျော့ကို ဝတ်ဆင်ထားပြီး မျက်နှာ၌ အနက်ရောင် နှာခေါင်းစည်းကို တပ်ဆင်ထားရာ မျက်နှာအောက်ပိုင်းကို လုံခြုံစွာ ဖုံးအုပ်ထား၏။ ခေါင်း၌လည်း အနက်ရောင် ခေါင်းစွပ်ကို စွပ်ထားသဖြင့် မျက်နှာအထက်ပိုင်းကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။
သူတို့သည် လရောင်အောက်၌ မည်သည့် အငွေ့အသက်မျှ မရှိဘဲ တိတ်ဆိတ်စွာ ရပ်နေကြပြီးနောက် အနက်ရောင် မြူခိုးများကဲ့သို့ပင် သူ၏ မျက်စိရှေ့မှောက်မှ ပျောက်ကွယ်သွားကြပြန်၏။
အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်မှာ သူ့မျက်မှောက်၌ ပျောက်ကွယ်သွားသည့် မျိုးနွယ်စုဝင်များမှာ တစ်ဦးပြီးတစ်ဦး နှလုံးသားကို အထိုးခံရကာ အသက်ဇီဝိန် ချုပ်ငြိမ်းပြီး ကောင်းကင်မှ ပစ်ကျသွားသည်ကို ပြူးပြူးပြဲပြဲ ကြည့်နေရုံမှတစ်ပါး အခြားမရှိချေ။
အရိပ်မဲ့မျိုးနွယ်သည် ရန်သူကို မျက်စိလည်အောင် အခြေအနေများ ဖန်တီးပြီးနောက် ခြေရာဖျောက်ကာ အမြန်နှုန်းဖြင့် လုပ်ကြံတတ်ကြသူများ ဖြစ်၏။
ဤခေါင်းဆောင်သည် သူတို့မျိုးနွယ်စုဝင်များမှာ ဖုံးကွယ်ထားလျက်နှင့်ပင် အစီအစဉ်တကျ အသတ်ခံရလိမ့်မည်ဟုလည်းကောင်း၊ သေခါနီးမှသာ ရန်သူ၏ မျက်နှာအစစ်ကို မြင်တွေ့ရလိမ့်မည်ဟုလည်းကောင်း ဘယ်သောအခါမျှ ထင်မှတ်မထားပေ။
လင်းချန်က ပူဆွေးဝမ်းနည်းနေသည့် ထိုမျိုးနွယ်စုဝင်၏ ပါးကို ပုတ်လိုက်သည်။ "မင်းတို့ အရိပ်မဲ့မျိုးနွယ်ရဲ့ ပုန်းကွယ်တတ်တဲ့ ပါရမီက ကျုပ်စစ်သည်တွေနဲ့ ယှဉ်ရင် အဝေးကြီး လိုသေးတယ်။ မင်းတို့ ဘယ်လိုနည်းနဲ့ ဒီထဲ ရောက်လာလဲ၊ ဘာတွေလုပ်ဖို့ ကြံစည်ထားလဲဆိုတာ သေချာရှင်းပြရင် မင်းအသက်ကို ကျုပ် ချမ်းသာပေးမယ်။"
အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်သည် ဝမ်းနည်းမှုများကို ဘေးဖယ်ကာ မိုးကြိုးလျှပ်စီးဓားကို လှမ်းယူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ပြင်လိုက်၏။
သို့သော်လည်း သူ ဓားကို လှမ်းယူလိုက်သည့်အခါ ရွှေရောင်သန်းနေသော အနက်ရောင်သတ္တုမှာ အရည်ပျော်သွားပြီး စိတ်ဝိညာဉ်အစိတ်အပိုင်း ကိုးခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန်မှာပင် အရိပ်မဲ့မျိုးနွယ် ခေါင်းဆောင်၏ အသက်ဇီဝိန်မှာလည်း ကုန်ဆုံးသွားပြီဖြစ်ရာ မြေပြင်သို့ အကူအညီမဲ့စွာဖြင့် ပစ်ကျသွားသည်။
လင်းချန်သည် အောက်သို့ ထိုးဆင်းသွားသည့် ဖြူဖျော့ဖျော့ ခန္ဓာကိုယ်ကို ငုံ့ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ "စိတ်ဝိညာဉ် ဖောက်ခွဲပြီး အဆုံးစီရင်ဖို့ ဓားကို လှမ်းယူတာလား။ တကယ်ကို ယောက်ျားပီသတဲ့ လုပ်ရပ်ပဲ။"
ခဏမျှ စဉ်းစားပြီးနောက် လင်းချန်က လေဟာနယ်ထဲသို့ အမိန့်ပေးလိုက်သည်။ "မောင်မင်းတို့ သူတို့ကို ဒီမှာတင် မြှုပ်နှံလိုက်ကြ။ သူတို့အလောင်းတွေကို ဒီတိုင်းကြီး ပစ်ထားရင် ရိုင်းစိုင်းလွန်းရာ ရောက်မယ်။"
လေဟာနယ်ထဲမှ အသံတစ်သံ ပြန်ထွက်လာသည်။ "အမိန့်အတိုင်းပါ အရှင်မင်းကြီး။"
ထို့နောက် ပုံရိပ်အချို့မှာ ဘာမျှမရှိသည့် နေရာမှ ရုတ်တရက် ပေါ်ထွက်လာပြီး ဒူးထောက် အမိန့်ခံယူကာ အောက်ဘက်သို့ အမြန်ဆင်းသွားကြ၏။
ထိုပုံရိပ်များကို ကြည့်ရင်း လင်းချန်သည် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေ၏။
အရိပ်မဲ့မျိုးနွယ်...
သူတို့၏ ပါရမီမှာ ဟွာရှာအင်ပါယာ၏ ညအရိပ် စစ်သည်များနှင့် ယှဉ်လျှင်မူ အလွန်ပင် ဖျော့တော့လွန်းလှ၏။ သာမန် ခြေရာဖျောက်သည့် အတတ်ပညာလောက်မှာမူ လင်းချန်၏ မျက်စိထဲ၌ အောက်ခြေအဆင့် အတတ်ပညာတစ်ခုမျှသာ ဖြစ်ပြီး ဂရုပြုစရာပင် မလိုချေ။
ညအရိပ် ဆိုသည်မှာ လေဟုန်စစ်သည်များထဲမှ အနိမ့်ဆုံးအဆင့်ဖြစ်သည့် အခြေခံလေဟုန်စစ်သည်များနှင့် နှိုင်းယှဉ်လျှင် အခြားသော နည်းစနစ်များကို စွန့်လွှတ်ပြီး လုပ်ကြံသတ်ဖြတ်မှု အတတ်ပညာတစ်ခုတည်းကိုသာ အထူးပြု ကျင့်ကြံထားသူများ ဖြစ်ကြ၏။
သူတို့ကား ညအမှောင်ထု၏ ချစ်လှစွာသော သားတော်များပင် ဖြစ်လေပြီ။
**--**--**--**--**--**--**--**
ခဏအကြာ၌ လင်းချန်သည် ဦးခေါင်းကို လှည့်လိုက်ပြီး မူလဦးတည်ရာဘက်သို့ ပြန်လည်ပျံသန်းသွား၏။ တော်ဝင်ရထားလုံးသည် အဆောက်အအုံအစုအဝေး၏ အဝင်ဝ၌ ရပ်တန့်ထားပြီးဖြစ်ရာ မီးပုံကို ဖိုထားပြီး ဖြစ်သည်။
လူတိုင်းသည် ထိုမီးပုံကို ဝိုင်းရံထိုင်နေကြသဖြင့် မီးရောင်ဟပ်နေသည့် သူတို့၏ မျက်နှာများသည် နီမြန်းလျက် ရှိ၏။
ကျောက်လုံ တစ်ဦးတည်းသာလျှင် ယီစင်း၏ နောက်ကျော၌ မတ်မတ်ရပ်နေဆဲ ဖြစ်သည်။
သူသည် ဧကရီကို ခြိမ်းခြောက်နိုင်သည့် မည်သည့်အန္တရာယ်မျိုးကိုမဆို တားဆီးရန် ပတ်ဝန်းကျင်ကို နိုးနိုးကြားကြား စောင့်ကြည့်နေခြင်း ဖြစ်၏။
ယီစင်းက မည်မျှပင် ဖျောင်းဖျစေကာမူ ကျောက်လုံမှာမူ သူ၏ တာဝန်ကို ဇွဲနပဲဖြင့် ဆက်လက်ထမ်းဆောင်နေဆဲပင် ဖြစ်သည်။
ထိုစဉ် ဝေးကွာသည့် ကောင်းကင်ယံထက်၌ နီမြန်းသော မိုးကြိုးလျှပ်စီးတစ်ခု ဖြတ်သန်းသွားပြီး သူတို့ထံသို့ ကျဆင်းလာ၏။
"ဘုန်းးး"
နီမြန်းသည့် မိုးကြိုးသည် မြေပြင်ကို ရိုက်ခတ်သွားပြီး ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ လင်းချန်၏ ပုံရိပ် ပေါ်ထွက်လာ၏။
လင်းချန် ပြန်ရောက်လာသည်ကို မြင်လျှင် လူတိုင်း မတ်တပ်ရပ်လိုက်ကြသည်။ အထူးသဖြင့် နီရဲသည့် ဝတ်ရုံများကို ဝတ်ဆင်ထားသော သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းမှ တပည့်နှစ်ဦးမှာ သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြရန် အလျင်အမြန် ရှေ့သို့ တိုးလာကြ၏။
လင်းချန်၏ ဓားချက်ဖြင့် ကယ်တင်ခြင်း ခံရသည့် သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း တပည့်က အဖန်တလဲလဲ ကျေးဇူးတင်လိုက်သည်။ "မိတ်ဆွေသာ မကယ်ရင် ကျွန်တော် အခုလောက်ဆို စိတ်ဝိညာဉ်လောက ရောက်နေလောက်ပြီ။"
လင်းချန်က အရေးမကြီးဟန်ဖြင့် လက်ဝေ့ယမ်းလိုက်သည်။ "ကျုပ်တို့အားလုံး လူသားမျိုးနွယ်ဝင်တွေပဲ မဟုတ်လား။ ကိုယ့်လူမျိုးကို တခြားမျိုးနွယ်စုတွေ ရန်ပြုနေတာ ဒီအတိုင်း လက်ပိုက်ကြည့်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"
ထို့နောက် အားလုံးသည် မီးပုံဘေး၌ တစ်ဖန် ပြန်လည်အခြေချကြ၏။ ကျောက်လုံမှာမူ ထိုင်ရန် ငြင်းဆန်လျက် အစောင့်အကြပ်အဖြစ် ဆက်လက်ရပ်နေဆဲ ဖြစ်သဖြင့် လင်းချန်က လှမ်း၍ ဆူပူလိုက်သည်။ "အားလုံး ထိုင်နေကြတာကို မောင်မင်းတစ်ယောက်တည်း ဘာလို့ ရပ်နေတာလဲ။ အခုချက်ချင်း ထိုင်စမ်း။"
သူခစားနေသည့် ဧကရာဇ်က အမိန့်ပေးလိုက်သောအခါ၌မူ ကျောက်လုံသည် မနာခံဘဲ မနေရဲတော့ဘဲ အသာတကြည် ထိုင်လိုက်ရရှာ၏။
အားလုံး စုံစုံလင်လင် ထိုင်မိကြသောအခါ စကားစမြည် ပြောဆိုရင်းမှ ဖြစ်ပျက်သမျှ ဇာတ်ကြောင်းအပြည့်အစုံကို လင်းချန် နားလည်သွား၏။
သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းမှ တပည့်နှစ်ဦးသည် ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်လာပြီးနောက် တစ်ဦးနှင့်တစ်ဦး သိပ်မဝေးလှသည့် နေရာ၌ ရှိနေသဖြင့် ဆုံမိခြင်း ဖြစ်သည်။
သူတို့သည် လှည့်လည်သွားလာရင်း ညအမှောင် မကျရောက်မီ၌ ဤအဆောက်အအုံ အစုအဝေးကို တွေ့ရှိကြ၏။ ထိုနေရာ၌ပင် အရိပ်မဲ့မျိုးနွယ်စုဝင်များနှင့် ထိပ်တိုက်တွေ့ဆုံကြသည်။
အရိပ်မဲ့မျိုးနွယ်စုဘက်မှ မျှော်လင့်မထားသည်မှာ ဤသွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း တပည့်နှစ်ဦးမှာ ထင်ထားသည်ထက် ပိုမိုစွမ်းဆောင်နိုင်ခြင်းပင် ဖြစ်၏။
သူတို့နှစ်ဦးမှာ လူအုပ်စုကြီးကို အရေးနိမ့်ခြင်းမရှိဘဲ ရင်ဆိုင်နိုင်စွမ်း ရှိနေကြသည်။
သို့သော် သူတို့နှစ်ဦး သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း တပည့်များနှင့် လုံးထွေးသတ်ပုတ်နေစဉ် အခြားမျိုးနွယ်စုဝင်များက သိုင်းဝိညာဉ်သားရဲများကို ဆွဲဆောင်ကာ တိုက်ခိုက်စေပြီး သူတို့ကိုယ်သူတို့ ဖျောက်ကွယ်လျက် အခွင့်အရေးကို စောင့်ဆိုင်းနေကြ၏။
သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း တပည့်နှစ်ဦး အလွန်အမင်း နုံးချိကာ ဆက်လက်မခုခံနိုင်တော့သည့် အချိန်သို့ ရောက်ရှိလာမှသာ လင်းချန်နှင့် အဖွဲ့ ပေါ်လာခြင်း ဖြစ်သည်။
တော်ဝင်ရထားလုံး ပေါ်လာခြင်းက သူတို့ကို အံ့အားသင့်စေသလို၊ ချိုင့်ဝှမ်းသခင်ကိုယ်တိုင် မည်သည့်တန်ဖိုးပေးရစေကာမူ အကာအကွယ်ပေးရန် ညွှန်ကြားထားသည့် ပုဂ္ဂိုလ်မှာ သူတို့၏ ရှေ့မှောက်သို့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားကြ၏။
အကယ်၍ လင်းချန်သာ သေဆုံးသွားလျှင် သူတို့အနေဖြင့် ကမ္ဘာငယ်လေးထဲ၌ ဆက်လက် အသက်ရှင်နိုင်မည် မဟုတ်သလို၊ သခင်၏ ပြစ်ဒဏ်ပေးမှုကိုလည်း ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။
အဆုံးသတ်၌ သူတို့ ကာကွယ်ပေးရမည့်သူက သူတို့၏ အသက်ကို ပြန်လည်ကယ်တင်ပေးလိုက်သည့်အတွက် သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း တပည့်နှစ်ဦးမှာ ပြောမပြတတ်အောင် ခံစားချက်များ ရှုပ်ထွေးသွားရ၏။
တစ်ချိန်တည်းမှာပင် လင်းချန်သည် ဤသွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်း တပည့်နှစ်ဦးဖြစ်သည့် ရန်ထျန်းဟောက် နှင့် ရန်ချင်းချင်း တို့မှာ ချိုင့်ဝှမ်းသခင်၏ မွေးစားသားသမီးများ ဖြစ်ကြောင်း သိရှိသွားသည်။
လီယွမ်ဖုန်း၏ မျက်ဝန်းထဲ၌ တိုက်ခိုက်လိုစိတ်များ လင်းလက်နေလျက် ရန်ထျန်းဟောက်အား ချီးကျူးလိုက်သည်။ "မင်းက သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းရဲ့ ဒီမျိုးဆက်မှာ အစွမ်းထက်ဆုံး ပါရမီရှင်ဆိုတာ တကယ်ပဲ။ သိုင်းဝိညာဉ်သားရဲတွေ အများကြီးနဲ့ အဆက်မပြတ် ခြုံခိုတိုက်ခိုက်မှုတွေကို တစ်မောင်းလောက် ခံနိုင်ရည်ရှိတာပဲ။ မင်းနဲ့ မင်းညီမလေးကို အားအင်ကုန်ခမ်းပြီး သေအောင် လုပ်ချင်တဲ့ အရိပ်မဲ့မျိုးနွယ်စုတွေဆိုရင် နောက်ထပ် တစ်မောင်းလောက် ထပ်တိုက်ရဦးမှာပဲ။"
ရန်ထျန်းဟောက်က လီယွမ်ဖုန်းကို ကြည့်ရင်း ပြုံးလိုက်သည်။ "အစ်ကိုလီရဲ့ နာမည်ကြီးမှုကိုလည်း ကျွန်တော် အမြဲ ကြားနေရတာပါ။ ကျွန်တော် ခဏလောက် အနားယူပြီးရင် ကျွန်တော်တို့ နှစ်ယောက် ခင်ခင်မင်မင် လက်ရည်စမ်းကြရင် ဘယ်လိုလဲ။"
လီယွမ်ဖုန်းက အားရပါးရ ရယ်မောကာ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ "ဟားဟား... သဘောကျဖို့ ကောင်းလိုက်တာ။ လက်ရှစ်ဖက်နဲ့ တချို့လူတွေလို မဟုတ်ဘူး။ တွေဝေနှောင့်နှေးပြီး မိန်းမတစ်ယောက်လို ပျော့ညံ့နေတာမျိုး မဟုတ်ဘူး။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၈ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team