အခန်း ၂၉၉
Vol. 30 Ch. 299
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၉
ဘာသာပြန် - Ko Yoohtoo
True Immortal Team
လီယွမ်ဖုန်း၏ စကားကြောင့် အနီးနား၌ ရပ်နေသည့် ကျန်းဇီတဲသည် ဒေါသချောင်းချောင်း ထွက်သွားသည်။
"ငါတို့ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်တွေက မူလကတည်းက အသားအရေက ပန်းရောင်သန်းနေတာကွ။ မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ လာ... အခုပဲ တိုက်ရအောင်။ မင်းကို ငါက ကြောက်မယ် ထင်လား"
သူတို့သည် ကောင်းကင်ယံထက်သို့ ပျံတက်သွားကြပြီး ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ ကောင်းကင်ယံထက်မှ သိုင်းဝိညာဉ်စွမ်းအား ဂယက်ထနေမှုများကို ကြည့်ရင်း လင်းချန်က ပြုံးလျက် ခေါင်းခါကာ ရန်ထျန်းဟောက်တို့ဘက်သို့ ပြန်လှည့်လိုက်သည်။
"ဘာ... မင်းတို့ ချိုင့်ဝှမ်းသခင်က ငါ့ရဲ့ ဘေးကင်းမှုကို အသက်ပေး ကာကွယ်ဖို့ အမိန့်ပေးထားတယ် ဟုတ်လား"
လင်းချန်တစ်ယောက် အံ့ဩသွားရ၏။
အခြားအင်အားစုများက ရတနာကဲ့သို့ တန်ဖိုးထားရမည့် ထိုသို့သော ပါရမီရှင်များကို သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းသခင်က သူ့အား ကာကွယ်ရန် အဘယ်ကြောင့် အမိန့်ပေးထားရသနည်းဟူသည်ကို လင်းချန် နားမလည်နိုင်အောင် ဖြစ်နေရ၏။ သွေးစိတ်ဝိညာဉ်ချိုင့်ဝှမ်းသခင် ရန်ကွေ့ရှန်နှင့် သူသည် တစ်ကြိမ်တစ်ခါမျှ မဆုံဖူးသလို၊ မည်သည့် ပတ်သက်မှုမှလည်း မရှိချေ။
ရန်ထျန်းဟောက်နှင့် ရန်ချင်းချင်းတို့မှာ မချိပြုံး ပြုံးလိုက်ကြသည်။
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ချိုင့်ဝှမ်းသခင်ကတော့ ကျွန်တော်တို့က အစ်ကိုလင်းကို ကာကွယ်ရမယ့်အစား၊ အစ်ကိုလင်းဆီကနေ အသက်ကယ်ခံရမယ်လို့ တွေးထားမိမှာ မဟုတ်ဘူးဗျ"
အစီအရင်တစ်ခုဖြင့် ဖုံးကွယ်ထားသည့် နေရာတစ်ခု၌ အရိပ်မဲ့မျိုးနွယ်စုမှ ဖြူစင်သည့် အသားအရေရှိသော လူငယ်တစ်ဦးသည် သူ၏ ရှေ့မှောက်၌ လွင့်မျောလျက် ကွဲအက်နေသည့် တံဆိပ်ပြားတစ်ခုကို ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။
'ပိုင်ရင်ရှင်းရဲ့ အဖွဲ့တွေ အကုန်လုံး အသတ်ခံလိုက်ရတာလား။ စိတ်ဝင်စားစရာပဲ... ဒီလောက် စွမ်းဆောင်နိုင်တဲ့သူက ဘယ်သူများ ဖြစ်မလဲ'
အရိပ်မဲ့မျိုးနွယ်စု လူငယ်သည် ဒူးထောက်နေသည့် အရိပ်မဲ့မျိုးနွယ်စု စစ်သည် တစ်ထောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းတို့ထဲက ဘယ်သူက ဒီကိစ္စအတွက် ဘယ်သူလုပ်တာလဲဆိုတာ သွားပြီး စုံစမ်းဖို့ အဖွဲ့ကို ဦးဆောင်ချင်သလဲ"
အရိပ်မဲ့မျိုးနွယ်စုမှ လူငယ်၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထိုမျိုးနွယ်စုဝင်များထဲမှ ကိုယ်လုံးသွယ်လျသူ တစ်ဦးသည် ချက်ချင်း ထရပ်လိုက်၏။ ထိုသူသည် ရိုသေသေဖြင့် ဂါရဝပြုလိုက်သည်။
"သခင်လေး... အဲဒီအပြစ်သားရဲ့ ခေါင်းကို သခင်လေးဆီ အရောက်ယူလာဖို့ ကျွန်တော့်ကို တာဝန်ပေးပါ"
အရိပ်မဲ့မျိုးနွယ်စု လူငယ်သည် ပြုံးလျက် ရှေ့သို့ တိုးလာကာ ဖြူစင်သည့် တံဆိပ်ပြားတစ်ခု ကမ်းပေးလိုက်သည်။
"ပိုင်လင်လီ... မင်းကတော့ ငါ့အခက်အခဲတွေကို ကူညီပေးဖို့ အမြဲတမ်း တက်ကြွနေတာပဲ။ မင်းရဲ့ ကြိုးစားမှုကို ငါ တကယ် ချီးကျူးတယ်။ သူတို့က ပိုင်ရင်ရှင်းရဲ့ အဖွဲ့ကို အပြတ်ရှင်းနိုင်တာဆိုတော့ အတော်လေးတော့ လက်ရည်ရှိမှာပဲ။ ဒါကြောင့် မင်းနဲ့အတူ တပ်စိတ် ဆယ်စိတ် ခေါ်သွားလိုက်။ ပြီးတော့... အလင်းနှင့်အရိပ်ခန်းမက အမွေအနှစ်ကိုလည်း ပြန်ရအောင် ယူခဲ့ဦး။ အဲဒါက ငါတို့ရဲ့ လက်ရှိ အစီအစဉ်အတွက် သိပ်ပြီး အထောက်အကူ မဖြစ်သေးပေမဲ့ တို့မျိုးနွယ်စုအတွက်တော့ တကယ် တန်ဖိုးရှိတဲ့ အရာပဲ"
အရိပ်မဲ့မျိုးနွယ်စု လူငယ်၏ စကားကို ကြားသည့်အခါ ပိုင်လင်လီက ခေါင်းညိတ်လိုက်သည်။
"အင်း... သခင်လေး မျှော်လင့်ထားသလို ဖြစ်စေရပါမယ်။ အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်"
လူငယ်က လက်ဝေ့ယမ်းလိုက်သည်။
"ကောင်းပြီ... အားလုံး လူစုခွဲလို့ရပြီ"
သူ၏ရှေ့မှ အစွမ်းထက် စစ်သည်တစ်ထောင်သည် မတ်တပ်ရပ် ဂါရဝပြုပြီး ထွက်ခွာသွားကြ၏။
အရိပ်မဲ့မျိုးနွယ်စု လူငယ် ရှိနေသည့် နေရာသည် ကျယ်ဝန်းသည့် အိမ်ဝင်းကြီး တစ်ခု ဖြစ်သည်။ ညဉ့်နက်နေပြီ ဖြစ်သော်လည်း အထက်ရှိ အစီအရင်မှ ထွက်ပေါ်နေသည့် အလင်းများကြောင့် တစ်ဝင်းလုံးသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်လျက် ရှိ၏။
သူ၏လူများ ထွက်သွားပြီးနောက် လူငယ်သည် ထိုနေရာမှ ထွက်မသွားသေးဘဲ ဘယ်အချိန်က ရောက်ရှိနေမှန်း မသိရသည့် ပုံရိပ်တစ်ခုဘက်သို့ လှည့်ကြည့်ကာ အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟား... မင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို ကြည့်မကောင်းတာပဲ။ အရိုးဓားငါးမျိုးနွယ်စုက ဖြစ်နေတဲ့အပြင် လက်တစ်ဖက်ကလည်း ပြတ်နေသေးတယ်"
ထိုပုံရိပ်သည် သူ၏ ပြတ်နေသည့် လက်မောင်းပေါ်ရှိ အနက်ရောင်ဓားကို ငုံ့ကြည့်လိုက်ရာ သူ၏မျက်နှာ၌ အကူအညီမဲ့နေသည့် အမူအရာများသာ ပြည့်နှက်သွားသည်။
"ငါလည်း ဘာမှမတတ်နိုင်ဘူးလေ။ ဒီလိုဖြစ်နေတာကို ငါကများ လိုချင်မယ် ထင်လား"
တစ်ဖက်၌လည်း လင်းချန်နှင့် အဖွဲ့သားတို့သည် မီးပုံဘေး၌ တင်ပလ္လင်ခွေ ထိုင်နေကြပြီး ကျင့်ကြံခြင်းထဲသို့ ဝင်ရောက်နေကြပြီ ဖြစ်၏။
ကင်းစောင့်ရန်အတွက် ကျောက်လုံက တာဝန်ယူထားသည်မှာ ပြောနေစရာပင် မလိုတော့ပေ။
ကျောက်လုံအနေဖြင့် ကိုယ်တိုင်ကျင့်ကြံနေရန် မလိုဘဲ လင်းချန်၏ ကျင့်ကြံမှုအဆင့် မြင့်မားလာပါက သူသည်လည်း လိုက်ပါ၍ အစွမ်းထက်လာမည် ဖြစ်ပေလိမ့်မည်။
ထို့ပြင် လင်းချန်၏ စိတ်ဝိညာဉ်အသိစိတ်ကို အပြင်ဘက်သို့ ဖြန့်ကျက်ထားပြီး ထောက်လှမ်းရေးသားရဲများကလည်း သူ၏ မျက်စိနှင့် နားအဖြစ် ဆောင်ရွက်ပေးနေသဖြင့် ဘေးကင်းရေးအတွက် စိတ်ပူစရာ မရှိပေ။
ဤကမ္ဘာငယ်လေးအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် ကျင့်ကြံရန်အတွက် အလွန် သင့်တော်လှ၏။ စိတ်ဝိညာဉ်သစ်ပင်တို့သည် နေ့ခင်းဘက်၌ စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်ပေးပြီး ညဘက်၌မူ ထိုစွမ်းအင်တို့သည် အမြင့်ဆုံးအထိ စုစည်းနေတတ်သည့်အတွက် လက်ရှိအချိန်သည် ကျင့်ကြံရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
မည်သူမျှ မသိနိုင်သည့် အချိန်၌ ကောင်းကင်ယံ အမြင့်မှ အဘိုးအိုတစ်ဦး၏ စိတ်ဝိညာဉ်ပုံရိပ်သည် လင်းချန်ကို ကြည့်ကာ အဓိပ္ပာယ်ပါသော အပြုံးဖြင့် ကြည့်နေ၏။
'တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်လေးပဲ။ လူတော်တော်များများကို သူနဲ့အတူ ခေါ်လာနိုင်ရုံတင်မကဘဲ မထင်မရှားတဲ့ သိုင်းဝိညာဉ်သားရဲကို သုံးပြီး ထောက်လှမ်းခိုင်းထားသေးတယ်။ ငါ သူနဲ့ စကားပြောဖို့ လိုမယ် ထင်တယ်။ သူက ငါ့အတွက် အများကြီး အထောက်အကူ ဖြစ်နိုင်လိမ့်မယ်'
စိတ်ဝိညာဉ်အဘိုးအိုသည် လက်ရှိ ဆိုးရွားနေသည့် အခြေအနေကို တွေးတောကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
ပြီးနောက် စိတ်ဝိညာဉ်အဘိုးအိုသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းချန်၏ ဦးခေါင်းထဲသို့ တိုးဝင်ကာ အသိစိတ်ပင်လယ်ထဲသို့ ရောက်ရှိသွား၏။
မကြာမီ လင်းချန်၏ အသိစိတ်ပင်လယ်အတွင်း၌ စိတ်ဝိညာဉ်အဘိုးအို၏ ပုံရိပ်သည် ကျယ်ပြောသည့် စိတ်ဝိညာဉ်စွမ်းအား သမုဒ္ဒရာပေါ်၌ လွင့်မျောနေပြီး အံ့ဩလွန်းသဖြင့် မျက်လုံးပြူးသွား၏။
'ဒီလူငယ်က သေခြင်းရှင်ခြင်း ခန္ဓာနယ်ပယ်မှာပဲ ရှိနေသေးတာတောင် ဘယ်လိုလုပ်ပြီး ဒီလောက် ပြင်းထန်တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ပိုင်ဆိုင်ထားနိုင်တာလဲ'
စိတ်ဝိညာဉ်အဘိုးအိုသည် စိတ်ကို ပြန်လည်ထိန်းချုပ်ပြီး လင်းချန်၏ စိတ်ဝိညာဉ်ကို စတင်ရှာဖွေ၏။
လင်းချန်၏ အသိစိတ်ပင်လယ်သည် အလွန် ကျယ်ပြောသော်လည်း စိတ်ဝိညာဉ်အဘိုးအိုသည် သူ၏စိတ်ဝိညာဉ်ကို လွယ်ကူစွာပင် ရှာတွေ့သွား၏။ အသိစိတ်ပင်လယ်၏ အလယ်တည့်တည့်၌ လင်းချန်၏ စိတ်ဝိညာဉ်သည် မျက်လုံးများကို တင်းတင်းပိတ်ကာ တင်ပလ္လင်ခွေ ထိုင်နေသည်။
အဘိုးအိုသည် သူ၏ကိုယ်ဟန်ကို ပြင်လိုက်ပြီး အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ဟန်ဆောင်ကာ ပါးစပ်ကို လက်ဖြင့်အုပ်လျက် အသာအယာ ချောင်းဟန့်လိုက်သည်။
"အဟမ်း... လူငယ်လေး"
စိတ်ဝိညာဉ်အဘိုးအို၏ အသံသည် အသိစိတ်ပင်လယ်ထဲ၌ ပဲ့တင်ထပ်သွားသည့်အခါ လင်းချန်၏ စိတ်ဝိညာဉ်သည် မျက်လုံးများ ဖွင့်လိုက်ပြီး ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။
လင်းချန်၏ စိတ်ဝိညာဉ်က မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုလုံးသော အသိစိတ်ပင်လယ်သည် လှိုင်းတံပိုးတို့ ရူးသွပ်မတတ် ထန်လာ၏။
တစ်ချိန်တည်းမှာပင် လင်းချန်၏ နောက်ကွယ်မှ ရှန်ဟွမ်ကြယ်၏ ပုံရိပ်ယောင်သည် ရုတ်တရက် ထွက်ပေါ်လာပြီး ဟွာရှာအင်ပါယာ၏ ကြီးမားသည့် နိုင်ငံတော်ကံကြမ္မာက ပံ့ပိုးပေးလိုက်၏။ ထိုသည်က ခက်ခဲသည့် ကြီးမားသော ဖိအားများကို သယ်ဆောင်လာပြီး စိတ်ဝိညာဉ်အဘိုးအိုထံသို့ အလုံးအရင်းဖြင့် ပြေးဝင်သွား၏။
"ဘုန်းးး"
စိတ်ဝိညာဉ်အဘိုးအိုမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ သူ၏ ကြည်လင်နေသည့် ခန္ဓာကိုယ်သည် လင်းချန်၏ အသိစိတ်ပင်လယ်ထဲမှ အပြင်သို့ လွင့်ထွက်သွားရသည်။
အပြင်သို့ လွင့်ထွက်သွားသည်ထက် စိတ်ဝိညာဉ်အဘိုးအိုသည် သူ၏အသက်ကို လု၍ ထွက်ပြေးသွားခြင်းဟု ဆိုပါက ပို၍ မှန်ကန်ပေလိမ့်မည်။
လင်းချန် မျက်လုံးဖွင့်၍ နိုင်ငံတော်ကံကြမ္မာ ပေါ်လာသည့် ခဏ၌ပင် စိတ်ဝိညာဉ်အဘိုးအိုသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိရှိလိုက်၏။
ထို့ကြောင့် ဖိအားများ ရိုက်ခတ်မလာခင်မှာတင် သူသည် အလန့်တကြား နောက်သို့ ဆုတ်ခွာခြင်း ဖြစ်၏။
ထိုအရာနှင့် အနည်းငယ်မျှ ထိမိရုံဖြင့်ပင် မြစ်ရေကဲ့သို့ ပြင်းထန်သည့် စွမ်းအားတို့က သူ၏ထံသို့ တိုးဝင်လာသဖြင့် လွင့်ထွက်သွားသလို ဖြစ်သွားရခြင်း ဖြစ်၏။
လင်းချန်၏ မျက်မှောင်ကြားမှ သေးငယ်သည့် အလင်းတန်းတစ်ခုသည် မယုံနိုင်စရာ အရှိန်ဖြင့် ပျံထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
မူလက ကျင့်ကြံနေသည့် လင်းချန်သည် ဇဝေဇဝါဖြင့် မျက်လုံးများ ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ဘာထူးခြားမှုကိုမျှ မတွေ့ရှိရပေ။
ထိုစဉ် ကျောက်လုံက လင်းချန်၏ စိတ်ထဲသို့ တိုက်ရိုက် လှမ်းပြောလိုက်သည်။
"အရှင်မင်းကြီး... တစ်ခုခု မှားနေလို့လား"
စိတ်ဝိညာဉ်အသိစိတ်မှတစ်ဆင့် သတင်းပို့ခြင်း မဟုတ်ဘဲ လင်းချန်သည် ဟွာရှာအင်ပါယာမှ တပ်ဖွဲ့များနှင့် သူ၏စိတ်ထဲ၌ တိုက်ရိုက် ဆက်သွယ်နိုင်သည်။
ထို့ကြောင့်လည်း တော်ဝင်တပ်မတော်ကို ထိန်းချုပ်ရသည်မှာ သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ထိန်းချုပ်ရသကဲ့သို့ လွယ်ကူနေခြင်း ဖြစ်၏။
လင်းချန်က ဇဝေဇဝါဖြင့် လှမ်းမေးလိုက်သည်။
"မောင်မင်း ခုနက တစ်ခုခု ထူးခြားတာ ဒါမှမဟုတ် တစ်ယောက်ယောက်ကို တွေ့လိုက်လား။ ဥပမာ... အဘိုးအို တစ်ယောက် ဒါမှမဟုတ် တခြားသူ ရှိနေတာမျိုး ခံစားမိလား"
ကျောက်လုံက ရိုသေသေဖြင့် ခေါင်းရမ်းလိုက်သည်။
"မဟုတ်ဘူး... အရှင်မင်းကြီး... ကျွန်တော် ဘာထူးခြားတာကိုမှ သတိမထားမိပါဘူး"
လင်းချန်က စိုးရိမ်စရာ မရှိကြောင်း ပြလျက် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။
"အင်း... ငါ့ရဲ့ ထင်ယောင်ထင်မှား ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ မောင်မင်း ဆက်ပြီး သေချာ စောင့်ကြည့်နေလိုက်ပါ"
ဤသို့ ပြောကြားပြီးနောက် လင်းချန်သည် မျက်လုံးများကို ပြန်မှိတ်ကာ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်၏။
သို့သော် လင်းချန်သည် ထူးဆန်းသည်ဟု ခံစားနေရဆဲ ဖြစ်၏။
သူ၏ဦးခေါင်းထဲ၊ အသိစိတ်ပင်လယ်ထဲ၌ တစ်ယောက်ယောက် စကားပြောနေသည်ကို သူ အထင်အရှား ကြားလိုက်ရခြင်း ဖြစ်၏။
သို့သော် သူ၏စိတ်ဝိညာဉ်က မျက်လုံးဖွင့်ကြည့်သည့် အခါ၌မူ ဘာမျှ ရှိမနေတော့သလို အသိစိတ်ပင်လယ်သည်လည်း လုံးဝ တိတ်ဆိတ်နေ၏။
လင်းချန်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"ဒါက တကယ်ပဲ ငါ့ရဲ့ ထင်ယောင်ထင်မှား ဖြစ်တာလား..."
ထို့နောက် ထိုကိစ္စကို ဆက်လက်မတွေးတောတော့ပေ။
သူ၏စိတ်ဝိညာဉ်၌ အင်ပါယာ၏ နိုင်ငံတော်ကံကြမ္မာက အကာအကွယ် ပေးထားသဖြင့် ဤလောက၌ မည်သူမဆို သူ၏စိတ်ဝိညာဉ်ကို ရန်ပြုရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
သွေးနက်တော်ဝင်မိသားစုမှ နန်ရှန်းက သူ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားသည့် အရင်ကိစ္စကဲ့သို့ပင် ဖြစ်၏။
ထိုကဲ့သို့သည့် လုပ်ရပ်မျိုးသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့်သာ တူပေလိမ့်မည်။
လင်းချန် ဇဝေဇဝါ ဖြစ်နေသည့် အချိန်၌ပင် ဝေးကွာသည့် တစ်နေရာ၌ စိတ်ဝိညာဉ်အဘိုးအိုသည် လင်းချန်ရှိရာဘက်သို့ ကြောက်လန့်တကြား ကြည့်နေမိ၏။
အဘိုးအိုသည် တုန်လှုပ်စွာဖြင့် ရေရွတ်နေမိသည်။
"ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ကောင်လေးက ဘယ်က ပေါ်လာတာလဲ။ သူ့စိတ်ဝိညာဉ်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေတာလဲ။ ပြီးတော့ သူ့စိတ်ဝိညာဉ်မှာ ကပ်နေတဲ့ နိုင်ငံတော်ကံကြမ္မာ ကျိန်စာကရော ဘာကြီးလဲ"
သူ၏စိတ်ဝိညာဉ်သည် ယခုထက်ထိ မတည်ငြိမ်သေးပေ။
တကယ်လို့ သူ အချိန်မီ ထွက်မပြေးနိုင်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သလို လုံးဝ ပျက်စီးသွားသည်အထိ ဖြစ်သွားနိုင်၏။
ထို့ပြင် ထိုနိုင်ငံတော်ကံကြမ္မာသည် ထိုအရာ၏ အစွမ်းကို အပြည့်အဝ ထုတ်မသုံးသေးဘဲ အနည်းငယ်မျှသာ သုံးထားခြင်းဖြစ်သည်ဟု သူ အထင်အရှား ခံစားလိုက်ရ၏။
စိတ်ဝိညာဉ်အဘိုးအိုသည် သူ၏စိတ်ကို အနည်းငယ် ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။
သူ ကြောက်ရွံ့နေသကဲ့သို့ တစ်ဖက်၌လည်း ဝမ်းသာနေမိသည်။ သူ ဝမ်းသာရသည်မှာ လင်းချန်သည် လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲကို ကျိန်းသေ ကူညီပေးနိုင်လိမ့်မည်ဟု သိရှိလိုက်ရသည့်အတွက် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် လင်းချန်၏ အသိစိတ်ပင်လယ်ထဲရှိ စိတ်ဝိညာဉ်ပေါ်၌ တံဆိပ်ခတ်နှိပ်ထားသည့် နိုင်ငံတော်ကံကြမ္မာသည် သူ၏အပေါ်၌ အလွန် နက်ရှိုင်းသည့် စွဲထင်မှုနှင့် ကြောက်ရွံ့မှုများကို ဖြစ်ပေါ်စေသည့်အတွက်ပင်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၉၉ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team