အခန်း ၂၃၉
Vol. 21 Ch. 239
အခန်း (၂၃၉) နဂါးကျောရိုးကို ဖွင့်လှစ်ခြင်း၊ ယွီလုံ(ကျောက်စိမ်းနဂါး) အင်မော်တယ်နယ်မြေသို့ ပျံသန်းမည်
“အင်မော်တယ်နည်းစနစ် လျှပ်စီးရောင်စဉ် အဆိပ်နဂါး တစ်ချက်တည်း ဖောက်ထွင်းခြင်း...”
မိုဝန်ထျန်း၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူ၏ လက်ထဲမှ သံဓားက ထက်မြက်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် အလင်းတန်းများ ပစ်လွှတ်ကာ သံနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားလုမတတ်ပင် ဖြစ်၏။
သံဓားက မျက်နှာချင်းဆိုင်မှ တိုးဝင်လာသော မိစ္ဆာကောင်၏ ခေါင်းမှစတင်၍ ဝါးရုံကို ခုတ်ပိုင်းလိုက်သကဲ့သို့ အဟုန်ပြင်းစွာဖြင့် မိစ္ဆာကောင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက် ဖောက်ထွင်း သတ်ဖြတ်သွားသည်။
အတွေ့အကြုံရမှတ်များ ရရှိပြီးနောက် မိုဝန်ထျန်းက သံဓားကို ပြန်ရုပ်သိမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ နွေးထွေးသွားသည်ကို ခံစားလိုက်ရ၏။
အတွေ့အကြုံ လုံလောက်သွားပြီ ဖြစ်သည်။
အဋ္ဌမအဆင့်မှ နဝမအဆင့်သို့ တက်လှမ်းသွား၏။
တစ်ချိန်တည်းမှာပင်။
သူက အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
စမ်းသပ်ချက်မျှော်စင်၏ အဋ္ဌမအထပ်မှ ထွက်ခွာ၍ နဝမအထပ်သို့ ရောက်ရှိသွားတော့၏။
သူ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး သံဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
“အဘိုးကြီး... ကျွန်တော် နဝမအထပ်ကို ရောက်နေပြီ... ဆယ့်ရှစ်ထပ်လုံးကို အောင်မြင်ဖို့ သိပ်မလိုတော့ဘူး...”
အသိစိတ်ပင်လယ်ထဲတွင် မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“အဲဒါက ဘာဖြစ်လို့လဲ... ညီငယ်လေး... မင်းက အခုမှ နဝမအထပ်မှာပဲ ရှိသေးတာလေ... ဟိုအင်မော်တယ်တွေရဲ့ စွမ်းရည်နဲ့ဆိုရင် ဒဿမအထပ် ဒါမှမဟုတ် အဲဒီထက်တောင် ကျော်သွားလောက်ပြီ...”
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယ၏ စကားကို ကြားသောအခါ မိုဝန်ထျန်း၏ မျက်နှာပေါ်မှ ပျော်ရွှင်နေသော အမူအရာက ချက်ချင်း တန့်သွားပြီး အနည်းငယ် စိုးရိမ်သွား၏။
မည်သို့ပင်ဆိုစေ ထိုဆရာသခင်က တပည့်တစ်ယောက်တည်းသာ လက်ခံမည် ဖြစ်သည်။
ဆယ့်ရှစ်ထပ်လုံးကို အရင်ဆုံးအောင်မြင်သူကသာ ဆရာသခင်၏ တပည့်ဖြစ်လာရန် အခွင့်အရေး ရရှိပေမည်။
သူ၏ ကိုယ်ပိုင်အမြန်နှုန်းက နှေးကွေးလွန်းနေသည်။
သူတို့၏ နောက်ကောက်ကျ ကျန်ရစ်ခဲ့ပြီ ဖြစ်၏။
နောက်ဆုံးတွင် သူက စမ်းသပ်ချက်မျှော်စင်၏ ဆယ့်ရှစ်ထပ်လုံးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လျှင်တောင်မှ သူ့အတွက် အသုံးဝင်တော့မည် မဟုတ်ပေ။
ဤသည်က သတင်းကောင်းတစ်ခု မဟုတ်ချေ။
“အဘိုးကြီး... ကျွန်တော့်ရဲ့ အမြန်နှုန်းကို တိုးမြှင့်ဖို့နဲ့ ခွန်အား တိုးတက်လာအောင် လုပ်ဖို့ နည်းလမ်း ရှိသေးလား...”
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယက သရော်ပြုံး ပြုံးလိုက်၏။
“ရှိတော့ ရှိတယ်... ဒါပေမဲ့ ငါအဘိုးကြီးက မင်းကို ဘာလို့ ကူညီပေးရမှာလဲ ညီငယ်လေးရဲ့...”
“အဘိုးကြီး... ခင်ဗျားက ကျွန်တော့်ရဲ့ အဖေအစစ်ပါဗျာ... ပြောပါ... ခင်ဗျား ဘယ်လို ထင်လဲ... ကျွန်တော်သာ ဆရာသခင်ရဲ့ တပည့်ဖြစ်လာနိုင်ရင် ဆရာသခင်ရဲ့ အကူအညီနဲ့ ကျွန်တော် ပိုပြီး သန်မာလာနိုင်တယ်... အဲဒီနည်းနဲ့ဆိုရင် ခင်ဗျားလည်း ကျွန်တော့်ဆီကနေ ဝိညာဉ်စွမ်းအင်တွေ ပိုရနိုင်ပြီး တစ်နေ့ကျရင် အောင်အောင်မြင်မြင် ပြန်လည်ရှင်သန်လာနိုင်လိမ့်မယ်...”
“ဒါ့အပြင် ခင်ဗျားက ကျွန်တော့်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ ဆယ်နှစ်ကျော်ကြာ နေထိုင်ခဲ့တယ်... ကျွန်တော့် ခွင့်ပြုချက်မပါဘဲ ဝိညာဉ်စွမ်းအားတွေကို လုယူခဲ့ရုံတင်မကဘူး... ကျွန်တော့်ကို ဆယ်နှစ်ကျော်လောက် ဆင်းရဲဒုက္ခ ရောက်အောင် လုပ်ခဲ့တယ်... နေ့တိုင်း အသုံးမကျတဲ့ကောင်လို့ အဆဲခံရအောင် လုပ်ခဲ့တယ်... ခင်ဗျား ကျွန်တော့် အသိစိတ်ပင်လယ်ထဲမှာ ဆယ်နှစ်လောက် နေခဲ့တာကို အိမ်လခတစ်ပြားမှ မတောင်းခဲ့တာတော့ မပြောနဲ့တော့...”
“ဒါကြောင့် အကြောင်းပြချက် ခိုင်လုံပါတယ်... ခင်ဗျား ကျွန်တော့်ကို ကူညီသင့်တယ်...”
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယက မိုဝန်ထျန်း၏ စကားများကို ကြားသောအခါ မျက်နှာက ရဲတက်သွားပြီး ချောင်းတစ်ချက်၊ နှစ်ချက်ခန့် ဟန့်လိုက်သည်။
“ကောင်းပြီ... ထပ်မပြောနဲ့တော့ ညီငယ်လေး... ငါအဘိုးကြီး မင်းကို ကူညီမယ်...”
“အဘိုးကြီး... ကျွန်တော် ခင်ဗျားကို ချစ်တယ်...”
“မင်းနှမကိုသာ သွားချစ်လိုက်...”
“ကျွန်တော့်ရဲ့ အချစ်တွေကို ခင်ဗျားနဲ့ မျှဝေချင်လို့ပါ အဘိုးကြီးရဲ့...”
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ ရွံရှာသွားဟန် ရှိ၏။
ထို့နောက် သူက တည်ကြည်လေးနက်သော အမူအရာဖြင့် လေးနက်စွာ ပြောလိုက်သည်။
“ညီငယ်လေး... ဒါဆို သေချာ နားထောင်...”
“ကျွန်တော် နားထောင်နေပါတယ်...”
“မင်းရဲ့ တိုက်ခိုက်ရေးပါရမီက အရမ်းမြင့်တယ်... ပြီးတော့ ဒီစမ်းသပ်ချက်မျှော်စင်ထဲမှာ မင်းရဲ့ အရည်အချင်းက စဉ်ဆက်မပြတ် တိုးတက်နေတယ်... မင်းက ငါအဘိုးကြီးရဲ့ အစစ်အမှန် အမွေအနှစ်ကို လက်ခံရယူဖို့ အရည်အချင်း ပြည့်မီနေပြီ...”
“အစစ်အမှန် အမွေအနှစ်...”
“ဟုတ်တယ်... အဲဒါက နဂါးကျောရိုးကို ဖွင့်လှစ်တာပဲ...”
“နဂါးကျောရိုးကို ဖွင့်လှစ်တာ...”
မိုဝန်ထျန်းမှာ ဝေခွဲမရဖြစ်နေသည့် အမူအရာဖြင့်ရှိနေပြီး ထိုအရာကို တစ်ခါမျှ မကြားဖူးခဲ့ချေ။
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယက သရော်ပြုံး ပြုံးလိုက်၏။
“မင်း နဂါးကျောရိုးကို ဖွင့်လှစ်လိုက်တာနဲ့ မင်းရဲ့ ကျောရိုးက နဂါးတစ်ကောင်လို ကွေးညွှတ်ပျော့ပြောင်းသွားပြီး အပြောင်းအလဲ မြန်လာလိမ့်မယ်... အဲဒီအခါကျရင် မင်းက အစစ်အမှန် နဂါးတစ်ကောင်လို၊ အင်မော်တယ် စပါးအုံးမြွေတစ်ကောင်လို ဖြစ်သွားပြီး မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဆယ်ဆကျော် တိုးလာလိမ့်မယ်... အဲဒီအချိန်ကျရင် မင်းက ဟိုအင်မော်တယ် ပါရမီရှင်တွေထက် အားနည်းနေတော့မှာ မဟုတ်ဘူး...”
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယ၏ စကားကို ကြားသောအခါ မိုဝန်ထျန်း၏ မျက်လုံးများက ရုတ်တရက် အရောင်လက်သွားသည်။
“ဒါဆို ဘာစောင့်နေသေးတာလဲ... အခုပဲ နဂါးကျောရိုးကို စပြီး ဖွင့်လှစ်လိုက်ကြစို့...”
…
စမ်းသပ်ချက်မျှော်စင်၏ ဆယ့်သုံးထပ်မြောက်။
ယခုတစ်ကြိမ်တွင် အင်မော်တယ်နယ်မြေမှ ပါရမီရှင်များက နောက်ဆုံးတွင် တွေ့ဆုံသွားကြပြီ ဖြစ်သည်။
တွေ့ဆုံသွားကြသူများမှာ ပိုင်ယွဲ့နှင့် နတ်ဆိုးကျင့်ကြံသူတို့ ဖြစ်၏။
နတ်ဆိုးကျင့်ကြံသူကို မြင်သောအခါ ပိုင်ယွဲ့ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမ၏ အမူအရာက တည်ငြိမ်နေဆဲပင် ဖြစ်သည်။
“ရှင်လည်း အင်မော်တယ်နယ်မြေကနေ ပြန်လည်ဝင်စားလာတဲ့ ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ်...”
မိစ္ဆာကျင့်ကြံသူက ဂရုမစိုက်သည့် အမူအရာဖြင့် သူ၏ ဖြူလျော့နေသော မျက်လုံးအိမ်များဖြင့် သူမကို စိုက်ကြည့်ကာ သူ၏ နာမည်ကို ပြောလိုက်၏။
“ယွီလုံအင်မော်တယ်နယ်မြေ၊ ချင်းယွင်ဖေး...”
“ရွှယ်ဝူအင်မော်တယ်နယ်မြေ၊ ပိုင်ယွဲ့...”
ချင်းယွင်ဖေးက ပြောလိုက်သည်။
“ကျူးရှို့ဒယ်စောက်... ငါက ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်ပဲ...”
ပိုင်ယွဲ့က ညင်သာစွာ ပြုံးလိုက်၏။
“ကျွန်မလည်း အဲဒီလို ပြောခဲ့တာပဲ...”
“မင်းသာ စမ်းသပ်ချက်ရွှေပဲစေ့တွေကို လွှဲပေးမယ်ဆိုရင် မင်း အသက်ရှင်ခွင့် ရမယ်...”
ချင်းယွင်ဖေးက ထပ်ပြောလိုက်သည်။
ပိုင်ယွဲ့က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်၏။
“မဖြစ်နိုင်ဘူး...”
“ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့...”
“ဘုန်း…”
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များက ချင်းယွင်ဖေးထံမှ တစ်မုဟုတ်ချင်း ပေါက်ကွဲထွက်လာသည်။
ပိုင်ယွဲ့မှာ ကြောက်ရွံ့နေဟန် မရှိဘဲ သူမ၏ လက်ထဲမှ သံဓားကို ကိုင်ဆောင်၍ ချင်းယွင်ဖေး၏ တိုက်ခိုက်လာမှုကို စောင့်ကြည့်နေ၏။
အလင်းကန့်လန့်ကာ မှတစ်ဆင့်။
ချမ်ချန်ကန်းနှင့် အမြီးလေးတို့က အသားကင် စားရင်း ချင်းယွင်ဖေးနှင့် ပိုင်ယွဲ့တို့၏ တိုက်ပွဲကို ကြည့်ရှုနေကြသည်။
ချမ်ချန်ကန်းက ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။ ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ သူက အရာအားလုံးကို ထောက်လှမ်း သိရှိနိုင်၏။
ယခုအချိန်တွင် ပိုင်ယွဲ့မှာ အရေးနိမ့်နေကြောင်းကို သူ သိရှိနေသည်။
အဘယ်ကြောင့်ဆိုသော် နံ့သာတိုင်တစ်တိုင်စာ အချိန်မတိုင်မီကတည်းက ချင်းယွင်ဖေးက စမ်းသပ်ချက်မျှော်စင်၏ ဆယ့်နှစ်ထပ်မြောက်တွင် ထောင်ချောက်တစ်ခုကို ခင်းကျင်းထားခဲ့သောကြောင့် ဖြစ်၏။
ပိုင်ယွဲ့ကလည်း ထိုအရာကို သတိထားမိနေပြီ ဖြစ်ကြောင်း သိသာလှသည်။
ယခုတော့ ပိုင်ယွဲ့နှင့် စတင်တိုက်ခိုက်နေပြီ ဖြစ်၏။
သူက ထိုထောင်ချောက်များကို အချိန်မရွေး တမင်သက်သက် အသက်သွင်းနိုင်သဖြင့် ပိုင်ယွဲ့မှာ ကြိုတင်ကာကွယ်ရန် အခက်တွေ့နေရသည်။
ယခုတော့ ပိုင်ယွဲ့က မည်သို့ ရင်ဆိုင်ဖြေရှင်းမည်ကို ကြည့်ရတော့မည် ဖြစ်သည်။
တကယ်တမ်း၌လည်း ပိုင်ယွဲ့နှင့် ထိုချင်းယွင်ဖေးတို့ စတင် တိုက်ခိုက်လိုက်သည်နှင့်။
ချင်းယွင်ဖေးက ဤနေရာတွင် လျှို့ဝှက်စွာ တပ်ဆင်ထားသော ဝင်္ကပါကို အသက်သွင်းလိုက်၏။
ဤလူက တိုက်ခိုက်ရေးတွင် အလွန် ကျွမ်းကျင်နေဆဲ ဖြစ်ကြောင်း ထင်ရှားလှသည်။
“ချွင်…”
မြေကြီးအောက်မှ ဒါဇင်နှင့်ချီသော ဝင်္ကပါစွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် သံကြိုးများက ပိုင်ယွဲ့ကို ချည်နှောင်ရန် တစ်ဟုန်ထိုး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထို့မျှသာမက။
ပိုင်ယွဲ့က ဧရာမတောင်ကြီးတစ်တောင် သူမအပေါ်သို့ ဖိချလိုက်သကဲ့သို့ လေးလံသော ခွန်အားတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေ၏။
ပိုင်ယွဲ့၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ဤကဲ့သို့ ရုတ်တရက် အပြောင်းအလဲကို သူမ မမျှော်လင့်ထားကြောင်း သိသာလှသည်။
ထို့ကြောင့် တိုက်ပွဲအတွင်း၌ သူမမှာ အလျင်အမြန်ပင် အရေးနိမ့်သွားတော့၏။
ချင်းယွင်ဖေး၏ တိုက်ခိုက်မှုများက အလွန် စည်းချက်ကျလှသည်။
သူက မည်သည့် လက်နက်ကိုမျှ အသုံးမပြုချေ။
လက်များက တစ်ခါတစ်ရံတွင် ခြေသည်းများအဖြစ်၊ တစ်ခါတစ်ရံတွင် လက်သီးများအဖြစ်နှင့် တစ်ခါတစ်ရံတွင် လက်ဝါးများအဖြစ် ပြောင်းလဲနေ၏။
ဤလူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သကဲ့သို့ ခံစားရသည်။
ပိုင်ယွဲ့မှာ အတိုက်ခံရပြီး နောက်သို့ ဆုတ်သွားရ၏။
အလင်းကန့်လန့်ကာထဲမှ မြင်ကွင်းကို ကြည့်ရင်း အမြီးလေးမှာ အလွန် စိုးရိမ်နေသည်။
“အီးအီးအီး...”
“အမြီးလေး... စိတ်မပူပါနဲ့... ပိုင်ယွဲ့က အဲဒီနတ်ဆိုးကျင့်ကြံသူဆီမှာ အလွယ်တကူ ရှုံးနိမ့်သွားမှာ မဟုတ်ပါဘူး...”
ချမ်ချန်ကန်း၏ မျက်နှာက တည်ငြိမ်နေပြီး ပိုင်ယွဲ့အတွက် အနည်းငယ်မျှပင် စိုးရိမ်နေခြင်း မရှိချေ။
ချမ်ချန်ကန်း ပြောခဲ့သကဲ့သို့ပင် ဖြစ်၏။
ပိုင်ယွဲ့မှာ အတိုက်ခံရပြီး နောက်သို့ ဆုတ်ပေးနေရသော်လည်း သူမ၏ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းထားရင်း တည်ငြိမ်စွာ လျှောက်လှမ်းနေသည်။
အခြားတစ်ဖက်တွင်လည်း မုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခတ်လာသော ချင်းယွင်ဖေး၏ တိုက်ခိုက်မှုများကို ခုခံနေရ၏။
သို့သော်လည်း သူမက ဒဏ်ရာ မရသေးပေ။
အလောတကြီးမရှိဘဲ။
ဓားသိုင်းပညာရပ်ကို အသုံးပြု၍ ဆက်တိုက် တုံ့ပြန်နေသည်။
အခြေအနေက အချိန်တိုအတွင်းမှာပင် တည်ငြိမ်သွား၏။
“ရွှယ်ဝူအင်မော်တယ်နယ်မြေက ပါရမီရှင်ပီသပါပေတယ်... အနိုင်ယူဖို့ အဲဒီလောက် မလွယ်ဘူးပဲ...”
ချင်းယွင်ဖေးက ခံစားချက်ကင်းမဲ့စွာဖြင့် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
သူ၏ ညာဘက်လက်ဝါးဖြင့် ရုတ်တရက် မြှောက်၍ ပိုင်ယွဲ့၏ ခေါင်းကို ရိုက်ချလိုက်၏။
လက်ဝါးပြင်ပေါ်တွင် အပြာရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး ထူထဲလေးလံကာ အန္တရာယ်ကြီးမားသည့် အငွေ့အသက်များကို ပေးစွမ်းနေသည်။
ပိုင်ယွဲ့က အလောတကြီးမရှိဘဲ နောက်ဆုတ်ခြင်းကို အားယူမှုအဖြစ် အသုံးပြု၍ လေထဲမှ ကျဆင်းလာသော ချင်းယွင်ဖေး၏ နှလုံးသားဆီသို့ သူမ၏ ဓားကို မြှောက်၍ ထိုးစိုက်လိုက်၏။
သံဓား၏ အမြန်နှုန်းက အလွန် မြန်ဆန်လှပြီး တုန်လှုပ်ဖွယ် ကောင်းလှ၏။ သို့သော်လည်း ‘ချလွင်’ ခနဲ အသံနှင့်အတူ ချင်းယွင်ဖေး၏ နှလုံးသားနေရာကို ဖောက်ထွင်းနိုင်ခြင်းမရှိဘဲ မာကျောသော အရာတစ်ခုဖြင့် ပိတ်ဆို့ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ပိုင်ယွဲ့က အနည်းငယ် အံ့အားသင့်သွား၏။
သို့သော်လည်း အပေါက်ဖြစ်သွားသော အင်္ကျီမှတစ်ဆင့် ချင်းယွင်ဖေး၏ ရင်ဘတ်ကို ဖုံးလွှမ်းနေသော အပြာရောင် အကြေးခွံများကို သူမ လျင်မြန်စွာ မြင်တွေ့လိုက်ရသည်။
“ဪ... အဲဒီလိုကိုး...”
ချင်းယွင်ဖေးက သရော်ပြုံး ပြုံးလိုက်၏။
သူ၏ ဘယ်ဘက်လက်ဖြင့် သံဓားကို ဖမ်းဆုပ်လိုက်သည်။
လေထုကို ဆွဲဖြဲလျက် ဧရာမ တောင်ကြီးတစ်တောင်ကိုပင် ရိုက်ချိုးနိုင်စွမ်းရှိသည့်အလား ကြာပွတ်ကဲ့သို့သော ခြေကန်ချက်တစ်ခုက ကြမ်းတမ်းစွာ ရိုက်ခတ်လာ၏။
ခွန်အားက ကြောက်မက်ဖွယ် ကောင်းလှသည်။
ပိုင်ယွဲ့မှာ သူမ၏ ဓားကို လွှတ်၍ နောက်သို့ ဆုတ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
“လက်နက်မရှိဘဲနဲ့ အင်မော်တယ် လျှို့ဝှက်ရတနာတွေကိုလည်း မင်း သုံးလို့ မရတော့ဘူး... မင်းအတွက် သေလမ်းပဲ ရှိတော့တယ်...”
ချင်းယွင်ဖေးက အေးစက်စွာ အော်ဟစ်လိုက်ပြီး ခြေလှမ်းသုံးလှမ်း၊ ခုန်ပေါက်မှု နှစ်ကြိမ်ဖြင့် သံဓားကို အဝေးသို့ လွှင့်ပစ်လိုက်ကာ သူမထံသို့ တိုက်ခိုက်ဝင်ရောက်လာတော့၏။