အခန်း ၂၄၀
Vol. 21 Ch. 240
အခန်း (၂၄၀) တိုက်ပွဲ၊ ထိုက်ကျိ ကစားခြင်း
သူတို့နှစ်ယောက်၏ တိုက်ခိုက်မှု နည်းလမ်းများက အလွန်တရာ အစွမ်းထက်လှ၏။
ထိုကြောက်မက်ဖွယ် စွမ်းအားက ဆယ့်နှစ်ထပ်မြောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
တောင်တန်းများ ဖြစ်စေ၊ မြစ်များ ဖြစ်စေ အားလုံးမှာ သူတို့၏ စွမ်းအားအောက်တွင် ဗလာနတ္ထိ အဖြစ်သို့ ပြောင်းလဲသွားရ၏။
တစ်ချိန်တည်းမှာပင် တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုများကြောင့် မိစ္ဆာကောင် အမြောက်အမြား ဆွဲဆောင်ခံလိုက်ရသည်။
မိစ္ဆာကောင် အများအပြား ရောက်လာသော်ငြားလည်း။
ပိုင်ယွဲ့နှင့် ချင်းယွင်ဖေးတို့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ချေ။
ထိုအစား မိစ္ဆာများမှာ သူတို့နှစ်ယောက် တိုက်ခိုက်မှု၏ ဂယက်ကြောင့်ပင် သေပွဲဝင်သွားကြရ၏။
ချင်းယွင်ဖေး၏ မျက်နှာက မည်းမှောင်သွားသည်။
ပိုင်ယွဲ့က လက်နက်ကို ဆုံးရှုံးသွားသော်လည်း အနက်အဓိပ္ပာယ် ကောက်ယူရခက်ခဲလှသော လက်သီးသိုင်းကို ထုတ်သုံးလာကြောင်း သူ တွေ့လိုက်ရ၏။
ရှေးဟောင်း လျှို့ဝှက်နည်းစနစ်တစ်ခုပမာ အလွန်တရာ အစွမ်းထက်လှပြီး ချင်းယွင်ဖေးနှင့် တိုက်ပွဲတွင်ပင် အသာစီး ရနေခဲ့သည်။
ဤသည်က ချင်းယွင်ဖေး လုံးဝ တွေးမထားမိခဲ့သော အရာပင် ဖြစ်၏။
ချမ်ချန်ကန်း သင်ကြားပေးခဲ့သော ထိုက်ကျိ၏ အဓိက သော့ချက်မှာ အစစ်အမှန်တာအို၏လုပ်ဆောင်ချက်ကို အသုံးပြုခြင်း ဖြစ်သည်။
အင်မော်တယ်နယ်မြေ တစ်သောင်းတွင်ပင် ထိုက်ကျိနှင့် နှိုင်းယှဉ်နိုင်သော လျှို့ဝှက်လက်သီးသိုင်း မရှိနိုင်ဟု ဆိုရမည် ဖြစ်၏။
ဤလက်သီးသိုင်းက သီအိုရီနှင့် နည်းလမ်းပိုင်းတွင် တိကျသေချာလှပြီး ပုံသဏ္ဌာန်၊ စိတ်ပိုင်းဆိုင်ရာ၊ ပြေလျော့မှု၊ အသက်ရှူမှု၊ ချီစွမ်းအင်၊ ခွန်အားနှင့် စိတ်ဝိညာဉ်တို့ကို အပေါ်ယံမှသည် နက်ရှိုင်းသော အဆင့်အထိ လေ့ကျင့်ပေးခြင်းလည်း ဖြစ်သည်။
ယင်နှင့်ယန်တို့က ချီစွမ်းအင်ကို လေ့ကျင့်ပေးပြီး တည်ငြိမ်မှုကျင့်စဉ်ဖြင့် လေ့ကျင့်ကာ ရွေ့လျားမှုနှင့် တည်ငြိမ်မှုတို့ကို ပေါင်းစပ်၍ စိတ်ဝိညာဉ်ကို တစ်စိုက်မတ်မတ် ရှိစေခြင်း၊ စိတ်ကို စူးစိုက်ခြင်း၊ စိတ်ဆန္ဒအတိုင်း လှုပ်ရှားခြင်းနှင့် အတွင်းအပြင် ပေါင်းစပ်ခြင်းတို့ကို ရရှိစေသည်။
ချင်းယွင်ဖေးကို လုံးဝ အငိုက်မိသွားစေခဲ့၏။
သူမက လက်သီးများကို ဝှေ့ယမ်းနေသော်လည်း တစ်ကိုယ်လုံးက ပြေလျော့ကာ တည်ငြိမ်နေသည့် အခြေအနေကို ပေးစွမ်းနေဆဲ ဖြစ်သည်။ အသက်ရှူ စည်းချက်က ညင်သာပြီး ခိုင်မာလှကာ ခန္ဓာကိုယ်တွင်းရှိ ချီ၊ သွေး၊ ကလီစာများနှင့် ကြွက်သားများကို စည်းချက်ကျကျ ပြေလျော့သွားစေရန် မောင်းနှင်နေ၏။
လက်သီးသိုင်းက နက်နဲပြီး ခန့်မှန်းရ ခက်ခဲလှသည်။
ချင်းယွင်ဖေးအတွက် ရင်ဆိုင်ရန် အလွန် ခက်ခဲနေခဲ့၏။
လက်သီးလေဟုန်က တရွှီရွှီ မြည်ဟည်းသွားသည်။
ချင်းယွင်ဖေး၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးတစ်ချက် ကျရောက်သွား၏။
ကြောက်မက်ဖွယ် ခွန်အားက တောင်ကြီးတစ်လုံး သူ့ရင်ဘတ်ကို လာဝင်ဆောင့်သည့်ကဲ့သို့ ခံစားလိုက်ရစေသည်။
ဝေါ့ခနဲ အသံတစ်သံ ထွက်ပေါ်လာ၏။
သွေးတစ်ပွက် ပန်းထွက်သွားသည်။
သူ၏ အမူအရာက ထိတ်လန့်သွား၏။
ယုတ္တိအရဆိုလျှင် ဆယ့်နှစ်ထပ်မြောက်သို့ တက်ရောက်ပြီးနောက် အခြေတည်စိတ်ဝိညာဉ် အဆင့်ငါး၏ ကျင့်စဉ်စွမ်းအင်ကို ထုတ်ဖော်နိုင်စွမ်း ရှိရမည် ဖြစ်သည်။
သို့သော်လည်း ယခုလေးတင် အချခံလိုက်ရသော လက်သီးက အခြေတည်စိတ်ဝိညာဉ် ကျင့်စဉ်စွမ်းအင်ထက် ဆယ်ဆမက ပို၍ အားပြင်းနေခဲ့၏။
အကယ်၍ သူ့တွင် နဂါးအကြေးခွံခန္ဓာကိုယ် အကာအကွယ်သာမရှိခဲ့လျှင် ယခုဆိုလျှင် ပိုင်ယွဲ့၏ ရိုက်နှက်မှုကြောင့် သေဆုံးနေလောက်ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ် စွမ်းအားပင်။
သူက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်၍ ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။
ရင်ဘတ်ပေါ်ရှိ နဂါးအကြေးခွံများ ကြေမွနေပြီး အသားစများက သွေးသံရဲရဲ ဖြစ်နေသည်ကို မြင်လိုက်ရ၏။
ပိုင်ယွဲ့က ထိုက်ကျိကို ဆက်လက် အသုံးပြုနေပြီး ခြေထောက်များက ယင်နှင့်ယန်ကို နင်းထားကာ သွေးများက မြစ်တစ်စင်းပမာ ဆူပွက်နေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်။
ပိုင်ယွဲ့က ချင်းယွင်ဖေးအနီးသို့ ရောက်လာပြီး နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်၏။
သို့သော်လည်း ထိုအခိုက်၌ပင်။
ချင်းယွင်ဖေး၏ မျက်လုံးဖြူများထဲမှ စူးရှသော အလင်းဖြူတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ပိုင်ယွဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
“မျက်လုံးသိုင်း...”
သို့သော်လည်း ရှောင်တိမ်းရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
အလင်းဖြူ၏ ဖြတ်သန်းတိုက်ခတ်ခြင်းကို ခံလိုက်ရ၏။
သူမ ရှေ့မှ ချင်းယွင်ဖေး ပျောက်ကွယ်သွားသည်။
ထိုအစား ကျယ်ပြောလှသော ကမ္ဘာဖြူကြီး တစ်ခုသာရှိနေပြီး ဘာမျှ းမရှိဘဲ ဗလာကျင်းနေ၏။
ဤသည်က ချင်းယွင်ဖေး၏ မျက်လုံးသိုင်းကြောင့် ဖန်တီးထားသော စိတ်ယောင်ချောက်ချားမှု းတစ်ခုမှန်း ပိုင်ယွဲ့ သိလိုက်သည်။
မကြာမီမှာပင် ပိုင်ယွဲ့က မျက်လုံးသိုင်း၏ စိတ်ယောင်ချောက်ချားမှုကို ချိုးဖျက်ပစ်လိုက်၏။
ရှေ့ကို ပြန်ကြည့်လိုက်သောအခါ။
ချင်းယွင်ဖေးမှာ ပျောက်ကွယ်နေပြီ ဖြစ်သည်။
အခွင့်အရေး ယူ၍ ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။
ဖေးရှန့်တောင်တွင် ချမ်ချန်ကန်းနှင့် အမြီးလေးတို့က တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
အထူးသဖြင့် ပိုင်ယွဲ့၏ လက်ထဲမှ ထိုက်ကျိ၏ စွမ်းအားကို မြင်တွေ့ပြီးနောက် ချမ်ချန်ကန်းက လက်ခုပ်တီးလိုက်၏။
“ကောင်းတယ်... ငါ့တပည့် ပီသပါပေတယ်... ထိုက်ကျိရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ပြနိုင်ခဲ့ပြီပဲ... သူမက ဒီကာလအတွင်းမှာ သေချာပေါက် ကြိုးစားပမ်းစား လေ့လာခဲ့ပုံရတယ်...”
သူ့ဘေးမှ အမြီးလေးကမူ မည်သို့မျှ တုံ့ပြန်ခြင်း မရှိချေ။
ဘေးဘက်သို့ လှည့်ကြည့်လိုက်၏။
စိုက်ကြည့်နေသည်။
အမြီးလေးက ကင်ထားသော ဝက်သားသုံးထပ်သားတစ်ဖတ်ကို ပါးစပ်ထဲ ထည့်တော့မည့်ဆဲဆဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်ကို ရုတ်တရက် အာရုံခံမိလိုက်ပြီး သူမ ခန္ဓာကိုယ်လေး တောင့်တင်းသွား၏။
“အီအီအီ...”
အမြီးလေးက အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။
“ငရုတ်သီးလေး နည်းနည်းလောက် ထည့်စမ်းပါ...”
ချမ်ချန်ကန်းက သူ၏ ပါးစပ်ကို ဟပြလိုက်၏။
အမြီးလေးက နှုတ်ခမ်းလေး ဆူသွားပြီး ဝက်သားသုံးထပ်သားကင်ကို ငရုတ်သီးဖြင့် မချင့်မရဲတို့၍ ချမ်ချန်ကန်း၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်ရသည်။
“ဟေး... ဒီဟာက တော်တော်လေး စပ်တာပဲ...”
ချမ်ချန်ကန်းက လက်မထောင်ပြ၍ ချီးကျူးလိုက်၏။
အမြီးလေးက ချမ်ချန်ကန်းကို ဝက်သားသုံးထပ်သား တစ်ဖတ် ခွံ့ပေးပြီးနောက် နောက်တစ်ဖတ်ကို ယူရန် မစောင့်နိုင်တော့ပေ။
ချမ်ချန်ကန်းက လှောင်ပြုံး ပြုံးလိုက်သည်။
အရင်လာသူ အရင်ရမည်ပင်။
နောက်ဆုံးကျန်သော ဝက်သားသုံးထပ်သားကို ယူ၍ သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။
“ကောင်မလေးက မင်းဆရာ သိုင်းကွက်ထုတ်တာကို စောင့်ကြည့်ဦး...”
အမြီးလေးမှာ ငိုချင်လောက်အောင် နာကြည်းသွားပြီး စားပြီးသား ကင်ပြားကိုသာ စိုက်ကြည့်နေရတော့သည်။
ချမ်ချန်ကန်းက အမြီးလေး၏ ခေါင်းကို တူဖြင့် ခေါက်၍ ဆုံးမလိုက်၏။
“စားမယ်... စားမယ်... စားမယ်... မင်းက တစ်နေ့တစ်နေ့ စားဖို့လောက်ပဲ သိတယ်... မင်း ဝလာပြီး ဘောလုံးတစ်လုံးလို ဖြစ်သွားရင် နောင်ကျ ဘယ်သူက မင်းကို လက်ထပ်မှာလဲ... ဆရာကပဲ မင်းကို တစ်သက်လုံး လုပ်ကျွေးနေရမှာလား...”
“ပိုင်ယွဲ့ကို ကြည့်စမ်း... လူတိုင်းက ကြိုးစားရင် ဒီထိုက်ကျိကို ဆရာတစ်ဆူလို တတ်ကျွမ်းလာမယ်ဆိုတာ သိတယ်... မင်းကို ပြန်ကြည့်ဦး...”
“ပိုင်ယွဲ့ရဲ့ တိုက်ပွဲကို သေချာ မကြည့်ဘဲ စားဖို့ပဲ သိနေတယ်...”
“အီအီအီ...”
အမြီးလေးက သူတို့လည်း ကျင့်ကြံရန် ကြိုးစားနေပါသည်ဟု ချမ်ချန်ကန်းအား ပြောပြနေသည့်အလား ငိုကြွေးလိုက်၏။
ချမ်ချန်ကန်းက လက်ဖျောက်တစ်ချက် တီးလိုက်သည်။
မိုင်တစ်သိန်းအကွာရှိ တောဝက်တစ်ကောင် ရုတ်တရက် အသေဆိုးဖြင့် သေဆုံးသွားပြီး ချမ်ချန်ကန်း၏ လက်ထဲတွင် အချိုးကျ လှီးဖြတ်ထားသော အသားပန်းကန်တစ်ချပ် ရုတ်တရက် ပေါ်လာ၏။
ထိုအထဲတွင် ဝက်ဗိုက်သား၊ သုံးထပ်သား၊ နောက်ပေါင်သား၊ ဓားမဖြင့် လှီးထားသော ဝက်ခါးသားပြားများ ပါဝင်သည်။
အမြီးလေး၏ မျက်လုံးများက ပြူးကျယ်သွား၏။
ချမ်ချန်ကန်းက ပြုံးလိုက်သည်။
“အမြီးလေး... မင်း စားချင်သေးလား...”
အမြီးလေးက ကြက်သွန်ဖြူ ထောင်းထားသကဲ့သို့ ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်၏။
“သွား... ထိုက်ကျိ ကစားပြစမ်း... မင်း ဘယ်လို လေ့လာထားလဲဆိုတာ ကြည့်ရအောင်... ဆရာ သဘောကျရင် မင်းကို ပေးမယ်...”
အမြီးလေးကလည်း တုံ့ဆိုင်းမနေဘဲ ခြံဝင်းငယ်လေး၏ နေရာလွတ်သို့ လျှောက်သွားကာ ထိုက်ကျိ တစ်ကွက်ကို ကစားပြလိုက်သည်။
မကြာမီမှာပင် အမြီးလေးက ထိုက်ကျိ တစ်ကွက်ကို ကစား၍ ပြီးသွား၏။
ထို့နောက် သူမက ချမ်ချန်ကန်းအား မျှော်လင့်တကြီး ကြည့်ကာ သူ၏ ချီးကျူးစကားကို စောင့်မျှော်နေသည်။
သို့သော်လည်း ချမ်ချန်ကန်း ရှေ့တိုးလာသည်ကို မြင်လိုက်ရပြီး သူမ ခေါင်းကို တစ်ချက် အခေါက်ခံလိုက်ရ၏။
“ယာ...”
“အမြီးလေး... ထိုက်ကျိကို ဒီလိုကစားရလား...”
အမြီးလေးက အပြစ်ကင်းစင်သော မျက်နှာလေးရှိနေပြီး သိသာစွာပင် ဆရာ သမီးကို သင်ပေးခဲ့တာ ဤလိုလေ ဟု အဓိပ္ပာယ်ရနေ၏။
“မတ်တပ်ရပ်... ဆရာ မင်းကို ထပ်သင်ပေးမယ်... အကယ်၍ မင်း ထိုက်ကျိကို သေချာ သင်ယူမယ်ဆိုရင် လျှို့ဝှက်လက်သီးသိုင်းကို တတ်မြောက်ရုံတင်မကဘဲ အသက်လည်း ရှည်လိမ့်မယ်...”
“ငါနဲ့ လိုက်လုပ်...”
အမြီးလေးက လိမ္မာစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ချမ်ချန်ကန်းက အစစ်အမှန်တာအို၏လုပ်ဆောင်ချက်ကို အသုံးပြု၍ ထိုက်ကျိ ကစားရင်းနှင့် သင်ကြားပေးလိုက်၏။
“ဒီထိုက်ကျိက ခန္ဓာကိုယ်အပေါ်ပိုင်းကို အလယ်ဗဟိုမှာ ထားဖို့၊ အထက်အောက် မျဉ်းတစ်ကြောင်းတည်း ဖြစ်ဖို့၊ ခေါင်းကို မတ်ထားပြီး အောက်ပိုင်းကို စုစည်းထားဖို့ လိုတယ်... အဲဒါက မင်းရဲ့ ပိုင်ဟွေ့သွေးကြောဆုံနဲ့ ဟွေယင်သွေးကြောဆုံက မျဉ်းဖြောင့်တစ်ကြောင်းတည်းမှာ ရှိနေရမယ်...”