← Chapters

အခန်း ၂၄၁

Vol. 21 Ch. 241

အခန်း ၂၄၁

Vol. 21 Ch. 241

အခန်း (၂၄၁) သက်ပြင်းချရင်း လဲ့ယင်အင်မော်တယ်ဘုရားကျောင်းသို့ သွားခြင်း

စမ်းသပ်ချက်မျှော်စင် အပြင်ဘက်။

တပည့်လက်ခံပွဲကို စောင့်မကြည့်ကြတော့သည့် ကျင့်ကြံသူများစွာ ရှိနေသော်လည်း တပည့်လက်ခံပွဲအတွင်း၌ ဖြစ်ပျက်နေသည်များကို ဆက်လက် စောင့်ကြည့်နေကြသည့် ကျင့်ကြံသူ အနည်းငယ်မျှ ရှိနေဆဲဖြစ်၏။

အထူးသဖြင့် ပိုင်ယွဲ့နှင့် ချင်းယွင်ဖေးတို့၏ အသက်ဝင်လှသော တိုက်ပွဲက လူအများ၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။

ချင်းယွင်ဖေးက သူ့ကိုယ်သူ လက်နက်တစ်ခုသဖွယ် ပြောင်းလဲ၍ နိုင်ထက်စီးနင်းနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု နည်းလမ်းမျိုးစုံကို အသုံးပြုကာ ပိုင်ယွဲ့အား တိုက်ခိုက်နေသည်ကို သူတို့ မြင်တွေ့လိုက်ကြရ၏။

မူလက ပိုင်ယွဲ့သည် ချင်းယွင်ဖေး၏ သံဓားကို အလုခံရပြီး လက်နက်မဲ့ ဖြစ်သွားချိန်တွင် ရှုံးနိမ့်သွားပြီဟု သူတို့ ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း မထင်မှတ်ဘဲ သူမက အနက်အဓိပ္ပာယ် ကောက်ယူရ ခက်ခဲလှသော လက်သီးသိုင်းတစ်ခုကို တတ်မြောက်ထားခဲ့၏။

နက်နဲပြီး ခန့်မှန်းရ ခက်ခဲလှသည်။

စောင့်ကြည့်နေသူတိုင်းမှာ စွဲမက်သွားကြရသည်။

ဤထိုက်ကျိ လက်သီးသိုင်းအောက်တွင် နိုင်ထက်စီးနင်းနိုင်ပြီး ရက်စက်ကြမ်းကြုတ်လှသော ချင်းယွင်ဖေးပင်လျှင် သူမ၏ ပြိုင်ဘက် လုံးဝ မဖြစ်ခဲ့ချေ။

ထိုအစား သူမ၏ လက်ထဲတွင် အလဲအကွဲ အရိုက်ခံရပြီး ဆုတ်ခွာသွားရကာ အတော်လေး သနားစရာ ကောင်းနေခဲ့၏။ နောက်ဆုံးတွင်မူ ပိုင်ယွဲ့၏ လက်သီးချက်ကြောင့် အကာအကွယ်များပါ ပျက်စီးသွားပြီး လွင့်ထွက်သွားကာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

အကယ်၍ နောက်ဆုံးအချိန်တွင် ချင်းယွင်ဖေးက မျက်လုံးသိုင်းကို ထုတ်သုံး၍ ပိုင်ယွဲ့အား စိတ်ယောင်ချောက်ချားမှုထဲသို့ ဆွဲမသွင်းနိုင်ခဲ့လျှင် သူသည် ပိုင်ယွဲ့၏ လက်ထဲတွင် အသေဆိုးဖြင့် သေဆုံးသွားလောက်ပြီ ဖြစ်၏။

ဝန်ခံရမည်ဆိုလျှင် အင်မော်တယ်နယ်မြေမှ ပြန်လည်ဝင်စားလာကြသော ဤပါရမီရှင်များ၏ ခွန်အားနှင့် စွမ်းရည်များက တကယ်ကို အံ့မခန်းပင် ဖြစ်သည်။

အကယ်၍ သူတို့ကသာ ကျူးရှိူ့တိုက်ကြီးမှ သာမန်ကျင့်ကြံသူတစ်ယောက်ယောက် ဖြစ်နေခဲ့ပြီး ပိုင်ယွဲ့ သို့မဟုတ် ချင်းယွင်ဖေးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ထိုသူတို့၏ လက်ထဲတွင် အသေဆိုးဖြင့် သေဆုံးသွားမည်မှာ သေချာလှ၏။

သိုင်းကွက် အနည်းငယ်မျှပင် တောင့်ခံနိုင်မည် မဟုတ်ချေ။

အထူးသဖြင့် ပိုင်ယွဲ့၏ စွမ်းအားကို မြင်တွေ့ပြီးနောက် စောင့်ကြည့်နေသော ကျင့်ကြံသူများက ဤတပည့်လက်ခံပွဲ၏ အနိုင်ရရှိသူမှာ ပိုင်ယွဲ့ ဖြစ်လာနိုင်ခြေ အလွန်များကြောင်း တွေးတောလိုက်ကြသည်။

ဤလက်သီးသိုင်းကိုသာ ထုတ်သုံးမည်ဆိုလျှင် အင်မော်တယ်နယ်မြေမှ ပါရမီရှင်များထဲတွင် မည်သူက သူမ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည်နည်း။

မည်သူနှင့် တိုက်ခိုက်မည်နည်း။ ဖာထျန်းနှင့် တိုက်ခိုက်လျှင် မည်သို့ ဖြစ်မည်ကို သူတို့ မသိကြပေ။

သို့သော် ဖျားနာနေပုံရပြီး ပေါ့ပျက်ပျက်နိုင်သော ချင်ရှို့ဝမ်ကို ကြည့်ရမည်ဆိုလျှင်မူ အကယ်၍ သူသာ ပိုင်ယွဲ့နှင့် ရင်ဆိုင်ရပါက အသေဆိုးဖြင့် သေရမည်မှာ သေချာနေ၏။

တစ်ချိန်တည်းမှာပင် ကျင့်ကြံသူ အားလုံးအတွက် သူတို့၏ စိတ်နှလုံးများကလည်း အလွန် လေးလံသွားကြသည်။

ဤမျှ ကြီးမားလှသော စွမ်းအား ကွာဟချက်ကို ကျူးရှိူ့တိုက်ကြီးမှ ပါရမီရှင်များနှင့် အင်မော်တယ်နယ်မြေတို့ကြား ဖြည့်ဆည်းနိုင်ရန် မဖြစ်နိုင်ချေ။

အကယ်၍ လူများကို အဆင့်သုံး၊ အဆင့်ခြောက်၊ အဆင့်ကိုး စသည်ဖြင့် ခွဲခြားမည်ဆိုလျှင် ကျူးရှိူ့တိုက်ကြီးမှ ကျင့်ကြံသူများမှာ အနိမ့်ဆုံးအဆင့်တွင် ရှိနေမည် ဖြစ်၏။

ထို့ပြင် ဤအခြေအနေက မွေးရာပါဖြစ်ပြီး လုံးဝ ပြုပြင်၍ မရနိုင်ချေ။

သူတို့အင်မော်တယ်ဘုံသို့ တက်လှမ်းပြီးနောက် အင်မော်တယ်နယ်မြေမှ ပါရမီရှင်များနှင့် ရင်ဆိုင်ရသည့် အချိန်ကျမှသာ သူတို့ကို မီအောင် လိုက်နိုင်မည့် အရည်အချင်း ပြည့်မီနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဤပြင်းထန်လှသော တိုက်ပွဲကို မြင်တွေ့လိုက်ရခြင်းက သူတို့၏ ပိုမို သန်မာလာလိုသော ဆန္ဒကို နှိုးဆွပေးလိုက်၏။

သွားပြီး ကျင့်ကြံကြ... အဆင့်တက်အောင် လုပ်ကြ... ပိုသန်မာအောင် လုပ်ကြ...။

ဤနည်းဖြင့်သာ ဆရာသခင်၏ မျက်စိကျခြင်းကို ခံရနိုင်ပြီး အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းတွင် ကံထူးရှင်များ ဖြစ်လာနိုင်မည် ဖြစ်သည်။

အခွင့်အရေးက နည်းပါးသော်လည်း ဘာမှ မရှိခြင်းထက်တော့ ပိုကောင်းသေး၏။ အနည်းဆုံးတော့ သူတို့ တစ်သက်လုံး ကြိုးစား ကျင့်ကြံလျှင်ပင် အင်မော်တယ်ဖြစ်လာရန် မဖြစ်နိုင်သည်ကို သူတို့ သိကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဤနေရာမှ ဆရာသခင်က ပြောထားပြီးပြီ ဖြစ်သောကြောင့် သေချာပေါက် ဖြစ်နိုင်ပေမည်။

အကယ်၍ သူတို့က ကံထူးရှင် တစ်ရာစာရင်းတွင် မပါဝင်ခဲ့လျှင်တောင်မှ ထိုနေ့ကို သူတို့ မျှော်လင့်နေကြဆဲ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ချမ်ချန်ကန်း၏ စကားများကို သူတို့ အားလုံး ရှင်းရှင်းလင်းလင်း မှတ်မိနေကြသည်။ အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းဆိုသည်က အစမျှသာ ရှိသေး၏။

နောက်ပိုင်းတွင်လည်း ချမ်ချန်ကန်းက အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ကောင်း ဖော်လာနိုင်ပေသည်။ နောက်ထပ် ကံထူးရှင်များကို ထပ်မံ ရွေးချယ်မည် မဟုတ်ဟု မည်သူမျှ မပြောနိုင်ချေ။

ရှမီအင်မော်တယ်နယ်မြေမှာ ယခုအခါ ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ဗုဒ္ဓဘာသာ ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း တစ်ဒါဇင်ကျော်မှာ လုယက်ခံလိုက်ရပြီး အင်မော်တယ်ရတနာတိုက်များလည်း ခိုးယူခံလိုက်ရ၏။

ထိုအထဲတွင် သိမ်းဆည်းထားသော ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ရေးရာ ပစ္စည်းအမျိုးမျိုး၊ ဗုဒ္ဓဘာသာနှင့် အင်မော်တယ် လက်နက်များ အားလုံး ခိုးယူခံလိုက်ရသည်။

အထူးသဖြင့် အင်မော်တယ်ကျောက်တုံးများ အားလုံး အခိုးခံလိုက်ရ၏။

“ကျိန်စာသင့်ပါစေ…”

အဓိကဘုရားကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းများနှင့် ဆရာလေးများအားလုံးမှာ ဒေါသကြောင့် မျက်လုံးများ နီရဲနေကြသည်။

(ဆင်ဆာရှိတာကြောင့် အခုကစပြီး သီလရှင်ကို ဆရာလေးလို့ပဲသုံးပါမယ်)

မည်သည့်မသာကောင်က သူတို့၏ အင်မော်တယ်ရတနာတိုက်ကို ခိုးယူသွားရသနည်း...။

သူတို့မှာ သူခိုး၏ သဲလွန်စကို လုံးဝ ရှာမတွေ့နိုင်ခဲ့ကြချေ။

ဤအင်မော်တယ်ရတနာတိုက်များကို လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက နယ်မြေအရှင်သခင်ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ကို သိထားရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ထွင်းဝင်ရောက်ရန် မဖြစ်နိုင်သလောက် ခက်ခဲပြီး လုံခြုံရေးလည်း အလွန် တင်းကျပ်ထား၏။

ယုတ္တိအရဆိုလျှင် အင်မော်တယ်အင်ပါယာများ၊ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်နယ်မြေ အရှင်သခင်များပင်လျှင် ဤဘုရားကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၏ အင်မော်တယ်ရတနာတိုက်များကို တိတ်တဆိတ် ခိုးယူနိုင်မည် မဟုတ်ချေ။

အဓိကဘုရားကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်များမှာ အလွန် ဒေါသထွက်နေကြပြီး ရူးတော့မတတ် ဖြစ်နေကြ၏။

အင်မော်တယ်ရတနာတိုက်က သူတို့၏ အသက်သွေးကြောဖြစ်သည်။ အင်မော်တယ်ရတနာတိုက်သာ မရှိလျှင် ကျောင်းတော်အတွင်းရှိ ထောင်ပေါင်းများစွာသော ရဟန်းများနှင့် ဆရာလေးများကို မည်သူက လုပ်ကျွေးမည်နည်း...

သူတို့က တပည့်များကို သူခိုး၏ သဲလွန်စကို အမြန်ရှာဖွေရန် ချက်ချင်း အမိန့်ပေးလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ အင်မော်တယ်ရတနာတိုက်ကို ခိုးယူသွားသော သူခိုးကို မဖြစ်မနေ ရှာဖွေရမည် ဖြစ်၏။

အင်မော်တယ်ရတနာတိုက်ကို ခိုးယူခဲ့သည့် တရားခံ ဝူမင်ကမူ သူ၏ မျက်နှာကို ပြောင်းလဲလိုက်ပြီး နောက်ထပ် ဘုရားကျောင်းတစ်ခုဆီသို့ ဦးတည်သွားနေပြီ ဖြစ်သည်။

သူက ရွံရှာစက်ဆုပ်သည့် အမူအရာဖြင့် ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း အခု နှစ်ဆယ်ကျော်၏ အင်မော်တယ်ရတနာတိုက်များကို ဗလာကျင်း ဖြစ်အောင် လုပ်ခဲ့သည်။ ထိုအထဲတွင် ရတနာများများစားစား မရှိခဲ့သကဲ့သို့ တာအိုစည်းချက်ပစ္စည်း နှစ်ခုတောင် မျက်စိထဲ မတွေ့ခဲ့ရချေ။

အထူးသဖြင့် အင်မော်တယ်ကျောက်တုံးများ အပိုင်းတွင် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် အင်မော်တယ်ကျောက်တုံးများ အများအပြား ရှိသော်လည်း အဆင့်မြင့်နှင့် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများမှာ သနားစရာကောင်းလောက်အောင် ရှားပါးလှ၏။

“ကတုံးပြောင်ပြောင်နဲ့ ဆင်းရဲတဲ့ ခွေးမသားတွေ... အင်မော်တယ်ရတနာတိုက်ထဲမှာ ဒီလောက်လေးပဲ ရှိတာများ ဒီဘုန်းကြီးအိုအတွက် ဘာသွားလုပ်ရမှာလဲ...”

“ဘုန်းကြီးအိုက မင်းတို့ရဲ့ အင်မော်တယ်ရတနာတိုက်ကို ခိုးတာတောင် နည်းသေးတယ်...”

“ကောင်းပြီလေ... လဲ့ယင်ဘုရားကျောင်းကို ပြန်သွားဖို့ အချိန်ရောက်ပြီ... ရှမီအင်မော်တယ်နယ်မြေရဲ့ အသန်မာဆုံး ဗုဒ္ဓဘာသာနဲ့ တာအို အင်အားစုအနေနဲ့ ဒီဘုန်းကြီးအိုက အရင်ဘဝတုန်းက ကိုယ့်အိမ်မှာ နှစ်ပေါင်းသောင်းနဲ့ချီပြီး နေခဲ့တာ... အဲဒီက အင်မော်တယ်ရတနာတိုက်ထဲမှာ ကောင်းတဲ့ပစ္စည်းတွေ အများကြီး ရှိရမယ်... ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးတွေလည်း အများကြီးရှိရမယ်...”

သူက ပြုံးလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အကြံအစည်တစ်ခု ရှိနေ၏။

အကယ်၍ လဲ့ယင်အင်မော်တယ်ဘုရားကျောင်းထဲက အင်မော်တယ်ရတနာတိုက်တွေ အားလုံးကို ဗလာကျင်းဖြစ်အောင် လုပ်လိုက်နိုင်ရင် သခင်က သေချာပေါက် အတော်လေး ပျော်သွားမှာပင်။

*အဲဒီအချိန်ကျရင် သခင် ပျော်သွားတဲ့အခါ ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်း အနည်းငယ်လောက် ဆုမချဘဲ နေပါ့မလား…*

စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ဝူမင်သည် အရှိန်မြှင့်လိုက်သည်။

လမ်းခရီးတစ်လျှောက်တွင် သူ၏ သဲလွန်စကို ရှာဖွေနေကြသော ကျင့်ကြံသူများစွာ ရှိနေသော်လည်း ဝူမင်အတွက်မူ သူက လောမနေဘဲ သူ၏ ခြေလှမ်းများက မြန်လွန်းခြင်း၊ နှေးလွန်းခြင်းမရှိဘဲ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံးလေးတစ်ခု ရှိနေ၏။

ရဟန်းငယ်လေးတစ်ပါးကို မည်သူကမျှ အရေးတယူ လုပ်ကြမည် မဟုတ်ချေ။

ဤဝူမင်က အဓိကဘုရားကျောင်းများကို ခိုးယူခဲ့သည့် တရားခံဖြစ်သည်ဟု မည်သူက ယုံကြည်မည်နည်း။

အထူးသဖြင့် ဝူမင်၏ ကိုယ်ပေါ်ရှိ အင်မော်တယ်စွမ်းအင် အတက်အကျက အလွန်အားနည်းနေသဖြင့် ထိုကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည် မဟုတ်ချေ။

နောက်ဆုံးတွင် ဝူမင်သည် လမ်းခရီးတစ်လျှောက် အဆီးအတားမရှိဘဲ ဗုဒ္ဓတောင်ခြေသို့ ရောက်ရှိလာခဲ့၏။

တောင်ပေါ်တွင်မူ တစ်ခုလုံးသော ရှမီအင်မော်တယ်နယ်မြေရှိ အသန်မာဆုံး ဗုဒ္ဓဘာသာနှင့် တာအိုအင်အားစု ဖြစ်သည့် လဲ့ယင်ဘုရားကျောင်း ရှိနေသည်။

တောင်ပေါ်တွင် ဗုဒ္ဓအလင်းတန်းများက ပေထောင်ချီ ထွန်းလင်းနေပြီး ရှေးဟောင်း ဗုဒ္ဓတစ်ဆူက ဟင်းလင်းပြင်ထဲတွင် တည်ကြည်လေးနက်စွာ ရပ်တည်နေသည်ကို မြင်တွေ့လိုက်ရ၏။

ဝူမင်က ခေါင်းမော့၍ ပြုံးလိုက်ပြီးနောက် တည်ကြည်လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

“အမိတ္တဘ.. မင်းတို့ရဲ့ လဲ့ယင်ဘုရားကျောင်း အင်မော်တယ်ရတနာတိုက်ကို ဗလာကျင်းဖြစ်အောင် မလုပ်နိုင်ရင် ဒီဘုန်းကြီးအိုက ဗုဒ္ဓမဖြစ်ပါစေနဲ့လို့ သစ္စာဆိုတယ်... ခွင့်လွှတ်ပါလော့...”

ပြောပြီးနောက် ဝူမင်သည် ပန်းလေးတစ်ပွင့်လို ပြုံးနေသော လှပသည့် ဆရာလေးတစ်ပါးအဖြစ် ပြောင်းလဲသွားပြီး ဗုဒ္ဓတောင်ပေါ်သို့ ခေါင်းမော့ရင်ကော့ကာ လျှောက်တက်သွားတော့သည်။

(ချမ်ချန်ကန်းမှာ ဗုဒ္ဓဘာသာဘာသာဆိုင်ရာ အသုံးအနှုန်းတွေအရမ်းများပါတယ်။ တတ်နိုင်သလောက် ဆင်ဆာမထိအောင်ပြင်ရေးရတာမို့ စာဖတ်သူများ နားလည်ပေးကြပါ)

All Chapters