အခန်း ၂၄၂
Vol. 21 Ch. 242
အခန်း (၂၄၂) ရှစ်ဆယ်ရာခိုင်နှုန်း၊ အနည်းငယ် စိတ်လှုပ်ရှားလာခြင်း
ချမ်ချန်ကန်းက အမြီးလေးကို ထိုက်ကျိနောက်တစ်ကွက် သင်ပေးပြီးနောက်တွင် လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။
“အမြီးလေး... မင်း အခု ဘယ်လောက်အထိ တတ်မြောက်သွားပြီလဲ...”
အမြီးလေးကလည်း ချမ်ချန်ကန်း၏ ပုံစံကို အတုခိုး၍ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူမ၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။
“အီအီအီအီအီအီ...”
၎င်းက ဆရာသခင်၏ ထိုက်ကျိကွက်များမှာ အံဝင်ခွင်ကျဖြစ်ပြီး ကျားတစ်ကောင်ကဲ့သို့ အစွမ်းထက်ကာ နက်နဲလှပါသည်ဟု ဆိုနေသည့်အလားပင်။
ချမ်ချန်ကန်းက အမြီးလေး၏ ခေါင်းကို ပွတ်သပ်၍ ပြုံးလိုက်၏။
“သေချာကျင့်ကြံစမ်းပါ... ကြားလား... တစ်နေ့တစ်နေ့ စားဖို့၊ သောက်ဖို့၊ ကစားဖို့နဲ့ အိပ်ဖို့လောက်ပဲ မသိနေနဲ့ဦး...”
အမြီးလေးက ခေါင်းကို အားပါးတရ ညိတ်ပြလိုက်သည်။
ထို့နောက် သူမက ခြံဝင်းအတွင်း၌ ထိုက်ကျိကို စတင် လေ့ကျင့်တော့၏။
သူမက ချမ်ချန်ကန်းကို ဆရာသခင်... ကျွန်မ အခု ကြိုးကြိုးစားစား လေ့ကျင့်နေပါပြီဟု ပြောပြနေသည့်ပုံ ပေါက်နေသည်။
ချမ်ချန်ကန်းက အသားကင်သည့် စားပွဲဆီသို့ ပြန်သွားပြီး အမဲသားတစ်ပြားကို ကောက်ယူကာ မီးသွေးကင်ပြားပေါ်သို့ တင်လိုက်သည်။
“ရှဲ ..ရှဲ”...
အသားနုလေးမှာ မီးသွေးမီးပေါ်တွင် မြည်သံလေးများ ထွက်ပေါ်လာ၏။
အမြီးလေးမှာ ကျင့်ကြံနေသော်လည်း သူမ၏ နားရွက်များက လှုပ်ရှားနေပြီး မျက်လုံးများက ချမ်ချန်ကန်း၏ အသားကင်ဆီသို့သာ အမြဲ ရောက်နေကာ အနည်းငယ်မျှပင် တည်ကြည်လေးနက်သည့် ပုံမပေါက်ချေ။
ချမ်ချန်ကန်းမှာ ဆွံ့အသွားရသည်။
“ထားလိုက်တော့... အတင်းလုပ်မနေနဲ့တော့... မကျင့်ကြံခင် အရင်စားသောက်လိုက်ဦး...”
ထိုသို့ပြောရင်း သူက အမြီးလေးကို လက်ယပ်ခေါ်လိုက်၏။
ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ အမြီးလေး၏ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ပေါ်လာပြီး ကျင့်ကြံခြင်းကို ကမန်းကတန်း ရပ်တန့်ကာ တဟုန်ထိုး ပြေးလာတော့သည်။
“ယာဟားဟား...”
၎င်းက ချမ်ချန်ကန်းကို ဆရာသခင်က သိပ်သဘောကောင်းတာပဲ... တပည့်လေးကတော့ ဆရာသခင်ကို သေမတတ်ချစ်သွားပြီဟု ပြောနေသည့်အလားပင်။
ချမ်ချန်ကန်းက အမြီးလေးကို မျက်လုံးလှန်ကြည့်လိုက်သော်လည်း သူမကို အရေးစိုက်မနေချင်တော့ပေ။
အသားကင်နေရင်းနှင့် ချမ်ချန်ကန်းက စမ်းသပ်ချက်မျှော်စင်အတွင်းမှ အခြေအနေကို အာရုံစိုက်လိုက်သည်။
စမ်းသပ်ချက်မျှော်စင် အတွင်း၌။
ယနေ့တွင် ကျင့်ကြံသူများ တစ်နေ့ထက်တစ်နေ့ နည်းပါးလာသည်။
သူက မိုဝန်ထျန်းကို ထပ်မံ သတိပြုမိသွားသည်။ ယခုအခါ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယ၏ အကူအညီဖြင့် မိုဝန်ထျန်းက နဂါးကျောရိုးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။
ကျောရိုးက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ၎င်း၏ ကိုယ်ပိုင် အလားအလာများကို အပြည့်အဝ ထုတ်လွှတ်လိုက်၏။
မိုဝန်ထျန်းက ထိုနတ်ဆိုးများကို သတ်ဖြတ်နိုင်ခဲ့သည်မှာ ထင်ရှားပြီး သူ ပို၍ သက်သောင့်သက်သာ ရှိလာသည်။
ဤမျှသာမကသေး။
သူ၏ အဆင့်ကျော်ဖြတ်နိုင်စွမ်းကလည်း ပို၍ မြန်ဆန်လာ၏။ ပိုင်ယွဲ့၊ ချင်ရှို့ဝမ်၊ ချင်းယွင်ဖေးတို့နှင့်အတူ သူတို့က အဆက်မပြတ် နီးကပ်လာကြသည်။
ဆန့်ကျင်ဘက်အားဖြင့် ပိုင်ယွဲ့တို့အုပ်စုမှာ အဆင့်ကျော်ဖြတ်မှု တိုးတက်နှုန်း အလွန်မြန်ဆန်ခဲ့ခြင်းကြောင့် နောက်ပိုင်းတွင် ကြုံတွေ့ရသော ခုခံမှုများကလည်း ပိုမို ကြီးမားလာပြီး အဆင့်ကျော်ဖြတ်နိုင်စွမ်းမှာ ယခင်ကဲ့သို့ မမြန်ဆန်တော့ချေ။
ပြောင်းပြန်အားဖြင့် အမြန်နှုန်းက များစွာ နှေးကွေးသွား၏။
တွက်ဆကြည့်ရသလောက် စမ်းသပ်ချက်မျှော်စင်၏ ဆယ့်ရှစ်ထပ်မြောက်သို့ မရောက်မီတွင် မိုဝန်ထျန်းက ပိုင်ယွဲ့တို့ကို မီသွားနိုင်သည့် အခွင့်အရေး ရှိနေနိုင်သည်။
“ညီလေးမို...”
ချမ်ချန်ကန်းက ခပ်ဟဟ ပြုံးလိုက်၏။ မိုဝန်ထျန်းအကြောင်းကို သူ အနည်းငယ် သိထားဆဲ ဖြစ်သည်။ ဤစမ်းသပ်ချက်မျှော်စင်အတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ကမ္ဘာမြေကို တုန်လှုပ်စေလောက်သည့် အပြောင်းအလဲများ ဖြစ်ပေါ်သွားပုံရသည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်ဝိညာဉ်ထံမှ အကျိုးအမြတ် ရရှိခဲ့ခြင်း ဖြစ်ပေမည်။
ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ မိုဝန်ထျန်း၏ အသိစိတ်ပင်လယ်ထဲတွင် ပုန်းအောင်းနေသော မျက်စိတစ်ဖက်လပ်အဖိုးအို၏ ဝိညာဉ်မှာ ချမ်ချန်ကန်း၏ အာရုံခံနိုင်စွမ်းကို ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိသည်မှာ သေချာလှသည်။
သေချာပေါက်ပင် ချမ်ချန်ကန်းက ထိုမျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ ဝိညာဉ်ကို စိတ်ထဲ မှတ်မထားခဲ့ပေ။ ၎င်းက အင်မော်တယ်တစ်ပါး၏ ဝိညာဉ်ဖြစ်သင့်ပြီး ဤသည်က မိုဝန်ထျန်း၏ အခွင့်အရေး တည်ရှိရာနေရာပင် ဖြစ်သည်။
စည်းမျဉ်းများကို မချိုးဖောက်သရွေ့၊ ထိုအင်မော်တယ်လက်နက်များနှင့် လျှို့ဝှက်ရတနာများကို အသုံးပြုကာ ကိုယ်ပိုင်ခွန်အားနှင့် အရည်အချင်းကိုသာ အားကိုးသရွေ့ ၎င်းက မိုဝန်ထျန်းကို အဆင့်များ ကျော်ဖြတ်နိုင်ရန် ကူညီပေးနိုင်ပါက ဤသည်ကလည်း မိုဝန်ထျန်း၏ ခွန်အား တစ်စိတ်တစ်ပိုင်းပင် ဖြစ်၏။
ချမ်ချန်ကန်းက ဤနေရာတွင် ရှိနေသည်။ သူက ဝင်ရောက်စွက်ဖက်မည် မဟုတ်သည်မှာ သေချာလှ၏။
ထိုမျှမကသေး။ ချမ်ချန်ကန်းက မိုဝန်ထျန်း၊ ပိုင်ယွဲ့နှင့် အခြားသူများ ဆုံတွေ့ကြမည့် အချိန်ကိုလည်း မျှော်လင့်နေမိသည်။
ကျူးရှိူ့တိုက်ကြီးမှ ကျင့်ကြံသူတစ်ဦးက စမ်းသပ်ချက်မျှော်စင် အတွင်းရှိ အခြားသော ပါရမီရှင်များနှင့် ဆုံတွေ့သောအခါ မည်သို့သော မီးပွားများ လွင့်စင်လာမည်ကို သူ မြင်တွေ့ချင်နေ၏။
ယခုအခါ ချမ်ချန်ကန်းရရှိသော နယ်မြေတန်ဖိုးက အဆက်မပြတ် တိုးတက်လာနေသည်။
အချိန်တိုင်း။ စက္ကန့်တိုင်း။
သူ၏ ပြိုင်ဘက်ကင်းနယ်မြေအတွင်းသို့ ရောက်လာကြရုံမျှမက ပြိုင်ဘက်ကင်းနယ်မြေ အတွင်း၌ အဆင့်တက်လှမ်းသွားသော ကျင့်ကြံသူများလည်း အများအပြား ရှိနေသည်။
“ဒီအင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းက မှန်ကန်ပုံရတယ်...”
ဤအင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းဖြင့် ကျူးရှိူ့တိုက်ကြီးရှိ ကျင့်ကြံသူအားလုံး၏ ပိုမို အားကောင်းလာလိုသော ဆန္ဒကို အပြည့်အဝ နှိုးဆွပေးနိုင်ခဲ့သည်ဟု ဆိုနိုင်၏။
သူတို့ကို ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ ကြိုးကြိုးစားစား ကျင့်ကြံခွင့် ပြုထားလိုက်သည်။
ထို့ပြင် ကံထူးရှင်တစ်ရာကလည်း ပြိုင်ဘက်ကင်းနယ်မြေအတွင်းသို့ နောက်ထပ် ကျင့်ကြံသူများကို ပိုမို ခေါ်ဆောင်လာပေးလိမ့်မည် ဖြစ်သည်။ ယခုကဲ့သို့ပင် အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းနှင့် ပတ်သက်သော သတင်းများက တစ္ဆေပြည်နယ်ဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တစ္ဆေပြည်နယ်ရှိ ကျင့်ကြံသူများက တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ အဆက်မပြတ် ပြေးလွှားလာကြပြီး ပြိုင်ဘက်ကင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာကြသည်။
ဤသို့သော အခြေအနေက ချမ်ချန်ကန်းကို အလွန် ကျေနပ်သွားစေ၏။
“ဒါပေမဲ့ ကျူးရှိူ့တိုက်ကြီးက ကျင့်ကြံသူတွေကို အဆင့်တက်စေပြီး ဘယ်လိုလုပ် အင်မော်တယ်အဖြစ် တက်လှမ်းစေရမလဲ...”
ချမ်ချန်ကန်းက သူ့ဟာသူ တွေးလိုက်သည်။
တကယ်တမ်း၌ ဤနေရာတွင် တိကျသော နည်းလမ်းမရှိပေ။
သို့သော်လည်း ချမ်ချန်ကန်းက သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။ သူ့တွင် ပြိုင်ဘက်ကင်းနယ်မြေ ရှိနေသည်။ ထိုမျှမက ကြီးမားကျယ်ပြန့်သော အင်မော်တယ်နယ်မြေလည်း ရှိနေသေး၏။
အမှန်တကယ်တော့ ကျင့်ကြံသူတစ်ရာကို အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ရန် ကူညီပေးခြင်းက ခက်ခဲသော ကိစ္စမဟုတ်ပေ။
အထူးသဖြင့် ထို့ပါယဲ့။
ထို့ပါယဲ့က အင်မော်တယ်အဖြစ် တက်လှမ်းဖူးခြင်း မရှိသော်ငြားလည်း ယခုအခါ သူ့တွင်လည်း အင်မော်တယ် ခန္ဓာကိုယ်ရှိနေပြီ ဖြစ်သည်။ ၎င်းကို ကွဲပြားခြားနားသော အင်မော်တယ် တစ်မျိုးအဖြစ် ယူဆနိုင်၏။
ချမ်ချန်ကန်းက အသားကင် တစ်ဖတ်ကို ကောက်ယူရင်း စိတ်ထဲမှ တွေးလိုက်သည်။
“အင်မော်တယ်နယ်မြေရှိနေခြင်းနဲ့အတူ များပြားလှတဲ့ အင်မော်တယ်စွမ်းအင်တွေက တကယ်တော့ ဒီကျင့်ကြံသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တွေကို ပြောင်းလဲပေးနေတာပဲ... သူတို့ အင်မော်တယ်နယ်မြေမှာ ဆက်နေသရွေ့ အင်မော်တယ်စွမ်းအင်တွေကို ပိုပြီး ခံနိုင်ရည် ရှိလာလိမ့်မယ်...”
“အင်း... အဲ့အချိန်ကျရင် အင်မော်တယ်အဖြစ် တက်လှမ်းဖို့ ပြဿနာရှိမှာ မဟုတ်တော့ဘူး...”
“မိန်နျင်နဲ့ ပိုင်ယွဲ့ ပြန်လာတဲ့အထိ စောင့်ပြီး သူတို့ တစ်ခုခုလုပ်နိုင်မလား ကြည့်ရမလား...”
ချမ်ချန်ကန်းက ထိုအကြောင်းကို တွေးတောနေရင်းနှင့် တစ်ချိန်တည်းမှာပင် သူ၏ ပြိုင်ဘက်ကင်းနယ်မြေကို ဆက်လက် ချဲ့ထွင်ရန် သူ၏ နယ်မြေတန်ဖိုးများကို သုံးစွဲနေ၏။
တစ်နေ့နေ့တွင် ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်း တစ်ခုလုံးကို လွှမ်းခြုံနိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသည်။ ဗားရှင်းအဆင့်မြှင့်တင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဖြစ်၏။
ဤသည်က နောက်တစ်ဆင့်သို့ မည်သို့ တက်လှမ်းရမည်ဆိုသည့် နည်းလမ်းပင် ဖြစ်သည်။
“ဟေး... လင်းပေါင်အာ သက်ရှည်ကျောင်းတော်ကနေ ထွက်သွားတာ အတန်ကြာနေပြီ... ဝူမင်က သူမကို ဓားအင်မော်တယ် အမွေအနှစ် ယူလာပေးခဲ့သလား မသိဘူး...”
“ပြီးတော့ မိန်နျင်ဆီမှာကော တာအိုစည်းချက်မှော်ရတနာတွေ လေလံတင်တာ ဘယ်လိုနေလဲ မသိဘူး... ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးတွေ ပိုပြီး လေလံတင်နိုင်ဖို့ မျှော်လင့်ပါတယ်...”
ချမ်ချန်ကန်းက သူ့ဟာသူ တွေးလိုက်၏။
ဤအချိန်အတောအတွင်း ချမ်ချန်ကန်းမှာ အတော်လေး ပင်ပန်းခဲ့ရသည်။ သို့သော်လည်း သူက တာအိုစည်းချက်မှော်ရတနာများစွာကို ပြုလုပ်ရန် သန့်စင်သောစည်းချက်
ပေါင်းစည်းခြင်းကို အသုံးပြုခဲ့ပြီး နောက်ထပ် အင်မော်တယ် ကျောက်တုံးများစွာနှင့် လဲလှယ်နိုင်ရန်အလို့ငှာ ထိုတာအိုစည်းချက်မှော်ရတနာများကို အထက်ဘုံသို့ ယူဆောင်သွားရန် မိန်နျင် ပြန်အလာကို စောင့်ဆိုင်းနေခဲ့၏။
အရာအားလုံးက ပြိုင်ဘက်ကင်းနယ်မြေနှင့် ငါးဆားနယ် ရုန်းကန်မှုကို ဆက်လက် ချဲ့ထွင်ရန် ဖြစ်သည်။
ဤနည်းဖြင့် ချမ်ချန်ကန်းက အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းကို ကြေညာခဲ့သည်မှာ သုံးရက်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ဤသုံးရက်အတွင်း။ တစ္ဆေပြည်နယ်မှတဆင့် ချမ်ချန်ကန်း၏ အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းက ကျူးရှိူ့တိုက်ကြီး၏ အခြားသော အစိတ်အပိုင်းများဆီသို့ မကြာမီ ပျံ့နှံ့သွားခဲ့သည်။
အံ့သြစရာတော့ မရှိပေ။ ဤသတင်းက ကျူးရှိူ့တိုက်ကြီးတွင် အမှန်တကယ်ပင် ဂယက်ရိုက်သွားစေခဲ့၏။ သူတို့က တောင်ပေါင်းတစ်သိန်းတောင်တန်းရှိရာ အရပ်ဆီသို့ ထွက်ခွာလာခဲ့ကြသည်။
သုံးရက်တည်းနှင့်ပင် တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ လာရောက်ကြသော ကျင့်ကြံသူ သိန်းနှင့်ချီ၍ ရှိနေသည်။
ထို့နောက် သူတို့ ပြိုင်ဘက်ကင်းနယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် မည်သည့်အရာကိုမျှ မခံစားလိုက်ရချေ။ သူတို့က ချမ်ချန်ကန်း၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းစွမ်းရည် အသုံးပြုမှုအောက်တွင် တိတ်တဆိတ် ချေမှုန်းခံလိုက်ရ၏။
ဤနည်းဖြင့် ၎င်းက ချမ်ချန်ကန်းအတွက် ကြွယ်ဝလှသော နယ်မြေတန်ဖိုးများကို ယူဆောင်လာပေးခဲ့သည်။
ယခုအခါ ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်း ဧရိယာ၏ ၈၀ ရာခိုင်နှုန်းကို နောက်ဆုံးတွင် လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်၏။
တောင်ပေါင်းတစ်သိန်းတောင်တန်း၏ အစွန်အဖျား ဧရိယာ ၂၀ ရာခိုင်နှုန်းနှင့်အတူ ချမ်ချန်ကန်း၏ ရည်ရွယ်ချက်က အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ဤပြိုင်ဘက်ကင်းနယ်မြေ၏ ချဲ့ထွင်မှုနှုန်းက သူ၏ မျှော်လင့်ချက်များထက် အနည်းငယ် ကျော်လွန်နေခဲ့၏။
၎င်းက ချမ်ချန်ကန်းကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။