အခန်း ၂၅၀
Vol. 22 Ch. 250
အခန်း (၂၅၀) နောက်ထပ် အောင်ပွဲတစ်ခု၊ ချမ်ချန်ကန်း၏ ခေါင်းပွတ်သပ်မှု
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ၏ စကားများက မိုဝန်ထျန်း၏ စိတ်နှလုံးကို ပို၍ လေးလံသွားစေ၏။
သူ ဤအဆင့်ထိ ရောက်လာနိုင်ခြင်းက သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကြောင့်သာမက မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာနှင့်လည်း အလွန် နီးကပ်စွာ ဆက်စပ်နေကြောင်း သိထားရမည်။
အကယ်၍ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ၏ အကူအညီသာမပါခဲ့လျှင် သူက ဤနေရာအထိ တောက်လျှောက် ရောက်လာနိုင်မည် မဟုတ်ချေ။
သူ၏ စိတ်နှလုံးထဲတွင် မိုဝန်ထျန်းက မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာကို အလွန် ကျေးဇူးတင်နေမိသည်။
ယခုအခါ ပိုင်ယွဲ့ ပြသလိုက်သော ထိုက်ကျိကို မြင်ပြီးနောက် မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာက မိုဝန်ထျန်းအနေဖြင့် ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိတော့ပေ။
ဤသို့ဆိုလျှင် အကယ်၍ ပိုင်ယွဲ့ကသာ ချင်းယွင်ဖေးကို အနိုင်ယူသွားခဲ့ပါက။
သူနှင့် ကျွမ်းရွှယ်တို့ အဆုံးအဖြတ် တိုက်ပွဲတွင် သူ အနိုင်ရရှိသွားခဲ့ပါက ပိုင်ယွဲ့ကို ထပ်မံ ရင်ဆိုင်ရရန် အလွန်ခက်ခဲပေလိမ့်မည်။
မိုဝန်ထျန်းက စိတ်ထဲမှ သက်ပြင်းချလိုက်၏။
“တခြားနည်းလမ်း မရှိမှတော့ ရေလာမြောင်းပေး ကြုံသလိုသာ ဖြေရှင်းရတော့မယ်...”
… …
သေခြင်းရှင်ခြင်းစင်မြင့်ပေါ်၌ ပိုင်ယွဲ့နှင့် ချင်းယွင်ဖေးတို့ကြားမှ တိုက်ပွဲက အရှိန်မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ချင်းယွင်ဖေး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော နဂါးအကြေးခွံများက ကာကွယ်ရေးတွင် အလွန် အားကောင်းလှ၏။
သို့သော်လည်း ပိုင်ယွဲ့၏ ထိုက်ကျိကို ရင်ဆိုင်ရာတွင် သူက ခုခံနိုင်စွမ်းမရှိသေးဘဲ သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများ တိုက်ရိုက်ပျက်စီးသွားပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
ချင်းယွင်ဖေးမှာ ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေ၏။
သူ့မျက်နှာက အလွန် တည်ကြည်လေးနက်နေသည်။
သူက ဘယ်ဘက်လက်ကို ဆန့်ထုတ်၍ လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ကာ အစိမ်းရောင် နဂါးလက်ဝါးရာတစ်ခုအဖြစ် ပြောင်းလဲ၍ ဖိချလိုက်၏။
ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများ ဝါးမြိုခံလိုက်ရပြီး ကမ္ဘာကြီးကို ဖုံးလွှမ်းကာ ဖိချလာသည့် ဧရာမအစိမ်းရောင် လက်ကြီး တစ်ဖက်အဖြစ် ပြောင်းလဲသွားသည်။
သို့သော်လည်း ပိုင်ယွဲ့၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူမက လက်ကို မြှောက်၍ လက်သီးတစ်ချက် ထိုးလိုက်ရုံသာ ဖြစ်၏။
‘ဖောင်း’ ခနဲ အသံတစ်သံနှင့်အတူ ဧရာမ လက်ကြီးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွဲပစ်လိုက်သည်။
သေချာပေါက်ပင် သူ၏ လျှို့ဝှက်နည်းစနစ်က ယှဉ်ပြိုင်ရန် ခက်ခဲလှ၏။
သူ အံကိုတင်းတင်းကြိတ်လိုက်သည်။ ပိုင်ယွဲ့က ထိုက်ကျိကို အသုံးပြုလာသောအခါ သူ ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း ရှာမတွေ့ကြောင်း သိထားသဖြင့် အသန်မာဆုံးသော လျှို့ဝှက်နည်းစနစ်များကို ထုတ်သုံးကာ သူ၏ကိုယ်ပိုင် လျှို့ဝှက်မှော်ရတနာကို ပူဇော်ရန် အစွမ်းကုန် ကြိုးစားလိုက်ရတော့၏။
အိပ်မက်ဆန်ဆန် အရောင်အသွေး စုံလင်သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သေခြင်းရှင်ခြင်းစင်မြင့်တစ်ခုလုံးတွင် တလက်လက် တောက်ပလာသည်။
ပိုင်ယွဲ့က ဘယ်ဘက်လက်ဖြင့် ထိုက်ကျိကို ထုတ်သုံးနေပြီး အခြားလက်တစ်ဖက်တွင်မူ အင်မော်တယ်ဓားတစ်လက် ထွက်ပေါ်လာ၏။
ဤအင်မော်တယ်ဓားက ပိုင်ယွဲ့၏ အရေးပါသော လှည့်ကွက်များထဲမှ တစ်ခုဖြစ်ပြီး လမင်းရောင်စဉ်ဓား ဟု ခေါ်သည်။
အနည်းငယ် တုန်ခါသွားမှုနှင့်အတူ ၎င်းက လေထဲတွင် ပွင့်ဟသွားပြီး လျှပ်တစ်ပြက် အတွင်းမှာပင် ကြီးမားလာကာ ပေပေါင်းများစွာ ရှည်လျားသွား၏။
ပိုင်ယွဲ့၏ လက်ထဲတွင် လမင်းရောင်စဉ်ဓားက ပေါ့ပါးနေသော်ငြားလည်း ခမ်းနားထည်ဝါသော ပုံပေါက်နေသည်။
သူမက လမင်းရောင်စဉ်ဓားကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် ဖြစ်တည်လာသော တုန်လှုပ်ဖွယ် လျှပ်စီးတန်းတစ်ခုက ကောင်းကင်ကို ဖောက်ထွင်းသွားသကဲ့သို့ မမြင်ရသော ဓားချီများက တံမြက်လှည်းသကဲ့သို့ ရိုက်ခတ်သွား၏။
ချက်ချင်းပင် သူမက ချင်းယွင်ဖေး၏ လျှို့ဝှက်နည်းစနစ် အများစုနှင့် သူ ပူဇော်ထားသော အင်မော်တယ်လက်နက်ကို ပိတ်ဆို့လိုက်သည်။
သူမက ယင်နှင့် ယန်ကို နင်းလျှောက်ပြီး ပေါ့ပေါ့ပါးပါး လျှောက်လှမ်းကာ သူ၏ ရှေ့သို့ ရောက်လာ၏။
ထိုက်ကျိဖြင့် ကမ္ဘာကြီးကို ပိတ်ဆို့လိုက်ပြီး သူမက ယင်နှင့်ယန် ပုံရိပ်တစ်ခုကို ထုတ်ပြလိုက်ကာ လူသူကင်းမဲ့သော နယ်မြေတစ်ခုသို့ ဝင်ရောက်သွားသည့်အလား လက်သီးများကို လွတ်လပ်စွာ ဝှေ့ယမ်းလိုက်သည်။
ဤကဲ့သို့ပင် လက်သီးတစ်ချက်က ချင်းယွင်ဖေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား၏။
၎င်းက ချင်းယွင်ဖေးကို ဧရာမ တောင်ကြီးတစ်လုံးဖြင့် ဝင်တိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရစေပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများက ရေစီးကြောင်းငယ်လေးတစ်ခုကဲ့သို့ သူ၏ အသားနှင့် သွေးကြောများထဲသို့ စီးဝင်သွားသည်။
သူ၏ အတွင်းကလီစာများကို ဒဏ်ရာရစေသည်။
သူ၏ သွေးကြောများကို ပြတ်တောက်သွားစေ၏။
ညည်းတွားသံ တစ်သံနှင့်အတူ သွေးများ ဆူပွက်လာပြီး လည်ချောင်းထဲတွင် ချိုမြိန်သော အရသာကို ခံစားလိုက်ရကာ သွေးတစ်လုတ် ပန်းထုတ်လိုက်ရသည်။
“ခွင့်လွှတ်ပါ...”
ပိုင်ယွဲ့၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာ၏။
ချင်းယွင်ဖေးက ခေါင်းမော့ကြည့်လိုက်သည်။
သို့သော်လည်း ပိုင်ယွဲ့က လမင်းရောင်စဉ်ဓားဖြင့် ခုတ်ပိုင်းချလိုက်ပြီ ဖြစ်ကြောင်း သူ မြင်လိုက်ရ၏။
ချင်းယွင်ဖေး၏ ချီအရှိန်အဝါက အပြည့်အဝ သော့ခတ်ခံလိုက်ရပြီး ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။
သူက မျှော်လင့်ချက် ကင်းမဲ့ပြီး မကျေမချမ်း ဖြစ်နေ၏။
ခုခံချင်နေသေးသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ အဆက်မပြတ် စီးဆင်းနေသော ခွန်အားများက သူ၏ အတွင်းကလီစာများကို ကြေမွပျက်စီးသွားစေသဖြင့် သူ့တွင် ခုခံနိုင်စွမ်း မရှိတော့ပေ။
ဓားအလင်းရောင်တစ်ချက် လက်သွားသည်နှင့်အတူ။
အနိုင်အရှုံး ဆုံးဖြတ်ပြီးသွား၏။
ပိုင်ယွဲ့က ဓားကို သိမ်းဆည်းလိုက်ပြီး ချင်းယွင်ဖေး၏ အလောင်းကိုကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အတော်လေး သက်သောင့်သက်သာ ဖြစ်သွားသည်။
ချင်းယွင်ဖေးက အလွန် အားကောင်းလှသဖြင့် သူမက ထိုက်ကျိကို အသုံးပြုနေလျှင်တောင်မှ လုံးဝ ပေါ့ဆရဲခြင်း မရှိခဲ့ပေ။
အာရုံကြောတိုင်းက တင်းမာနေခဲ့၏။
သို့သော်လည်း ယခုအခါ ချင်းယွင်ဖေးကို သတ်ဖြတ်ပြီးနောက် သူမ နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။
နောက်ထပ် တိုက်ပွဲတစ်ပွဲ ကျန်သေး၏။
နောက်ထပ်တစ်ပွဲ အနိုင်ရသရွေ့ သူမက ဆရာ့၏ တပည့်အဖြစ် ဂုဏ်သိက္ခာရှိရှိ ဖြစ်လာနိုင်မည် ဖြစ်သည်။
ဤတပည့်လက်ခံပွဲတွင် ထင်ပေါ်ကျော်ကြားမှသာ မိမိကိုယ်ကိုယ် သက်သေပြနိုင်မည် ဖြစ်၏။
“အနိုင်ရရှိသူ... ပိုင်ယွဲ့...”
“နောက်ထပ် အဆုံးအဖြတ် တိုက်ပွဲကို စတင်ကြ...”
ချမ်ချန်ကန်း၏ အသံက ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် တိုက်ပွဲကြောင့် ပျက်စီးသွားသော သေခြင်းရှင်ခြင်းစင်မြင့်က မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။
ပိုင်ယွဲ့က ရင်ပြင်ထဲသို့ ပြန်ရောက်လာ၏။
ကျွမ်းရွှယ်နှင့် မိုဝန်ထျန်းတို့က သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် ထွက်ပေါ်လာကြသည်။
ချမ်ချန်ကန်းက သူ၏ ရှေ့တွင် ရပ်နေသော ပိုင်ယွဲ့ကို ကြည့်၍ ပြောလိုက်၏။
“အရမ်းကောင်းတယ်...”
“ဆရာက သေချာသင်ပေးထားလို့ပါ...”
ပိုင်ယွဲ့က တိုးတိုးလေး ပြောလိုက်သည်။
“မဟုတ်ဘူး... မင်းက ထိုက်ကျိမှာ ဒီလောက်အထိ စွမ်းအားတွေ ထုတ်သုံးနိုင်တာက ဒီအချိန်အတောအတွင်းမှာ မင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျင့်ကြံမှုတွေ မပါဘဲနဲ့ မဖြစ်နိုင်ဘူး... မင်း အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်...”
ချမ်ချန်ကန်း၏ ချီးကျူးစကားကို ကြားသောအခါ ပိုင်ယွဲ့၏ မျက်နှာက အနည်းငယ် နီရဲသွားပြီး ခေါင်းကို ငုံ့ထားလိုက်၏။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”
ချမ်ချန်ကန်းက ပိုင်ယွဲ့ကို ကြည့်လိုက်သည်။
ဤအချိန်၌ အင်မော်တယ်စည်းတံဆိပ်တော်ကို နိုးထစေပြီး ပြန်လည်ကျင့်ကြံပြီးနောက် ပိုင်ယွဲ့ထံမှ မည်သည့် နတ်ဆိုးချီအငွေ့အသက်ကိုမျှ သူ လုံးဝ မခံစားရတော့ချေ။ သူမ၏ ချွန်မြမြ မြေခွေးနားရွက်ဖြူဖြူလေးတစ်စုံနှင့် အဖြူရောင် အမြီးလေးက ညင်သာစွာ လှုပ်ယမ်းနေပြီး လူများကို ပေးစွမ်းနေသည့် ခံစားချက်မှာ လုံးဝကို သူမက လူသူကင်းမဲ့သော တောင်ကြားထဲမှ သစ်ခွပန်းတစ်ပွင့်ကဲ့သို့ လောကီအညစ်အကြေးများ ကင်းစင်ကာ တိတ်ဆိတ်ငြိမ်သက်နေ၏။
ရိုးရိုးသားသား ပြောရလျှင် ကြည့်ရတာ အတော်လေး ဆွဲဆောင်မှု ရှိသည်။
ချမ်ချန်ကန်းက ပိုင်ယွဲ့၏ ခေါင်းကို ပွတ်သပ်လိုက်၏။
“ကြိုးစားပါ... တစ်ပွဲပဲ ကျန်တော့တယ်...”
ခေါင်းကို အပွတ်သပ်ခံလိုက်ရသော ပိုင်ယွဲ့မှာ သူမ၏ စိတ်နှလုံးထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုသာ ဖြစ်ပေါ်လာပြီး အလွန် ထိတ်လန့်သွားကာ မြေခွေးနားရွက်လေး နှစ်ဖက်က မတ်မတ် ထောင်ထွက်လာသည်။
သူမ၏ နားရွက်များက နီရဲလာကြောင်း ထင်ရှားလှ၏။
သူမက မလှုပ်မယှက် ရပ်နေမိသည်။
ဆရာ၏ ဂရုစိုက်မှုက သူမကို ဘာကြောင့် ဤမျှလောက် စိတ်လှုပ်ရှားသွားစေရသနည်း။
ပိုင်ယွဲ့မှာ အကြောင်းရင်းကို မသိခဲ့ပေ။
ချမ်ချန်ကန်းကလည်း ပိုင်ယွဲ့၏ ထူးဆန်းမှုကို မြင်လိုက်ရသဖြင့် အနည်းငယ် ရှက်ရွံ့သွား၏။
*အိုး... အကျင့်ပါနေတဲ့ ခေါင်းပွတ်သပ်မှုကြီး*
*ငါက ပေါင်အာနဲ့ အမြီးလေးတို့ရဲ့ ခေါင်းတွေကို မကြာခဏ ပွတ်သပ်ပေးနေကျဆိုတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လိုက်ဘူး…*
*ပိုင်ယွဲ့ကိုများ တစ်လွဲတွေ တွေးသွားစေမလား…*
*ဆရာဆိုတာ ဖြောင့်မတ်မှန်ကန်တဲ့ လူကြီးလူကောင်း တစ်ယောက် ဖြစ်ရမယ်…*
သူက ရှက်ရွံ့နေသော်ငြားလည်း ချမ်ချန်ကန်းက အတွေ့အကြုံရင့်ကျက်သူတစ်ဦး ဖြစ်နေပြီ ဖြစ်၏။
သဘာဝကျစွာပင် သူက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျောဘက်တွင် နောက်ပစ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ချင်းယွင်ဖေးနဲ့ တိုက်ပွဲမှာ မင်းလည်း ဒဏ်ရာ တော်တော်ရလာတယ်... မင်းကို ငါ ကုသပေးမယ်...”
“အင်း... ကျေးဇူးတင်ပါတယ် ဆရာ...”
ပိုင်ယွဲ့က ကမန်းကတန်း ပြောလိုက်၏။
သူမက ချမ်ချန်ကန်းကို ခိုးမကြည့်ဘဲ မနေနိုင်ခဲ့ချေ။
*အမြီးလေးက ဘာလို့ ဆရာ့ရဲ့ အပွတ်သပ်ခံရတာကို ကြိုက်လဲဆိုတာ ငါ အခုမှ နောက်ဆုံးတော့ သိသွားပြီ…*
*တကယ်ပဲ သက်သောင့်သက်သာ ရှိပြီး နွေးထွေးတဲ့ ခံစားချက်ပဲ…*
*ဒါက ဆရာရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာလား…*
ဤအကြောင်းကို တွေးမိသောအခါ ပိုင်ယွဲ့၏ စိတ်နှလုံးထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
ချမ်ချန်ကန်းက ပိုင်ယွဲ့၏ ဒဏ်ရာများကို ကုသရန် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုလိုက်သည်။
စမ်းသပ်ချက်မျှော်စင် အပြင်ဘက်၌။
အလင်းကာကွယ်လွှာမှတဆင့် မိန်းကလေး အများအပြားက ချမ်ချန်ကန်းက ပိုင်ယွဲ့၏ ဒဏ်ရာများကို ကုသပေးနေသည်ကို မြင်လိုက်ရ၏။
ချမ်ချန်ကန်းက ပိုင်ယွဲ့ကို ခေါင်းပွတ်သပ်ပေးလိုက်သည်ကိုပင် မြင်တွေ့လိုက်ရသည်။
ဒါကို အားကျတယ်လို့ ခေါ်တာပဲ။
*စီနီယာက ဘာလို့ ပိုင်ယွဲ့ရဲ့ ခေါင်းကို ပွတ်သပ်ပေးရတာလဲ*
*ပိုင်ယွဲ့က လှလို့များလား…*
*မဟုတ်ဘူး... စီနီယာလို ပုဂ္ဂိုလ်မျိုးကို ငါတို့က ဘယ်လိုလုပ် အဲ့ဒီလို ခန့်မှန်းရဲမှာလဲ…*
*စီနီယာက အရမ်းရိုသေလေးစားခံရပြီး သိမ်မွေ့ညင်သာသူပါ... ဒါကြောင့် သူက အဲဒီလိုလူမျိုး မဟုတ်ပါဘူး…*