← Chapters

အခန်း ၂၅၁

Vol. 22 Ch. 251

အခန်း ၂၅၁

Vol. 22 Ch. 251

အခန်း (၂၅၁) နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲက စောင့်ကြိုနေ၏

သေခြင်းရှင်ခြင်း စင်မြင့်ထက်တွင် နောက်ဆုံး လေးယောက်မှ နှစ်ယောက်သို့ ရွေးချယ်မည့် အဆုံးအဖြတ် တိုက်ပွဲက စတင်သွားပြီ ဖြစ်သည်။

ကျွမ်းရွှယ်က မိုဝမ်ထျန်းနှင့် ရင်ဆိုင်ရ၏။

ကျွမ်းရွှယ်၏ ကိုယ်ခန္ဓာက သေးသွယ်လှပပြီး သူမ၏ ရုပ်ဆင်းသွင်ပြင်က နူးညံ့ကာ ကျက်သရေရှိလှသဖြင့် အလွန် ချစ်စရာ ကောင်းနေသည်။ သူမက မိုဝမ်ထျန်းအား အလွန်တည်ကြည် လေးနက်စွာဖြင့် ရင်ဆိုင်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ မိုဝမ်ထျန်းက အလွန်အစွမ်းထက်လှပြီး ဖာထျန်းကိုပင် အနိုင်ယူထားနိုင်ခဲ့သူ မဟုတ်ပါလော။ ထို့ကြောင့် ကျွမ်းရွှယ်မှာ အစွမ်းကုန် ကြိုးစား၍ ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။

မိုဝမ်ထျန်းက ကျွမ်းရွှယ်အား ကြည့်လိုက်၏။

သူ ကျွမ်းရွှယ်ကို ရင်ဆိုင်လိုက်သောအခါ အသိစိတ်ပင်လယ်ထဲမှ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက အသံထွက်လာသည်။

“မြန်မြန် အဆုံးအဖြတ် ပေးလိုက်... ပိုင်ယွဲ့က နိုင်သွားပြီ... မင်းနဲ့ ဟိုကောင်မလေး တိုက်တဲ့ပွဲမှာ မင်းရဲ့ လျှို့ဝှက်အကွက်တွေကို ဖုံးကွယ်ထားတာ အကောင်းဆုံးပဲ... အဲ့တာမှသာ နောက်ပွဲမှာ မင်းနဲ့ ပိုင်ယွဲ့ တိုက်တဲ့အခါ မင်းအတွက် အသက်ရှင်ဖို့ အခွင့်အရေးရှိမှာ...”

မိုဝမ်ထျန်းက ခေါင်းညိတ်လိုက်ပြီး ဤသည်က သူ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

“မိန်းကလေး... ခွင့်လွှတ်ပါ...”

မိုဝမ်ထျန်းက အရိုအသေ ပေးလိုက်၏။ ဤမျှ ချစ်စရာကောင်းသော မိန်းမပျိုလေးကို ကြည့်ရင်း သူမအား သတ်ဖြတ်ရမည်ကို တွေးကာ သူ၏ ရင်ထဲတွင် အပြစ်ရှိသလို ခံစားရခြင်းမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ မထင်မှတ်ဘဲ မိုဝမ်ထျန်း၏ စကားကို ကြားသောအခါ ကျွမ်းရွှယ်၏ မျက်နှာလေးက ထပ်မံနီရဲသွားပြန်သည်။

မိုဝမ်ထျန်းမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။

*အလှလေး... မင်းက အရမ်း ရှက်တတ်နေတာလား…*

“ကန်တော့... ကန်တော့ပါတယ်...”

ကျွမ်းရွှယ်၏ အသံလေးက ခြင်တစ်ကောင် အော်သကဲ့သို့ တိုးတိတ်လှပြီး သူမ ရှက်နေသော်လည်း ပြန်လည် တုံ့ပြန်လိုက်သည်။ မိုဝမ်ထျန်းမှာ သူ၏ စိတ်နှလုံးများ မလွှဲမရှောင်သာ နူးညံ့သွားရ၏။ ဤမျှ ချစ်စရာကောင်းသော အလှလေးကို သူ တကယ်ပဲ သတ်ရက်ပါ့မလား...။

အသိစိတ်ပင်လယ်ထဲမှ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက လှောင်ရယ် ရယ်လိုက်သည်။

“ဟိုး... ညီလေး... မင်းက လှပတဲ့ မိန်းကလေးကို တွေ့တာနဲ့ စိတ်နှလုံးတွေ နူးညံ့ပြီး သနားကြင်နာနေပါလား... မင်းရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ မမေ့နဲ့... မင်းရဲ့ ညီမလေးရူဟွာက ဟွာလုံမြို့မှာ မင်းကို စောင့်နေတုန်းပဲနော်...”

မိုဝမ်ထျန်းက မျက်လုံးလှန်လိုက်၏။

“ကျွန်တော် မမေ့ပါဘူး... ဒါ့ကြောင့် ကျွန်တော်က စီနီယာ့ကို ဆရာတင်ချင်တာပါ...”

မိုဝမ်ထျန်းက တုံ့ဆိုင်းနေခြင်းမရှိဘဲ နဂါးကျောရိုးကို ဖွင့်လှစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ထဲမှ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းပင် ဧရာမ နဂါးအရိပ်ကြီးတစ်ခုက သူ့နောက်ကျောတွင် ပေါ်ထွက်လာပြီး လေကို ခွင်းကာ ထွက်ပေါ်လာ၏။

ကျွမ်းရွှယ်၏ မျက်နှာက အစောကလောက် နီရဲမနေတော့ချေ။ သူမက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လက်ကို မြှောက်ကာ လျှို့ဝှက်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ ဤသည်က သူမ၏ အကြီးမားဆုံးသော လျှို့ဝှက်ဖဲချပ်ဖြစ်ပြီး သူမ၏ တစ်ခုတည်းသော လျှို့ဝှက်ဖဲချပ်လည်း ဖြစ်၏။ သူမက အစွမ်းကုန် ကြိုးစားရမည်ကို သိနေသည်။ ဤနေရာအထိ ရောက်လာနိုင်ခဲ့သော်လည်း ဖာထျန်းကို အနိုင်ယူခဲ့သည့် မိုဝမ်ထျန်းအား သူမ အနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရွှစ်ခနဲ အသံနှင့်အတူ ထိုလျှို့ဝှက်ရတနာက တောင်တန်းနှင့် မြစ်ပြင်ပန်းချီကား တစ်ချပ်ဖြစ်ပြီး တိုက်ရိုက် ပွင့်ဟသွားကာ ငှက်များ၊ သားရဲများ၊ အင်းဆက်များနှင့် ငါးများက အစစ်အမှန် ကမ္ဘာတစ်ခုကဲ့သို့ ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်သွားကာ သူမရှေ့တွင် ပေါ်လာသည်။ ပန်းချီကားကဲ့သို့ လှပသော တိုင်းပြည်တွင် ပန်းတစ်ပွင့်ကဲ့သို့ လှပသော သူမက ပန်းချီကားထဲမှ ကမ္ဘာကြီးတွင် ရပ်နေသည်မှာ အလွန် မျက်စိပသာဒ ဖြစ်ကာ တောက်ပနေ၏။

သူမ၏ လက်ချောင်းလေးများက သွယ်လျပြီး လက်မောင်းလေးများက ကြာရိုးလေးများကဲ့သို့ ဖြစ်ကာ သူမက လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။ တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားထဲမှ ငှက်များ ပျံထွက်လာပြီး သားရဲများက ဟိန်းဟောက်ကာ ဧရာမတောင်ကြီးများ ပြိုကျလာပြီး ဧရာမ လှိုင်းလုံးကြီးများ ပေါ်ထွက်လာ၏။ အမျိုးမျိုးသော သတ်ဖြတ်ခြင်း သိုင်းကွက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ မိုဝမ်ထျန်းထံသို့ တိုးဝင်လာသည်။

“ဒါက အင်မော်တယ်လက်နက် မဟုတ်ဘူး... ငါ သင်ပေးထားတဲ့ မဟာကောင်းကင်နဂါး လက်သိုင်းနဲ့ဆိုရင် ဒီတောင်တန်းနဲ့ မြစ်ပြင် ပန်းချီကားကို ဖျက်ဆီးလိုက်ရင် မင်း နိုင်ပြီ...”

မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက သတိပေးလိုက်၏။

မိုဝမ်ထျန်းက ခေါင်းညိတ်၍ အေးအေးဆေးဆေးပင် ရင်ဆိုင်လိုက်ပြီး မဟာ ကောင်းကင်နဂါး လက်သိုင်းကို ထုတ်သုံးလိုက်သည်။ သူ့လက်များက နဂါးလက်သည်းများကဲ့သို့ ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သကဲ့သို့ အဆုံးအစမဲ့သော လေပြင်းများကို ယူဆောင်လာ၏။ ဧရာမ လက်သည်းကြီးများက ကောင်းကင်ယံတွင်ရှိနေပြီး ရှေးဟောင်းကြယ်တစ်ပွင့် ပြုတ်ကျလာသကဲ့သို့ မြေပြင်ကို ရိုက်ခတ်သွားကာ တောက်ပသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ထွက်ပေါ်လာသော ငှက်များနှင့် သားရဲများကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်၏။

သို့သော်လည်း တောင်တန်းနှင့် မြစ်ပြင်များကြားတွင် အဆုံးအစမဲ့သော ငှက်များနှင့် သားရဲများ ရှိနေသကဲ့သို့ ဖြစ်နေပြီး ၎င်းတို့ကို ပိတ်ဆို့နေသော ဧရာမ တောင်ကြီးများနှင့် မြစ်ကြီးများ ရှိနေသည်။ ထိုတောင်တန်းနှင့် မြစ်ပြင်ပန်းချီကားကို ဖျက်ဆီးရန်မှာ မလွယ်ကူလှပေ။

တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားများထဲတွင် ရှေးဟောင်း တောင်တန်းများနှင့် မြစ်များက ခမ်းနားလှပနေ၏။ ကျွမ်းရွှယ်က မြူခိုးများ ရစ်သိုင်းနေသော သီးခြားအင်မော်တယ် ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရှိနေပြီး တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားထဲတွင် အလှပဆုံးသော မြင်ကွင်းဖြစ်လာသည်။ တောင်တန်းနှင့် မြစ်ပြင် ပန်းချီကား ဖျက်ဆီးမခံရသရွေ့ သူမက အဆင်ပြေနေမည် ဖြစ်၏။

“၁၈ ထပ်မြောက် အဆုံးအဖြတ် တိုက်ပွဲကို ရောက်လာနိုင်တာဆိုတော့ မျှော်လင့်ထားတဲ့ အတိုင်းပဲ... ငါက သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးကို ကြည့်ပြီး သူမရဲ့ စွမ်းအားကို အထင်သေးလို့ မရဘူးပဲ...”

မိုဝမ်ထျန်းက ရေရွတ်လိုက်ပြီး ငှက်များနှင့် သားရဲများကို ဆက်လက်သတ်ဖြတ်ရန် တိုက်ခိုက်လိုက်သည်။

ဧရာမတောင်ကြီး ဝင်တိုက်လာသောအခါ သူ၏ မဟာ ကောင်းကင်နဂါး လက်သိုင်းက တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်ပြီး မြစ်ကြီးက တစ်ဟုန်ထိုး စီးဝင်လာရာ သူက ကမန်းကတန်း ရှောင်တိမ်းလိုက်ရ၏။

အဆုံးစွန် သိုင်းကွက်များ များပြားသော်လည်း ၎င်းတို့၏ စွမ်းအားက မပြင်းထန်လှပေ။ သို့သော်လည်း မိုဝမ်ထျန်းမှာ ခုခံရန်သာ တတ်နိုင်ပြီး ပြန်လည်တိုက်ခိုက်ရန် ခက်ခဲနေသည်။ ဤသို့ စွမ်းအင် ကုန်ခမ်းနေခြင်းက သူ့အတွက် သတင်းကောင်း မဟုတ်ချေ။ ဤအကြပ်အတည်းကို ချိုးဖျက်ရမည် ဖြစ်၏။

သူက အော်ဟစ်လိုက်၏။ နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။ ကျောရိုးက တောက်ပသော ရွှေရောင် အလင်းတန်းများကို ပစ်လွှတ်လိုက်သည်။ သူက လက်ကို မြှောက်၍ ကျောပေါ်မှ ကျောရိုးကို ဆုပ်ကိုင်လိုက်ပြီး ကျောရိုး၏ ချီနှင့် သွေးကို လမ်းညွှန်အဖြစ် အသုံးပြုကာ ချီနှင့် သွေးများ စုစည်းထားသည့် ထက်မြက်သော နဂါးလှံတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ရွှေရောင် အလင်းတန်းများ ဖူးပွင့်နေသော ထက်မြက်သည့် နဂါးလှံကို သူ၏ ညာဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားထဲမှ ကျွမ်းရွှယ်ထံသို့ ပစ်လွှတ်လိုက်၏။

ကျွမ်းရွှယ်က လှုပ်ရှားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမက တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားကို အစွမ်းကုန် ထိန်းချုပ်လိုသောကြောင့်ဖြစ်ပြီး တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားကို တွန်းထုတ်၍သာ ခုခံနိုင်လေသည်။ သို့သော်လည်း ၎င်းကို တားဆီး၍ မရနိုင်ဘဲ နဂါးလှံက ပန်းချီကားထဲသို့ ဝင်ရောက်သွားကာ ကျွမ်းရွှယ်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

အကယ်၍ နဂါးလှံဖြင့် အထိုးခံရပါက သူမ သေချာပေါက် သေဆုံးမည်ဖြစ်သည်။

သူမက တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားကို ထိန်းချုပ်ခြင်းကို စွန့်လွှတ်လိုက်ရပြီး လက်နှစ်ဖက်ဖြင့် လက်ကွက်တစ်ခုကို ဖော်လိုက်ရာ အစိမ်းရောင် အလင်းတန်းတစ်ခုက တစ်ဟုန်ထိုး တက်လာပြီး နဂါးလှံနှင့် ဝင်ဆောင့်သွားသည်။

“အခုပဲ...”

မိုဝမ်ထျန်းက အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပြီး မျက်လုံးများထဲတွင် အလင်းတန်းများ ပေါက်ကွဲထွက်လာကာ နဂါးကျောရိုးကို ဖွင့်လှစ်၍ သူ၏ အလားအလာများကို ထုတ်လွှတ်လိုက်၏။ ချောက်နက်ထဲမှ ထွက်လာသော နဂါး၊ ပြိုင်ဘက်ကင်း ဖြစ်သည်။

တစ်မုဟုတ်ချင်းပင် သူက တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားဆီသို့ ရောက်လာ၏။ မဟာ ကောင်းကင်နဂါးလက်သိုင်းက ကျဆင်းလာပြီး ထိန်းချုပ်မှု ကင်းမဲ့နေသော တောင်တန်းနှင့် မြစ်ပြင် ပန်းချီကားကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်သည်။ ညာဘက်လက်ကို ကျောရိုးအနောက်ဘက်သို့ ဆွဲကိုင်လိုက်၏။ ချီနှင့် သွေးများက နဂါးတစ်ကောင်ကဲ့သို့ အဟုန်ပြင်းစွာ တက်လာပြီး နဂါးလှံအဖြစ် ထပ်မံ ပြောင်းလဲသွားသည်။ နဂါးလှံကို လက်ထဲတွင် ဆုပ်ကိုင်၍ ကျွမ်းရွှယ်ကို သတ်ဖြတ်လိုက်သည်။

မျက်လုံးတစ်စုံက ကျွမ်းရွှယ်အား ကြည့်လိုက်ပြီး တောက်ပစွာ လင်းလက်နေကာ သူက ကျယ်လောင်စွာ ပြောလိုက်၏။

“အဆုံးအဖြတ် ပေါ်သွားပြီ... ကန်တော့နော်...”

စကားဆုံးသွားသည်နှင့် နဂါးလှံက ထိုးစိုက်သွား၏။ ဘုန်းခနဲ အသံနှင့်အတူ သွေးများပန်းထွက်သွားခြင်းနှင့်အတူ ဖြစ်သည်။

အဆုံးအဖြတ် ပေါ်သွားပြီ ဖြစ်ပြီး ကျွမ်းရွှယ် ရှုံးနိမ့်ကာ မိုဝမ်ထျန်း အနိုင်ရသွားသည်။

စမ်းသပ်ချက် မျှော်စင်ကြီး၏ အပြင်ဘက်တွင် စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြ၏။ ဤမိုဝမ်ထျန်းက အလွန်အစွမ်းထက်လှပြီး ပြသလိုက်သော စွမ်းအားမှာ အံ့မခန်းဖြစ်ကာ ကျွမ်းရွှယ်အား တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။ ၎င်းက တူညီသော အောက်ဘုံမှ ပါရမီရှင်များနှင့် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်သည်မှာ သေချာလှပေသည်။

စမ်းသပ်ချက် မျှော်စင်ကြီး၏ အပြင်ဘက်တွင်။

ကျွမ်းရွှယ်က အစောကတည်းက ပြန်လည် ရှင်သန်လာခဲ့သော ချင်ရှို့ဝမ်နှင့် ချင်းယွင်ဖေးတို့၏ ဘေးတွင် ပြန်လည် ရှင်သန်လာခဲ့သည်။ ချင်းယွင်ဖေးက လက်ပိုက်လိုက်၏။ ကျွမ်းရွှယ် ရှုံးနိမ့်သွားခြင်းက အရာအားလုံး သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။

ချင်ရှို့ဝမ်က ပြုံး၍ ကျွမ်းရွှယ်အား ကြည့်လိုက်သည်။

“အလှလေး... မင်း တိုက်ခိုက်တာကို သခင်လေး မြင်လိုက်တယ်... မင်း လိုအပ်နေတာက လျှို့ဝှက်ရတနာတစ်ခုပဲ... သခင်လေးရဲ့ နှစ်ဆယ်ယောက်မြောက် မယားငယ်လေး လုပ်ချင်လား... သခင်လေးက မင်းကို ထောက်ပံ့ပေးမယ်...”

ကျွမ်းရွှယ်မှာ သေခြင်းရှင်ခြင်း စင်မြင့်ထက်တွင် မိုဝမ်ထျန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သူမ အနည်းငယ် ထိတ်လန့်နေခဲ့သော်လည်း ယခု ရုတ်တရက် ပြန်လည်ရှင်သန်လာခဲ့သဖြင့် သူမ၏ မျက်လုံးများက ဝေခွဲမရ ဖြစ်နေသည်။ ယခု ချင်ရှို့ဝမ်၏ နောက်ပြောင်သော စကားများကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာက ထပ်မံ နီရဲသွားပြန်ပြီး မျက်လုံးများက ထိတ်လန့်ကာ သူ့ကို မကြည့်ရဲတော့ဘဲ ကမန်းကတန်း ထွက်ပြေးသွားတော့၏။

ချင်ရှို့ဝမ်က သက်ပြင်းချလိုက်သည်။

“ရှက်တတ်ပြီး လှပတဲ့ မိန်းမပျိုလေးပါလား... သခင်လေးက မင်းကို ပိုပြီး စိတ်ဝင်စားသွားပြီ...”

ထို့နောက် သူက အလင်းတန်း ကန့်လန့်ကာကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများက တဖျပ်ဖျပ် လက်သွား၏။

“စမ်းသပ်ချက် မျှော်စင်ကြီးထဲမှာ သေသွားပြီလို့ မူလက ထင်ခဲ့တာ... ဒါပေမဲ့ ပြန်လည်ရှင်သန်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး…ဒီလိုကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နည်းလမ်းမျိုးကို ထျန်းကျန့် အင်မော်တယ်နယ်မြေမှာတောင် မကြားဖူးဘူး...”

ဘေးဘက်တွင် ချင်းယွင်ဖေးမှာ အလွန် မကျေမချမ်း ဖြစ်နေသည်။ သူက ပိုင်ယွဲ့၏ ထိုက်ကျိကြောင့် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရရာ ၎င်းကို ဖြေရှင်းရန် နည်းလမ်းရှာရမည် ဖြစ်၏။ ထိုနည်းတူပင် သူက ပိုင်ယွဲ့၏ လက်ထဲတွင် သေဆုံးခဲ့ရပြီး စမ်းသပ်ချက် မျှော်စင်ကြီး၏ အပြင်ဘက်တွင် ပြန်လည်ရှင်သန်လာခဲ့သည်။ ၎င်းက ချင်းယွင်ဖေးအား ချမ်ချန်ကန်း၏ စွမ်းအားနှင့် သူ၏ ခန့်မှန်း၍ မရနိုင်သော နက်နဲမှုကိုလည်း မြင်တွေ့သွားစေသည်။

ယခု သူ့အတွက် ကျူးရှိူ့ဒယ်စောက်ကို ရရှိပြီး ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်လာရန်မှာ ထိုမျှအရေးမကြီးတော့ချေ။ အကယ်၍ စီနီယာ၏ တပည့် ဖြစ်လာနိုင်မည်ဆိုပါက ၎င်းက ပို၍ပင် တန်ဖိုးရှိနိုင်သည်။ သူ စစ်ထုတ်ခံလိုက်ရခြင်းကတော့ နှမြောစရာပင် ဖြစ်၏။

ယခုအခါ ပိုင်ယွဲ့နှင့် မိုဝမ်ထျန်းတို့သာ ကျန်ရစ်တော့သည်။ သူတို့နှစ်ယောက်ထဲမှ မည်သူက နောက်ဆုံး အောင်ပွဲကို ဆွတ်ခူးသွားမည်နည်း။ ချင်းယွင်ဖေး၏ ရင်ထဲတွင် အလွန် သိချင်နေမိ၏။

တစ်ချိန်တည်းမှာပင်။

ဤတပည့်လက်ခံပွဲ၏ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲဖြစ်သည်။ ပိုင်ယွဲ့နှင့် မိုဝမ်ထျန်းတို့၏ တိုက်ပွဲကလည်း ချက်ချင်း စတင်တော့မည် ဖြစ်၏။ နောက်ဆုံးတွင် မည်သူ အနိုင်ရမည်ကိုတော့ စောင့်ကြည့်ကြတာပေါ့။

All Chapters