အခန်း ၂၅၂
Vol. 22 Ch. 252
အခန်း (၂၅၂) ဒီနေ့ တိုက်ပွဲမှာ နာမည်ကျော်ကြားစေရမယ်
တပည့်လက်ခံပွဲက လူအများ၏ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိမည့်ပွဲ ဖြစ်လာရန် ကံကြမ္မာ ဖန်တီးထား၏။
နောက်ဆုံးတိုက်ပွဲတစ်ပွဲသာ ကျန်ရှိတော့ပြီး တပည့်လက်ခံပွဲ၏ အနိုင်ရသူကို ဆုံးဖြတ်ပေးမည့် ပွဲစဉ် ဖြစ်သည်။
ထိုပွဲတွင် အနိုင်ရရှိသူက ကျူးရှိူ့ဒယ်စောက်ကို ရရှိမည်ဖြစ်ကာ ကောင်းကင်တာအို၏ အစောင့်အရှောက်အဖြစ် တက်လှမ်းနိုင်မည် ဖြစ်၏။ ၎င်းအပြင် ထိုပြိုင်ဘက်ကင်း စီနီယာ၏ တပည့်လည်း ဖြစ်လာပေမည်။
စမ်းသပ်ချက်မျှော်စင်၏ အပြင်ဘက်တွင်ကား အဆင့်တက်လှမ်းနိုင်ရန် ကြိုးစား ကျင့်ကြံနေကြသော ကျင့်ကြံသူ အများစုမှာ သူတို့၏ ကျင့်ကြံခြင်းများကို ရပ်တန့်လိုက်ကြ၏။
သူတို့အားလုံးက ဤနောက်ဆုံး တိုက်ပွဲကို ကြည့်ရှုရန် အလင်းတန်း ကန့်လန့်ကာဆီသို့ အာရုံစိုက် ကြည့်နေကြသည်။
ချမ်ချန်ကန်းကလည်း စောင့်ကြည့်နေ၏။
ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ နှစ်ယောက်အနက် မည်သူ အနိုင်ရမည်ကိုကား မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်သေးပေ။ သို့သော်လည်း ယခုအချိန်တွင်ကား ပိုင်ယွဲ့က သိသိသာသာ အသာစီး ရနေသည်မှာ ထင်ရှားလှ၏။
သူမ၏ ထိုက်ကျိ လေ့ကျင့်ခန်း သိုင်းကွက် တစ်ခုတည်းနှင့်ပင် မိုဝန်ထျန်းမှာ မည်သို့ ရင်ဆိုင် တုံ့ပြန်ရမည်နည်းဟု ထွက်ပေါက် မရှာနိုင် ဖြစ်နေတော့သည်။
မိုဝန်ထျန်း၏ အမူအရာက တည်ကြည် လေးနက်နေ၏။ သူနှင့် ပိုင်ယွဲ့တို့ကြားရှိ စွမ်းအား ကွာဟချက်ကိုလည်း သူကိုယ်တိုင် အလွန်ရှင်းလင်းစွာ သိရှိနားလည်ထားပေသည်။
သူက တစ်စက္ကန့်မျှပင် တွေးတောမနေတော့ဘဲ သူ့လက်ကို ရုတ်ခြည်း မြှောက်လိုက်သည်။
တစ်မုဟုတ်ချင်းပင် မရေမတွက်နိုင်သော အစီအရင် အလံများ ထွက်ပေါ်လာ၏။ ဤအစီအရင် အလံများက သေခြင်းရှင်ခြင်း စင်မြင့်တစ်ခုလုံး အနှံ့ ပျံ့နှံ့သွားပြီး သတ်ဖြတ်ခြင်း အစီအရင်တစ်ခုအဖြစ် ပေါင်းစည်း ဖွဲ့တည်သွားကြသည်။
ဤသည်က ပိုင်ယွဲ့၏ ခွန်အားကို ဖိနှိပ် ချုပ်ချယ်ရန် ဖြစ်၏။ ထိုအခိုက်အတန့်မှာပင် သူ၏ လက်ထဲ၌ မှော်အဆောင် အများအပြား ထပ်မံ ထွက်ပေါ်လာပြန်သည်။ မှော်အဆောင် တစ်ခုချင်းစီတိုင်းက မတူညီသော စွမ်းအားကိုယ်စီ ရှိကြ၏။ တိုက်ခိုက်ခြင်း၊ ခုခံ ကာကွယ်ခြင်းနှင့် မိုဝန်ထျန်း၏ စွမ်းရည်များကို အဘက်ဘက်မှ မြှင့်တင်ပေးနိုင်သည့် အစွမ်းသတ္တိများ ပါဝင်ကြသည်။
အချို့သော အဆောင်များက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကပ်ငြိသွားသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မိုဝန်ထျန်း၏ တိုက်ခိုက်ရေး စွမ်းအားများက အဆမတန် ထိုးတက်သွားတော့၏။
စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
“သူ့ကိုယ်ပေါ်မှာ မှော်အဆောင်တွေ အရမ်းများလွန်းနေတယ် မဟုတ်လား...”
“ဟုတ်တယ်... တစ်ကိုယ်လုံးကိုတောင် ဖုံးလုနီးပါးပဲ... ပြီးတော့ သူ့ကိုယ်က ထွက်နေတဲ့ ချီစွမ်းအင်တွေကလည်း ရုတ်တရက်ကြီး အများကြီး ပိုအားကောင်းလာတယ်... ဒါက ဗြောင်ကျကျ ညစ်နေတာပဲ...”
“စီနီယာက ဘာမှဝင်မပြောဘူးဆိုတော့ သူ့လုပ်ရပ်ကို လက်ခံပေးထားတဲ့ သဘောပေါ့... ဒါကို ညစ်တယ်လို့ သတ်မှတ်လို့ မရဘူး...”
“ဒါ့အပြင် အင်မော်တယ်နယ်မြေက ပါရမီရှင်ဆိုတာ အရမ်းကို အစွမ်းထက်တယ်လေ... မိုဝန်ထျန်းက အောက်ဘုံက ပါရမီရှင်တစ်ယောက်ပဲ... သူတို့ နှစ်ယောက်ကြားက ခွန်အား ကွာဟချက်က အတော့်ကို ကြီးမားတာ... သူသာ ဒီအဆောင်တွေကို မသုံးဘူးဆိုရင် ပိုင်ယွဲ့ရဲ့ ပြိုင်ဘက်ဖြစ်လာဖို့ ယုံကြည်မှုရှိမှာ မဟုတ်ဘူး...”
“ဟုတ်တယ်... ဒီအဆောင်တွေကလည်း သူ့ရဲ့ လျှို့ဝှက်ဖဲချပ်တွေထဲက တစ်ခုဖြစ်ပုံရတယ်...”
ပြင်ပရှိ လူအများက ဝိုင်းဝန်း ဆွေးနွေး ပြောဆိုနေကြ၏။
ချမ်ချန်ကန်း၏ ကိုယ်ပေါ်ရှိ အဆောင်များနှင့် ပတ်သက်၍လည်း ကောင်းစွာ သိရှိထားကြသည်။ ဤသည်ကိုလည်း သူတို့ နားလည်ထားကြ၏။ ယခင်က ဤအဆောင်များကို ပိုင်ဆိုင်ထားခြင်းကြောင့်ပင် ဖာထျန်းမှာ အငိုက်မိကာ အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
ယခင်တိုက်ပွဲတွင် မိုဝန်ထျန်းက ဖာထျန်းကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ ဤမှော်အဆောင်များ၏ အကူအညီမပါဘဲ မဖြစ်နိုင်ကြောင်း ဆိုရပေမည်။
ထိုမှော်အဆောင်များက မိုဝန်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိလျက် အလင်းရောင်များ တောက်ပနေ၏။ ၎င်းက မိုဝန်ထျန်း၏ ချီစွမ်းအင် အရှိန်အဝါကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေပြီး သူ၏ ကျောဘက်တွင် အစစ်အမှန် နဂါးတစ်ကောင်နှင့် အင်မော်တယ် စပါးအုံးမြွေကြီးတစ်ကောင်ပင် ထွက်ပေါ်လာခဲ့သည်။
ထိုနှစ်ကောင်က တစ်ကောင်နှင့် တစ်ကောင် ရစ်ပတ် လိမ်ယှက်နေကြကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် သိုင်းလက်ကွက်ကို ဖွဲ့စည်းလိုက်ရာ သေခြင်းရှင်ခြင်း စင်မြင့် တစ်ခုလုံးတွင် မုန်တိုင်းများ တစ်ဟုန်ထိုး တိုက်ခတ်လာတော့သည်။
ထိုအစီအရင် အလံများမှာ စူးရှစွာ တောက်ပနေပြီး လေထဲတွင် ယိမ်းနွဲ့နေကာ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း ချီစွမ်းအင်များ ပန်းထွက်လာ၏။ အဆုံးအစမဲ့သော ဂလက်ဆီ ကြယ်တာရာများ ပေါက်ကွဲထွက်လာသည့်အလား လောကကြီး တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော၊ စူးရှ တောက်ပလွန်းသော အလင်းရောင်များက ကောင်းကင်ယံကိုပင် ဖုံးကွယ်သွားတော့သည်။
ပိုင်ယွဲ့၏ ရင်ထဲတွင် အေးခနဲ ဖြစ်သွားပြီး အန္တရာယ်ရှိနေကြောင်းကို ရုတ်ခြည်း အာရုံခံလိုက်မိသည်။
ယခုကဲ့သို့ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲတွင် မိုဝန်ထျန်းက သူ၏ လျှို့ဝှက်ဝှက်ချပ်များ အားလုံးကို အကုန်အစင် ထုတ်သုံးလာမည်မှာ သေချာလှ၏။ ထို့ကြောင့် သူမအနေဖြင့် အနည်းငယ်မျှပင် ပေါ့ဆနေ၍ မရတော့ချေ။
သို့မဟုတ်ပါက ဖာထျန်းကဲ့သို့ပင် မိုဝန်ထျန်း၏ လက်အောက်တွင် အရေးနိမ့်သွားရပေလိမ့်မည်။
နောက်ဆုံးတိုက်ပွဲ ဖြစ်သည့်အတွက် သူမ မဖြစ်မနေ အနိုင်ရရှိရမည် ဖြစ်၏။ တစ်ချိန်တည်းမှာပင် မိုဝန်ထျန်းအတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။
ပိုင်ယွဲ့က စတင်၍ ဦးဆောင် တိုက်ခိုက်လိုက်၏။ မိုဝန်ထျန်းကလည်း အလျှော့မပေးဘဲ ရှေ့သို့ ခြေတစ်လှမ်း တက်လာသည်။
သတ်ဖြတ်ခြင်း အစီအရင်ထဲတွင် မိုးကြိုး၊ မီးတောက်၊ ရေခဲမြစ် အစရှိသည်တို့ ပါဝင်နေ၏။ မတူညီသော စွမ်းအား အမျိူးမျိုးက ကောင်းကင်ယံမှ ကျဆင်းလာပြီး ပြင်းထန်စွာ ဗုံးကြဲ တိုက်ခိုက်လာကြသည်။
သို့သော်လည်း ပိုင်ယွဲ့၏ အနောက်ဘက်မှ အင်မော်တယ် မြေခွေးတစ်ကောင်က တစ်ဟုန်ထိုး ပျံထွက်လာ၏။ အမြီး ကိုးချောင်းက လေထဲတွင် ဖြန့်ကြက်ထားပြီး အင်မော်တယ် အလင်းတန်းများ ဝန်းရံလျက်ရှိကာ သတ်ဖြတ်ခြင်း အစီအရင်၏ တိုက်ခိုက်မှုများကို ရိုက်ချိုး ပိတ်ဆို့နေသည်။
တစ်ချိန်တည်းမှာပင် ဧရာမအမြီးကြီးများက လှဲယမ်း တိုက်ခိုက်လိုက်ရာ ချထားသည့် အစီအရင် အလံများအားလုံး အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရ၏။
နှစ်ဘက်စလုံးက ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိုက်ခိုက်နေကြ၏။ သူတို့ နှစ်ယောက်စလုံးက အားကုန် ထုတ်သုံးနေကြခြင်း ဖြစ်သည်။
စောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ ဆွံ့အ အံ့ဩသွားကြသည်။ ရင်ဖိုစရာ တိုက်ပွဲ မြင်ကွင်းများက သူတို့ကို ပို၍ပင် ထိတ်လန့် တုန်လှုပ်သွားစေ၏။ သူတို့အားလုံး ရင်ထဲမှ သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။
ဤကဲ့သို့သော ပါရမီရှင်များမှသာ ကျူးရှိူ့ဒယ်စောက်ကို ပိုင်ဆိုင်ခွင့်ရှိပြီး ကောင်းကင်တာအို၏ အစောင့်အရှောက်ဖြစ်လာရန် အရည်အချင်း ပြည့်မီပေမည်။ ထိုမှသာလျှင် ချမ်ချန်ကန်း၏ တပည့်ဖြစ်လာရန် အရည်အချင်း ပြည့်မီနိုင်မည် ဖြစ်၏။
သူတို့နှစ်ယောက်၏ တိုက်ပွဲကို ကြည့်ရှုရင်း ချမ်ချန်ကန်းပင် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ လက်ရှိ တိုက်ပွဲ အခြေအနေအရ ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့မှာ အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေကြ၏။
ပိုင်ယွဲ့က အနည်းငယ်မျှသာ အသာစီး ရနေခဲ့သည်။ အများစုမှာ မိုဝန်ထျန်းက သူတို့ နှစ်ယောက်ကြားရှိ ခွန်အား ကွာဟချက်ကို ဖြည့်တင်းရန် ထိုမှော်အဆောင်များကို အသုံးပြုထားခြင်းကြောင့် ဖြစ်သည်။ ထိုမှော်အဆောင်များက သူ၏ ခွန်အားကို မြှင့်တင်ပေးနိုင်ရုံသာမက ကာကွယ်ခုခံမှု၊ အမြန်နှုန်းနှင့် ဒဏ်ရာများကို ကုသပေးနိုင်သည့် စွမ်းရည်များပင် ပါဝင်နေသေး၏။
အောက်ဘုံမှ သာမန်ပါရမီရှင်လေး တစ်ယောက်၏ ကိုယ်ပေါ်တွင် ဤမျှလောက် များပြားလှသော မှော်အဆောင်များ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ကြချေ။ ဤအချက်ကို ချမ်ချန်ကန်းကိုယ်တိုင်ပင် ကြိုတင် တွက်ဆထားနိုင်ခြင်းမရှိခဲ့ပေ။
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြင်းထန်စွာ တိုက်ခိုက်ကြရာ စွမ်းအား လှိုင်းလုံးကြီးများက ပင်လယ်ရေလှိုင်းများအလား လောကကြီးကို လွှမ်းမိုးကာ ပန်းထွက်လာ၏။
ပိုင်ယွဲ့က ထိုက်ကျိ လေ့ကျင့်ခန်းကို မထုတ်သုံးခဲ့ချေ။ သူမအနေဖြင့် ရန်သူကို တုံ့ပြန်ရန် ထိုက်ကျိ လေ့ကျင့်ခန်း တစ်ခုတည်းကိုသာ အမြဲတမ်း အားကိုးနေမည် မဟုတ်ဘဲ အခြားသော သိုင်းကွက်များကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားပေသည်။
သူမ၏ လက်ထဲတွင် နဂါးနှင့် ဖီးနစ်ငှက် အင်မော်တယ် တံဆိပ်တော်များ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ အင်မော်တယ်များ နတ်ဆိုးနှိမ်နင်းသည့်အလား မိုဝန်ထျန်းထံသို့ တိုက်ရိုက် ရိုက်ချကာ တိုက်ခိုက်လိုက်၏။
ဝုန်းခနဲ အသံနှင့်အတူ ကောင်းကင်နှင့် မြေကြီးပါ တုန်ခါသွားသည်။
နေရာအနှံ့တွင် ချီစွမ်းအင်များ ပြည့်နှက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုကြီးနှင့်အတူ ကောင်းကင်ယံမှ ကြယ်တာရာ မြစ်ကြီး ပြုတ်ကျလာသကဲ့သို့ အစစ်အမှန် နဂါးကိုးကောင်နှင့် အင်မော်တယ် ဖီးနစ်ကိုးကောင်တို့က တစ်ပြိုင်နက်တည်း ထိုးဆင်းလာကြ၏။ နဂါးများက ကြမ်းတမ်းစွာ တိုက်ခိုက်ပြီး ဖီးနစ်ငှက်များက ကောင်းကင်ယံတွင် ပျံဝဲနေကြကာ သေခြင်းရှင်ခြင်း စင်မြင့် တစ်ခုလုံးမှာလည်း ပြင်းထန်စွာ တုန်ခါလျက် ရှိသည်။
ထိုအစစ်အမှန် နဂါးကိုးကောင်နှင့် အင်မော်တယ် ဖီးနစ်ကိုးကောင်က ထာဝရ နတ်ဘုရားများအဖြစ် အသွင်ပြောင်းသွားသည့်အလား လောကတွင် တစ်ခုတည်းသော၊ အားအင်အပြည့်နှင့် မသေနိုင်သော အရာများသဖွယ် ဖြစ်နေ၏။
မိုဝန်ထျန်းက အလျှော့မပေးဘဲ တည်ကြည် လေးနက်သော မျက်နှာထားဖြင့် ရှိနေသည်။ သူက မဟာကောင်းကင်နဂါး လက်သိုင်းကို ထုတ်သုံးလိုက်ရာ ဧရာမလက်ဝါးကြီးတစ်ခုက ကောင်းကင်ယံတွင် ထွက်ပေါ်လာ၏။ အင်ပါယာတစ်ပါး လောကကြီးထဲသို့ ဆင်းသက်လာကာ အရာအားလုံးကို အပေါ်စီးမှ ကြည့်နေသည့်အလား ထိုဧရာမ လက်ဝါးကြီးက အစစ်အမှန် နဂါးကိုးကောင်နှင့် အင်မော်တယ် ဖီးနစ်ကိုးကောင်ထံသို့ မိုးကြိုး မုန်တိုင်းများ တိုက်ခတ်သံ၊ ကျယ်လောင်သော ပေါက်ကွဲသံများ တစ်ဟုန်ထိုး ညံဆူလျက် ရိုက်ချလိုက်တော့သည်။
ဘုန်း... ဘုန်း... ဘုန်း...။
သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံးတွင် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွား၏။
ရှေးဟောင်း တောင်တန်းကြီးများကဲ့သို့ ဧရာမ အရွယ်အစားရှိသော ထိုအစစ်အမှန် နဂါးများနှင့် အင်မော်တယ် ဖီးနစ်များက ဧရာမ လက်ဝါးကြီးနှင့် အကြိတ်အနယ် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။ နှစ်ဘက်စလုံးက အတောမသတ် တိုက်ခိုက်နေကြ၏။ သေခြင်းရှင်ခြင်း စင်မြင့်ပေါ်ရှိ အရာခပ်သိမ်းကို အပိုင်းပိုင်းအစစ ရိုက်ချိုးကာ အားလုံးကို ဖျက်ဆီးပစ်နေကြသည်။
မြင်တွေ့လိုက်ရသူတိုင်းမှာ ကြောက်ရွံ့ ထိတ်လန့်သွားပြီး မျက်စိများပင် ကျိန်းစပ်သွားကြသည်။ ဤမျှ အားကောင်းလှသော တိုက်ခိုက်ရေး စွမ်းအားများက လူအများကို မှင်သက် အံ့ဩသွားစေ၏။
ပြင်ပတွင် ကြည့်ရှုနေကြသော ကျင့်ကြံသူများမှာ တိုက်ပွဲမှ ပေါက်ကွဲထွက်လာသည့် ကြောက်မက်ဖွယ် မြင်ကွင်းများကို ကြည့်ရင်း သူတို့၏ မျက်နှာများပင် ဖြူရော်သွားကြသည်။
ဤသည်ကမှ အစစ်အမှန် ပါရမီရှင်ပေတည်း။
ကျွမ်းရွှယ်၏ မျက်နှာ အမူအရာက ရှုပ်ထွေးနေ၏။ အလင်းတန်း ကန့်လန့်ကာထဲမှ မြင်ကွင်းကို ကြည့်ရှုရင်း သူမက မိုဝန်ထျန်းကို အရှုံးပေးလိုက်ရသည်မှာ ထိုက်တန်ကြောင်း အပြည့်အဝ လက်ခံယုံကြည်သွားတော့သည်။
တိုက်ပွဲကို စောင့်ကြည့်နေသည့် ချင်းယွင်ဖေးနှင့် ချင်ရှို့ဝမ်တို့မှာမူ သူတို့၏ ရင်ထဲတွင် သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။
“ဒါက မိုဝန်ထျန်းတဲ့လား... တကယ်ြကို သာမန်ထက် ထူးကဲလွန်းတယ်... အောက်ဘုံကနေ ဒီလို ပါရမီရှင်မျိုး ထွက်ပေါ်လာတာ လူသန်းရာချီမှာ တစ်ယောက်တောင် ရှာတွေ့ဖို့ မလွယ်ဘူး...”
ချင်းယွင်ဖေးကလည်း ဂရုမစိုက်သည့်ဟန်ဖြင့် ခေါင်းညိတ် ထောက်ခံလိုက်၏။ ဤလူ၏ ခွန်အားက မှော်အဆောင်များ၏ စွမ်းအားအပေါ် တစ်စိတ်တစ်ပိုင်း မှီခိုနေရသည်ဆိုသော်ငြား သူကိုယ်တိုင်၏ မူလတိုက်ခိုက်နိုင်စွမ်းကိုလည်း အသိအမှတ် မပြုဘဲ မနေနိုင်ချေ။ သူသာ မိုဝန်ထျန်းနှင့် ထိပ်တိုက် ရင်ဆိုင်ရမည်ဆိုလျှင်ပင် အနိုင်ရနိုင်မည်လား ဆိုသည်ကို မသေချာတော့ပေ။
တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။ ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ နှစ်ယောက်စလုံးက အလွန်တရာ တောက်ပလွန်းနေကြ၏။
မိုဝန်ထျန်း အရေးနိမ့်သွားခဲ့လျှင်တောင်မှ ယနေ့ တိုက်ပွဲက သူ့ကို ကျူးရှိူ့တိုက်ကြီး တစ်ခွင်၌ သေချာပေါက် နာမည်ကျော်ကြားသွားစေမည် ဖြစ်တော့သည်။