အခန်း ၂၅၃
Vol. 22 Ch. 253
အခန်း (၂၅၃) နဂါးကျောရိုးဓား၊ နောက်ဆုံး ထိုးစစ်
“ချွင်…”
မိုဝမ်ထျန်းက သူ၏ ကျောရိုးနောက်ဘက်မှ သွေးရောင် အရိုးဓားတစ်လက်ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။ တစ်လက်မပင် မထွက်ပေါ်သေးခင်မှာပင် ထိုသွေးရောင် အရိုးဓားမှ တိုက်ရိုက်ကြည့်ရန် မဖြစ်နိုင်လောက်အောင် စူးရှလှသည့် သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ဤသည်က သူ၏ နဂါးကျောရိုးကို ဖွင့်ဟ၍ ပြောင်းလဲထားသော နဂါးကျောရိုးဓား ဖြစ်သည်။ ၎င်းက သူ၏ အသန်မာဆုံးသော ဝှက်ဖဲလည်းဖြစ်၏။
၎င်းက အင်မော်တယ်လက်နက် မဟုတ်သော်လည်း လူသား၏ အဆီအနှစ်နှင့် သွေးများဖြင့် စုစည်းထားခြင်း ဖြစ်သည်။ ၎င်းသည် ဖျက်ဆီး၍မရနိုင်သကဲ့သို့ သာမန်အင်မော်တယ်လက်နက်ထက် လုံးဝ အားနည်းခြင်း မရှိပေ။
မိုဝမ်ထျန်းက နဂါးကျောရိုးဓားကို ဆွဲထုတ်လိုက်သောအခါ ချက်ချင်းပင် ပင်လယ်သမုဒ္ဒရာကဲ့သို့သော ဓားစွမ်းအင်များက အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားပြီး ပိုင်ယွဲ့၏ မျက်နှာကို ဖြူရော်သွားစေသည်။ အန္တရာယ်ကြီးမားသော အငွေ့အသက်များ ရုတ်ခြည်း ထွက်ပေါ်လာသဖြင့် သူမ နောက်သို့ ဆုတ်ခွာလိုက်၏။
ဤအချိန်မှစ၍ မိုဝမ်ထျန်းထံမှ ပြိုင်ဘက်ကင်းပြီး အစွမ်းထက်လှသော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။
မိုဝမ်ထျန်း၏ မျက်နှာအမူအရာက အေးစက်တည်ကြည်နေပြီး သူ၏ဓားဖြင့် ပိုင်ယွဲ့ကို ချိန်ရွယ်ကာ လေးနက်စွာ ပြောလိုက်၏။
“အကြွင်းမဲ့ ခွန်အားရှေ့မှာ လှည့်ကွက်တွေ အကြံအစည်တွေ အားလုံးက အသုံးမဝင်ဘူး... ဒီနဂါးကျောရိုးဓားကို သုံးပြီး မင်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်မယ်...”
မိုဝမ်ထျန်းထံမှ ပေါက်ကွဲထွက်လာသည်က ပြိုင်ဘက်ကင်း အတ္တဆန်လှသည့် ကြောက်မက်ဖွယ် စိတ်ဆန္ဒတစ်ခု ဖြစ်သည်။
နဂါးကျောရိုးကို ဖွင့်ဟလိုက်ပြီးနောက် မိုဝမ်ထျန်း၏ အားအဟုန်နှင့် စွမ်းရည်များက အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားပြီး လောကရှိ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ဖြစ်လာ၏။
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာပင်လျှင် မချီးကျူးဘဲ မနေနိုင်တော့ချေ။
“ကောင်းတဲ့ကောင်လေး... ဟုတ်တယ်... မင်းမှာ ကောင်းကင်ဘုံကို အာခံရဲတဲ့ မာနမျိုး ရှိလာပြီဆိုတော့ ငါအဘိုးကြီး မင်းကို သင်ပေးရကျိုးနပ်ပြီ...”
နဂါးကျောရိုးဓားက လွန်စွာပြင်းထန်လှသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး သွေးရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သေခြင်းရှင်ခြင်းစင်မြင့်ကို တိုက်ရိုက်ပင် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။
ပိုင်ယွဲ့က အလွန်ပင် တည်ငြိမ်နေ၏။
သူမက ယွဲ့ဟွာဓားကို ဆွဲထုတ်လိုက်သည်။
လရောင်ကဲ့သို့ ပုံသဏ္ဌာန်ရှိသော ယွဲ့ဟွာဓားထံမှ အေးစက်သည့် အငွေ့အသက်များက အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး သူမက ပြောလိုက်၏။
“နင်နဲ့ တိုက်ခိုက်လို့ ရလဒ်က ဘယ်လိုပဲထွက်ထွက် ငါ လက်ခံမှာပါ... နင့်လက်ထဲမှာ ရှုံးသွားခဲ့ရင်တောင် ငါ ကျေကျေနပ်နပ်ပဲ...”
ပိုင်ယွဲ့က ဓားကို ကိုင်ဆုပ်၍ ခုတ်ပိုင်းရန် ပြင်လိုက်သည်။
“နေဦး...”
မိုဝမ်ထျန်းက ရုတ်တရက် လှမ်းခေါ်လိုက်၏။
ပိုင်ယွဲ့မှာ နားမလည်နိုင် ဖြစ်သွားသည်။
“ဘာလဲ...”
ရွှီခနဲ အသံများနှင့်အတူ...
မိုဝမ်ထျန်း၏ ခန္ဓာကိုယ်ထံမှ တောက်ပသော အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာသည်ကို တွေ့လိုက်ရပြီး အလင်းတန်းကိုးခု ရှိနေသည်။
တောက်ပသော အလင်းတန်း တစ်ခုစီတိုင်းက လွန်စွာ အစွမ်းထက်လှသည့် စွမ်းအားများကို ထုတ်လွှတ်နေ၏။
စောင့်ကြည့်နေသူ အားလုံးမှာ အံ့အားသင့်သွားကြပြီး ဤအရာက ဘာလဲဟု တွေးတောမိသွားကြသည်။
မိုဝမ်ထျန်းက ပြုံးလိုက်သည်။
“ဖြောင့်မတ်တည်ကြည်ပြီး လှည့်ကွက်တွေ အကြံအစည်တွေ မသုံးဘူးဆိုပေမဲ့... သုံးသင့်တဲ့ လျှို့ဝှက်ရတနာတွေကိုတော့ သုံးရမှာပဲ...”
“ဒီနောက်ဆုံး တိုက်ပွဲအတွက်ပေါ့...”
ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေပြီး အင်မော်တယ် အလင်းတန်းများ လင်းလက်နေသည့် လျှို့ဝှက်ရတနာ အများအပြားက အံ့မခန်း စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရ၏။
ပန်းထိုးနွေဦးဆေဘာ၊ ကျောက်စိမ်းမြရည်ဓား၊ ထျန်းယွီဒိုင်းလွှား၊ လနက်မီးဖို၊ အင်မော်တယ်သတ်ဖြတ်ခြင်းလှံ၊ နဂါးကျောက်စိမ်းလှံတံ...
လျှို့ဝှက်ရတနာကိုးပါးစလုံးကို ထုတ်ဖော် အသုံးပြုလိုက်သည်။
ပိုင်ယွဲ့မှာ မှင်တက်သွား၏။
စမ်းသပ်ချက်မျှော်စင်မှ စောင့်ကြည့်နေသော ကျင့်ကြံသူများမှာလည်း ဆွံ့အသွားကြသည်။
“ကောင်းလိုက်တဲ့ကောင်... မင်းမိသားစုက အင်မော်တယ်လက်နက်တွေ ရောင်းနေတာလား...”
“ဘယ်လိုလုပ်ပြီး အင်မော်တယ်လက်နက် ဒ္လောက်အများကြီးကို တစ်ပြိုင်တည်း ထုတ်သုံးနိုင်ရတာလဲ...”
“အစ်ကိုကြီး... မင်းက ကျူးရှိူ့တိုက်ကြီးက ဒေသခံပါရမီရှင်လေ... အင်မော်တယ်လောကက ပါရမီရှင် မဟုတ်ဘူးလေ...”
“အင်မော်တယ်နယ်မြေက ပါရမီရှင် ဖြစ်နေရင်တောင်မှ လျှို့ဝှက်ရတနာ အဲ့လောက်အများကြီး ပိုင်ဆိုင်ထားတဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး...”
စောင့်ကြည့်နေသော ချမ်ချန်ကန်းမှာလည်း အနည်းငယ် အံ့အားသင့်သွားသည်။
သူက မိုဝမ်ထျန်းကို ကြည့်၍ သက်ပြင်းချလိုက်၏။
“ညီလေးမို... မင်းက လျှို့ဝှက်ရတနာတွေ၊ အင်မော်တယ်လက်နက်တွေ ဒီလောက်အများကြီး ထုတ်ယူလာတော့ မင်းကများ အင်မော်တယ်လောကကနေ အောက်ဘုံကို ပြုတ်ကျလာတဲ့ ဒုတိယမျိုးဆက် အင်မော်တယ်များလားလို့တောင် ငါ တွေးမိသွားပြီ...”
ယနေ့တိုက်ပွဲမှာ လုံးဝကို ကွဲပြားခြားနားနေသည်။
ကံကောင်းစွာဖြင့် မိုဝမ်ထျန်း၏ စွမ်းရည်များက အဆုံးအစမရှိ ဖြစ်နေသဖြင့် လျှို့ဝှက်ရတနာကိုးပါးကို လှုပ်ရှားရန် အနည်းငယ် ပင်ပန်းသော်လည်း သူ လုပ်ဆောင်နိုင်ဆဲဖြစ်၏။
သူက အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ နဂါးကျောရိုးဓားကို ကိုင်ဆုပ်ကာ လျှို့ဝှက်ရတနာကိုးပါး ခြံရံလျက် ပိုင်ယွဲ့ထံသို့ ရဲရဲဝံ့ဝံ့ တိုက်ခိုက်သွားသည်။
သူက ပြတ်သားသွက်လက်စွာ လှုပ်ရှားလိုက်ပြီး လျှို့ဝှက်ရတနာကိုးပါးက လမ်းဖွင့်ပေးကာ ရှေ့မှ ဦးစွာ ပျံသန်းထွက်သွား၏။
လျှို့ဝှက်ရတနာကိုးပါးက ပိုင်ယွဲ့ကို အရပ်မျက်နှာ ကိုးခုမှနေ၍ တိုက်ခိုက်လိုက်ကြသည်။
ပိုင်ယွဲ့၏ နှလုံးသားထဲတွင် ထိတ်လန့် အံ့သြမှုများ ပြည့်နှက်သွား၏။
ဤလူက အာရုံခွဲ၍ ရတနာကိုးပါးကို ထိန်းချုပ်နေသော်လည်း ရတနာတစ်ခုစီတိုင်း၏ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်နိုင်စွမ်း ရှိနေသည်။
၎င်းက မိုဝမ်ထျန်းတွင် ဟင်းလင်းပြင်ထဲမှ လက်ကိုးဖက် ထပ်ထွက်လာသကဲ့သို့ပင်။
ဤလျှို့ဝှက်ရတနာများ အားလုံးကို မိုဝမ်ထျန်း၏ အသိစိတ်ပင်လယ်ထဲမှ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက သူ၏ နတ်ဝိညာဉ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်းကို သူမက မည်သို့ သိနိုင်မည်နည်း။
တစ်ခွန်းတည်း ပြောရလျှင် ညစ်ပတ်နေခြင်း ဖြစ်သည်။
*ကောင်လေး... မင်းက ရိုးသားမှု မရှိဘူးပဲ…*
စောစောကတင် သူက ပိုင်ယွဲ့ကို ရင်ဆိုင် တိုက်ခိုက်တော့မည်ဟု ဆိုခဲ့သော်လည်း သူ တွေးနေခဲ့သည်က ညစ်ပတ်ရန်သာ ဖြစ်၏။
ထို့ပြင် မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာသည်ကား မိုဝမ်ထျန်း၏ အကြီးမားဆုံးသော ဝှက်ဖဲပင် ဖြစ်သည်။
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက လွန်စွာ ကြွယ်ဝလှသော တိုက်ပွဲအတွေ့အကြုံများ ရှိပြီး သူက ရတနာကိုးပါးကို ထိန်းချုပ်လိုက်သောအခါ ပိုင်ယွဲ့ကို လုံးဝ အငိုက်မိသွားစေသည်။
ပိုင်ယွဲ့၏ တိုက်ပွဲ အတွေ့အကြုံက ကြွယ်ဝသည် ဆိုသော်လည်း မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
မကြာမီမှာပင် ပိုင်ယွဲ့မှာ ထိုရတနာများကြောင့် ဒဏ်ရာရသွားပြီး သွေးများ အဆက်မပြတ် စီးကျလာ၏။
ချမ်ချန်ကန်းက သူ၏ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။
ပြိုင်ဘက်ကင်းနယ်မြေအတွင်း မိုဝမ်ထျန်း၏ သေးငယ်လှသော လှုပ်ရှားမှုများ အားလုံးက သူ၏ အကြည့်မှ မလွတ်ကင်းနိုင်ချေ။
သဘာဝကျကျပင် မိုဝမ်ထျန်းက ရတနာကိုးပါးကို ထိန်းချုပ်ရာတွင် အသုံးပြုနေသော နတ်ဝိညာဉ်စွမ်းအားက သူ၏ကိုယ်ပိုင် နတ်ဝိညာဉ်စွမ်းအားနှင့် လုံးဝ ကွဲပြားနေကြောင်းကို သူ ရှာဖွေတွေ့ရှိသွား၏။
သူ၏ အသိစိတ်ပင်လယ်ထဲမှ လူက သူ့ကို ကူညီပေးနေခြင်း ဖြစ်သည်။
*ကောင်းလိုက်တဲ့ကောင်... ညစ်ပတ်တာကို ခဏထားဦး... သူ့ရဲ့လှပပြီး လိမ္မာရေးခြားရှိသော တပည့်လေးကိုတောင် ရဲရဲတင်းတင်း အနာတရ ဖြစ်အောင် လုပ်ရဲတယ်ပေါ့…*
*ကောင်လေး... မင်းက သေချင်နေတာလား... ဒါမှမဟုတ် အသေခံချင်နေတာလား…*
မိုဝမ်ထျန်းက မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ အကူအညီကို ရရှိသွားပြီးနောက် သူက ကျားတစ်ကောင်ကဲ့သို့ ပိုမို ကြမ်းတမ်းလာပြီး ပိုင်ယွဲ့ကို နောက်ဆုတ်သွားရသည်အထိ တိုက်ခိုက်လာသည်။
ပိုင်ယွဲ့၏ ဒဏ်ရာများက ပိုမို ဆိုးရွားလာပြီး သူမက မျက်မှောင်ကြုတ်ကာ ယွဲ့ဟွာဓားဖြင့် အဆက်မပြတ်ခုခံနေ၏။
သူမက ဤကဲ့သို့ ကောက်ကျစ်စဉ်းလဲသော တိုက်ခိုက်မှုမျိုးကို ယခင်က တစ်ခါမှ မရင်ဆိုင်ခဲ့ဖူးသဖြင့် ယခု ရင်ဆိုင်ဖြေရှင်းရန် ခက်ခဲနေသည်။
သူမက ယွဲ့ဟွာဓားကို အသုံးပြုခြင်းအား စွန့်လွှတ်လိုက်ပြီး ထိုက်ကျိပညာရပ်ကို ကာကွယ်ရေး အနေအထားအဖြစ်သာ အသုံးပြုနိုင်တော့၏။
ရတနာကိုးပါး၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
ယင်ယန် ခြေလှမ်းများကိုနင်း၍ ထိုက်ကျိကို အဆက်မပြတ် ဖော်ထုတ်ကာ ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် အရပ်မျက်နှာ အားလုံးကို နားစွင့်၍ စောင့်ကြည့်ကာ လုံးဝ လစ်ဟင်းမှု မရှိစေဘဲ အပြည့်အဝ ကာကွယ်လိုက်၏။
“ကောင်လေး... အဲ့မိန်းကလေးက အဲ့လျှို့ဝှက်လက်သီးသိုင်းကို သုံးနေတာဆိုတော့ သူမရဲ့ ခံစစ်ကို ချိုးဖျက်လို့ မရနိုင်ဘူး...”
အသိစိတ်ပင်လယ်ထဲမှ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက ပြောလိုက်၏။ သူ၏ အသံက အနည်းငယ် တိုးဝင်နေပြီး ဒုက္ခရောက်နေသည်ဟု ခံစားနေရသည်။
သဘာဝကျကျပင် မိုဝမ်ထျန်းက ၎င်းကို သတိပြုမိသွားသည်။
သူက စကားတစ်ခွန်းမျှမဆိုဘဲ သူ၏ ခန္ဓာကိုယ်ပေါ်မှ နဂါးဟောက်သံကြီး ထွက်ပေါ်လာ၏။
သူ့လက်ထဲမှ နဂါးကျောရိုးဓားက အဆက်မပြတ် ဝှေ့ယမ်းသွားပြီး သွေးရောင် ဓားအလင်းတန်းများကို ခုတ်ပိုင်း ထုတ်လွှတ်လိုက်သည်။
ဤသည်က သူ၏ နောက်ဆုံး အခွင့်အရေး ဖြစ်သည်။
အကြီးမားဆုံးသော ဝှက်ဖဲဖြစ်သည့် မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာကိုပင် အသုံးပြုပြီးသွားခဲ့ပြီဖြစ်ရာ အကယ်၍ သူသာ ပိုင်ယွဲ့ကို အနိုင်မယူနိုင်ခဲ့လျှင် ပိုင်ယွဲ့သာ အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်သွားသည်နှင့် သူ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်။
မိုဝမ်ထျန်း၏ အနက်ရောင်ဆံပင်များက ဖရိုဖရဲ လွင့်ပျံနေပြီး သူ့မျက်လုံးများက နီရဲနေကာ အစွမ်းကုန် အသုံးပြု၍ တိုက်ခိုက်လိုက်၏။
အသိစိတ်ပင်လယ်ထဲရှိ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာမှာလည်း တိတ်ဆိတ်နေ၏။ မိုဝမ်ထျန်း၏ အစီအစဉ်ကို သိရှိထားသဖြင့် အပိုစကား မဆိုတော့ဘဲ လျှို့ဝှက်ရတနာကိုးပါးကို အပြည့်အဝ ထိန်းချုပ်လိုက်သည်။
မုန်တိုင်းနှင့် မိုးသက်လေနှင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက အဆုံးအစမရှိ ကြမ်းတမ်း ပြင်းထန်စွာ ထွက်ပေါ်လာ၏။
ပိုင်ယွဲ့၏ မျက်နှာက ဖြူရော်နေပြီး ထိုက်ကျိကို အစွမ်းကုန် အသုံးပြုလိုက်သည်။
သူမလည်း သိထားသည်။
မိုဝမ်ထျန်း၏ တိုက်ခိုက်မှုကို သူမ တားဆီးနိုင်သရွေ့ သူမ နိုင်လိမ့်မည်။
အကယ်၍ သူမ မတားဆီးနိုင်ခဲ့လျှင် ရှုံးနိမ့်မည့်သူက သူမပင် ဖြစ်၏။