အခန်း ၂၅၄
Vol. 22 Ch. 254
အခန်း (၂၅၄)ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားပြီး သေချာပေါက် သေဆုံးမည်
မိုဝန်ထျန်း၏ တိုက်ခိုက်မှုများက ပြင်းထန်သော မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွား၏။
နဂါးကျောရိုးဓားက အဆက်မပြတ် ဝှေ့ယမ်းနေပြီး လျှို့ဝှက်ရတနာကိုးပါးကလည်း မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် ပိုင်ယွဲ့ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ မငြိမ်မသက်ဖြစ်နေသော ပင်လယ်ပြင်က ဧရာမ လှိုင်းလုံးကြီး ထောင်ပေါင်းများစွာကို အဆက်မပြတ် လိပ်တက်လာစေသကဲ့သို့ပင်။
ပိုင်ယွဲ့က အစွမ်းကုန် ခုခံရန် ကြိုးစားနေသော်လည်း သူမတွင် မရေမတွက်နိုင်သော ဒဏ်ရာများရရှိကာ သွေးများ စီးကျနေ၏။
သူမမျက်နှာက သွေးဆုတ်ဖြူရော်နေပြီး သူမကို ကာကွယ်ရန် ထိုက်ကျိကို အဆက်မပြတ် တွန်းအားပေးနေရသဖြင့် သူမအတွက် ကြီးမားသော စွမ်းအင်ယိုယွင်းမှုတစ်ခုလည်း ဖြစ်နေသည်။ သူမက ထိုက်ကျိကို အသုံးပြု၍ တင်းကျပ်စွာ ခုခံကာကွယ်ထားသော်လည်း ထိုစွမ်းအင် ကုန်ဆုံးမှုကို လုံးဝ တောင့်မခံနိုင်တော့ပေ။ ခုခံမှုတွင် ဟာကွက်များစွာ ရှိလာခဲ့၏။
မိုဝန်ထျန်းက အံကြိတ်၍ သူ၏ မှော်စွမ်းအင်ကို အသုံးပြုရန် အားကုန် ထုတ်သုံးလိုက်သည်။ သို့သော်လည်း သူက အရှုံးမပေးဘဲ သွေးများ ပန်းထွက်လုမတတ် သွားများကို ကြိတ်ထားလိုက်၏။
သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
“ညီငယ်... မင်း တောင့်ခံထားနိုင်သေးရဲ့လား...”
အသိစိတ်ပင်လယ်ထဲမှ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက မေးလိုက်၏။
ထိုကဲ့သို့ ပြင်းထန်သော အနေအထားဖြင့် လျှို့ဝှက်ရတနာကိုးပါးကို ထိန်းချုပ်ရန် သူကိုယ်တိုင်ပင် အခက်တွေ့နေမည် ဖြစ်သည်။ ဤအချိန်ကာလအတွင်း အင်မော်တယ်နယ်မြေ၌ ဝိညာဉ်စွမ်းအားများစွာ ပြန်လည် နာလန်ထူလာခြင်း မရှိခဲ့ပါက ထိုလျှို့ဝှက်ရတနာများကို ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။
“ကျွန်တော် တောင့်ခံထားနိုင်သေးတယ်... နောက်ဆုံးအချိန်ထိ ကျွန်တော် ဘယ်တော့မှ အရှုံးမပေးဘူး...”
မိုဝန်ထျန်းက ဩရှရှ အသံဖြင့် ပြန်ဖြေလိုက်၏။
နဂါးကြီးက အဆက်မပြတ် ဟိန်းဟောက်နေသည်။
ပိုင်ယွဲ့က မျက်မှောင်ကြုတ်လိုက်၏။
သူမက လက်တစ်ဖက်ဖြင့် ထိုက်ကျိကို အသုံးပြု၍ ခုခံလိုက်ပြီး ယင်နှင့်ယန် ပုံရိပ်ကို သူမရှေ့တွင် ပိတ်ဆို့ရန် ထုတ်ဖော်လိုက်သည်။ အခြား လက်တစ်ဖက်က အဖြူရောင် အလံကြီး တစ်ခုကို ထုတ်ယူလိုက်၏။ ဤအရာက လျှို့ဝှက်ရတနာ အင်မော်တယ်လက်နက် ဖြစ်ပြီး သူမ အသုံးမပြုလိုသော်လည်း ယခုအခါတွင် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ထုတ်သုံးလိုက်ရတော့သည်။
ရွှမ်း...
လေထဲတွင် အဖြူရောင်အလံကြီးက တလူလူ လွင့်ခတ်သွားပြီး ကျယ်လောင်သော အသံနှင့်အတူ အလံမှ အဖြူရောင် မြူခိုးများ လိမ့်တက်လာ၏။ ကြမ်းတမ်းပြီး ထိတ်လန့်ဖွယ်ကောင်းသော ဖိအားများနှင့်အတူ ကိုးထပ်ကောင်းကင်ယံအထက်မှ နဂါးငွေ့တန်းများ သွန်ချလိုက်သကဲ့သို့ မိုဝန်ထျန်း၏ သတ်ဖြတ်ခြင်း အစီအရင်ကို တစ်မုဟုတ်ချင်း ဖျက်ဆီးပစ်လိုက်သည်။
ရုတ်တရက် လျှို့ဝှက်ရတနာကိုးပါး လွင့်ထွက်သွားပြီး မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို ကြေမွသွားစေလုမတတ် ဖြစ်သွား၏။
ကံကောင်းထောက်မစွာဖြင့် နဂါးကျောရိုး ဓားက တစ်ကိုယ်လုံးကို ကာကွယ်ပေးထားသဖြင့်သာ သက်သာရာရသွားပြီး သို့မဟုတ်ပါက သူ ဘေးဒုက္ခ ဆိုက်သွားနိုင်ချေ ရှိသည်။
ပိုင်ယွဲ့၏ အမူအရာက အလွန် လေးနက်တည်ကြည်သွားပြီး သူမရှေ့မှ မိုဝန်ထျန်းမှာ အောက်ဘုံမှ ပါရမီရှင် တစ်ယောက်သာ ဖြစ်သော်လည်း သူမကို ဤကဲ့သို့ အခြေအနေမျိုးအထိ တွန်းပို့နိုင်ခဲ့သည်။ ဤသည်ကို သူမ လုံးဝ မတွေးမိခဲ့ပေ။
ဤလူမှာ ခန့်မှန်းရ ခက်ခဲပြီး သူ၏ နည်းလမ်းများက အဆုံးအစမရှိပေ။ အကယ်၍ သူမသာ အနည်းငယ် ပေါ့ဆမိပါက ရှုံးနိမ့်သွားနိုင်ချေ ရှိ၏။
သူမ၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် လက်သွားပြီးနောက် သူမ၏ နောက်ကျောတွင် ဖြူလွှလွှ မြင်ကွင်းကျယ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုဖြူလွှလွှ မြင်ကွင်းကျယ်ကြီးထဲတွင် အဆုံးအစမဲ့သော ရေခဲနှင့် နှင်းများအပြင် ဆန့်တန်းနေသော နှင်းဖုံးတောင်တန်းများက အဆုံးမဲ့ အေးစက်သော လေထုကို ထုတ်လွှတ်နေပြီး ဓားတစ်ချောင်းကဲ့သို့ မိုဝန်ထျန်း၏ အရေပြားကို ဆွဲဖြဲလိုက်၏။
သွေးများ စီးကျလာသည်။
ဤသည်က ပိုင်ယွဲ့၏ ခန္ဓာကိုယ်ဖြစ်သော အညစ်အကြေးကင်းစင်သော အင်မော်တယ်ခန္ဓာ၏ စွမ်းအား ဖြစ်သည်။ ၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် သေခြင်းရှင်ခြင်းစင်မြင့်တစ်ခုလုံးကို ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားပြီး ဖုန်မှုန့်ကင်းစင်သော နှင်းဖြူရောင် မြေပြင်အဖြစ် ပြောင်းလဲသွားစေသည်။ ထိုအရာက ဝေးကွာ နက်ရှိုင်းပြီး နှင်းများက အဆုံးအစမရှိဘဲ လောကကြီးကို တုန်လှုပ်ချောက်ချားသွားစေ၏။
လွင့်မောနေသော အဖြူရောင်ဝတ်စုံနှင့် သူမက ထိုအထဲတွင် ရပ်နေပြီး သူမ၏ ခန္ဓာကိုယ်က နှင်းဖုံးနေသော နတ်ဘုရားမတစ်ပါးကဲ့သို့ ကြည်လင် တောက်ပနေသည်။
သူမ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း လုံးဝ အေးခဲသွားပြီး ပြန်လည် သက်သာလာ၏။ သူမက စကားတစ်ခွန်းမျှမဆိုဘဲ လက်ကို မြှောက်လိုက်ရာ ကောင်းကင်ယံ တစ်ခုလုံး နှင်းများ ဖုံးလွှမ်းသွားပြီး မိုဝန်ထျန်းဆီသို့ တိုက်ခတ်သွားသည်။
လက်ဖဝါးအရွယ်အစားရှိ နှင်းပွင့်တိုင်းက မျက်စိကျိန်းမတတ် အေးစက်သော အလင်းရောင်နှင့်အတူ ကြည်လင်တောက်ပနေသော်လည်း နတ်ဘုရားဓား တစ်လက်ကဲ့သို့ ထက်မြက်နေပြီး လောကရှိ အရာအားလုံးကို ခုတ်ပိုင်းနိုင်စွမ်း ရှိသကဲ့သို့ပင်။
၎င်းက မိုဝန်ထျန်းကို မတိုက်ခိုက်ရသေးပေ။ သို့တိုင် မိုဝန်ထျန်းမှာ သူ၏ တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများပင် အေးခဲသွား၏။
သူက မချင့်မရဲ တုန်ယင်သွားသည်။
“သိပ်အေးတာပဲ...”
“ချီနဲ့ သွေးကို မီးအဖြစ်ယူပြီး မီးဖိုအဖြစ် ပြောင်းလဲလိုက်...”
မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို အာရုံခံမိလိုက်ပြီး ရင်ထဲတွင် အံ့အားသင့်သွားကာ ကမန်းကတန်း အော်ဟစ်လိုက်၏။
မိုဝန်ထျန်းက ပေါ့ပေါ့ဆဆ မနေရဲဘဲ နောက်ဆုတ်သွားကာ လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်ရာ နဂါးကျောရိုး ဓားက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး သူ၏ သွေးများက တဟုန်ထိုး စီးဆင်းလာကာ ပြင်းထန်သော သွေးမီးတောက်အဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးတွင် လောင်ကျွမ်းသွားသည်။
သူ၏ အသားအရေကို အင်မော်တယ် မီးဖိုအဖြစ် ပြောင်းလဲလိုက်ခြင်းက မိုဝန်ထျန်း၏ အရှိန်အဝါကို မြင့်တက်လာစေပြီး တစ်ဖန် ပြန်လည် အားကောင်းလာစေ၏။
အဖြူရောင်အလံကြီး ယိမ်းယိုင်သွားပြီး စွမ်းအားများက တဟုန်ထိုး ရေစီးကြောင်းကဲ့သို့ လိမ့်တက်လာကာ မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာက လျှို့ဝှက်ရတနာ ကိုးပါးဖြင့် တိုက်ခိုက်လိုက်သည်။
ချွင်... ချွင်... ချွင်...
ထိုအရာက ပိုင်ယွဲ့၏ အညစ်အကြေးကင်းစင်သော အင်မော်တယ်ခန္ဓာ၏ စွမ်းအားဖြစ်ပြီး ရေခဲနှင့် နှင်းကမ္ဘာအဖြစ် ပြောင်းလဲသွားကာ သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံး အေးခဲသွားပြီး ကောင်းကင်နှင့် မြေကြီး ညှိုးနွမ်းသွားကာ ဟင်းလင်းပြင်ပင်လျှင် ပြင်းထန်သော အအေးဒဏ်အောက်တွင် လုံးဝ အေးခဲသွားသကဲ့သို့ပင်။
ထိတ်လန့်ဖွယ်ကောင်းမှုက အဆုံးအစမဲ့နေပြီး ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ မိုဝန်ထျန်းထံ တစ်ဟုန်ထိုး တိုးဝင်သွား၏။ ကောင်းကင်နှင့် မြေကြီးကြားတွင် သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးက ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝုန်း… ဝုန်း..
တစ်မုဟုတ်ချင်းပင် အဖြူရောင် မြူခိုးများက အဆုံးအစမဲ့ သမုဒ္ဒရာကြီး တစ်ခုကဲ့သို့ မိုဝန်ထျန်းကို လျင်မြန်စွာ နစ်မြုပ်သွားစေ၏။
ချက်ချင်းပင် မိုဝန်ထျန်း၏ တစ်ကိုယ်လုံး ခဲသွားပြီး ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားကာ ကြည်လင်တောက်ပနေပြီး သူ၏ ပတ်လည်တွင် သွေးများ ရစ်ဝဲနေကာ သူ သေဆုံးသွားပြီ ဖြစ်သကဲ့သို့ပင်။
စမ်းသပ်ချက် မျှော်စင်ကြီး၏ အပြင်ဘက်တွင် ကျင့်ကြံသူများက အာမေဍိတ်သံများ ပြုလိုက်ကြပြီး စိုးရိမ်ပူပန်နေပုံရသည်။
“ဒုက္ခပဲ... မိုဝန်ထျန်းတော့ အေးခဲသွားပြီ...”
“အဲ့ဒါ သတင်းကောင်း မဟုတ်ဘူး... မိုဝန်ထျန်း ရှုံးသွားဖို့ များနေပြီ...”
“ဟုတ်တယ်... ဒီလိုစွမ်းအားမျိုးနဲ့ တိုက်ရိုက် အေးခဲခံလိုက်ရရင် သက်စောင့်စွမ်းအား ရှိနေရင်တောင် ပွဲချင်းပြီး ပျောက်ကွယ်သွားလိမ့်မယ်... ဒီနေရာမှာ အငြိုးနဲ့ သေဆုံးသွားခဲ့ရင် အသက်ရှင်ဖို့ ခက်ခဲလိမ့်မယ်...”
ချင်ရှို့ဝမ် က ခေါင်းခါယမ်းလိုက်ပြီး မိုဝန်ထျန်းအတွက် သနားသွားမိ၏။
“ဒီအဆင့်ထိ ရောက်လာနိုင်တာ သူ အရမ်း သန်မာနေပြီပဲ... သူက အောက်ဘုံက ဖြစ်နေတာ နှမြောစရာပဲ... ပြီးတော့ ပိုင်ယွဲ့မှာက သန်မာတဲ့ခန္ဓာကိုယ်ရှိနေပြီး မိုဝန်ထျန်းထက် အများကြီး သာလွန်နေပြီ...”
ဘေးဘက်မှ ချင်းယွင်ဖေးက အေးစက်စက် ပြောလိုက်သည်။
“တပည့်လက်ခံပွဲမှာ ကျင့်ကြံသူ သိန်းပေါင်းများစွာထဲကနေ သူက ထင်ပေါ်လာခဲ့တာပဲ... နောက်ဆုံး အနိုင်ရသူ မဖြစ်နိုင်ဘူး ဆိုရင်တောင် ဒီအဆင့်မှာ သူ ဂုဏ်ယူထိုက်ပါတယ်... သူကိုယ်သူ သက်သေပြနိုင်ခဲ့ပြီလေ...”
“ဒီလို ခန္ဓာကိုယ်ဖြစ်စဉ်မျိုးနဲ့ဆိုရင် အင်မော်တယ်စွမ်းအားက ပြိုင်ဘက်ကင်းပြီး ထိတ်လန့်ဖွယ်ရာနဲ့ ခန့်မှန်းရ ခက်ခဲတယ်... တစ်ကြိမ် ဖမ်းမိသွားတာနဲ့ သေချာပေါက် သေရမှာပဲ...”
ချင်းယွင်ဖေးမှာ သံသယမရှိဘဲ ဤအချိန်တွင် မိုဝန်ထျန်း သေချာပေါက် ရှုံးနိမ့်သွားပြီဟု တွေးလိုက်၏။ အထူးသဖြင့် အသားအရေများ အေးခဲသွားချိန်တွင် သေမင်းလက်မှ လွတ်မြောက်ရန် ခက်ခဲလှသည်။
“ခွင့်လွှတ်ပါ...”
ပိုင်ယွဲ့က သူမရှေ့တွင် ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားသော မိုဝန်ထျန်းကို ကြည့်၍ ပြောလိုက်၏။
သူမက နှင်းများပေါ်တွင် လျှောက်လှမ်းသွားပြီး သူမ၏ နောက်ကျောတွင် ဧရာမရေခဲမြေခွေးကြီးတစ်ကောင် ပေါ်ထွက်လာကာ လောကကြီးကို ဟိန်းဟောက်လိုက်သည်။ ဧရာမ ခြေသည်းကြီးများက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားလုမတတ် ကောင်းကင်ယံကို ဖြတ်သန်း ရိုက်ခတ်သွားပြီး မိုဝန်ထျန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။
အကယ်၍ ထိုခြေသည်းသာ မိုဝန်ထျန်းပေါ်သို့ ကျရောက်သွားပါက...
မိုဝန်ထျန်း သေချာပေါက် သေဆုံးမည် ဖြစ်သည်။