အခန်း ၂၅၆
Vol. 22 Ch. 256
အခန်း (၂၅၆)အတူတကွ သေဆုံးခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း ပေါ်လွင်သွားခြင်း
စွမ်းအားအလင်းတန်းက ကမ္ဘာလောကကို တုန်လှုပ်စေလျက် အရာအားလုံးကို ဖျက်ဆီးပစ်ကာ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။
အင်မော်တယ် ပေါက်ကွဲရေးအဆောင် သုံးသောင်းနှစ်ထောင်တစ်ရာနှစ်ဆယ့်ကိုးခု၏ ပေါက်ကွဲမှုအပြီးတွင် မိုးနှင့်မြေမှာ ပြဲလန်သွားပြီး သေခြင်းရှင်ခြင်းစင်မြင့်မှာလည်း လုံးဝ ပြာကျသွားခဲ့ပြီ ဖြစ်၏။
အရာအားလုံး ငြိမ်သက်သွားသောအခါ လူတိုင်းမှာ အံ့အားသင့် မှင်တက်လျက် ကြည့်နေကြသည်။
ထိုမိုးနှင့်မြေတစ်ခွင်၌ မိုဝန်ထျန်းနှင့် ပိုင်ယွဲ့တို့ မရှိကြတော့ပေ။
များပြားလှသော အင်မော်တယ် ပေါက်ကွဲရေးအဆောင်များက သူတို့နှစ်ယောက်စလုံးကို ထိုအထဲတွင် လုံးဝ သုတ်သင်ပစ်လိုက်ခြင်း ဖြစ်၏။ သူတို့ အတူတကွ သေဆုံးသွားကြပြီဖြစ်သည်။
မူလက ပိုင်ယွဲ့၏ အမြီးကိုးချောင်း အဆုံးစွန် သိုင်းကွက်က မိုဝန်ထျန်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့ခြင်း ဖြစ်၏။ အသက်ဆက်ရန် လမ်းစမရှိတော့လျှင် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
သို့သော်လည်း မိုဝန်ထျန်းက သူ မသေဆုံးမီ သူမကိုပါ အတူတကွ ခေါ်ဆောင်သွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။ သူမကို အငိုက်ဖမ်း၍ တိုက်ပွဲ၏ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သော်လည်း နောက်ဆုံးတွင် သူတို့နှစ်ယောက်စလုံး အတူတကွ သေဆုံးသွားခဲ့ကြရသည်။
မိုဝန်ထျန်းမှာ အလွန် ဉာဏ်ကောင်းလှပြီး သူ၏ အဆုံးစွန် သိုင်းကွက်များမှာလည်း အဆုံးအစမရှိသကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးနိုင်ခဲ့၏။ တပည့်လက်ခံပွဲက ဤသို့ အတူတကွ သေဆုံးခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမျှ တွေးမိမည် မဟုတ်ပေ။ အကြွင်းမဲ့ အနိုင်ရသူဟူ၍ မရှိတော့ချေ။
ချင်ရှို့ဝမ်က ပြုံးလိုက်၏။
“မိုဝန်ထျန်း... ကျုပ်ကတော့ ခင်ဗျားကို အတော်လေး လေးစားသွားပြီ...”
ချင်းယွင်ဖေး၏ မျက်လုံးအိမ်အဖြူများက တဖျပ်ဖျပ် လက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“အတူတူ သေသွားကြတာဆိုတော့... စီနီယာက တပည့်လက်ခံပွဲကို ဘယ်လို ဆက်လုပ်မလဲ မသိဘူး...”
ကျွမ်းရွှယ်က အံ့ဩတကြီးဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်၏။ သူမက မိုဝန်ထျန်း အလွန်အစွမ်းထက်ကြောင်း သိထားသော်လည်း ပိုင်ယွဲ့ထက် ပို၍ စွမ်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် မိုဝန်ထျန်းနှင့် ပိုင်ယွဲ့တို့ အတူတကွ သေဆုံးခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု သူမ လုံးဝ တွေးမထားခဲ့ချေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ထိုနေရာရှိ ကျင့်ကြံသူများအကြား ဆူညံစွာ ဆွေးနွေးပြောဆိုလာကြသည်။
“သူတို့ အကုန် သေကုန်ပြီ...”
“တကယ့်ကို ကြောက်စရာကောင်းတဲ့ အဆောင်ပဲ... ပိုင်ယွဲ့တောင် မကာကွယ်နိုင်ဘူးလို့ မထင်ထားမိဘူး... အရမ်းကို ကြောက်ဖို့ကောင်းတယ်...”
“အခုနှစ်ယောက်စလုံး သေသွားပြီဆိုတော့ ဘယ်သူနိုင်တာလဲ...”
“အနိုင်ရတဲ့သူ မရှိတော့ဘူးလား...”
“မဖြစ်နိုင်တာ... အနိုင်ရတဲ့သူတော့ ရှိရမှာပေါ့...”
“နောက်ဆုံး အခြေအနေကတော့ စီနီယာ ဘယ်လို ဆုံးဖြတ်မလဲဆိုတဲ့အပေါ် မူတည်တာပေါ့...”
“…”
အလင်းကန့်လန့်ကာပေါ်မှ မြင်ကွင်းက ပြောင်းလဲသွားပြီး အခြားကမ္ဘာလောက တစ်ခုဆီသို့ ရောက်ရှိသွား၏။ ၎င်းက စမ်းသပ်ချက်မျှော်စင်၏ ထိပ်ဆုံးပိုင်း ဖြစ်သည်။
စမ်းသပ်ချက်မျှော်စင်၏ ထိပ်ဆုံးတွင် ကျူးရှိူ့ဒယ်စောက်က တောက်ပစွာ လင်းလက်နေသည်ကို တွေ့မြင်နိုင်ပေသည်။ အာဏာစွမ်းအားများ စီးဆင်းနေပြီး ၎င်းက ကောင်းကင်တာအို၏ စွမ်းအားများ ဖြစ်ကာ ၎င်းအထဲတွင် လှိုင်းထန်နေ၏။
“အဲဒါက ကျူးရှိူ့ဒယ်စောက်ပဲ...”
“ကျူးရှိူ့ဒယ်စောက်... ကောင်းကင်ဘုံရဲ့ နတ်ဘုရား... အဲဒါကို ဘယ်သူ ရနိုင်မလဲ...”
ထိုအချိန်တွင် ချမ်ချန်ကန်းက ကျူးရှိူ့ဒယ်စောက်၏ ဘေးတွင် ပေါ်လာ၏။ သူက လက်မြှောက်၍ ဖမ်းဆုပ်လိုက်ရာ ကျူးရှိူ့ဒယ်စောက်က သူ၏ လက်ထဲသို့ ကျရောက်လာသည်။
ကျူးရှိူ့ဒယ်စောက်၏ စိတ်ဆန္ဒက အလိုအလျောက်ပင် ချမ်ချန်ကန်းကို ခုခံဆန့်ကျင်သော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။
၎င်းက အလွန်ပင် လွယ်ကူလွန်းလှ၏။ ၎င်းသည် ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ရပ်ဖြစ်ပြီး ကျူးရှိူ့ဒယ်စောက်ကိုပင် ခံနိုင်ရည် မရှိစေဘဲ အက်ကွဲကြောင်း တစ်ခု ပေါ်ထွက်လာစေသည်။
ကျူးရှိူ့ဒယ်စောက်၏ စိတ်ဆန္ဒမှာ အကြောက်လွန်၍ တုန်ယင်သွားပြီး အလျင်အမြန်ပင် ပြန်လည် ထိန်းချုပ်လိုက်ကာ ဆက်၍ မခုခံရဲတော့ချေ။
ထို့နောက် ချက်ချင်းပင် ချမ်ချန်ကန်းက သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်းကို အသုံးပြုလိုက်၏။
အတူတကွ သေဆုံးသွားခဲ့ကြသော ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့မှာ ပြန်လည်ရှင်သန်လာပြီး သူ၏ ရှေ့တွင် ပေါ်လာကြသည်။
ပိုင်ယွဲ့အတွက်တော့ ကိစ္စမရှိပေ။ ချမ်ချန်ကန်း၏ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော နည်းစနစ်များကို သူမ သိထားသဖြင့် အံ့အားသင့်ခြင်း မရှိချေ။
သို့သော်လည်း မိုဝန်ထျန်းနှင့် ယှဉ်ပြိုင်မှုတွင် အတူတကွ သေဆုံးခြင်းဖြင့် အဆုံးသတ်သွားသည့်အတွက် သူမမှာ စိတ်ဓာတ်ကျနေမိသည်။
စီနီယာ၏ မျှော်လင့်ချက်များကို သူမ ဖြည့်ဆည်းမပေးနိုင်ခဲ့ပေ။ သူမ၏ မျက်လုံးများက မှေးမှိန်သွားပြီး သူမ၏ ရည်မှန်းချက်မှာ တပည့်လက်ခံပွဲတွင် အနိုင်ရရှိရန် ဖြစ်၏။
ဤသို့ဖြင့်သာ သူမက စီနီယာ၏ တပည့်အဖြစ် သတ်မှတ်ခံရရန် အရည်အချင်းပြည့်မီသည်ဟု ယူဆနိုင်မည်ဖြစ်သည်။ ယခုမူ သူမ ရှုံးနိမ့်သွားခဲ့ပြီး အရှက်ရနေမိ၏။
မိုဝန်ထျန်းမှာ ပြန်လည်ရှင်သန်လာပြီးနောက် အံ့အားသင့်နေသော မျက်နှာဖြင့် သူ၏ အကောင်းပကတိ ရှိနေသေးသော ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်လိုက်သည်။
“ဟေး ဟေး ဟေး... ငါ မသေသေးဘူးလား...”
ချမ်ချန်ကန်းက ပြုံးလိုက်၏။
“ငါက မင်းကို အသက်ရှင်ခွင့်ပေးရင် မင်း အသက်ရှင်မယ်... ငါက သေစေချင်ရင် မင်း သေရမယ်...”
ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ မိုဝန်ထျန်းမှာ တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများထဲတွင် ချမ်ချန်ကန်းအပေါ် လေးစားကြည်ညိုမှုများ ပြည့်နှက်သွားသည်။
အသိစိတ်ပင်လယ်ထဲတွင်တော့ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ အလွန်အမင်း တုန်လှုပ်နေပေသည်။
“သေခြင်းကနေ ပြန်ရှင်လာအောင် လုပ်နိုင်တယ်... လောကကြီးထဲမှာ ဘယ်သူကများ ဒီလောက် စွမ်းတဲ့ နည်းလမ်းမျိုး ရှိနေရတာလဲ...”
မိုဝန်ထျန်းက သရော်လိုက်၏။
“အဘိုးကြီး...စီနီယာက ဘယ်လောက် စွမ်းလဲဆိုတာ အခု ခင်ဗျားသိပြီမလား... ကျုပ် ပြောသားပဲ... တပည့်ခံချင်ရင် စီနီယာ့ဆီမှာပဲ တပည့်ခံရမယ်လို့...”
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ ဘာမှ ဆက်မပြောနိုင်တော့ပေ။ ချမ်ချန်ကန်း၏ သေရာမှ ပြန်လည်ရှင်သန်စေသော နည်းစနစ်တစ်ခုတည်းနှင့်ပင် သူက ချမ်ချန်ကန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း သိလိုက်ရ၏။
အချုပ်အားဖြင့်ဆိုရသော် ၎င်းက ခန့်မှန်း၍မရနိုင်သကဲ့သို့ ပြောပြရန်ပင် ခက်ခဲလှပေသည်။
ချမ်ချန်ကန်းက သူ၏ လက်ထဲမှ ကျူးရှိူ့ဒယ်စောက်ကို ကစားရင်း မိုဝန်ထျန်းကို ကြည့်ကာ ပြုံးလိုက်သည်။
“မိုဝန်ထျန်း... မင်း ဘာတွေ တီးတိုးပြောနေတာလဲ...”
ဤစကား ထွက်ပေါ်လာသည်နှင့် မိုဝန်ထျန်း၏ မျက်နှာအမူအရာက တုန်လှုပ်သွားပြီး မယုံကြည်နိုင်မှုများ အပြည့်ဖြစ်သွား၏။
အသိစိတ်ပင်လယ်ထဲတွင်လည်း မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်ရီသွားသည်။
*ချမ်ချန်ကန်းက ဘာကို ဆိုလိုချင်တာလဲ... သူ သိသွားပြီလား…*
မည်သို့ ဖြစ်နိုင်မည်နည်း...။သူက မိုဝန်ထျန်း၏ အသိစိတ်ပင်လယ်ထဲတွင် ပုန်းကွယ်နေခြင်း ဖြစ်ပြီး သူကိုယ်တိုင် ထွက်မလာသရွေ့ သို့မဟုတ် အခြားသူများက မစစ်ဆေးသရွေ့ မည်သူမျှ သိနိုင်မည် မဟုတ်ပေ…။
အခြားမည်သူကမျှ သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
ချမ်ချန်ကန်းက ပြုံးလိုက်ပြီး ထိုကိစ္စကို ဆက်မမေးတော့ပေ။
ဤသည်က အင်မော်တယ်လောကမှ ပါရမီရှင်များမှာ ကျူးရှိူ့တိုက်ကြီးမှ ဒေသခံ ပါရမီရှင်များနှင့် လုံးဝ ကွဲပြားခြားနားနေသကဲ့သို့ ဖြစ်၏။
ဤတပည့်လက်ခံပွဲတွင် အကြွင်းမဲ့ တရားမျှတမှုဟူ၍ မရှိပေ။
ဤနေရာရှိ ပိုင်ယွဲ့၌ပင် သူ သင်ကြားပေးထားသော ထိုက်ကျိပညာရပ် ရှိနေသည်။
ဤနေရာရှိ မိုဝန်ထျန်းတွင်လည်း အသိစိတ်ပင်လယ်ထဲမှ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ၏ အကူအညီ အပါအဝင် ထိုလျှို့ဝှက်ရတနာများရှိနေသည်။ သဘာဝကျစွာပင် ထိုအရာများက သူနှင့် သက်ဆိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် ဤလောကတွင် အကြွင်းမဲ့ တရားမျှတမှုဟူ၍ မရှိပေ။
“ပိုင်ယွဲ့... မိုဝန်ထျန်း... အခုတပည့်လက်ခံပွဲရဲ့ နောက်ဆုံး ယှဉ်ပြိုင်မှုမှာ မင်းတို့ နှစ်ယောက်စလုံး အတူတူ သေဆုံးသွားကြတယ်... အဲဒါက အနိုင်ရတဲ့သူ မရှိဘူးလို့ ဆိုလိုတာပဲ...”
သူ၏ အသံက မကျယ်လောင်သော်လည်း ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့၏ နားထဲသို့သာမက ပြိုင်ဘက်ကင်းနယ်မြေ အတွင်းရှိ ကျင့်ကြံသူများ၏ နားထဲသို့ပါ ပျံ့နှံ့သွားပြီး လူတိုင်း ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။
ပိုင်ယွဲ့က နှုတ်ခမ်းကို ကိုက်၍ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ထားလိုက်၏။
မိုဝန်ထျန်းက သက်ပြင်းချလိုက်သည်။
“စီနီယာ... ကျွန်တော့်မှာလည်း တခြား ရွေးချယ်စရာ မရှိတော့လို့ပါ... အဲဒီ အင်မော်တယ် ပေါက်ကွဲရေးအဆောင်တွေကိုသာ မဖောက်ခွဲလိုက်ဘူးဆိုရင် ကျွန်တော် သေချာပေါက် ရှုံးသွားမှာလေ... အနည်းဆုံးတော့ အခု တာအိုမိတ်ဆွေ ပိုင်ယွဲ့နဲ့ အတူတူ သေသွားရတာပဲ...”
ထို့နောက် သူက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ထပ်၍ ပြုံးလိုက်၏။
“ကျွန်တော် တကယ် အနိုင်ရချင်ခဲ့ပေမဲ့ အခုရလဒ်ကိုလည်း ကျေနပ်ပါတယ်... တပည့်လက်ခံပွဲရဲ့ အနိုင်အရှုံးနဲ့ ပတ်သက်ပြီး အခုရလဒ်တွေ အားလုံးက စီနီယာ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်...”
ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်၏။
“အရမ်းကောင်းတယ်...”
ထိုသို့ ပြောပြီးနောက် သူက မိုဝန်ထျန်းထံသို့ လျှောက်သွားလိုက်သည်။
သူက မိုဝန်ထျန်းထက် ခေါင်းတစ်လုံးစာခန့် ပိုရှည်ပြီး အတော်လေး ခမ်းနားထည်ဝါကာ ဩဇာလွှမ်းမိုးမှု ရှိနေပေသည်။
မိုဝန်ထျန်း၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်တုန်လှုပ်သွားပြီး ချမ်ချန်ကန်းကို မော့မကြည့်ရဲတော့ချေ။
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ ရှိနေသည်ကို စကားတစ်ခွန်းတည်းဖြင့် သိမြင်သွားခဲ့ပြီ ဖြစ်၏။ ဤသည်က လိမ်လည်လှည့်ဖြားခြင်း ဖြစ်သည်။
စီနီယာ၏ အပြစ်ပေးခြင်းကို ခံရပြီး ရှုံးနိမ့်ကြောင်း ဆုံးဖြတ်ခံရမည်လား...။
သို့သော်လည်း ရုတ်တရက် ချမ်ချန်ကန်း၏ ညာဘက်လက်က မိုဝန်ထျန်း၏ ဘယ်ဘက်ပခုံးကို ပုတ်လိုက်သည်။
“ညီလေးမို... မင်း အရမ်းတော်ပါတယ်... မင်း ဒီနေရာအထိ ရောက်လာနိုင်တဲ့အတွက် ငါ အရမ်းဝမ်းသာတယ်...”
မိုဝန်ထျန်းမှာ မနေနိုင်တော့ဘဲ ခေါင်းမော့လာပြီး ချမ်ချန်ကန်းကို ဝေခွဲမရသည့် အမူအရာဖြင့် ကြည့်လိုက်၏။
“…”
ညီလေးမို..
ကျန်းရှောင်ပိုင်၊ အစ်ကိုကျန်းကသာ သူ့ကို ထိုသို့ ခေါ်ခဲ့ခြင်းဖြစ်သည်။
စီနီယာက ရုတ်တရက် သူ့ကို ညီလေးမိုဟု ခေါ်လိုက်သည်မှာ ဘာသဘောနည်း...။
ဘေးဘက်ရှိ ပိုင်ယွဲ့မှာလည်း ကြောင်တောင်တောင် ဖြစ်နေ၏။
ဤလေသံကို နားထောင်ကြည့်ရသည်မှာ စီနီယာနှင့် မိုဝန်ထျန်းတို့က တစ်ယောက်ကိုတစ်ယောက် သိနေကြသည်ဟု ဆိုလိုခြင်းလား...
“စီ…စီနီယာ...”
ချမ်ချန်ကန်း၏ မျက်နှာက ပြောင်းလဲသွားသည်ကို သူ တွေ့လိုက်ရသည်။
၎င်းက မည်သူ့အာရုံကိုမျှ ဆွဲဆောင်နိုင်ခြင်း မရှိသည့် သာမန်မျက်နှာတစ်ခု ဖြစ်၏။
ထိုမျက်နှာကို မြင်လိုက်ရသောအခါ မိုဝန်ထျန်းမှာ လုံးဝ အံ့အားသင့် မှင်တက်သွားတော့သည်။
“အစ်ကိုကျန်း...”
“ဘယ်လိုလုပ် အစ်ကို ဖြစ်နေရတာလဲ...”
“အဲဒီမျက်နှာက ငါ့ရဲ့ အသွင်ယူထားတဲ့ ရုပ်ဖျက်တစ်ခု သက်သက်ပါပဲ...”
သေချာပေါက် ဤမြင်ကွင်းကို သူနှင့် မိုဝန်ထျန်း နှစ်ယောက်တည်းသာ သိရှိခြင်း ဖြစ်၏။ ချမ်ချန်ကန်းက အခြားသူများအားလုံးကို ပိတ်ဆို့ထားလိုက်သည်။
“အံ့ဩသွားတာလား...”
ချမ်ချန်ကန်းက ဖြည်းညင်းစွာ ပြုံးလိုက်၏။
မိုဝန်ထျန်းမှာ ဝေခွဲမရ ဖြစ်နေဆဲဖြစ်ပြီး ဘာပြောရမှန်းမသိဘဲ ပြုံးဖြီးဖြီးလုပ်ကာ ခေါင်းကုတ်လိုက်သည်။
အစ်ကိုကျန်းက သူ အလွန် ကြည်ညိုလေးစားရသော ပြိုင်ဘက်ကင်း စီနီယာ ဖြစ်နေသည်ဆိုတော့ တကယ့်ကို ရှက်စရာကောင်းလှပေသည်။
သူတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က အစ်ကိုကျန်း၏ ရှေ့တွင် ချမ်ချန်ကန်းမှာ သူ၏ ဖခင်ဖြစ်ကြောင်း သူ ပြောခဲ့မိသည်ကို ပြန်အမှတ်ရသွား၏။
“ငါနဲ့ မင်း သိကျွမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တခြားသူတွေကို ထုတ်မပြောပါနဲ့... အပြင်လောကက လူတွေက မင်းကို ဆွေမျိုးပေါက်ဖော်မို့လို့ မျက်နှာလိုက်တယ်လို့ အတင်းအဖျင်း ပြောကြလိမ့်မယ်...”
ပြောပြီးနောက် ချမ်ချန်ကန်း၏ မျက်နှာက မူလပြိုင်ဘက်ကင်း ခမ်းနားထည်ဝါသော ရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွားပြီး မိုဝန်ထျန်း အရင်က သိခဲ့ဖူးသော ကျန်းရှောင်ပိုင်၏ သာမန်ရုပ်သွင် မရှိတော့ချေ။
ထို့နောက် လူတိုင်းကို ပိတ်ဆို့ထားခြင်းမှ ပြန်ဖွင့်ပေးလိုက်သည်။