အခန်း ၂၅၇
Vol. 22 Ch. 257
အခန်း (၂၅၇) ကောင်းကင်တာအို၏ အစောင့်အရှောက်က ပိုင်ယွဲ့မှလွဲ၍ အခြားသူ မဟုတ်ပေ
ချမ်ချန်ကန်းက သူ၏ လက်ထဲမှ ကျူးရှိူ့ဒယ်စောက်ကို ကစားရင်း သူ၏ ရှေ့ရှိ မိုဝန်ထျန်းနှင့် ပိုင်ယွဲ့ကို ကြည့်ကာ ပြုံးလိုက်၏။
မိုဝန်ထျန်းမှာ ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်ပြီး စီနီယာက ကျန်းရှောင်ပိုင် ဖြစ်နေသည်ဆိုသည့် အသိမှ ပြန်လည် သတိမဝင်လာသေးချေ။
“မင်းတို့ နှစ်ယောက်စလုံးက နောက်ဆုံး တိုက်ပွဲမှာ အတူတူ သေဆုံးသွားကြတယ်ဆိုတော့ ငါ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ... ဒီတပည့်လက်ခံပွဲမှာ မင်းတို့ နှစ်ယောက်စလုံးကို တပည့်အဖြစ် ငါ လက်ခံမယ်...”
ဤစကား ထွက်ပေါ်လာသည်နှင့် အပြင်ဘက်ရှိ ကျင့်ကြံသူများမှာ ရုတ်ခြည်း တုန်လှုပ်သွားကြသည်။
နောက်ဆုံး ရလဒ်က ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားလှ၏။ မိုဝန်ထျန်းနှင့် ပိုင်ယွဲ့တို့ နှစ်ယောက်စလုံးက နောက်ဆုံးတွင် စီနီယာ၏ တပည့်များ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ပိုင်ယွဲ့မှာ အံ့အားသင့်သွားသည်။
မိုဝန်ထျန်းမှာမူ ဝေခွဲမရသည့် အခြေအနေတွင် ဆက်လက် ရှိနေဆဲဖြစ်၏။ ချမ်ချန်ကန်း၏ စကားကို ကြားလိုက်ရသောအခါ အိပ်မက်မက်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။
*အစောက အစ်ကိုကျန်းဖြစ်ပြီး... မဟုတ်သေးပေ... စီနီယာက အခုလေးတင် ဘာပြောလိုက်သနည်း…*
သူတို့နှစ်ယောက်စလုံးကို တပည့်အဖြစ် လက်ခံမည်ဟု စီနီယာက ပြောလိုက်ခြင်း ဖြစ်၏။
မူလက မိုဝန်ထျန်းသည် စီနီယာ၏ တပည့်ဖြစ်လာရန် အခွင့်အရေး မရှိတော့ဟု ထင်မှတ်ထားခဲ့သည်။ ဤအရာအားလုံးကို သိလိုက်ရသောအခါ ပထမတော့ မှင်တက်သွားပြီးနောက် အလွန်အမင်း အံ့ဩဝမ်းသာသွားတော့၏။
“ကျေးဇူးတင်ပါတယ် ဆရာ...”
အသိစိတ်ပင်လယ်ထဲတွင်တော့ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာက သက်ပြင်းချလိုက်သည်။
မိုဝန်ထျန်း၏ ကြိုးစားအားထုတ်မှု အားလုံးကို သူ၏ မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ တပည့်လက်ခံပွဲ စတင်ချိန်မှစ၍ နတ်ဆိုးများကို သတ်ဖြတ်ခြင်း၊ နဂါးကျောရိုးကို ဖွင့်လှစ်ခြင်းနှင့် ထိုပါရမီရှင်များကို ရင်ဆိုင်ရခြင်းအထိ ဖြစ်၏။ ခြေလှမ်းတိုင်းက မလွယ်ကူလှပေ။
ယနေ့ ဤနေရာအထိ ရောက်ရှိလာနိုင်ပြီး ချမ်ချန်ကန်း၏ အသိအမှတ်ပြုမှုကို ခံရကာ သူ၏တပည့် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာလည်း သူ့အတွက် ဝမ်းသာနေမိ၏။
အပြင်ဘက်ရှိ ကျင့်ကြံသူများကမူ ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ကို မနာလို အားကျမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။
မူလက စီနီယာသည် တစ်ယောက်ကိုသာ တပည့်အဖြစ် လက်ခံမည်ဟု ဆိုထားသော်လည်း ယခုမူ သူတို့ နှစ်ယောက်စလုံးကို တပည့်များအဖြစ် လက်ခံလိုက်ပြီ ဖြစ်၏။
“မင်းတို့နှစ်ယောက်စလုံးကို တပည့်အဖြစ် လက်ခံလိုက်ပေမဲ့ တစ်ယောက်တည်းကသာ ကျူးရှိူ့ဒယ်စောက်ကို ရရှိပြီး ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ဖြစ်လာလိမ့်မယ်... ဒါက မင်းတို့ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်အပေါ်မှာပဲ မူတည်တယ်...”
ထိုသို့ ပြောပြီးနောက် ချမ်ချန်ကန်းက ကျူးရှိူ့ဒယ်စောက်ကို သူတို့ နှစ်ယောက်၏ ရှေ့တွင် ချထားလိုက်သည်။
ယနေ့တွင် ဤကျူးရှိူ့ဒယ်စောက်သည် အရင်က ပိုင်ယွဲ့အား ၎င်း၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုခဲ့ဖူးသော်လည်း တပည့်လက်ခံပွဲ စတင်ချိန်တွင် ကျူးရှိူ့ဒယ်စောက်က စွန့်လွှတ်ခြင်း ခံလိုက်ရပြီ ဖြစ်၏။
လက်ရှိ ကျူးရှိူ့ဒယ်စောက်မှာ ပိုင်ရှင်မဲ့ ပစ္စည်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ နှစ်ယောက်ထဲမှ မည်သူ့ကို ကျူးရှိူ့ဒယ်စောက်က ထပ်မံ၍ အသိအမှတ်ပြုမည်ဆိုသည်က အဓိက ဖြစ်၏။
သို့ဆိုလျှင် ဤကျူးရှိူ့ဒယ်စောက်က မည်သူနှင့် သက်ဆိုင်မည်နည်း။
ကျူးရှိူ့ဒယ်စောက်ကို ရရှိသူတိုင်းက ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်လာနိုင်ပေသည်။
“မိုဝန်ထျန်း... မင်း အရင်လာခဲ့... မင်းသာ ကျူးရှိူ့ဒယ်စောက်ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ရင် ကျူးရှိူ့ဒယ်စောက်က မင်းရဲ့ပစ္စည်း ဖြစ်လာပြီးတော့ မင်းက ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ဖြစ်လာကာ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးကို လွှမ်းမိုးအုပ်စိုးရလိမ့်မယ်...”
ပိုင်ယွဲ့က ကျူးရှိူ့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ကြောင်း ချမ်ချန်ကန်း သိထားသဖြင့် ပိုင်ယွဲ့ကို အရင် စမ်းသပ်ခွင့် မပေးခြင်းဖြစ်၏။
မိုဝန်ထျန်းအနေဖြင့် ယနေ့ ဤနေရာအထိ ရောက်ရှိလာနိုင်ပြီး အင်မော်တယ်နယ်မြေမှ ပါရမီရှင်ဖြစ်သော ပိုင်ယွဲ့နှင့် အတူတကွ သေဆုံးနိုင်ခဲ့ခြင်းမှာ ယုတ္တိဗေဒအရ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ ချမ်ချန်ကန်းမှာ အလွန် အံ့အားသင့်နေမိသဖြင့် မိုဝန်ထျန်းက ကျူးရှိူ့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို ရနိုင်မလား ဆိုသည်ကို သိချင်နေမိသည်။
မိုဝန်ထျန်းက ကျူးရှိူ့ဒယ်စောက်ကို ကြည့်လိုက်၏။
“ကောင်လေး... မင်းက ဆရာသခငါရဲ့ တပည့် ဖြစ်လာတာကိုက အရမ်းကောင်းနေပြီမို့ ကျူးရှိူ့ဒယ်စောက်ရဲ့ အသိအမှတ်ပြုမှုကို ရဖို့တော့ မျှော်လင့်မနေပါနဲ့တော့...”
“အဘိုးကြီး... ဘာလို့လဲ...”
မိုဝန်ထျန်း နားမလည်နိုင် ဖြစ်သွားသည်။
“ကျူးရှိူ့ဒယ်စောက်က အောက်လောကရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုတာဖြစ်ပြီး အင်မော်တယ်လောကက ပါရမီရှင်တွေကပဲ ကျူးရှိူ့ဒယ်စောက်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်တာ...”
“မင်းက နဂါးကျောရိုးကို ဖွင့်လှစ်နိုင်ခဲ့တယ် ဆိုပေမဲ့လည်း အဆုံးမှာတော့ မင်းက အောက်လောကက ကျင့်ကြံသူ တစ်ယောက်သာဖြစ်ပြီး အခြေခံက အဲဒီမှာပဲ ရှိနေတယ်...”
“အဘိုးကြီး... ကျူးရှိူ့ဒယ်စောက်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်၊ မရနိုင်ဆိုတာက ခင်ဗျား ပြောသလို မဟုတ်ပါဘူး... သိရအောင် စမ်းကြည့်ရမှာပေါ့...”
မိုဝန်ထျန်းက မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယ၏ စကားကို မယုံကြည်ပေ။ သူက ရှေ့ရှိ ကျူးရှိူ့ဒယ်စောက်ကို ကြည့်လိုက်၏။
ကျူးရှိူ့ဒယ်စောက်မှ အလင်းရောင်များ စီးဆင်းနေပြီး အံ့မခန်း စွမ်းအားများ လှိုင်းထန်နေသည်ကို မြင်သောအခါ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ သူက ကျူးရှိူ့ဒယ်စောက်ပေါ်သို့ လက်တင်လိုက်ပြီး ကျူးရှိူ့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို ရရှိရန် ဆန္ဒပြုလိုက်၏။
ကျူးရှိူ့ဒယ်စောက်ထံမှ အံ့မခန်း စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ မိုဝန်ထျန်းက ကျူးရှိူ့ဒယ်စောက်အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ လွင့်ထွက်သွားတော့၏။
မိုဝန်ထျန်းမှာ ဆွံ့အသွားသည်။
အင်း... အဘိုးကြီး ပြောတာ မှန်ပုံရပေသည်။ ထင်ထားသည့်အတိုင်းပင် သူက ကျူးရှိူ့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို မရရှိနိုင်ခဲ့ပေ။
နှမြောစရာ ကောင်းလှ၏။ ကျူးရှိူ့ဒယ်စောက်ကို ရရှိပြီး ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်လာနိုင်လျှင် အလွန်ကောင်းမည် ဖြစ်သည်။ သေချာသည်မှာ မိုဝန်ထျန်းက ကျူးရှိူ့ဒယ်စောက်ကို ရရှိရန်အတွက် အလွန်အမင်း ရုန်းကန်ကြိုးစားနေမည် မဟုတ်ချေ။
စီနီယာ၏ တပည့်ဖြစ်လာရခြင်းကပင် သူ့ကို များစွာရောင့်ရဲကျေနပ်စေခဲ့ပြီ ဖြစ်၏။
ချမ်ချန်ကန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ မဖြစ်နိုင်ပုံရပေ၏။
ကြည့်ရှုနေကြသော ကျင့်ကြံသူများမှာ ဝေခွဲမရ ဖြစ်နေကြသည်။ မိုဝန်ထျန်းက အဘယ်ကြောင့် ကျူးရှိူ့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို မရရှိခဲ့သနည်း။
“မိုဝန်ထျန်း... မင်းမှာ ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်အဖြစ် ကျူးရှိူ့ဒယ်စောက်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်တဲ့ ကံကြမ္မာ မပါလာပုံရတယ်... ပိုင်ယွဲ့ လာခဲ့လိုက်...”
ပိုင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး ကျူးရှိူ့ဒယ်စောက်ထံသို့ လျှောက်သွားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။ သူမ အနားသို့ ချဉ်းကပ်သွားသည်နှင့် ကျူးရှိူ့ဒယ်စောက်၏ စိတ်ဆန္ဒက သူမထံသို့ တိုးကပ်လာသည်။
ပိုင်ယွဲ့က စိတ်ထဲမှ သက်ပြင်းချလိုက်၏။
ဤကဲ့သို့သော အဆင့်အတန်းမျိုးက လျှို့ဝှက်ရတနာများ၊ အင်မော်တယ်အဆောင်များ ကဲ့သို့သော အခြားပြင်ပပစ္စည်းများဖြင့် လုံးဝ ဖြည့်ဆည်းပေးနိုင်မည့် အရာမျိုး မဟုတ်ချေ။ ဤအောက်လောကများက အထက်ဘုံများကိုသာ အသိအမှတ်ပြုမည်ဆိုသည်မှာ ရှောင်လွှဲ၍မရနိုင်သော ကိစ္စဖြစ်သည်။
၎င်းက လူသည် အထက်သို့ တက်ပြီး ရေသည် အောက်သို့ စီးဆင်းသည်ဆိုသည့် သဘောတရားနှင့် တူညီပေသည်။ အကြောင်းရင်းက ဤသည်ပင် ဖြစ်၏။
ထို့ကြောင့် ကျူးရှိူ့ဒယ်စောက်က ပိုင်ယွဲ့၊ ချင်ရှို့ဝမ်၊ ချင်းယွင်ဖေးနှင့် အင်မော်တယ်လောကမှ အခြားသော ပါရမီရှင်များကိုသာ ရွေးချယ်ပြီး မိုဝန်ထျန်းကို မည်သည့်အခါမျှ ရွေးချယ်မည် မဟုတ်ပေ။
ပိုင်ယွဲ့က ကျူးရှိူ့ဒယ်စောက်၏ အသိအမှတ်ပြုမှုကို လွယ်ကူစွာပင် ရရှိသွားသည်။ ကျူးရှိူ့ဒယ်စောက်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပိုင်ယွဲ့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွား၏။
ဘေးဘက်ရှိ မိုဝန်ထျန်းမှာ အလွန်အမင်း အားကျနေမိသည်။
“ကျူးရှိူ့ဒယ်စောက်ရဲ့ အသိအမှတ်ပြုမှုကို ရသွားတဲ့အတွက် တာအိုမိတ်ဆွေ ပိုင်ယွဲ့ကို ဂုဏ်ပြုပါတယ်...”
“တောင်းပန်ပါတယ်...”
ပိုင်ယွဲ့မှာ အလွန်တရာ အားနာနေမိသည်။ ကျူးရှိူ့ဒယ်စောက်ကို ရရှိလိုက်ခြင်းက သူမကိုယ်သူမ အနိုင်ယူလိုက်သကဲ့သို့ အမြဲ ခံစားရစေသည်။
“ရပါတယ်... ရပါတယ်... ဆရာ့ရဲ့ တပည့် ဖြစ်လာရတာကိုပဲ ကျွန်တော် ကျေနပ်နေပါပြီ...”
မိုဝန်ထျန်းက အလျင်အမြန် လက်ဝှေ့ယမ်းလိုက်သည်။
ထိုအချိန်တွင် ချမ်ချန်ကန်းက စကားဆိုလိုက်၏။
“အရမ်းကောင်းတယ်... မိုဝန်ထျန်း... မင်းကို ငါ အရင်အခွင့်အရေး ပေးခဲ့တယ်... မင်းက ကျူးရှိူ့ဒယ်စောက်ရဲ့ အသိအမှတ်ပြုမှုကို မရနိုင်ခဲ့ဘဲ ပိုင်ယွဲ့က ကျူးရှိူ့ဒယ်စောက်ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပြီဆိုတော့ အခု ကျူးရှိူ့ဒယ်စောက်ကို ပိုင်ယွဲ့က ပိုင်ဆိုင်သွားပြီ...”
“ဒါကြောင့် ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်နဲ့ ကျူးရှိူ့တိုက်ကြီးရဲ့ အရှင်သခင်က ပိုင်ယွဲ့ကလွဲပြီး တခြားသူ မဟုတ်ဘူး...”