← Chapters

အခန်း ၂၅၈

Vol. 22 Ch. 258

အခန်း ၂၅၈

Vol. 22 Ch. 258

အခန်း (၂၅၈) ရုတ်တရက် မှင်တက်သွားသော မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ

ကျူးရှိူ့ဒယ်စောက်က ပိုင်ယွဲ့နှင့် သက်ဆိုင်သွားပြီ ဖြစ်၏။

ယခုမှစ၍ ပိုင်ယွဲ့က ကောင်းကင်တာအိုကို တာဝန်ယူမည်ဖြစ်ပြီး လောကတွင် ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မည်။ လူတစ်ဦး၏ အောက်၊ လူတစ်သောင်း၏ အထက် ဖြစ်သည်။

ပြိုင်ဘက်ကင်းနယ်မြေအတွင်းမှလွဲ၍ သူမက ချမ်ချန်ကန်း၏ ပြိုင်ဘက်မဟုတ်ပေ။ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးတွင် သူမက အသန်မာဆုံးသော တည်ရှိမှု ဖြစ်လာလိမ့်မည်။

ပိုင်ယွဲ့က ရိုသေလေးစားစွာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ...”

ဘေးဘက်ရှိ မိုဝန်ထျန်းကလည်း အရိုအသေပေးလိုက်သည်။

“တာအိုမိတ်ဆွေ ပိုင်ယွဲ့... ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်...”

အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြ၏။

ချမ်ချန်ကန်းက လူနှစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်ပြီးနောက် ပိုင်ယွဲ့က ကျူးရှိူ့ဒယ်စောက်ကို ရရှိသွားသဖြင့် တပည့်လက်ခံပွဲကြီး တစ်ခုလုံးက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချမ်ချန်ကန်းက ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ကို စမ်းသပ်ချက်မျှော်စင်ထဲမှ ခေါ်ထုတ်လာပြီး လူတိုင်း၏ ရှေ့တွင်ပေါ်လာ၏။ သူတို့ သုံးယောက်က ခမ်းနားထည်ဝါစွာ ရပ်နေကြပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက မော်ကြည့်နေကြရသည်။

ချမ်ချန်ကန်းက လက်မြှောက်လိုက်၏။

၎င်းက အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်၏ စွမ်းအား ဖြစ်သည်။

၎င်းက အဆက်မပြတ် ရွာသွန်းနေသော ဝိညာဉ်မိုးရေများအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာရှိ ကျင့်ကြံသူတိုင်းအပေါ်သို့ ကျဆင်းလာသည်။

ဝိညာဉ်မိုးရေများထဲတွင် ကျင့်ကြံသူတိုင်း၏ ခန္ဓာကိုယ်များက ပြန်လည်နာလန်ထူလာကာ ပို၍ သန်မာလာပြီး သူတို့၏ အရည်အချင်းများ တိုးတက်လာကာ တစ်ကိုယ်လုံးတွင် အလင်းရောင်များ စီးဆင်းသွားသကဲ့သို့ ရှိ၏။

ကျင့်ကြံသူတိုင်းမှာ သူတို့ကိုယ်သူတို့ ပိုမို သန်မာလာသည်ဟု ခံစားလိုက်ရသဖြင့် အံ့အားသင့် မှင်တက်သွားကြပြီး ချမ်ချန်ကန်းအပေါ် ကြည်ညိုလေးစားမှုနှင့် ကျေးဇူးတင်မှုများ ပြည့်နှက်သွားကြသည်။

တပည့်လက်ခံပွဲကို လာကြည့်ရင်းနှင့် နောက်ဆုံးတွင် စီနီယာ၏ လက်ဆောင်ကို ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ကျင့်ကြံသူများက ဝမ်းသာအားရ အော်ဟစ်နေကြပြီး ချမ်ချန်ကန်းကို ကျေးဇူးတင်နေကြ၏။

ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါး စကားဆိုလိုက်ရာ သူ၏ အသံက လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

“တပည့်လက်ခံပွဲက အောင်မြင်စွာ ပြီးဆုံးသွားပါပြီ... အခုကစပြီး မိုဝန်ထျန်းနဲ့ ပိုင်ယွဲ့က တပည့်တွေ ဖြစ်လာပြီဖြစ်ပြီး ပိုင်ယွဲ့က ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်အဖြစ် တာဝန်ယူလိမ့်မယ်...”

ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ လူတိုင်းက ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ကို အားကျနေမိကြ၏။ တစ်ချိန်တည်းမှာပင် ချမ်ချန်ကန်းက ထပ်၍ စကားဆိုလိုက်သည်။

“အားလုံးပဲ... တပည့်လက်ခံပွဲ ပြီးဆုံးသွားတဲ့နောက်မှာ ငါက အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းကို ဆောင်ရွက်ပြီး ကံထူးရှင်တစ်ရာကို ရွေးချယ်မယ်... ဒီအင်မော်တယ်နယ်မြေမှာ ကံထူးရှင်တစ်ရာအဖြစ် ဘယ်သူတွေ ရွေးချယ်ခံရမလဲ ဆိုတာကိုတော့ မျှော်လင့်ထားကြပါ...”

ထိုသို့ ပြောပြီးနောက် ချမ်ချန်ကန်းက ပြုံး၍ ဆက်ပြောလိုက်၏။

“စမ်းသပ်ချက်မျှော်စင်ကိုလည်း မမေ့ကြနဲ့ဦး... မင်းတို့မှာ စမ်းသပ်ချက်ရွှေပဲစေ့ရှိတာနဲ့ စိန်ခေါ်ဖို့ အချိန်မရွေး ဝင်ရောက်နိုင်တယ်... စိန်ခေါ်မှု အောင်မြင်ပြီးရင် မင်းတို့ ဆုလာဘ် အများကြီး ရလိမ့်မယ်... အဆင့်ကျော်ဖြတ်တာလည်း အရမ်းမြန်လိမ့်မယ်... ငါ မင်းတို့ကို ယုံကြည်တယ်...”

ထို့နောက် ချမ်ချန်ကန်းက ပိုင်ယွဲ့၊ မိုဝန်ထျန်းတို့နှင့်အတူ ထွက်ခွာသွား၏။

စိတ်အားထက်သန်သော မျက်လုံးများ၊ သက်ပြင်းချသံများနှင့် မျှော်လင့်ချက်များဖြင့် ကျင့်ကြံသူ တစ်အုပ်ကြီးကို ချန်ရစ်ထားခဲ့သည်။

သူတို့အတွက်မူ တပည့်လက်ခံပွဲက သူတို့ မျှော်လင့်စောင့်စားသင့်သည့် အရာ မဟုတ်တော့ပေ။

သူတို့ ပို၍ မျှော်လင့်စောင့်စားနေကြသည်မှာ ချမ်ချန်ကန်း ပြောခဲ့သော အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းပင် ဖြစ်သည်။

စီနီယာမှာ ခန့်မှန်း၍မရနိုင်လောက်အောင် နက်နဲပြီး အလွန်ကြည်ညိုလေးစားခံရသူ ဖြစ်၏။

အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းတွင် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်မည့် ကံထူးရှင်တစ်ရာရှိမည်ဟု ဆိုထားသဖြင့် သေချာပေါက် ရှိရပေမည်။

ယခု သူတို့ မျှော်လင့်နေကြသည်မှာ အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်း၏ ကံထူးရှင်တစ်ရာထဲတွင် တစ်ယောက်အပါအဝင် ဖြစ်လာရန်နှင့် အင်မော်တယ်ဖြစ်လာရန်ဆိုသည့် သူတို့၏ တစ်သက်တာဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်သည်။

အင်မော်တယ်အဖြစ် တက်လှမ်းနိုင်မည်ဆိုလျှင် အလွန် ကောင်းမွန်ပေလိမ့်မည်။ ၎င်းက ဘိုးဘေးများကို ဂုဏ်တက်စေမည်ဖြစ်ပြီး တကယ့်ကို ထိုက်တန်သောအရာ ဖြစ်သည်။

ထို့နောက် ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူ အားလုံးက ချမ်ချန်ကန်း ရွေးချယ်သည့် ကံထူးရှင်များ ဖြစ်လာရန် ယှဉ်ပြိုင်နိုင်ရေးအတွက် သူတို့၏ ရူးသွပ်ဖွယ်ရာ အဆင့်မြှင့်တင်ရေး ခရီးစဉ်ကို စတင်ခဲ့ကြတော့သည်။

ဖေးရှန့်တောင်။

ပိုင်ယွဲ့၊ မိုဝန်ထျန်းတို့နှင့်အတူ ချမ်ချန်ကန်း အလင်းကန့်လန့်ကာထဲမှ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ဖရဲသီးကြီးကို အရသာခံ စားနေသော အမြီးလေးမှာ လန့်ဖြတ်သွားပြီး ထိုဖရဲသီးကြီးကို ဖက်၍ ကမန်းကတန်း ပုန်းရှောင်ရန် ပြင်လိုက်၏။

ရုတ်တရက် ပေါ်လာသော ချမ်ချန်ကန်းက ထွက်ပြေး ပုန်းရှောင်တော့မည့် အမြီးလေးကို ဆွဲထားလိုက်သည်။

“အမြီးလေး... ဘယ်သွားမလို့လဲ...”

ချမ်ချန်ကန်းက ပြုံးလိုက်၏။

“အီး အီး အီး...”

အမြီးလေးမှာ ကြောက်ရွံ့သွားပြီး သေချာ မကျင့်ကြံဘဲ ပျင်းရိနေသည်ကို စီနီယာက မိသွားခဲ့ပြီ ဖြစ်၏။

သူမက အလျင်အမြန်ပင် သူမ၏ မျက်နှာပေါ်တွင် ဖော်လံဖားသော အပြုံးတစ်ခုကို ပြသလိုက်ရာ သူမ၏ သွားလေး နှစ်ချောင်းက တကယ့်ကို ချစ်စရာကောင်းလှပေသည်။

သူမ၏ လက်ထဲမှ ဖရဲသီးကြီးကို ချမ်ချန်ကန်းထံ ကမ်းပေးလိုက်၏။

ဆရာ ပင်ပန်းနေလောက်ပြီ... ရေဆာပြေအောင် ဖရဲသီးကြီး ကျွေးမယ် ဆိုသည့်ပုံစံမျိုး ဖြစ်သည်။

ချမ်ချန်ကန်းက နှာခေါင်းရှုံ့လိုက်ပြီး အမြီးလေး၏ နူးညံ့သော တင်ပါးကို နှစ်ချက်ခန့် ရိုက်ချလိုက်၏။

နာကျင်သွားသဖြင့် အမြီးလေး၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လာပြီး သနားစရာ ကောင်းလှသည်။

“အီး အီး အီး...”

သူမက ချမ်ချန်ကန်းကို သနားခံနေပုံရ၏။

ဆရာ.. မှားသွားပါတယ်... နောက်နောင် မပျင်းရဲတော့ပါဘူး... အသက်ချမ်းသာပေးပါ... ဟု ဆိုနေပုံရသည်။

ဘေးဘက်တွင် ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့က ကြည့်နေကြ၏။

အမြီးလေးမှာ မျက်နှာရဲသွားပြီး သူမ၏ လက်လေးများဖြင့် မျက်နှာကို ဖုံးအုပ်လိုက်ရာ အလွန်ပင် ရှက်စရာ ကောင်းလှပေသည်။

ချမ်ချန်ကန်းက အမြီးလေး၏ လက်ထဲမှ ဖရဲသီးကို ယူ၍ တစ်ကိုက် ကိုက်စားလိုက်၏။

*အင်း... အတော်လေး ချိုတာပဲ... ဒီကောင်မလေးက အတော် ဇိမ်ကျနေတာပဲ…*

ထို့နောက် အမြီးလေးကို အောက်ချပေးလိုက်သည်။

“သွား... သွား... သေချာသွားကျင့်ကြံတော့...”

“အီး အီး အီး...”

အမြီးလေးက ခေါင်းညိတ်လိုက်ပြီးနောက် ကမန်းကတန်း ပြေးထွက်သွားတော့၏။

မိုဝန်ထျန်းက အမြီးလေးကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ဤသည်က ဆရာ့တပည့်ဖြစ်ပြီး အလွန် ချစ်စရာကောင်းလှပေသည်။

ထိုအခိုက်တွင် ချမ်ချန်ကန်းက လှည့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ကို မျက်နှာမူလိုက်၏။

“ပိုင်ယွဲ့... ကျူးရှိူ့ဒယ်စောက်က မင်းနဲ့ သက်ဆိုင်တယ်... မင်းက သူ့ကို တစ်ကြိမ် သန့်စင်ခဲ့ဖူးတယ်ဆိုပေမဲ့ ကျူးရှိူ့တိုက်ကြီးရဲ့ ကောင်းကင်တာအိုကို အစစ်အမှန် သန့်စင်ပြီး ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ရာထူးကို မရသေးဘူး...”

“ဒီရက်ပိုင်းအတွင်းမှာ မင်း သေချာ ကျင့်ကြံသင့်တယ်... ကျူးရှိူ့တိုက်ကြီးရဲ့ ကောင်းကင်တာအိုကို အမြန်ဆုံး အပြည့်အဝ ထိန်းချုပ်နိုင်အောင် ကြိုးစားပြီး ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ဖြစ်လာအောင်လုပ်...”

“အမိန့်အတိုင်းပါ ဆရာ...”

ဘေးဘက်ရှိ မိုဝန်ထျန်းမှာ တစ်ခဏမျှ အံ့အားသင့်သွား၏။

*တစ်ကြိမ်သန့်စင်ခဲ့ဖူးတယ် ဆိုတာ ဘာသဘောလဲ…*

ချမ်ချန်ကန်းက ရှင်းပြမနေဘဲ ပိုင်ယွဲ့ကို ကောင်းကင်တာအိုအား သန့်စင်ရန် သွားခိုင်းလိုက်သည်။

“မိုဝန်ထျန်း...”

ချမ်ချန်ကန်းက ထပ်၍ ခေါ်လိုက်၏။

မိုဝန်ထျန်းမှာ သတိပြန်ဝင်လာပြီး ရိုသေစွာ ပြောလိုက်သည်။

“အစ်ကို... ဆရာ...”

ချမ်ချန်ကန်းက ပြုံးလိုက်၏။

“မင်းရဲ့ အသိစိတ်ပင်လယ်ထဲမှာ ပုန်းနေတဲ့သူကို ထွက်လာခိုင်းလိုက်...”

မိုဝန်ထျန်းမှာ အကျပ်ရိုက်သွားသည်။

“ဆရာ.. သူက နတ်ဝိညာဉ် တစ်စအမျှသာ ရှိတော့တာပါ... သူ သေဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ကျွန်တော့်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ မှီခိုနေတာမို့လို့ အပြင်ကို ထွက်မလာနိုင်ပါဘူး...”

အသိစိတ်ပင်လယ်ထဲတွင် မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ ဆွံ့အသွား၏။

ဤချမ်ချန်ကန်းက သိပ်တော့ အခြေအနေ မဆိုးလှပုံပေါ်သည်။ သူ သေဆုံးနေပြီကို သိနေပြီး သူ့ကို အပြင်ထွက်လာခိုင်းနေခြင်း ဖြစ်၏။

ခန့်မှန်း၍မရနိုင်လောက်အောင် နက်နဲသည်ဟု သူ ထင်ခဲ့သော်လည်း ကြားလိုက်ရသောအခါ မည်သည့်အရာကိုမျှ နားမလည်ကြောင်း သိလိုက်ရသည်။

ဤချမ်ချန်ကန်းက ထိုမျှလောက်သာ ရှိပုံရ၏။

ချမ်ချန်ကန်းက စမ်းသပ်ချက်မျှော်စင်ထဲတွင် ကျင့်ကြံသူများကို အမှန်တကယ် ပြန်လည်ရှင်သန်စေခဲ့ခြင်း ဟုတ်၊ မဟုတ် သူ မသိသော်လည်း ၎င်းက လှည့်ကွက်တစ်ခုမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ထိုကျင့်ကြံသူများက လုံးဝ သေဆုံးသွားခဲ့ခြင်း မဟုတ်ပေ။

သေချာသည်မှာ ချမ်ချန်ကန်းက ဤကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းလမ်းကို အမှန်တကယ် ကျွမ်းကျင်ပြီး ပြန်လည်ရှင်သန်စေနိုင်သည်ဟု ထားဦး။

သို့သော်လည်း မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာက ချမ်ချန်ကန်း သူ့ကို ပြန်လည်ရှင်သန်စေနိုင်မည်ဟု မထင်ထားပေ။

သူသည် အထက်ဘုံ အင်မော်တယ်နယ်မြေ၏ အင်မော်တယ်အင်ပါယာ ဖြစ်ပေသည်တကား။

ပြန်လည်ရှင်သန်ရန် မည်သို့ လွယ်ကူနိုင်ပါမည်နည်း။

သို့သော်လည်း နောက်တစ်ခဏတွင် မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ ပါးရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

ချမ်ချန်ကန်းက လက်ဖျစ်တစ်ချက် တီးလိုက်ရာ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာမှာ တိုက်ရိုက်ပင် ပြန်လည် ရှင်သန်လာတော့သည်။

ချမ်ချန်ကန်းအပေါ် အထင်သေးသော အမူအရာများ မပျောက်ကွယ်သေးသည့် အိုမင်းသော မျက်နှာကြီးက ဤအချိန်တွင် ရုတ်တရက် ပြန်လည်ရှင်သန်လာရာ သူ၏ မျက်နှာပေါ်ရှိ အထင်သေးသော အမူအရာများ အေးခဲသွားပြီး ချမ်ချန်ကန်းကို ဝေခွဲမရသည့် အမူအရာဖြင့် ကြည့်နေမိတော့၏။

ဘေးဘက်ရှိ မိုဝန်ထျန်းမှာ လန့်ဖြတ် မှင်တက်သွားသည်။

“အဘိုးကြီး... ခင်ဗျား သေသွားပြီမို့လို့ အပြင်ထွက်မလာနိုင်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား…”

All Chapters