အခန်း ၂၆၀
Vol. 23 Ch. 260
အခန်း (၂၆၀) လေလံပွဲ ကျင်းပခြင်းနှင့် ထောက်ဟွာကျောင်းတော်
မိုဝန်ထျန်းရရှိခဲ့သော အင်မော်တယ် ရတနာများနှင့် ပတ်သက်၍ ချမ်ချန်ကန်းက အထွေအထူး ဂရုမစိုက်လှပေ။ တာအိုစည်းချက် ပစ္စည်းများဆိုလျှင် ပို၍ပင် စိတ်မဝင်စားတော့ချေ။ သို့သော် ချမ်ချန်ကန်း အလွန်အမင်း စိတ်ဝင်စားသည်မှာ အင်မော်တယ် ကျောက်တုံးများပင်ဖြစ်၏။
အကြောင်းမူကား အင်မော်တယ် ကျောက်တုံးများကို နယ်မြေတန်ဖိုးအဖြစ် လဲလှယ်နိုင်ပြီး ၎င်းမှတစ်ဆင့် မိမိ၏ ပြိုင်ဘက်ကင်းနယ်မြေကို တိုးချဲ့နိုင်သောကြောင့် ဖြစ်သည်။ ထိုမှော်အဆောင်များ၊ လျှို့ဝှက်ရတနာများနှင့် တာအိုစည်းချက်ပစ္စည်းများမှာ အင်မော်တယ် ကျောက်တုံးလောက် အရေးမပါလှဟု သူ ယူဆထားသည်။
“သိုလှောင်လက်စွပ်ထဲမှာ အင်မော်တယ် ကျောက်တုံး ဘယ်လောက်တောင်ပါလဲ...”
မျက်လုံးတစ်ဖက်လပ် အင်မော်တယ် အင်ပါယာက ရိုသေစွာဖြင့် ပြန်ဖြေလိုက်၏။
“ထိပ်တန်းအဆင့်နဲ့ အဆင့်မြင့် အင်မော်တယ် ကျောက်တုံး ထောင်ပေါင်းများစွာ ပါဝင်ပါတယ်... အလယ်အလတ်အဆင့်နဲ့ အဆင့်နိမ့် ကျောက်တုံးတွေလည်း အများကြီး ပါသေးတယ်...”
“ထောင်ပေါင်းများစွာဟုတ်လား...”
ချမ်ချန်ကန်း ဤစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ ချက်ချင်းပင် အရောင်တောက်သွားတော့သည်။ ဤသည်မှာ သူ့အတွက် သတင်းကောင်းပင် ဖြစ်၏။ ထိုထိပ်တန်းနှင့် အဆင့်မြင့်ကျောက်တုံး ထောင်ပေါင်းများစွာကိုသာ နယ်မြေတန်ဖိုးအဖြစ် လဲလှယ်လိုက်ပါက တောင်ပေါင်းတစ်သိန်းတစ်ပြင်လုံးကို ပြိုင်ဘက်ကင်းနယ်မြေအဖြစ် လွှမ်းခြုံနိုင်ရန် လုံလောက်ပေလိမ့်မည်။
“ကောင်းပြီ... တပည့်ဖြစ်သူရဲ့ စေတနာကို ဆရာက လက်ခံလိုက်မယ်...”
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး မိုဝန်ထျန်း၏ လက်ထဲမှ သိုလှောင်လက်စွပ်ကို ယူလိုက်၏။ မိုဝန်ထျန်းနှင့် မျက်လုံးတစ်ဖက်လပ် အင်မော်တယ် အင်ပါယာတို့မှာ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်တော့သည်။
*စောစောကတော့ မလိုဘူးလို့ ပြောထားတာ မဟုတ်ဘူးလား…*
ယခုအခါ ရွှယ်ဝူအင်မော်တယ်နယ်မြေတွင် ထိပ်တန်းတာအိုစည်းချက် ပစ္စည်းများအတွက် ကြီးကျယ်ခမ်းနားသော လေလံပွဲတစ်ခု ကျင်းပနေသည်။ ဤလေလံပွဲကို ဟွမ်ဖူမိသားစုက တစ်ဦးတည်း တာဝန်ယူစီစဉ်ခြင်း ဖြစ်၏။ ထိုတာအိုစည်းချက် ပစ္စည်းများ၏ တန်ဖိုးမှာ မရေမတွက်နိုင်သော အင်မော်တယ်များကို ရင်ခုန်စိတ်လှုပ်ရှားစေရန် လုံလောက်ပေသည်။ ရွှယ်ဝူနယ်မြေအတွင်းရှိ ထိပ်သီးအင်မော်တယ် အင်အားစုများပင်လျှင် ထိုပစ္စည်းများကို ရရှိရန် လာရောက် ဆင်နွှဲကြ၏။
ထိုအထဲတွင် ရွှယ်ဝူနယ်မြေ၏ ထိပ်သီး အင်မော်တယ် မိသားစုတစ်ခုဖြစ်သော ကျန်းမိသားစုလည်း ပါဝင်သည်။ ဟွမ်ဖူမိသားစုအနေဖြင့် ကျန်းမိသားစု၏ လေလံပြိုင်ဆိုင်မှုကို အမှုမထားပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အစွမ်းထက်လှသော စီနီယာကြီးနှင့် လက်တွဲထားနိုင်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဤလေလံပွဲကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး စီနီယာကြီးကို စိတ်ကျေနပ်အောင် လုပ်နိုင်ပါက နောင်တွင် စီနီယာကြီးထံမှ တာအိုစည်းချက် ပစ္စည်းများ ပိုမိုရရှိနိုင်မည်မှာ အသေအချာပင်။
ထို့ထက် ပို၍ အရေးကြီးသည်မှာ ပိုင်ယွဲ့သည် စီနီယာကြီး၏တပည့် ဖြစ်လာကြောင်း မိန်နျင်ထံမှ သိခဲ့ရခြင်း ဖြစ်သည်။ စီနီယာကြီးမှာ သေပြီးသူကို ပြန်လည် ရှင်သန်စေနိုင်သော ကောင်းကင်ကို ဆန့်ကျင်သည့် စွမ်းရည်ရှိသည့် နက်နဲလှသော ပါရမီရှင်တစ်ဦး မဟုတ်ပါလော။ ပိုင်ယွဲ့အနေဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်၏ တပည့်ဖြစ်ခွင့်ရသည်မှာ မည်မျှ ကံကောင်းလှသနည်း။ ထို့ပြင် ပိုင်ယွဲ့သည် ကျူးရှိူ့တိုက်ကြီး၏ ကောင်းကင်တာအို အစောင့်အရှောက် ဖြစ်လာရန်မှာလည်း သေချာသလောက်ရှိနေပြီ ဖြစ်သည်။
ယခုအခါ ဟွမ်ဖူမိသားစု လုပ်ဆောင်ရမည့်အရာမှာ ဤလေလံပွဲကို အောင်မြင်အောင် အစွမ်းကုန် ကြိုးစားရန်သာ ဖြစ်၏။ စီနီယာကြီးသည် အင်မော်တယ် ကျောက်တုံးများကို အလွန်တန်ဖိုးထားကြောင်း သူတို့ ကြားသိထားသည်။ ထို့ကြောင့် လေလံပွဲပြီးလျှင် မိန်နျင်ကို အောက်ဘုံသို့ ပြန်လွှတ်ကာ စီနီယာကြီး စိတ်ကျေနပ်စေရန် အင်မော်တယ်ကျောက်တုံးများ ယူဆောင်သွားရန် စီစဉ်ထား၏။
ထို့ကြောင့် လေလံပွဲသို့ လာရောက်သော ကျန်းမိသားစုကို ရန်လိုခြင်းမရှိဘဲ လှိုက်လှဲစွာ ကြိုဆိုနေကြသည်။ ကျန်းမိသားစုမှာ ရွှယ်ဝူနယ်မြေတွင် အချမ်းသာဆုံးဖြစ်ပြီး အင်မော်တယ် သတ္တုတွင်း အများဆုံး ပိုင်ဆိုင်သည့် မိသားစု မဟုတ်ပါလော။ ဟွမ်ဖူ မိသားစုသည် စီနီယာကြီးအတွက် ကျန်းမိသားစုထံမှ အင်မော်တယ် ကျောက်တုံးများ အမြောက်အမြား ရရှိအောင် ကြိုးပမ်းရပေမည်။
လေလံပွဲမှာ အလွန်စည်ကားလှပြီး ထိပ်တန်း တာအိုစည်းချက် ပစ္စည်းများကြောင့် အင်မော်တယ်အင်ပါယာ အဆင့်ရှိသူများပင် အတော်များများ ပါဝင်လာကြသည်။ ဤကဲ့သို့သော ထိပ်တန်းပစ္စည်းများကို လေလံတင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် အားလုံးမှာ တအံ့တဩ ဖြစ်နေကြ၏။ လေလံပွဲသို့ လာရောက်သော အင်အားကြီး အဖွဲ့အစည်းများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများသည် ထိုရှားပါးလှသော တာအိုစည်းချက် ပစ္စည်းများကိုရရှိရန် အပြိုင်အဆိုင် ပြင်ဆင်နေကြတော့သည်။
ရှမီအင်မော်တယ်နယ်မြေတွင်မူ...
ယခုအခါ အကြီးဆုံးသော ဗုဒ္ဓဘာသာ အင်အားစုဖြစ်သည့် လဲ့ယင်ဘုရားကျောင်း အတွင်းသို့ တစ်စုံတစ်ယောက် တိတ်တဆိတ် ခိုးဝင်နေ၏။ ၎င်းမှာ ဆရာလေးတစ်ပါး ဖြစ်သည်။ သူမသည် လှပသော မျက်နှာထားရှိပြီး လက်နှစ်ဖက်ကို စုံမိုးကာ ပြုံးရွှင်နေသည်မှာ ဗောဓိသတ္တတစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ပင်။ လဲ့ယင်ဘုရားကျောင်းမှ ရဟန်းများမှာလည်း သူမကို ရိုသေစွာ ဆက်ဆံကြ၏။
သို့သော်လည်း လဲ့ယင်ဘုရားကျောင်း၏ အင်မော်တယ် စာကြည့်တိုက် တည်ရှိရာကို ဝူမင်က ကောင်းကောင်း သိနေသည်။ သူသည် ဆရာလေးတစ်ပါးအဖြစ် ရုပ်ဖျက်ထားခြင်းဖြစ်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ရဟန်းပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သည်။ ထိုရဟန်းများထဲတွင် ကျင့်ကြံမှု မြင့်မားသူများ ပါဝင်သော်လည်း မည်သူမျှ သူ၏ ရုပ်ဖျက်မှုကို မရိပ်မိကြပေ။ ဝူမင်သည် တစ်ချိန်က နယ်မြေအရှင်သခင် ဖြစ်ခဲ့ဖူးသူ မဟုတ်ပါလော။
အတားအဆီးမရှိဘဲ ဝူမင်သည် လဲ့ယင်ဘုရားကျောင်း၏ နောက်တောင်ကုန်းဆီသို့ အမြန်ရောက်လာခဲ့၏။ ထိုနေရာတွင် ‘ထောက်ဟွာ ကျောင်းတော်’ ဟု ခေါ်သော ကျောင်းတစ်ကျောင်းရှိပြီး ဆရာလေးများဖြင့် ပြည့်နှက်နေသည်။ ထိုဆရာလေးများမှာ အသက်အရွယ် အမျိုးမျိုး ရှိကြသော်လည်း အားလုံးမှာ လှပတင့်တယ်သူများ ဖြစ်ကြ၏။ ဆရာလေးမဖြစ်မီက သူတို့သည် အဖွဲ့အစည်း အသီးသီးမှ ပါရမီရှင် မိန်းကလေးများ သို့မဟုတ် ဂိုဏ်း၏ သူတော်စင်မများ ဖြစ်ခဲ့ကြပြီး ချမ်းသာကြွယ်ဝသူများသာ ဖြစ်ကြသည်။ နောက်ဆုံးတွင် လဲ့ယင်ဘုရားကျောင်း၏ လှည့်ဖြားမှုကို ခံရကာ ဗုဒ္ဓဘာသာသို့ ဝင်ရောက်ခဲ့ကြပြီး တရားထူးရရန် မျှော်လင့်နေကြသူများ ဖြစ်သည်။
လဲ့ယင်ဘုရားကျောင်း၏ အင်မော်တယ် စာကြည့်တိုက်မှာ ဤထောက်ဟွာ ကျောင်းတော်ထဲတွင် ရှိနေခြင်းဖြစ်၏။ လှပသော ဆရာလေးများမှာ စာကြည့်တိုက်ကို စောင့်ကြပ်ရန် တာဝန်ပေးထားခြင်းဖြစ်သည်။ အင်မော်တယ် စာကြည့်တိုက်မှာ လဲ့ယင်ဘုရားကျောင်း၏ အခြေခံ အုတ်မြစ် ဖြစ်သောကြောင့် အလွန်ပင် အရေးကြီးလှပေသည်။ ဝူမင်သည် သူခိုးပြုံး တစ်ချက် ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို စုံမိုးကာ တည်ငြိမ်သော အမူအရာဖြင့် ထောက်ဟွာ ကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားတော့သည်။