← Chapters

အခန်း ၂၆၃

Vol. 23 Ch. 263

အခန်း ၂၆၃

Vol. 23 Ch. 263

အခန်း (၂၆၃) ငါးမှ နဂါးအဖြစ် ပြောင်းလဲခြင်းနှင့် နယ်မြေချဲ့ထွင်ခြင်း

ရှမီအင်မော်တယ်နယ်မြေ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဆူညံပွက်လောရိုက်နေခဲ့သော်လည်း လဲ့ယင်အင်မော်တယ်ဘုရားကျောင်းက ကိုယ်တိုင်လှုပ်ရှားကာ နေရာအနှံ့ ရှာဖွေရန် လူများ စေလွှတ်ခဲ့သဖြင့် ရှမီအင်မော်တယ်နယ်မြေ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

သို့သော်လည်း ဝူမင်၏ သဲလွန်စကို မတွေ့ရသေးပေ။

ဝူမင်က ရှမီအင်မော်တယ်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ဂရုမစိုက်ခဲ့ချေ။

ရှမီအင်မော်တယ်နယ်မြေ၏ ဘဏ္ဍာတိုက်များကို ခိုးယူပြီးနောက် သူက လက်ဆေး၍ အနားယူရန် ဆုံးဖြတ်လိုက်၏။

ဘာကြောင့်လဲ ဆိုတော့ သေချာပေါက် ခိုးယူထားတဲ့ အင်မော်တယ်ကျောက်တုံးတွေက လုံလောက်နေပြီမို့လို့ပဲ။

ပြီးတော့ ပန်းလေးတွေ၊ ကျောက်စိမ်းလေးတွေလို လှပသည့် ဆရာလေးတစ်အုပ်စုလည်း ရှိနေသေးသည် မဟုတ်ပါလော။

သခင်က အလွန်ကျေနပ်အားရနေမည်မှာ သေချာလှ၏။

သူက မြေအောက်နန်းတော် ဝင်ပေါက်သို့ ပြန်သွားခဲ့သော်လည်း လင်းပေါင်အာ ထွက်လာသည့် မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရချေ။

“ငါတို့ ဝင်သွားတာ အတော်ကြာပြီကို... သခင်မလေးက ဘာလို့ ထွက်မလာသေးတာလဲ...”

“မြေအောက်နန်းတော်ထဲက ဓားအင်မော်တယ်ရဲ့ အမွေအနှစ်ကို မရသေးလို့များလား...”

ဝူမင်က ရေရွတ်လိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ထပ်မံ ခံစားလိုက်ရ၏။

ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင်။

လင်းပေါင်အာတွင် အပျက်အစီးဓားခန္ဓာရှိပြီး ဓားအင်မော်တယ်၏ အမွေအနှစ်ကို ရရှိရန်မှာ အလွယ်တကူ လုပ်ဆောင်နိုင်သည့် ကိစ္စတစ်ခု ဖြစ်သည်။

ထို့ထက်ပို၍ ဝူမင်က လင်းပေါင်အာအတွက် မြေအောက်နန်းတော်ထဲတွင် ကျောက်တုံးရဟန်း ရဟန္တာ ကိုးပါးကို ချန်ထားပေးခဲ့သေး၏။

သူမက မြေအောက်နန်းတော်ထဲတွင် မည်သည့် အန္တရာယ်နှင့်မျှ မကြုံတွေ့သင့်ပေ။

“သခင်မလေး မြေအောက်နန်းတော်ထဲက မထွက်လာတာ အတော်ကြာနေပြီ... တစ်ခုခုများ ဖြစ်နေလို့လား... တစ်ခုခုသာ ဖြစ်သွားရင် သခင်က ငါ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး... ငါ ကိုယ်တိုင်ပဲ မြေအောက်နန်းတော်ထဲ ဝင်ပြီး သခင်မလေးကို သွားရှာလိုက်မယ်...”

ဝူမင်၏ အမူအရာက တည်ကြည်လေးနက်သွားပြီး မြေအောက်နန်းတော် အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ကျူးရှိူ့တိုက်ကြီး၊ ဖေးရှန့်တောင်ပေါ်၌။

အမြီးလေးက ထိုက်ကျိလေ့ကျင့်ခန်းကို အလေးအနက် ကစားနေ၏။

သူမက အရပ်မရှည်ဘဲ ရင်ဘတ် မရှိသော်လည်း ဤထိုက်ကျိလေ့ကျင့်ခန်းမှာ အစွမ်းထက်လှပြီး တာအိုစည်းချက်များစွာ ပါဝင်နေသည်။

မိုဝန်ထျန်းမှာလည်း ဖေးရှန့်တောင်ပေါ်တွင် အပြင်းအထန် ကြိုးစားနေ၏။

ချမ်ချန်ကန်းက သူ၏ အရည်အချင်းကို အမြင့်မားဆုံး အဆင့်အထိ မြှင့်တင်ပေးရန် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြုခဲ့ပြီး ကတည်းကပင် ဖြစ်သည်။

ယခုအခါ မိုဝန်ထျန်းမှာ အင်မော်တယ်နယ်မြေ အတွင်းတွင် ရှိနေပြီး သူ၏ အင်မော်တယ်စွမ်းအင်များက ခမ်းနားကြီးကျယ်ကာ ပေါများကြွယ်ဝနေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်က တိုးတက်သွားပြီး သူ၏ အမြန်နှုန်းမှာလည်း အလွန် လျင်မြန်လှသည်။

သူ တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ရောက်လာစဉ်က သူ၏ ကျင့်ကြံခြင်းမှာ ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေး၏။

စမ်းသပ်ချက်မျှော်စင်က မိုဝန်ထျန်း၏ စွမ်းအားကို မြှင့်တင်ပေးခဲ့သော်လည်း။

သို့သော် ၎င်းက စမ်းသပ်မှု ဝင်နေသူများအတွက် ချမ်ချန်ကန်း၏ ယာယီ လက်ဆောင်သာ ဖြစ်သည်။

သူတို့ စမ်းသပ်ချက်မျှော်စင်မှ ထွက်ခွာသွားသည်နှင့် သူတို့၏ ကြီးမားသော စွမ်းအားကို ချမ်ချန်ကန်းက ပြန်လည် ရုပ်သိမ်းသွားမည် ဖြစ်၏။

ထို့ကြောင့် မိုဝန်ထျန်း၏ ကျင့်ကြံခြင်းမှာ အလွန်အားနည်းနေဆဲ ဖြစ်သည်။

သို့သော်လည်း ယခုအခါ သူ၏ အရည်အချင်း တိုးတက်လာခဲ့ပြီဖြစ်ရာ ဤနေရာတွင် ကျင့်ကြံခွင့်ရခြင်းမှာ ကံကောင်းခြင်းပင် ဖြစ်၏။

အဆင့်တက်လှမ်းမှု အမြန်နှုန်းမှာ အလွန် လျင်မြန်လှသည်။

ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် နှစ်ရက်သာ အချိန်ယူခဲ့ရ၏။

စုဆောင်းထားမှုများ ပေါက်ကွဲထွက်လာပြီး ငါးမှ နဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှစ၍ မိုဝန်ထျန်းမှာ ဟွာလုံမြို့ရှိ ဂိုဏ်းကြီးများ၏ အထင်အမြင်သေးခြင်း ခံခဲ့ရသော အမှိုက်တစ်ကောင် မဟုတ်တော့ပေ။

ပြီးတော့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်၏။

ချမ်ချန်ကန်းနှင့် ပတ်သက်၍မူ သူက မိုဝန်ထျန်းကို တပည့်အဖြစ် လက်ခံခဲ့သော်လည်း။

မိုဝန်ထျန်းကို သူ ကိုယ်တိုင် မသင်ကြားပေးခဲ့ချေ။

မည်သို့ပင်ဆိုစေ ချမ်ချန်ကန်းက သူ့ကိုယ်သူ အခြေအနေကို ကောင်းစွာ သိရှိထား၏။

ထို့ကြောင့် သူက မိုဝန်ထျန်းကို ကိုယ်တိုင် မသင်ကြားပေးဘဲ မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာကိုသာ သင်ကြားခိုင်းခဲ့သည်။

မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာက ချမ်ချန်ကန်း၏ အမိန့်ကို လက်ခံရရှိသောအခါ အလွန်ပင် ဝမ်းသာဂုဏ်ယူသွားခဲ့၏။

မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ၏ မျက်လုံးထဲတွင် ချမ်ချန်ကန်းက အတိုင်းအဆမသိ နက်နဲလှပြီး မိုဝန်ထျန်းကို တပည့်အဖြစ် လက်ခံလိုက်ခြင်းက မိုဝန်ထျန်းအတွက် ဂုဏ်ယူစရာပင် ဖြစ်သည်။

ပြီးတော့ မိုဝန်ထျန်းကို ယာယီသင်ကြားပေးရန် ချမ်ချန်ကန်း၏ အမိန့်ပေးခြင်းကို ခံလိုက်ရသည်မှာ သူ၏ အရည်အချင်းကို အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ဤသည်က မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာကို မည်သို့လျှင် ဝမ်းသာဂုဏ်ယူ မဖြစ်စေဘဲ နေမည်နည်း။

ချမ်ချန်ကန်းက သူ့ကို အသိအမှတ်ပြုမှုအပေါ် တန်ဖိုးထားသည့်အနေဖြင့် မိုဝန်ထျန်းကို သေချာသင်ကြားပေးမည်ဟု သူက ကျိန်ဆိုလိုက်သည်။

သေချာပေါက် ချမ်ချန်ကန်း၏ အမြင်က အလွန် တိကျလှ၏။

မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာက မိုဝန်ထျန်းကို အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ပေးခဲ့သည်။ တိုက်ခိုက်ရေးစွမ်းအားပဲ ဖြစ်ဖြစ်၊ တိုက်ခိုက်ရေး အတွေ့အကြုံပဲ ဖြစ်ဖြစ်၊ အလားအလာ အပြည့်ပါဝင်တဲ့ နဂါးကျောရိုးကို ဖွင့်လှစ်ပေးတာပဲ ဖြစ်ဖြစ်၊ ဤအရာများက မျက်စိတစ်ဖက်လပ်အင်မော်တယ်အင်ပါယာ၏ စွမ်းဆောင်ရည်ကို သက်သေပြရန် လုံလောက်လှပေသည်။

မိုဝန်ထျန်းကို သင်ကြားပေးရန်မှာ သူနှင့် ပို၍ သင့်လျော်ပေသည်။

ထို့ထက်ပို၍ ချမ်ချန်ကန်းက မိုဝန်ထျန်းကို တပည့်အဖြစ် လက်ခံထားပြီး ဖြစ်သော်လည်း လောလောဆယ်တွင် သူ့ကို မည်သည့်အရာမျှ သင်ကြားပေးရန် မရည်ရွယ်ထားချေ။ မည်သို့ပင်ဆိုစေ သူ့တွင် လုပ်စရာ ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသေးသည် မဟုတ်ပါလော။

ယခုအခါ တပည့်လက်ခံပွဲ ပြီးဆုံးသွားသည်မှာ နှစ်ရက် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်ရက်အတွင်း ကျင့်ကြံသူများစွာက သူ၏ ပြိုင်ဘက်ကင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ သေချာပေါက် အရင်သေဆုံးပြီးမှ ပြန်လည်ရှင်သန်လာရသည့် လုပ်ငန်းစဉ်က ရှောင်လွှဲ၍ မရနိုင်ပေ။

ထို့အပြင် အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းနှင့် ပတ်သက်သော သတင်းများက ယခုအခါ ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးနီးပါးကို ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

၎င်းက ကျူးရှိူ့တိုက်ကြီးကို လုံးဝ တုန်လှုပ်သွားစေခဲ့ပြီး နေ့စဉ်နှင့်အမျှ ကျင့်ကြံသူများစွာ ရောက်လာခဲ့ကြ၏။

လွန်ခဲ့သော နှစ်ရက်အတွင်းပင်လျှင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှ အစွမ်းထက်သူ အနည်းငယ် ရောက်လာကြောင်း ချမ်ချန်ကန်း တွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းအတွက် ဖြစ်လောက်ပေသည်။

ထို့အပြင် တပည့်လက်ခံပွဲနှင့် ပတ်သက်သော သတင်းများကလည်း ယခုအခါ ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။

တပည့်လက်ခံပွဲသို့ လူပေါင်း သိန်းနှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။ နောက်ဆုံးတွင် အင်မော်တယ်နယ်မြေမှ ပါရမီရှင် ပိုင်ယွဲ့နှင့် မိုဝန်ထျန်းဟု အမည်ရသော ဒေသခံ ပါရမီရှင်တို့က ထင်ရှားလာခဲ့၏။ နောက်ဆုံး ယှဉ်ပြိုင်မှုမှာ နှစ်ယောက်စလုံး သေဆုံးသွားခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။

နောက်ဆုံးတွင် သူတို့နှစ်ယောက်စလုံးက ချမ်ချန်ကန်း၏ တပည့်များ ဖြစ်လာခဲ့ကြ၏။

ပြီးတော့ ထိုကျူးရှိူ့ဒယ်စောက်ကို ပိုင်ယွဲ့က ရရှိသွားပြီး မကြာမီမှာပင် ပိုင်ယွဲ့က ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်လာတော့မည် ဖြစ်သည်။

မိုဝန်ထျန်းနှင့် ပတ်သက်၍မူ။

ကျူးရှိူ့တိုက်ကြီးတွင် သူ့အကြောင်းကို ပြောဆိုနေကြသူ အများအပြား ရှိနေ၏။

မည်သို့ပင်ဆိုစေ မိုဝန်ထျန်းက အရင်က အမည်မသိ တစ်ယောက်ဖြစ်ခဲ့ပြီး သူ၏ နာမည်ကို တစ်ခါမျှပင် မကြားခဲ့ဖူးချေ။ နောက်ဆုံးတွင် သူက မှောင်မိုက်နေသော မြင်းတစ်ကောင်ကဲ့သို့ အံ့မခန်း ဖြစ်လာခဲ့ပြီး တပည့်လက်ခံပွဲမှနေ၍ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြပေ။

သေချာပေါက် သူတို့က မိုဝန်ထျန်းအပေါ် အားကျနေခဲ့ကြသည်က အမှန်ပင် ဖြစ်၏။

မည်သို့ပင်ဆိုစေ မိုဝန်ထျန်းက ပိုင်ယွဲ့နှင့်အတူ သေဆုံးသွားနိုင်ခြင်းက သူ၏ စွမ်းအားကို သက်သေပြနေပြီ ဖြစ်သည်။

ကျူးရှိူ့တိုက်ကြီး၏ ဒေသခံ ပါရမီရှင်များကလည်း အင်မော်တယ်နယ်မြေမှ ပါရမီရှင်များထက် မနိမ့်ကျနိုင်ကြောင်း ပေါ်လွင်သွားစေခဲ့၏။

ဖေးရှန့်တောင်ပေါ်တွင် ချမ်ချန်ကန်းက ပြိုင်ဘက်ကင်းနယ်မြေ၏ အပြောင်းအလဲများကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးများက တောက်ပသော အလင်းရောင်များဖြင့် အရောင်လက်သွားသည်။

“အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းသတင်း ထွက်ပေါ်လာတာနဲ့အမျှ ကျင့်ကြံသူတွေ ပိုရောက်လာပြီး လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ကျင့်ကြံသူ အများအပြား အဆင့်တက်သွားကြလို့ နယ်မြေတန်ဖိုး အများကြီး ရလိုက်တယ်... ဒါ့အပြင် မိုဝန်ထျန်းရဲ့ သိုလှောင်လက်စွပ်ထဲက အင်မော်တယ်ကျောက်တုံးတွေကို နယ်မြေတန်ဖိုးအဖြစ် ပြောင်းလဲလိုက်တာက အခုဆို ငါ့ရဲ့ ပြိုင်ဘက်ကင်းနယ်မြေကို တောင်ပေါင်းတစ်သိန်းတောင်တန်းတစ်ခုလုံး လွှမ်းခြုံဖို့ လုံလောက်သွားပြီ...”

စကားပြောပြီးနောက် ချမ်ချန်ကန်း၏ အတွေးများက လှုပ်ရှားသွားပြီး နယ်မြေတန်ဖိုးများကို အသုံးပြုလိုက်၏။

တစ်မုဟုတ်ချင်းပင် သူ၏ ပြိုင်ဘက်ကင်းနယ်မြေက ကျယ်ပြောလှသော သမုဒ္ဒရာကြီး တစ်ခုကဲ့သို့ လှိုင်းလုံးကြီးများ ရိုက်ခတ်ကာ ပိုမို ဝေးကွာသော နေရာများဆီသို့ တစ်ဟုန်ထိုး ထွက်ပေါ်သွားပြီး ပြိုင်ဘက်ကင်းနယ်မြေ၏ နယ်ပယ်က အလျင်အမြန် ချဲ့ထွင်သွားတော့သည်။

All Chapters