← Chapters

အခန်း ၂၆၄

Vol. 23 Ch. 264

အခန်း ၂၆၄

Vol. 23 Ch. 264

အခန်း (၂၆၄) ဝမ်ရှန်း အင်မော်တယ်စာကြည့်တိုက်၊ ကျူးရှိူ့တက်လှမ်းခြင်း စီမံကိန်း

ပြိုင်ဘက်ကင်းနယ်မြေ၏ ကျယ်ပြန့်လာမှုသည် ပင်လယ်လှိုင်းတံပိုးများကဲ့သို့ပင် အဝေးသို့ ရိုက်ခတ်သွား၏။ ထိုနည်းတူစွာပင် အင်မော်တယ်နယ်မြေ၏ အဆက်မပြတ် ကျယ်ပြန့်လာမှုကလည်း တစ်ပါတည်း ပါဝင်လာလေသည်။ ဤသည်က ပြိုင်ဘက်ကင်းနယ်မြေအတွင်းရှိ ကျင့်ကြံသူများစွာကို သတိပြုမိသွားစေ၏။ သူတို့က အာမေဍိတ်သံများ ပြုလိုက်ကြသည်။ စီနီယာ အရင်က ပြောခဲ့သည့်အတိုင်းပင် ဖြစ်၏။ ဤအင်မော်တယ်နယ်မြေက ပို၍ပို၍ ကြီးမားလာနိုင်ပေသည်။

သို့ဖြစ်ရာ တကယ်တမ်း၌ ဤအင်မော်တယ်နယ်မြေသည် တစ္ဆေပြည်နယ်အထိ သို့မဟုတ် တစ်ခုလုံးသော ကျူးရှိူ့တိုက်ကြီးအထိ ဆက်လက် ကြီးထွားသွားနိုင်မည်လော။ ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးက အင်မော်တယ်နယ်မြေအဖြစ် အလုံးစုံ ပြောင်းလဲသွားမည်လော။ သူတို့မှာ သိချင်စိတ်ကို မထိန်းနိုင်ကြတော့ချေ။

မဟုတ်ပေ။ သိချင်စိတ်သက်သက်ကြောင့် မဟုတ်ချေ။ မျှော်လင့်ခြင်းကြောင့်သာ ဖြစ်၏။

အင်မော်တယ်နယ်မြေ၏ အရေးပါမှုက သူတို့အတွက် ထင်ရှားလှပေသည်။ အကယ်၍ အင်မော်တယ်နယ်မြေက ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်မည်ဆိုပါက ကျူးရှိူ့တိုက်ကြီးအတွက်ကား.. အကျိုးကျေးဇူးသာရှိပြီး အန္တရာယ်မရှိနိုင်ပေ။ ကျင့်ကြံသူ အားလုံးကို သူတို့၏ ကျင့်ကြံခြင်းကာလတစ်လျှောက်လုံး အကောင်းဆုံးသော ပတ်ဝန်းကျင်၌ အမြဲတစေ ရှိနေစေနိုင်မည် ဖြစ်သည်။

ပြိုင်ဘက်ကင်းနယ်မြေအတွင်း လှိုင်းထနေသော အင်မော်တယ်စွမ်းအင်များကို မရေမတွက်နိုင်သော ကျင့်ကြံသူများက စုပ်ယူလိုက်ကြ၏။ ထို့နောက် မိမိကိုယ်ကိုယ် တိုးတက်စေကြလေသည်။

အစပိုင်းတုန်းကတော့ ကျူးရှိူ့တိုက်ကြီးရှိ ဤကျင့်ကြံသူများသည် အဆင့်နိမ့် စိတ်ဝိညာဉ်စွမ်းအင်များကိုသာ စုပ်ယူခဲ့ရ၏။ ယခုအခါ သူတို့ တောင်ပေါင်းတစ်သိန်းတောင်တန်းသို့ ရောက်လာသောအခါ သူတို့ စုပ်ယူရသည်မှာ အင်မော်တယ်စွမ်းအင် ဖြစ်လာခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များ ပိုမိုသန်စွမ်းလာရုံသာမက သူတို့၏ ခန္ဓာကိုယ်အတွင်း အံ့မခန်းဖွယ် အင်မော်တယ် တာအိုစည်းချက်များပင် ကိန်းအောင်းလာစေခဲ့၏။ သူတို့သာ အင်မော်တယ်များအဖြစ် တက်လှမ်းနိုင်သွားသည်နှင့် အင်မော်တယ်နယ်မြေရှိ မူလအင်မော်တယ်များထက် သေချာပေါက် ပိုမို အစွမ်းထက်လာကြမည် ဖြစ်သည်။

အထက်ဘုံရှိ အင်မော်တယ်များစွာပင် ဤကျင့်ကြံသူများကဲ့သို့သော အခွင့်အရေးမျိုး မရရှိကြသည်ကို သိထားရမည် ဖြစ်၏။ မည်သို့ပင်ဆိုစေ အထက်ဘုံ၌ အင်မော်တယ်နယ်မြေဆိုသည်မှာ အင်အားကြီး အင်မော်တယ်မျိုးနွယ်စုများအကြား၌သာ တည်ရှိလေသည်။ အထူးသဖြင့် အင်မော်တယ်နယ်မြေ၏ အရည်အသွေး ပိုမြင့်လေလေ၊ ၎င်း၏ နယ်ပယ်က ပို၍ သေးငယ်လေလေဖြစ်ပြီး အင်အားကြီး အဖွဲ့အစည်းများ၏ အကောင်းဆုံးသော သူများသာလျှင် ခံစားခွင့် ရှိကြလေသည်။

ယခုအချိန်တွင်မူ ကျူးရှိူ့တိုက်ကြီး၏ အင်မော်တယ်နယ်မြေအတွင်းရှိ အင်မော်တယ်စွမ်းအင်များသည် ကြွယ်ဝပြီး ကြီးမားရုံသာမက အလွန်အမင်း သန့်စင်နေသေး၏။ အထက်ဘုံ၌ပင် ယင်းနှင့် နှိုင်းယှဉ်နိုင်သော အင်မော်တယ်စွမ်းအင် ပါရှိသည့် မည်သည့် အင်မော်တယ်နယ်မြေမှ မရှိပေ။

တွေးကြည့်နိုင်ပေသည်။ ကျူးရှိူ့တိုက်ကြီးမှ ကျင့်ကြံသူများ ဤအင်မော်တယ်နယ်မြေ၌ ကျင့်ကြံခွင့်ရခြင်းက မည်မျှ ကံကောင်းလှသနည်း။ မည်မျှ ဇိမ်ကျလှသနည်း..။

ချမ်ချန်ကန်းက ဖေးရှန့်တောင်ထိပ်၌ ရပ်နေ၏။ အဖြူရောင်ဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ် လွင့်လူးနေသည်။ ဆံပင်များ လွင့်ပျံနေပြီး တစ်ကိုယ်လုံးက ပို၍ပင် တင့်တယ်နေကာ သူ၏ အရှိန်အဝါက လောကတွင် ရှာမတွေ့နိုင်လောက်အောင် ထူးကဲပြီး သန့်စင်နေ၏။ မြင်ရသူတိုင်းက ချမ်ချန်ကန်းကို ပြိုင်ဘက်ကင်း ဆရာသခင်တစ်ပါးဟု ထင်မှတ်သွားကြမည် ဖြစ်သည်။

သူက အဝေးသို့ လှမ်းကြည့်လိုက်ပြီး ပြိုင်ဘက်ကင်းနယ်မြေ၏ ကျယ်ပြန့်လာမှုကို အာရုံခံလိုက်သည်။ နယ်မြေတန်ဖိုး အမြောက်အမြားကို သုံးစွဲလိုက်ပြီးနောက်.. ယနေ့တွင် သူ၏ ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်း တစ်ခုလုံးကို အလုံးစုံ လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။ ကျယ်ပြောလှသော လောကကြီးနှင့်တကွ ၎င်းအတွင်း၌ နေထိုင်ကြသော မရေမတွက်နိုင်သည့် သက်ရှိအားလုံးက သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားကြ၏။

ချမ်ချန်ကန်း၏ မျက်လုံးများက နက်ရှိုင်းသွားသည်။ ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းကို လွှမ်းခြုံသွားပြီးနောက် ချမ်ချန်ကန်းက နယ်မြေချဲ့ထွင်ခြင်းကို ယာယီ ရပ်တန့်လိုက်၏။ သူ၏ ရည်ရွယ်ချက်က အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခု ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းကို လွှမ်းခြုံသွားချိန်တွင် ပြိုင်ဘက်ကင်းနယ်မြေ စနစ် ဗားရှင်း ၅.၀ မှ ဗားရှင်း ၆.၀ သို့ အဆင့်မြှင့်တင်ရန်အတွက် အခြေခံ လိုအပ်ချက်များ သူ ပြည့်မီသွားပြီ ဖြစ်သောကြောင့်တည်း။

နောက်ထပ်အနေဖြင့် ပြိုင်ဘက်ကင်းနယ်မြေ ဗားရှင်း ၆.၀ ကို အဆင့်မြှင့်တင်ရန် မည်သည့် အခြေအနေများ လိုအပ်မည်ကို ကြည့်ကြရမည်။ သူ့ကို အခြားတစ်ခုခု လုပ်ခိုင်းဦးမည်လော။

“စနစ်.. ဆက်ပြီး အဆင့်မြှင့်တင်ဖို့ အခြေအနေတွေကို ငါ့ကို ပြောပြစမ်း… ”

“စနစ်၏အသိပေးချက်.. လက်ရှိ ပိုင်ရှင်က အခြေခံ အဆင့်မြှင့်တင်ရေး လိုအပ်ချက်များနှင့် ပြည့်မီကြောင်း ထောက်လှမ်းသိရှိရပြီး ပြိုင်ဘက်ကင်းနယ်မြေ ဗားရှင်း ၆.၀ အတွက် အဆင့်မြှင့်တင်ရေး အခြေအနေများကို ဖွင့်လှစ်လိုက်သည်… ”

“အဆင့်မြှင့်တင်ရေး အခြေအနေ ၁.. အောက်ဘုံကို တက်လှမ်းစေပြီး ကျူးရှိူ့တိုက်ကြီးအား ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲကာ ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေများအတွင်းသို့ ပေါင်းစည်းရန်… ”

“အဆင့်မြှင့်တင်ရေး အခြေအနေ ၂.. ကိုယ်ပိုင်ရှင်သည် နယ်မြေတန်ဖိုး သန်း ၂၀ ပြင်ဆင်ထားရန် လိုအပ်သည်… ”

“စနစ် အဆင့်မြှင့်တင်မှု အောင်မြင်ပါက ပြိုင်ဘက်ကင်းနယ်မြေ ၆.၀ ၏ လုပ်ဆောင်ချက်အသစ် ဝမ်ရှန်း အင်မော်တယ်စာကြည့်တိုက်ကို ဖွင့်လှစ်ပေးမည် ဖြစ်သည်… ”

“ဝမ်ရှန်း အင်မော်တယ်စာကြည့်တိုက်… ”

ချမ်ချန်ကန်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဤလုပ်ဆောင်ချက်အသစ်နှင့် ပတ်သက်၍ သူ မသိချေ။ သူ၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။ သူ့အတွက် နယ်မြေတန်ဖိုး သန်း ၂၀ ပြင်ဆင်ရန်မှာ ခက်ခဲသောကိစ္စ မဟုတ်ပေ။ သို့သော် အဆင့်မြှင့်တင်ရန်အတွက် ပထမဆုံး အခြေအနေမှာ အောက်ဘုံကို တက်လှမ်းစေပြီး ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်နေ၏။

အောက်ဘုံတွင် ထိုသို့သော ကိစ္စမျိုးကို သူ တစ်ခါမှ မကြားဖူးချေ။ ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် မည်သို့ ပြောင်းလဲရမည်နည်းဟု စနစ်ကို သူ မေးလိုက်သည်။ သို့သော်လည်း စနစ်က သူ့ကို မည်သို့မျှ တုံ့ပြန်ခြင်းမရှိသဖြင့် ချမ်ချန်ကန်းကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားစေ၏။

“ကြည့်ရတာ ပိုင်ယွဲ့လေးကိုပဲ မေးကြည့်လို့ ရတော့မယ်.. သူက အထက်ဘုံကလာတာ ဆိုတော့ တစ်ခုခုတော့ သိလောက်မှာပါ… ”

ထို့နောက် ချမ်ချန်ကန်းက ပျောက်ကွယ်သွားပြီး ဖေးရှန့်တောင်ပေါ်ရှိ ကျင့်ကြံခြင်း နန်းတော်တစ်ခုအတွင်း ပေါ်လာ၏။

ယခုအချိန်၌ ပိုင်ယွဲ့က ကျူးရှိူ့ဒယ်စောက်နှင့် ဟန်ချက်ညီစွာ ရှိနေသည်။ သူမက ကောင်းကင်တာအိုကို သန့်စင်နေပြီး ကောင်းကင်တာအို၏ အစောင့်အရှောက်အဖြစ် ပြောင်းလဲနေခြင်း ဖြစ်၏။ ယခုအခါ ကောင်းကင်တာအိုမှာ ပိုင်ယွဲ့၏ အဆက်မပြတ် သန့်စင်မှုကို ခံနေရသဖြင့် ပိုင်ယွဲ့နှင့် ကောင်းကင်တာအိုတို့ ပေါင်းစည်းသွားကာ သူမအနေဖြင့် ကျူးရှိူ့တိုက်ကြီးအပေါ် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရရှိနေပြီ ဖြစ်သည်။

နောက်ထပ် ရက်အနည်းငယ်ခန့် ဆက်လက် သန့်စင်ပြီးပါက ပိုင်ယွဲ့မှာ ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်လာနိုင်မည် ဖြစ်၏။

ထိုစဉ် ချမ်ချန်ကန်းက ပိုင်ယွဲ့၏ရှေ့တွင် ပေါ်လာလေသည်။

ယခု ပိုင်ယွဲ့မှာ ကောင်းကင်တာအိုကို သန့်စင်ထားမှုကြောင့် အလွန်အမင်း အစွမ်းထက်နေပြီဖြစ်ရာ ကျူးရှိူ့တိုက်ကြီးအတွင်းရှိ အသန်မာဆုံးသော အင်မော်တယ်တစ်ပိုင်းများပင် သူမ၏ ပြိုင်ဘက် မဟုတ်တော့ချေ။ သေချာပေါက်ပင် အောက်ဘုံမှ အင်မော်တယ်များကလည်း သူမ၏ ပြိုင်ဘက်များ မဟုတ်ကြပေ။ ဤသည်က ကျူးရှိူ့ဒယ်စောက်ကို တာဝန်ယူပြီး ကျူးရှိူ့ကို လွှမ်းမိုးသွားပြီးနောက် ထွက်ပေါ်လာသည့် ထိတ်လန့်ဖွယ်ရာ စွမ်းအားဖြစ်ပြီး မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ချေ။

သို့သော်လည်း ပိုင်ယွဲ့က ရုတ်တရက် ပေါ်လာသော ချမ်ချန်ကန်းကို ကြည့်လိုက်၏။ သူမက ကြည်ညိုလေးစားမှုတို့ဖြင့် သူမ၏ လှပသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ တိတ်တဆိတ် ပေါ်လာခြင်းဖြစ်ရာ ယခု သူမအနေဖြင့် ကောင်းကင်တာအိုကို သန့်စင်နေသော်ငြားလည်း သူမ လုံးဝ သတိမထားမိခဲ့ပေ။

ဆရာက အကဲခတ်၍ မရနိုင်လောက်အောင် နက်နဲဆဲပင်။ သူ့ကို ကြည့်ရသည်မှာ အဆုံးအစမရှိသော နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခုကို ကြည့်နေရသကဲ့သို့ ရှိ၏။ အလွန် ရိုသေကြောက်ရွံ့ဖွယ် ကောင်းလှပေသည်။ ဆရာ၏ စွမ်းအားကို သာမန် အသိတရားများဖြင့် တိုင်းတာ၍ မရနိုင်သည်မှာ သေချာလှသည်။ သူမအနေဖြင့် ကောင်းကင်တာအို၏ အစောင့်အရှောက် ဖြစ်လာလျှင်တောင်မှ။ သို့သော်လည်း ပိုင်ယွဲ့မှာ ဆရာ၏ ပြိုင်ဘက် သေချာပေါက် ဖြစ်လာမည် မဟုတ်ချေ။

“ဆရာ… ”

ပိုင်ယွဲ့က မတ်တတ်ထရပ်၍ ရိုသေစွာ ပြောလိုက်သည်။

ချမ်ချန်ကန်းက ပြုံးလိုက်၏။

“ပိုင်ယွဲ့.. ကောင်းကင်တာအိုကို သန့်စင်ရတာ ဘယ်လိုနေလဲ… ”

“ဆရာ့ကို အစီရင်ခံပါတယ်.. ကောင်းကင်တာအိုကို သန့်စင်ဖို့ ရက်အနည်းငယ်လောက် အချိန်ယူရဦးမယ်.. အများဆုံး သုံးရက်နေရင်တော့ တပည့် ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ဖြစ်လာပြီး ကျူးရှိူ့ကို တာဝန်ယူနိုင်ပါပြီ… ”

“ကောင်းတယ်… ”

ပိုင်ယွဲ့၏ အမြီးလေးမှာ ဖြည်းညင်းစွာ လှုပ်ရမ်းသွားပြီး ချမ်ချန်ကန်း ရောက်လာသည့်အတွက် သူမ၏ စိတ်နှလုံးကို အလွန်အေးချမ်းသွားစေ၏။ ဤခံစားချက်မျိုးကို သူမ သဘောကျလေသည်။ ဆရာနှင့်အတူ ရှိနေရသည်ကိုလည်း သဘောကျ၏။

“ပိုင်ယွဲ့.. ငါ မင်းကို မေးစရာတစ်ခုရှိတယ်… ”

“ဆရာ. ပြောပါ… ”

“ကျူးရှိူ့တိုက်ကြီးကို ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲပြီး ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေတွေထဲ ပေါင်းစည်းသွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ မင်း သိလား… ”

ချမ်ချန်ကန်း၏ စကားကြောင့် ပိုင်ယွဲ့ အံ့အားသင့်သွားသည်။

“ဆရာ.. ဆရာက ကျူးရှိူ့တိုက်ကြီးကို ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေတွေထဲက တစ်ခုအဖြစ် ပြောင်းလဲချင်လို့လား… ”

ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်၏။

“သေချာတာပေါ့… ”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါက သိပ်မရှင်းဘူး.. ဒါကြောင့် မင်း ဒီအပိုင်းကို နားလည်လား ဆိုတာ လာမေးတာပဲ… ”

ပိုင်ယွဲ့က ခေါင်းညိတ်လိုက်သော်လည်း သူမ၏ အမူအရာက အနည်းငယ် လေးနက်တည်ကြည်သွားသည်။

“ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ဖြစ်လာပြီးနောက် တပည့်က အဲ့ဒီအချက်အလက်ကို ရခဲ့တယ်… ”

“အိုး… ”

“ဆရာ.. ဒါက အောက်ဘုံရဲ့ သတင်းအချက်အလက် ဖြစ်သလို ကောင်းကင်တာအို အစောင့်အရှောက်တိုင်းရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်… ”

“ဒါပေမဲ့ ဒီရည်မှန်းချက်ကို ပြီးမြောက်အောင်လုပ်ဖို့ အရမ်းခက်ခဲပါတယ်.. အချိန်ကုန်၊ လူပင်ပန်းဖြစ်ရတဲ့အပြင် မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေလည်း ကုန်ကျပါသေးတယ်.. အောက်ဘုံကို တက်လှမ်းစေပြီး အင်မော်တယ်နယ်မြေထဲ ပေါင်းထည့်ဖို့ဆိုတာ မပြောနဲ့ဦး.. တခြား အင်မော်တယ်နယ်မြေတွေနဲ့ ယှဉ်လိုက်ရင် သူက အရမ်းသေးငယ်နေသေးတာလေ.. တခြားအင်မော်တယ်နယ်မြေတွေရဲ့ သိမ်းပိုက်တာကို ခံရနိုင်ချေလည်း ရှိတယ်.. ဒါက ကောင်းကင်တာအို အစောင့်အရှောက်အတွက်ဆိုရင် သန့်စင်ထားတဲ့ ကောင်းကင်တာအို ပျက်စီးသွားပြီး ပြင်းပြင်းထန်ထန် တန်ပြန် သက်ရောက်မှုကိုလည်း ခံရနိုင်ပါတယ်… ”

“ဒါကြောင့် တခြားအောက်ဘုံတွေမှာ အင်မော်တယ်နယ်မြေကလာတဲ့ ပါရမီရှင်တွေဟာ ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ဖြစ်လာပြီးနောက် အောက်ဘုံကို စွန့်လွှတ်လိုက်ကြတာ များတယ်.. သူတို့က ကျင့်ကြံခြင်းအဆင့် တက်သွားတဲ့အထိ စောင့်ပြီး အင်မော်တယ်နယ်မြေကို တိုက်ရိုက် ပြန်သွားကြတာပါ… ”

ချမ်ချန်ကန်းက သူ၏ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်၏။

“ဒီလိုဆိုတော့ အောက်ဘုံဆိုတာ အင်မော်တယ်နယ်မြေရဲ့ အရှင်သခင်နေရာကို လုဖို့အတွက် သူတို့ စွန့်ပစ်သွားတဲ့ နေရာသက်သက်ပဲပေါ့… ”

ပိုင်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ် ဆရာ… ”

“ဒါပေမဲ့ ဆရာက ကျူးရှိူ့တိုက်ကြီးကို အင်မော်တယ်နယ်မြေအဖြစ် တက်လှမ်းစေချင်တယ်ဆိုတော့ တပည့်က ဆရာ့ရဲ့ တာဝန်ကို ပြီးမြောက်အောင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်… ”

ပိုင်ယွဲ့က ခိုင်မာသော မျက်ဝန်းများဖြင့် ပြောလိုက်၏။

ချမ်ချန်ကန်းက ပိုင်ယွဲ့၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ ထပ်မံ၍ ခေါင်းလေးအား ပွတ်သပ် အလိုလိုက်ခံရသဖြင့် ပိုင်ယွဲ့ မျက်နှာလေး ရဲတွတ်သွားပြီး ခေါင်းငုံ့ထားလေရာ သူမ၏ အလှတရားမှာ အတိုင်းအဆမရှိဖြစ်နေပြီး သူမအနောက်မှ အမြီးလေးက ဖြည်းညင်းစွာ လှုပ်ရမ်းနေ၏။

“ဒါဆို ကျူးရှိူ့တိုက်ကြီးကို တက်လှမ်းစေပြီး အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲဖို့ ဘာတွေ လုပ်ရမလဲ… ”

ချမ်ချန်ကန်းက မေးလိုက်သည်။

ပိုင်ယွဲ့က ချမ်ချန်ကန်း၏ ယုယပွတ်သပ်မှုကို အလွန်သဘောကျနေ၏။ အလွန်နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှကာ သူမ၏ တစ်ကိုယ်လုံး နွေးထွေးသွားသည်။ သူမက ချမ်ချန်ကန်း၏ ယုယပွတ်သပ်မှုကို ခံယူရင်း မျက်နှာလေး ရဲတွတ်ကာ ခေါင်းငုံ့ထားလျက် တစ်ပြိုင်နက် ပြောလိုက်သည်။

“ဆရာ. ကျူးရှိူ့တိုက်ကြီးကို တက်လှမ်းစေချင်တယ်ဆိုရင် အင်မော်တယ် ကျောက်တုံးတွေ အများကြီး လိုအပ်တယ်.. ပြီးတော့ ကျူးရှိူ့တိုက်ကြီးရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှာ တက်လှမ်းခြင်း အစီအရင်ကြီးတစ်ခု တည်ဆောက်ရမယ်.. အဲဒီနောက်မှာ ကျူးရှိူ့တိုက်ကြီးကို တက်လှမ်းခြင်း ကပ်ဘေး ကျရောက်စေရမယ်.. အဲဒီကပ်ဘေးကို ကျော်ဖြတ်နိုင်တာနဲ့ ကျူးရှိူ့တိုက်ကြီးက ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်… ”

All Chapters