← Chapters

အခန်း ၂၆၅

Vol. 23 Ch. 265

အခန်း ၂၆၅

Vol. 23 Ch. 265

အခန်း (၂၆၅) ပန်းများသဖွယ် ဆက်နွှယ်နေသော ဟွာလုံမြို့

ပိုင်ယွဲ့၏ စကားကို ကြားပြီးနောက် ချမ်ချန်ကန်းက ကျူးရှိူ့တိုက်ကြီးကို အင်မော်တယ်နယ်မြေအဖြစ် မည်သို့ ပြောင်းလဲရမည်ကို အနည်းငယ် နားလည်သွား၏။

သို့သော်လည်း ပြောရမည်ဆိုလျှင် တက်လှမ်းခြင်း အစီအရင်ကို မည်သို့ ပြင်ဆင်ရမည်နည်း။ သူ ခန့်မှန်း၍ပင် မရချေ။

ပိုင်ယွဲ့က အနည်းငယ် ပြုံးလိုက်သည်။

“ဆရာ... တက်လှမ်းခြင်းအစီအရင် ပြင်ဆင်ဖို့ကို တပည့်ကိုသာ လွှဲထားလိုက်ပါ...”

“ကောင်းပြီ...”

တက်လှမ်းခြင်း ကပ်ဘေးနှင့် ပတ်သက်၍မူ ချမ်ချန်ကန်းက ထိုကပ်ဘေးကို ရင်ထဲ၌ အလေးအနက် မထားပေ။

တက်လှမ်းခြင်း ကပ်ဘေးက မည်မျှပင် အားကောင်း၍ ကြောက်မက်ဖွယ် ကောင်းနေပါစေ ချမ်ချန်ကန်းအတွက်တော့ ဘာမှမဟုတ်ချေ။

ပြိုင်ဘက်ကင်းနယ်မြေထဲတွင် ရှိနေသရွေ့ သူက အလွယ်တကူ ခုခံနိုင်မည် ဖြစ်၏။

“အဲဒါဆိုရင် အင်မော်တယ် ကျောက်တုံးတွေပဲ လိုတော့တယ်...”

ပိုင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။

ချမ်ချန်ကန်းက ပြောလိုက်၏။

“ပိုင်ယွဲ့... အောက်ဘုံရဲ့ တက်လှမ်းခြင်း ကိစ္စတွေအတွက် မင်း အရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး... သေချာ ကျင့်ကြံပြီး မင်းလုပ်စရာရှိတာကိုသာ လုပ်ပါ...”

ပိုင်ယွဲ့နှင့် ဆွေးနွေးပြီးနောက် သူက တိုက်ရိုက် ထွက်ခွာသွားသည်။

အခြားတစ်ဖက်တွင်မူ မိုဝန်ထျန်းက သူ၏ ကျင့်ကြံခြင်းအဆင့်သည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားပြီးနောက် ကျင့်ကြံခြင်းကို ခေတ္တမျှ ရပ်နားလိုက်၏။

သူနှင့် မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာတို့က ချမ်ချန်ကန်းထံသို့ ရောက်လာကြသည်။

မိုဝန်ထျန်းက ရိုသေလေးစားစွာဖြင့် စကားစလိုက်၏။

“ဆရာ...”

ချမ်ချန်ကန်းသည် စနစ် အဆင့် ၆ ဒသမ ဝ သို့ မြှင့်တင်ရေးကို တွေးတောနေစဉ် မိုဝန်ထျန်း၏ အသံကို ကြားလိုက်ရသဖြင့် မျက်လုံးများကို ဖွင့်၍ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

“”ဘာကိစ္စရှိလို့လဲ...”

မိုဝန်ထျန်း၏ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အထူးသဖြင့် မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာ၏ ဂရုတစိုက် လမ်းညွှန်မှုအောက်တွင် သူ၏ စွမ်းအားက အဆုံးစွန်ထိ တိုးတက်လာခဲ့၏။

ထို့ပြင် သူက ပါရမီပါပြီး ဉာဏ်ရည်ထက်မြက်သည့်အတွက် ထိုက်ကျိ လေ့ကျင့်ခန်းကိုလည်း အလွန် ကောင်းမွန်စွာ လေ့ကျင့်နိုင်ခဲ့သည်။

ချမ်ချန်ကန်းက မိုဝန်ထျန်းကဲ့သို့ တပည့်မျိုးကို အလွန် ကျေနပ်နေဆဲ ဖြစ်၏။

“ဆရာ့ကို တင်ပြချင်တာက ကျွန်တော် ဟွာလုံမြို့ကို ပြန်ချင်ပါတယ်...”

“ကျွန်တော် ဆရာ့ရဲ့ တပည့်ဖြစ်လာတဲ့အခါ ညီမလေးရူဟွာကို ပြန်ရှာမယ်လို့ ကတိပေးထားခဲ့ပါတယ်... ဆရာက ခွင့်ပြုပေးမယ်ဆိုရင် ညီမလေးရူဟွာကို ဖေးရှန့်တောင်မှာ လာနေဖို့ ခေါ်လာပါရစေ...”

“ရူဟွာ...”

ချမ်ချန်ကန်းမှာ ထိုအမည်နှင့် ပတ်သက်၍ ပြောစရာစကား ဆွံ့အသွားသည်။

“အင်မော်တယ်အင်ပါယာယီဟိုင်... ခင်ဗျား မိုဝန်ထျန်းနဲ့အတူ လိုက်သွားပေးပါ... ဝန်ထျန်းရဲ့ ကျင့်ကြံခြင်းက အရမ်း အားနည်းလွန်းသေးတယ်... တစ်ယောက်ယောက်က သူ့ကို တစ်ခုခု လုပ်မယ်ဆိုရင် သူ့ရဲ့ ရွှေအမြုတေအဆင့်လောက်နဲ့ လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး... ငါ့တပည့်အနေနဲ့ အပြင်ရောက်မှ အသတ်ခံရတယ်ဆိုရင် ရယ်စရာကြီး ဖြစ်နေလိမ့်မယ်...”

“အမိန့်အတိုင်းပါ စီနီယာ...”

မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာကို ကျန်းယီဟိုင် ဟုခေါ်ပြီး အင်မော်တယ်အင်ပါယာ ယီဟိုင် ဟုလည်း လူသိများ၏။

သူ ပြန်လည်ရှင်သန်လာခဲ့သော်လည်း အထက်ဘုံသို့ပြန်ရန် ရည်ရွယ်မထားပေ။

မျက်စိတစ်ဖက်လပ် အင်မော်တယ်အင်ပါယာကို ပို၍ အံ့အားသင့်စေသည်မှာ ဤနေရာ၌ သူသည် ကျူးရှိူ့တိုက်ကြီး၏ ဥပဒေဿများဖြင့် ဖိနှိပ်ခြင်း တစ်ခါမျှ မခံခဲ့ရခြင်း ဖြစ်သည်။

သူ နားမလည်သော်လည်း ဤအရာအားလုံးက ချမ်ချန်ကန်းနှင့် တစ်စုံတစ်ရာ ပတ်သက်နေမည်ဟု သူ ခန့်မှန်းမိ၏။

ထို့ကြောင့်ပင် အင်မော်တယ်အင်ပါယာ ယီဟိုင်၏ ရင်ထဲ၌ ချမ်ချန်ကန်းအား ပို၍ ကြောက်ရွံ့ ရိုသေလာခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဆရာ..”

ချမ်ချန်ကန်း၏ ခွင့်ပြုချက် ရရှိသွားသဖြင့် မိုဝန်ထျန်းမှာ အလွန် ဝမ်းသာသွား၏။

ထို့နောက် သူက အင်မော်တယ်အင်ပါယာ ယီဟိုင်နှင့်အတူ တောင်ပေါ်မှ ဆင်းရန် မစောင့်နိုင်တော့ချေ။

ဟွာလုံမြို့က စည်ကား သိုက်မြိုက်နေသည်။

တပည့်လက်ခံပွဲ ပြီးဆုံးသွားသည်မှာ ရက်အနည်းငယ် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး သတင်းက ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။

ဟွာလုံမြို့တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ လူတိုင်းက ထိုကိစ္စကို သိထားကြသည်။

အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်း သာမက တပည့်လက်ခံပွဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကိုပါ သိထားကြ၏။

နောက်ဆုံး တပည့်လက်ခံပွဲ အနိုင်ရရှိသူများ အပါအဝင် ထိုအကြောင်းအရာ အားလုံးကို သူတို့ သိထားကြသည်။

သဘာဝကျစွာပင် ထိုကိစ္စက ဆွေးနွေးပြောဆိုစရာများစွာ ဖြစ်ပေါ်စေခဲ့၏။

ယန်ယွီမျှော်စင်အတွင်း၌ တူရိယာ သံစဉ်များက အတောမသတ် ထွက်ပေါ်နေပြီး လှပချိုသာသော သီချင်းဆိုသံများလည်း ပျံ့လွင့်နေသည်။ မြင့်မားသော စင်မြင့်ပေါ်တွင် သွယ်လျလှပသော အမျိုးသမီးများက ကျက်သရေရှိစွာ ကပြ ဖျော်ဖြေနေကြ၏။

ကျင့်ကြံသူများကလည်း ခန်းမဆောင်အတွင်း၌ တပည့်လက်ခံပွဲ ကိစ္စကို ဆွေးနွေး ပြောဆိုနေကြသည်။

“တောင်ပေါင်းတစ်သိန်းတောင်တန်းဆီ သွားခဲ့တဲ့ ကျင့်ကြံသူတွေ ပြန်မလာကြသေးဘူး... အဲဒီမှာ အင်မော်တယ်နယ်မြေ ရှိတယ်လို့ ထင်ရပြီး အဲဒီမှာ ကျင့်ကြံရင် လျင်လျင်မြန်မြန် တိုးတက်နိုင်တယ်တဲ့...”

“ဟုတ်တယ်... စီနီယာရဲ့ တက်လှမ်းခြင်း စီမံကိန်းက စတင်နေပြီလို့ ကြားတယ်... ကံကောင်းသူတစ်ရာ ဆိုတာက စီနီယာက ကျင့်ကြံသူတစ်ရာကို အင်မော်တယ်အဖြစ် တက်လှမ်းစေနိုင်တာတဲ့... ဒါက တကယ့်ကို အံ့သြစရာပဲ... အဲဒီကံကောင်းသူ တစ်ရာထဲက တစ်ယောက် ဖြစ်လာဖို့ သေချာပေါက် နည်းလမ်း ရှာရမယ်...”

“မှန်တယ်...”

“ဒီနေ့စကပြီး ငါလည်း တောင်ပေါင်းတစ်သိန်းတောင်တန်းဆီ သွားဖို့ စီစဉ်ထားတယ်... တက်လှမ်းခြင်း စီမံကိန်းရဲ့ ကံကောင်းသူ တစ်ယောက် မဖြစ်ရင်တောင် အင်မော်တယ်နယ်မြေမှာ ကျင့်ကြံခွင့်ရတာက တကယ့်ကို ကောင်းမွန်လွန်းပါတယ်... အဲဒီမှာ စမ်းသပ်ချက်မျှော်စင် ရှိတယ်လို့လည်း ကြားတယ်...”

“စမ်းသပ်ချက်မျှော်စင်အကြောင်း ငါလည်း ကြားဖူးတယ်... အဆင့်တွေကို အောင်မြင်ရင် တန်ဖိုးကြီး ဆုလာဘ်တွေ ရနိုင်တယ်တဲ့... အရည်အချင်းတွေကိုပါ တိုးတက်စေနိုင်တယ် ထင်ရတယ်... ကျင့်ကြံသူတွေရဲ့ အဆင့်တက်ဖို့ ခက်ခဲနေတဲ့ အနေအထားကို ကူညီဖြေရှင်းပေးနိုင်တဲ့ ဆေးလုံးတွေတောင် ရှိတယ်... ဒါ့အပြင် တခြားဆေးလုံးတွေနဲ့ မှော်ဆေးဖက်ဝင် အပင်တွေလည်း ရှိသေးတယ်... အဲဒီအကြောင်း ငါ ပိုပြီး ကြားထားတာက အင်မော်တယ်နယ်မြေထဲက ကျင့်ကြံသူတွေထဲမှာ အများကြီး အဆင့်တက်သွားကြပြီတဲ့...”

“ငါတော့ မနာလိုဖြစ်မိတယ်...”

“တပည့်လက်ခံပွဲမှာ အနိုင်ရတဲ့သူ နှစ်ယောက် ရှိတယ်ဆိုတာ မင်းတို့ ကြားပြီးကြပြီလား... တစ်ယောက်က ပိုင်ယွဲ့လို့ ခေါ်ပြီး အင်မော်တယ်ဘုံက ပါရမီရှင်တစ်ယောက်လို့ ကြားတယ်... နောက်ထပ် အနိုင်ရတဲ့သူက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်ကြလေ...”

“လျှို့ဝှက်မနေစမ်းပါနဲ့... ဘယ်သူလဲ...”

“ဟီးဟီး... အဲဒီလူရဲ့ နာမည်က မိုဝန်ထျန်းတဲ့...”

ဤစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကျင့်ကြံသူများစွာက ချက်ချင်းပင် အာမေဍိတ်သံများ ထွက်ပေါ်လာကြ၏။

“မိုဝန်ထျန်း... အဲ့နာမည်က ရင်းနှီးနေသလိုပဲ...”

တစ်ယောက်က သရော်လိုက်သည်။

“ရင်းနှီးနေတာ သဘာဝကျတာပေါ့... ငါတို့ရဲ့ ဟွာလုံမြို့မှာ မိုဝန်ထျန်းလို့ ခေါ်တဲ့ အမှိုက်ကောင်တစ်ယောက် ရှိတယ် မဟုတ်လား...”

“ဒါပေမဲ့ အဲ့လူက အသုံးမကျတဲ့ အမှိုက်ပါ... သူ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာတောင် ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတယ်... ပြီးတော့ သူက ဟန်ကြီးပန်ကြီး လုပ်တတ်သေးတယ်... မြို့ထဲက ဂိုဏ်းကြီးတွေဆီ ဝင်ဖို့ ရူးရူးမိုက်မိုက် မျှော်လင့်ခဲ့ပြီး နောက်ဆုံးတော့ ချင်းလုံဂိုဏ်းကို ရန်စမိလို့ သူတို့ရဲ့ လိုက်လံ သတ်ဖြတ်တာကို ခံနေရတာလေ...”

“အခု သူ ဘယ်ရောက်နေလဲ...”

“ဟီးဟီး... ဘယ်သူ သိမှာလဲ... သူ ချင်းလုံဂိုဏ်းရဲ့ လက်ချက်နဲ့ သေသွားတာ ကြာလောက်ပြီ... ဘာပဲဖြစ်ဖြစ် သူ့ကို မတွေ့ရတာ တော်တော်ကြာပြီလေ...”

“မှန်တယ်... တပည့်လက်ခံပွဲမှာ အနိုင်ရခဲ့တဲ့ မိုဝန်ထျန်းနဲ့ အဲဒီကောင်လေးက နာမည်ရော မျိုးရိုးပါ တူနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... သူတို့နှစ်ယောက် နာမည်တူနေတာက အဲဒီမိုဝန်ထျန်းကို စော်ကားလိုက်တာပဲ... သူ သေသွားတာက ပိုကောင်းပါတယ်...”

“…”

ယန်ယွီမျှော်စင်အတွင်း၌ လှပသော မိန်းကလေးတစ်ဦးက အစားအသောက်နှင့် ရေများကို သယ်ဆောင်လာပြီး ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ လျှောက်လာ၏။

သူမက ဆံပင်အရှည်ကို ဆံထုံး ထုံးထားပြီး မျက်ခုံးများက ရှင်းလင်းကာ မျက်လုံးများက တောက်ပကြည်လင်နေသော်လည်း စိုးရိမ်ပူပန်နေသည့် အမူအရာ ရှိနေသည်။

ဤအမျိုးသမီးက မိုဝန်ထျန်း သတိရနေသော ပန်းလေးတစ်ပွင့်ကဲ့သို့ လှပသည့် ညီမလေး ဖြစ်၏။

ကျန်းရူဟွာက တိုးတိုးလေး ရေရွတ်လိုက်သည်။

“အစ်ကိုဝန်ထျန်း... အခု အဆင်ပြေရဲ့လား...”

“တပည့်လက်ခံပွဲက အနိုင်ရသူက အစ်ကိုလား... ဒါမှမဟုတ် နာမည်နဲ့ မျိုးရိုး တူနေတဲ့ တခြားတစ်ယောက်လား...”

သူမမှာ စိုးရိမ်ပူပန်နေပြီး ဝေခွဲမရ ဖြစ်နေ၏။

ယန်ယွီမျှော်စင်အတွင်း၌ သူမ၏ နားနှင့် မျက်လုံးများက ထိုအရာများတွင် နစ်မြုပ်နေပြီး ပြင်ပလောက၏ အန္တရာယ်များကို သူမအား သိမြင်စေခဲ့သည်။

ထို့ပြင် မိုဝန်ထျန်း၏ ကျင့်ကြံခြင်း အခြေခံက အားနည်းပြီး ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသဖြင့် ထိုပြင်ပမှ ကျင့်ကြံသူများ၏ ရှေ့တွင်တော့ အရမ်းကို အားနည်းလွန်းနေသည်။

တပည့်လက်ခံပွဲတွင် သန်မာသူများ စုဝေးခဲ့ကြပြီး ရွှေအမြုတေအဆင့်၊ အခြေတည်စိတ်ဝိညာဉ်အဆင့်နှင့် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် စွမ်းအားရှင်များပင် မရေမတွက်နိုင်အောင် ရှိခဲ့ကြောင်း သူမ ကြားထား၏။

မိုဝန်ထျန်း၏ ကျင့်ကြံခြင်း စွမ်းအားဖြင့် သိန်းနှင့်ချီသော ကျင့်ကြံသူများကြားတွင် မည်သို့ ထင်ပေါ်လာနိုင်မည်နည်း။ ထို့ပြင် နောက်ဆုံးတွင် အင်မော်တယ်နယ်မြေမှ ပါရမီရှင် ပိုင်ယွဲ့နှင့် မည်သို့ ယှဉ်ပြိုင် ရပ်တည်နိုင်မည်နည်း။

ထို့ကြောင့် ကျန်းရူဟွာက သူမ၏ အစ်ကိုဝန်ထျန်းအပေါ် ယုံကြည်မှု အပြည့် ရှိနေသော်ငြားလည်း။

သို့သော်လည်း လတ်တလော အချိန်တွင်မူ မိုဝန်ထျန်းသည် ထိုပြိုင်ဘက်ကင်း စီနီယာ၏ တပည့် ဖြစ်လာရန်ဆိုသည်မှာ အလှမ်းဝေးလွန်းသည့် ဆန္ဒတစ်ခုသာ ဖြစ်နေမည်မှာ ရှောင်လွှဲ၍ မရနိုင်ချေ။

ခေါင်းငုံ့၍ ရှေ့သို့ ဆက်လျှောက်လာရင်း သူမ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ရာ သူမ၏ နှလုံးသားမှာ ထုံကျင်နေပြီး မတော်တဆ လူသန်ကြီးတစ်ယောက်နှင့် ဝင်တိုက်မိသွား၏။

သူမမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားပြီး လက်ဖက်ရည်ပန်းကန်လုံး ပြုတ်ကျကွဲအက်သွားသံနှင့်အတူ လက်ဖက်ရည်များက လူသန်ကြီး၏ အပြာရောင် အင်္ကျီပေါ်သို့ စင်သွားသည်။

“ဧည့်သည်တော်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး...”

ထိုအခါမှသာ ကျန်းရူဟွာ သတိဝင်လာပြီး သူမ မျက်နှာပေါ်တွင် အထိတ်တလန့် အမူအရာများဖြင့် အဖြူရောင် လက်ကိုင်ပုဝါကို ကမန်းကတန်း ထုတ်ကာ လူသန်ကြီး၏ စိုစွတ်သွားသော အင်္ကျီကို သုတ်ပေးလိုက်၏။

နောက်တစ်ခဏ၌။

သူမ၏ ပိန်သွယ်သော ခန္ဓာကိုယ်လေးကို လူသန်ကြီးက ဆွဲကိုင်လိုက်ပြီး ကျန်းရူဟွာကို ကြမ်းတမ်းစွာ စိုက်ကြည့်၍ အော်ဟစ်လိုက်သည်။

“ကောင်မလေး... မင်း မျက်လုံး မပါဘူးလား...”

ဤလူသန်ကြီးကို ကြည့်လိုက်လျှင် အပြာရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး အပြာရောင် နဂါးနှင့် တိမ်တိုက် တက်တူးများကို ထိုးထား၏။

သူက မြို့ထဲရှိ ချင်းလုံဂိုဏ်း၏ ဒုတိယမြောက် ခေါင်းဆောင် ဖြစ်သည်။

ဤမြင်ကွင်းကို ယန်ယွီမျှော်စင်အတွင်းရှိ ကျင့်ကြံသူများစွာက မြင်တွေ့ခဲ့ကြသော်လည်း သူတို့က ဝင်မကူညီကြပေ။

စကားပြောရင်း ရယ်မောနေကြကာ ယန်ယွီမျှော်စင်တွင် အစားအသောက်နှင့် ရေလာပို့သည့် ကောင်မလေးတစ်ယောက်က သူတို့ ဝင်ပါရလောက်အောင် တန်ဖိုး မရှိလှချေ။

ထို့ပြင် တစ်ဘက်လူက ချင်းလုံဂိုဏ်း၏ ဒုတိယမြောက် ခေါင်းဆောင် ဖြစ်နေသေး၏။

၎င်းက ပို၍ပင် မဖြစ်နိုင်တော့ချေ။

All Chapters