အခန်း ၂၆၉
Vol. 24 Ch. 269
အခန်း (၂၆၉)လူသားများကြားရှိ ယုံကြည်မှုကရော…
ကျန်းယုချန်ပြောသည်ကို ကြားသောအခါ ဤသည်က မိန်နျင် မျှော်လင့်မထားသော အရာဖြစ်နေ၏။
သေချာပေါက် မိန်နျင်က ကျန်းယုချန် ပြောသည်ကို မယုံကြည်သေးပေ။ ကျန်းယုချန်က ရွှယ်ဝူအင်မော်တယ်နယ်မြေတွင် စီနီယာကို မည်သို့ မြင်တွေ့နိုင်မည်နည်း။ သူမ ကျူးရှိူ့တိုက်ကြီးသို့ ရောက်ဖူးသည်မှအပ အခြား မဖြစ်နိုင်ချေ။
သို့သော် ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။
ကျန်းမိသားစု၏ ပါရမီရှင် သမီးတော်တစ်ဦးအနေဖြင့် အောက်ဘုံသို့ အကြောင်းကိစ္စမရှိဘဲ မည်သို့ သွားရောက်နိုင်မည်နည်း။
ကျန်းယုချန်က ပြုံးလိုက်၏။
“အင်မော်တယ်အရှင်သခင်ချန်းမိန်... နင် မယုံဘူးဆိုတာ ငါသိတယ်... နင်ပြောတဲ့ စီနီယာက ကျူးရှိူ့တိုက်ကြီးမှာ တံခါးပိတ် ကျင့်ကြံနေတာ ဖြစ်ရမယ်... ငါ ပိုပြီး တိတိကျကျ ပြောရရင် သူ့ရဲ့ တံခါးပိတ် ကျင့်ကြံတဲ့နေရာ အမှန်က ကျူးရှိူ့တိုက်ကြီးက ဖေးရှန့်တောင်ပဲ ဖြစ်ရမယ်...”
ကျန်းယုချန်၏ စကားကို ကြားသောအခါ မိန်နျင် အံ့အားသင့်သွားသည်။
စီနီယာ၏ တံခါးပိတ်ကျင့်ကြံရာ နေရာကိုပင် ကောင်းကောင်း သိနေမှတော့ ဤကျန်းယုချန်က တကယ်ပဲ စီနီယာကို မြင်ဖူးသည်မှာ သေချာသွားပြီ ဖြစ်၏။
မိန်နျင်က အလွန်အံ့ဩသွားသည်။
“အခုတော့ ငါ နင့်ကို မလိမ်ဘူးဆိုတာ သိလောက်ပြီပေါ့...”
မိန်နျင်၏ မျက်လုံးများက အေးစက်နေဆဲ ဖြစ်၏။
“နင့် ရည်ရွယ်ချက်က ဘာလဲ...”
“ငါ ပြောခဲ့သလိုပဲ... နင်တို့ ဟွမ်ဖူအင်မော်တယ်မိသားစုနဲ့ အဲဒီစီနီယာကြားမှာ ဘယ်လို သဘောတူညီချက်တွေရခဲ့လို့ သူက အဲ့လောက် အံ့မခန်းဖြစ်တဲ့ တာအိုစည်းချက် ပစ္စည်းတွေကို ပေးလိုက်ရတာလဲဆိုတာ ငါ သိချင်ရုံသက်သက်ပါ... ဖြစ်နိုင်မယ်ဆိုရင် သေချာပေါက် ငါ့ရဲ့ ကျန်းမိသားစုကလည်း စီနီယာနဲ့ သဘောတူညီချက် ရချင်တာပေါ့...”
မိန်နျင်က တိတ်ဆိတ်သွား၏။
ဟွမ်ဖူအင်မော်တယ်မိသားစုနှင့် ကျန်းမိသားစုက အင်အားတူညီသည်ဟု ထင်ရသော်လည်း ယနေ့ခေတ်တွင်မူ ဟွမ်ဖူအင်မော်တယ်မိသားစုက ကျန်းမိသားစုကို ဖိနှိပ်၍ ရွှယ်ဝူအင်မော်တယ်နယ်မြေရှိ နံပါတ်တစ် အင်မော်တယ်မိသားစု ဖြစ်လာမည့် အရိပ်အယောင်များ ခပ်ရေးရေး ပေါ်ထွက်နေပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းမိသားစုတွင် မရေမတွက်နိုင်သော အင်မော်တယ်သတ္တုတွင်းများရှိပြီး ဟွမ်ဖူအင်မော်တယ်မိသားစုထက် များစွာ သာလွန်ပေသည်။
တစ်ကြိမ် ယှဉ်ပြိုင်ကြသည်နှင့် ဟွမ်ဖူအင်မော်တယ်မိသားစုက ကျန်းမိသားစုကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ဟု သူမ စိုးရိမ်မိ၏။
သို့သော် စီနီယာက အင်မော်တယ်ကျောက်တုံးများကို အလွန် တန်ဖိုးထားသည်မှာ သိသာထင်ရှား၏။
အကယ်၍ ကျန်းမိသားစုကသာ ဤအကြောင်းကို သိသွားလျှင် သူတို့က အင်မော်တယ်ကျောက်တုံး မြောက်မြားစွာကို သေချာပေါက် ထုတ်ယူလာလိမ့်မည် ဖြစ်သည်။ ဤသည်က စီနီယာ လိုအပ်နေသော အရာဖြစ်သည်မှာ သိသာလှ၏။ ထိုရလဒ်အတွက် သေချာပေါက် ကျေနပ်နေလိမ့်မည် ဖြစ်သည်။
သို့သော် ဟွမ်ဖူအင်မော်တယ်မိသားစုဘက် အတွက်မူ အထိနာမှုက သေးငယ်မည် မဟုတ်ချေ။
တစ်ဖက်တွင်က ဟွမ်ဖူအင်မော်တယ်မိသားစုဖြစ်ပြီး အခြားတစ်ဖက်တွင်က စီနီယာ ဖြစ်နေ၏။ ဤသည်က မိန်နျင်ကို ရွေးချယ်စရာ လမ်းစများ ဖြစ်ပေါ်လာစေသည်။
ပြုံးနေသော ကျန်းယုချန်က စကားတစ်ခွန်းဖြင့် ထိုးဖောက်ပြောဆိုလိုက်၏။
“စီနီယာက နင့်ရဲ့ ဟွမ်ဖူအင်မော်တယ်မိသားစုကို အဲဒီ တာအိုစည်းချက်ပစ္စည်းတွေ လေလံတင်ဖို့ လွှဲအပ်လိုက်တာကို ကြည့်ရင် သူက အင်မော်တယ်ကျောက်တုံးတွေကို အတော်လေး စိတ်ဝင်စားနေပုံပဲ...”
“နင်တို့ ဟွမ်ဖူအင်မော်တယ်မိသားစုကိုတောင် အင်မော်တယ်ကျောက်တုံးတွေ ပိုရအောင် နေရာအနှံ့ ငွေလိုက်ချေးခိုင်းထားသေးတယ် မဟုတ်လား...”
ကျန်းယုချန်၏ စကားများကို ကြားသောအခါ မိန်နျင်၏ ရင်ထဲတွင် လေးလံသွား၏။
မိန်နျင် စကားမပြောသည်ကို မြင်သောအခါ ကျန်းယုချန်က ပြောလိုက်သည်။
“ငါ ခန့်မှန်းတာ မှန်သွားပုံပဲ...”
ကျန်းယုချန်က ခန့်မှန်းမိသွားပြီ ဖြစ်သဖြင့် မိန်နျင်မှာ ပြောစရာ စကားမရှိတော့ချေ။ သူမ ခေါင်းညိတ်လိုက်၏။
“မှန်တယ်... ငါတို့က စီနီယာနဲ့ အင်မော်တယ်ကျောက်တုံးတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရထားတာပါ...”
“အကယ်၍ နင့်ရဲ့ကျန်းမိသားစုက ဟွမ်ဖူအင်မော်တယ်မိသားစုနဲ့ ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ စီနီယာဆီကို အင်မော်တယ်ကျောက်တုံးတွေ ပိုများများ ယူသွားသင့်တာပေါ့... အင်မော်တယ်မိသားစု နှစ်ခုက ကိုယ့်အစွမ်းအစနဲ့ကိုယ် ယှဉ်ကြတာပေါ့...”
“ကိုယ့်အစွမ်းအစနဲ့ကိုယ် ယှဉ်ကြတာပေါ့... ကောင်းသားပဲ...”
ကျန်းယုချန်က သူမ လိုချင်သော အဖြေကို ရသွား၏။
“နင် သွားလို့ရပြီ...”
မိန်နျင်က ရပ်တန့်မနေတော့ဘဲ ထွက်ခွာသွားသည်။
အဝေးမှ ကျန်းမိသားစု၏ အင်မော်တယ်အင်ပါယာများက ၎င်းကို မြင်သောအခါ သူတို့၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားကြ၏။
သခင်မလေးက ထိုဟွမ်ဖူအင်မော်တယ်မိသားစု လူကို မည်သို့လွှတ်ပေးလိုက်နိုင်ရသနည်း။
သူတို့က တားဆီးရန် ပြင်လိုက်ကြသော်လည်း ကျန်းယုချန်၏ တားဆီးခြင်းကို ခံလိုက်ရ၏။
“သခင်မလေး... ဘာဖြစ်လို့ အဲဒီ အင်မော်တယ်အရှင်သခင်ချန်းမိန်ကို လွှတ်ပေးလိုက်ရတာလဲ...”
အင်မော်တယ်အင်ပါယာ တစ်ပါးက စိုးရိမ်တကြီး မေးလိုက်သည်။
ကျန်းယုချန်၏ မျက်လုံးများက နက်ရှိုင်းနေပြီး သူမ၏ အမူအရာမှာ တည်ငြိမ်နေ၏။ မိန်နျင်၏ ပုံရိပ်ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူမက စကားမပြောမီ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
“ဒီကိစ္စက အရမ်းအရေးကြီးတယ်... အဲဒါက အဲဒီစီနီယာနဲ့ ပတ်သက်နေတာ... ပြဿနာ မရှာနိုင်ရင် မရှာတာ အကောင်းဆုံးပဲ...”
“ဒါပေမဲ့ မိသားစုက အပြစ်တင်လိမ့်မယ်...”
အင်မော်တယ်အင်ပါယာများ၏ ရင်ထဲတွင် လေးလံသွားပြီး စိုးရိမ်ပူပန်နေကြ၏။
“စိတ်မပူကြပါနဲ့... မိသားစုဘက်က ကိစ္စအကုန်လုံးကို ငါ ကိုင်တွယ်ဖြေရှင်းလိုက်မယ်... ပြန်ကြစို့...”
မိန်နျင် ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကာ အရိပ်အယောင်ပင် မကျန်တော့သဖြင့် လိုက်ဖမ်းရန်လည်း အသုံးမဝင်တော့ချေ။
အင်မော်တယ်အင်ပါယာများက သက်ပြင်းချလိုက်ကြပြီး ကျန်းယုချန်၏ အမိန့်ကိုသာ နားထောင်ကာ လှည့်ပြန်သွားကြတော့သည်။
မိုဝန်ထျန်းက အလွန်စိတ်လှုပ်ရှားနေ၏။ ဖေးရှန့်တောင်မှ ဆင်းလာပြီးနောက် သူ၏ နှလုံးသားက မြှားတစ်စင်းသဖွယ်ဖြစ်နေပြီး သူ၏ ရူဟွာညီမလေးကို တွေ့ရန် ဟွာလုံမြို့သို့ ပြန်သွားချင်စိတ်ကို မထိန်းနိုင်တော့ချေ။
ယခု သူ၏ ရည်မှန်းချက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ ညီမလေးရူဟွာက ယန်ယွီမျှော်စင်တွင် ထိုကဲ့သို့ ဆင်းရဲဒုက္ခရောက်သော ဘဝမျိုးဖြင့် ဆက်လက် နေထိုင်စရာ မလိုတော့ပေ။ သူနှင့်အတူ ဖေးရှန့်တောင်သို့ လိုက်ခဲ့ရုံသာ ဖြစ်၏။
ဆရာရှိနေသဖြင့် ညီမလေးရူဟွာ သေချာပေါက် ဘဝကောင်းတစ်ခု ရရှိလိမ့်မည် ဖြစ်သည်။
ဘေးနားရှိ အင်မော်တယ်အင်ပါယာယီဟိုင်က ဖွဖွလေး ပြုံးလိုက်သည်။
“ညီငယ်လေး... မင်း သိပ်ကိုလောနေတဲ့ပုံပဲ...”
မိုဝန်ထျန်းက ပြုံး၍ သူ့နောက်စေ့ကို ကုတ်လိုက်၏။
“ကျွန်တော်နဲ့ ညီမလေးရူဟွာက ငယ်သူငယ်ချင်းတွေပါ... သူရော၊ ကျွန်တော်ရောက မိဘမဲ့တွေလေ... ငယ်ငယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး ကြီးပြင်းလာခဲ့ရတာ... သူမက ကျွန်တော့်ရဲ့ ဆွေမျိုးဖြစ်သလို ကျွန်တော် သဘောကျရတဲ့ သူလည်း ဖြစ်တယ်... အခု စီနီယာရဲ့ တပည့်ဖြစ်လာတာက ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်လာရတာနဲ့ အတူတူပဲလေ... သေချာပေါက် ညီမလေးရူဟွာကို မြန်မြန် တွေ့ချင်တာပေါ့...”
အင်မော်တယ်အင်ပါယာယီဟိုင်က ရယ်မောလိုက်၏။
“ညီငယ်လေးကို သည်လောက်တောင် စွဲလမ်းစေနိုင်တာဆိုတော့ မင်းပြောတဲ့ ညီမလေးရူဟွာဆိုတာ ဘယ်လိုလူမျိုးလဲလို့တောင် သိချင်လာပြီ...”
ထိုသို့ပြောပြီးနောက် အင်မော်တယ်အင်ပါယာယီဟိုင်က မိုဝန်ထျန်းကို ခေါ်ဆောင်၍ လမ်းပေါ်တွင် အမြန်နှုန်းကို ထပ်မံ တိုးမြှင့်လိုက်သည်။
ယီဟိုင်အင်မော်တယ်အင်ပါယာက အင်မော်တယ်အင်ပါယာ အဆင့်ရှိသော တည်ရှိမှုတစ်ခု ဖြစ်၏။
သို့သော် ဤသည်က တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌သာ ဖြစ်သည်။ ပြိုင်ဘက်ကင်းနယ်မြေမှ ထွက်ခွာလာပြီးနောက် သူ၏ စွမ်းအားများက ဖိနှိပ်ခံလိုက်ရ၏။
အင်မော်တယ်အင်ပါယာ၏ ကျင့်ကြံခြင်းအခြေခံက လူသားအင်မော်တယ် လျှို့ဝှက်နယ်မြေအဆင့်သို့ တိုက်ရိုက် ဖိနှိပ်ခံလိုက်ရသည်။
သေချာပေါက် ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခံလိုက်ရသော်ငြားလည်း။
သို့သော် ကျူးရှိူ့တိုက်ကြီး၌မူ လူသားအင်မော်တယ် လျှို့ဝှက်နယ်မြေ၏ ကျင့်ကြံခြင်းအဆင့်သည်ပင် မိုဝန်ထျန်းကို ကာကွယ်ရန် လုံလောက်သည်ထက် ပိုနေပေပြီ။ မည်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမည်ကို လုံးဝ စိုးရိမ်စရာ မလိုတော့ချေ။
ဟွာလုံမြို့က တောင်ပေါင်းတစ်သိန်းတောင်တန်းနှင့် အလှမ်းဝေးနေဆဲ ဖြစ်သော်ငြား။
သို့သော် အင်မော်တယ်အင်ပါယာယီဟိုင်အတွက် ဤအကွာအဝေးက ဘာမှမဟုတ်ပေ။ ညနေ ဆည်းဆာအချိန်တွင် ဧရာမမြို့ကြီးတစ်မြို့က အင်မော်တယ်အင်ပါယာယီဟိုင်နှင့် မိုဝန်ထျန်းတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
မိုဝန်ထျန်းက သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။
“ဟွာလုံမြို့... ငါ မိုဝန်ထျန်း ပြန်လာပြီဟေ့...”
ထိုသို့ပြောပြီးနောက် မိုဝန်ထျန်းက အင်မော်တယ်အင်ပါယာယီဟိုင်ကို မြို့ထဲသို့ စိတ်မရှည်စွာ ခေါ်ဆောင်သွား၏။
ဟွာလုံမြို့က ကြီးမားကျယ်ပြန့်လှသည်။
မိုဝန်ထျန်းနှင့် အင်မော်တယ်အင်ပါယာယီဟိုင်တို့က မြို့ထဲ၌ လမ်းလျှောက်သွားကြ၏။
မိုဝန်ထျန်းက ယန်ယွီမျှော်စင်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ယန်ယွီမျှော်စင်မှ လူများက မိုဝန်ထျန်းကို မြင်သောအခါ သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ထင်မှတ်သွားကြ၏။
*အသုံးမကျတဲ့ မိုဝန်ထျန်းဆိုတဲ့ ကောင်လေး မဟုတ်ဘူးလား…*
*သူက ချင်းလုံဂိုဏ်းရဲ့ လက်ချက်နဲ့ သေသွားပြီလို့ ကြားထားတယ်လေ…*
*ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ…*
မိုဝန်ထျန်းက ပြုံး၍ ယန်ယွီမျှော်စင်ရှိ လူများကို နှုတ်ဆက်လိုက်၏။ ယန်ယွီမျှော်စင်မှ တာဝန်ခံ ကြားသိရသောအခါ အမြန် ပြေးလာခဲ့သည်။
“မိုဝန်ထျန်း... နင် မသေသေးဘူးလား... ဘာလို့ ပြန်လာတာလဲ...”
ယန်ယွီမျှော်စင်၏ တာဝန်ခံကို ကြည့်၍ မိုဝန်ထျန်း ပြုံးလိုက်၏။
“ကျွန်တော် မသေသေးပါဘူး... ညီမလေးရူဟွာကို လာခေါ်တာပါ...”
ထိုသို့ပြောနေရင်း မိုဝန်ထျန်းက စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် ရှိ၏။
“တာဝန်ခံကြီး... ဒီမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ရှိတယ်... ဒါက ညီမလေးရူဟွာကို ရွေးဖို့အတွက်ပါ...”
တာဝန်ခံ၏ အမူအရာက တောင့်တင်းသွားပြီး သူမ၏ မျက်လုံးများက အံ့အားသင့်မှုများ ပြည့်နှက်သွား၏။
“နင် ဒီလောက်များတဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်ကရလာတာလဲ...”
သူမ နားမလည်နိုင်အောင် ဖြစ်သွားသည်။
“ဟီးဟီး... ဒါကတော့ ဇာတ်လမ်းရှည်ကြီးပေါ့... အဲဒီနေ့က ချင်းလုံဂိုဏ်းကို ပြဿနာသွားရှာပြီးတဲ့နောက် ကျွန်တော် ဟွာလုံမြို့ကနေ ထွက်ခွာပြီး တောင်ပေါင်းတစ်သိန်းတောင်တန်းဆီကို သွားခဲ့တယ်...”
“မင်းက တကယ်ကြီး တောင်ပေါင်းတစ်သိန်းတောင်တန်းဆီ သွားခဲ့တာလား...”
ယန်ယွီမျှော်စင် တာဝန်ခံသာမကဘဲ ရှိနေကြသော အခြားကျင့်ကြံသူများကလည်း မိုဝန်ထျန်း၏ စကားကို ကြားပြီးနောက် အံ့အားသင့်သွားကြ၏။
မိုဝန်ထျန်းက ဂုဏ်ယူဝင့်ကြွားသည့် အသွင်ပေါက်နေသည်။ မိုဝန်ထျန်း၏ ဂုဏ်ယူဝင့်ကြွားနေမှုကို မြင်သောအခါ အင်မော်တယ်အင်ပါယာယီဟိုင်က သူ့ကို မျက်စောင်းထိုး ကြည့်လိုက်၏။
“ဟုတ်တယ်... တပည့်လက်ခံပွဲကို သွားတက်ခဲ့တာလေ...”
တာဝန်ခံက တံတွေးတစ်ချက် မျိုချလိုက်သည်။
သူမ ရှေ့ရှိ မိုဝန်ထျန်းမှာ များစွာ ပြောင်းလဲသွားပုံရကြောင်းကို သူမ သတိပြုမိပြီးဖြစ်၏။ သူက အသက်ရှူသံကို ထိန်းချုပ်ထားသော်လည်း သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေသည်။
စကားပင် ဆက်မပြောနိုင်သေးမီမှာပင်။
“မိုဝန်ထျန်း... တပည့်လက်ခံပွဲမှာ အနိုင်ရခဲ့တဲ့သူရဲ့ နာမည်ကလည်း မိုဝန်ထျန်းလို့ ကြားတယ်... သူက မင်းနဲ့ နာမည်တူ မျိုးရိုးတူပဲ...”
မိုဝန်ထျန်းက တာဝန်ခံ၏ စကားကို ဖြတ်ပြောလိုက်ချိန်တွင် အလွန် မကျေမနပ် ဖြစ်နေ၏။
“တာဝန်ခံကြီး... လူသားတွေကြားက အခြေခံ ယုံကြည်မှုကရော ဘယ်လိုလုပ်မလဲ... ဒီလောကကြီးမှာ အဲ့လို တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ... နာမည်တူ မျိုးရိုးတူဆိုတာက ကျွန်တော်ကိုယ်တိုင်ပဲဗျ... ‘ကမ္ဘာတိုင်း၌ ပြိုင်ဘက်ကင်းသူ’ ချမ်ချန်ကန်းရဲ့ စတုတ္ထမြောက် တပည့် မိုဝန်ထျန်း အစစ်ကြီးပါဗျ...”
ထိုသို့ပြောပြီးနောက် မိုဝန်ထျန်းက သူ၏ ရင်ဘတ်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပုတ်လိုက်တော့သည်။