အခန်း ၂၇၀
Vol. 24 Ch. 270
အခန်း (၂၇၀) ခိုင်မာပြတ်သားသည့် ပန်းလေးတစ်ပွင့်နှင့် ဒေါသအမျက်
ယန်ယွီမျှော်စင်အတွင်းရှိ လူအပေါင်းမှာ အံ့အားသင့် မှင်တက်သွားကြ၏။
ဆူညံသွားကြပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ မည်သူမျှ စကားမဆိုကြချေ။
အဘယ်ကြောင့်ဆိုသော် မိုဝန်ထျန်း ပြောဆိုလိုက်သည့် စကားများက အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းနေသောကြောင့် ဖြစ်၏။ မယုံကြည်နိုင်ဖွယ်ပင်။
ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။
ဟွာလုံမြို့၌ ဆယ်နှစ်ကျော်တိုင်တိုင် အသုံးမကျသူအဖြစ် နေထိုင်လာခဲ့ပြီး မြို့တွင်းရှိ မည်သည့်ဂိုဏ်းကမျှ သူ့ကို အဖတ်မလုပ်ခဲ့ကြပေ။
သို့သော်လည်း တစ်လမျှပင် မကြာလိုက်သော အချိန်အတွင်း သူ ဟွာလုံမြို့သို့ ပြန်လည်ရောက်ရှိလာချိန်၌ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တပည့်လက်ခံပွဲ၏ အနိုင်ရသူ ဖြစ်လာခဲ့သည်။ ထိုပြိုင်ဘက်ကင်းစီနီယာ၏ တပည့်ကြီး ဖြစ်လာခဲ့၏။
ဤသည်က ယုံကြည်နိုင်စရာအကြောင်း မရှိချေ။
မိုဝန်ထျန်းက ယန်ယွီမျှော်စင်ရှိ လူအားလုံး၏ မျက်နှာအမူအရာများကို အလွန်ပင် မကျေမနပ် ဖြစ်သွားသည်။
“ခင်ဗျားတို့ မယုံကြဘူးလား...”
ထိုသို့ပြောပြီးသည်နှင့် မိုဝန်ထျန်းက အစွမ်းထက်လှသော ရွှေအမြုတေအဆင့် ဖိအားကို ပေါက်ကွဲထုတ်လွှတ်လိုက်၏။
ယန်ယွီမျှော်စင်တွင် အသန်မာဆုံးသူမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူထက် မပိုပေ။ ဖိအားများက ဖြာထွက်လာသဖြင့် ကျင့်ကြံသူအားလုံး အထင်အရှား ခံစားလိုက်ရသည်။ အလွန် အစွမ်းထက်လှ၏။
မိုဝန်ထျန်းက ယခင်က ချီသန့်စင်ခြင်း ပထမအဆင့်သာရှိသည့် အသုံးမကျသူ တစ်ယောက်ဖြစ်ခဲ့ကြောင်း သူတို့ သိထားကြသည်။ ဤမျှ တိုတောင်းလှသော အချိန်အတွင်း၌ သူ၏ ခွန်အားက ဤမျှ နက်ရှိုင်းသော အဆင့်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
လူအပေါင်းမှာ ထိတ်လန့်သွားကြသည်။ မိုဝန်ထျန်းက သူ၏ ဖိအားကို ပြန်ရုပ်သိမ်း၍ ပြုံးလိုက်၏။
“ခင်ဗျားတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဒါက အဆုံးသတ်ပဲ... ခင်ဗျားတို့ မယုံဘူးဆိုရင်လည်း အဲဒီနေ့က တပည့်လက်ခံပွဲကို သွားကြည့်ခဲ့တဲ့သူတွေကို မေးကြည့်လို့ရတယ်...”
“ကျုပ်က ခင်ဗျားတို့နဲ့ အပိုစကားတွေ ဆက်မပြောချင်တော့ဘူး... ရူဟွာကို ရွေးဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုလည်း ပေးပြီးပြီ... ဒါနဲ့ ရူဟွာက ဘာလို့ ထွက်မလာသေးတာလဲ... ကျွန်တော် သူ့ကို ဖေးရှန့်တောင်ဆီ ခေါ်သွားမလို့...”
မိုဝန်ထျန်း၏ စကားများကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ မိုဝန်ထျန်းက လိမ်ပြောနေခြင်းဖြစ်လျှင်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန် ဖြစ်နေ၏။ အခြားကျင့်ကြံသူများဆိုလျှင် ဤမျှအံ့မခန်း ဖိအားမျိုးကို ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ အရာအားလုံးက အမှန်တကယ် ဖြစ်နိုင်ခြေ အလွန်များနေသည်။
ဘုရားရေ။ ဤမိုဝန်ထျန်းက ထိုပြိုင်ဘက်ကင်းစီနီယာ၏ တပည့် ဖြစ်လာခဲ့သည်လား။ တပည့်လက်ခံပွဲ၏ အနိုင်ရသူလည်း ဖြစ်၏။ သူ မည်သို့ လုပ်နိုင်ခဲ့သနည်း။
ဤအရာက လူတိုင်း၏ အသိအမြင်များကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။ အထူးသဖြင့် မျှော်စင်သခင်မမှာ လုံးဝ တုန်လှုပ်သွားခဲ့၏။ ထို့နောက် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာကာ မည်သို့ လုပ်ရမှန်းမသိဘဲ ချီတုံချတုံ ဖြစ်နေသည်။
မျှော်စင်သခင်မ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ မိုဝန်ထျန်း မျက်မှောင်ကြုတ်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။
“မျှော်စင်သခင်မ... ရူဟွာရော... ဘာလို့ သူ ထွက်လာတာကို မတွေ့ရသေးတာလဲ...”
မျှော်စင်သခင်မက သက်ပြင်းချလိုက်ပြီး ဆက်လက် ဖုံးကွယ်မထားဝံ့တော့ချေ။
“ဒီနေ့ပဲ ရူဟွာကို ချင်းလုံဂိုဏ်းက ဒုတိယသခင်နဲ့ တွေ့သွားပြီး အခု ချင်းလုံဂိုဏ်းကို ဖမ်းခေါ်သွားပြီ...”
“ဘာ...”
မိုဝန်ထျန်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ဒေါသအမျက် ထွက်သွား၏။ နဂါးဟောက်သံကြီးတစ်ခုက ဟွာလုံမြို့ တစ်ခွင်၌ ဟိန်းထွက်သွားသည်။ သူက သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် နဂါးကျောရိုးဓားကို ဆွဲထုတ်လိုက်၏။
“ချင်းလုံဂိုဏ်း... သေချင်နေတာပဲ...”
ချင်းလုံဂိုဏ်း၏ ဒုတိယသခင် မည်သို့သော စရိုက်ရှိသည်ကို သူ အလွန် းကောင်းစွာ သိထားသည်။ ရူဟွာ ဖမ်းဆီးခံလိုက်ရသဖြင့် ယခုအခါ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။
“သေစမ်း…သေစမ်း… သေစမ်း..”
အစစ်အမှန် နဂါးအင်မော်တယ်စပါးကြီးမြွေက ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲ ထွက်ပေါ်လာသည်။ သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ယခု ပေါက်ကွဲထွက်လာသည့် စွမ်းအားက အခြေတည်စိတ်ဝိညာဉ်အဆင့် သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ထက်ပင် မနိမ့်ကျပေ။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ထိုနေရာရှိ လူအားလုံး ထိတ်လန့်သွားကြ၏။ မိုဝန်ထျန်းက ဒေါသအလျောက် သူတို့အားလုံးကို သတ်ပစ်မည်ကို စိုးရိမ်သဖြင့် လူတိုင်း တုန်ယင်နေကြသည်။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။
သူတို့မှာ အလွန်ထိတ်လန့်သွားကြပြီး သူက တပည့်လက်ခံပွဲ၏ အနိုင်ရသူ မိုဝန်ထျန်း ဖြစ်ကြောင်းကို အပြည့်အဝ ယုံကြည်သွားကြသည်။ နာမည်တူရုံ သက်သက် မဟုတ်ပေ။
“ချင်းလုံဂိုဏ်း...”
မိုဝန်ထျန်းက ဟောက်လိုက်ပြီး သက်တံရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ယန်ယွီမျှော်စင်မှ ထွက်ခွာ၍ ချင်းလုံဂိုဏ်းစံအိမ်ဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွား၏။
ချင်းလုံဂိုဏ်း၏ စံအိမ်က လင်းထိန်နေသည်။ ဂိုဏ်းသားများက သောက်စား ပျော်ပါးနေကြ၏။
အခန်းတစ်ခန်းအတွင်း၌ ကျန်းရူဟွာက ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူမ၏ နူးညံ့သော မျက်နှာလေးပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး အလွန် ကြောက်ရွံ့နေ၏။ သူမ၏ မျက်နှာပေါ်တွင် ပါးရိုက်ခံထားရသော လက်ဝါးရာကို ခပ်ရေးရေး တွေ့မြင်နိုင်ပြီး အလွန်သနားစရာ ကောင်းလှသည်။
ဤအခန်းထဲမှ ထွက်ပြေးနိုင်ရန် သူမ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ သို့သော်လည်း သူမ မည်သို့ပင် လုပ်ဆောင်စေကာမူ ရှေ့ရှိ အခန်းထဲမှ လုံးဝ လွတ်မြောက်နိုင်ခြင်းမရှိချေ။ မည်သို့ပင်ဆိုစေ သူမက အားနည်းသော မိန်းမသား တစ်ယောက်သာ ဖြစ်၏။ မည်သည့် ကျင့်ကြံခြင်းမျိုးမှလည်း မရှိပေ။
ထိုအခိုက်၌ အပြင်ဘက်မှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ဘုန်းခနဲ အသံနှင့်အတူ တံခါး ပွင့်သွား၏။
ဒုတိယသခင်က အရက်နံ့များ တထောင်းထောင်း ထနေလျက် အခန်းထဲသို့ ဝင်လာသည်။
ကျန်းရူဟွာမှာ ထိတ်လန့် ကြောက်ရွံ့သွားပြီး ထွက်ပြေးရန် ပြင်လိုက်၏။ သို့သော် ဒုတိယသခင်က သူမကို ကြမ်းတမ်းစွာ ဖမ်းဆွဲလိုက်သည်။ သူမ၏ မေးစေ့ကို ညှစ်၍ ဒုတိယသခင်က အေးစက်စက် ပြုံးလိုက်၏။
“အလှလေး... ဒီနေ့ညတော့ မင်း ငါ့ကို ပြုစုရမယ်... ငါက မင်းကို ကောင်းကောင်းလေး အလိုလိုက်မှာပါ...”
“ဟင့်အင်း... မလုပ်ပါနဲ့...”
ကျန်းရူဟွာ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လတက်လာပြီး အလွန်ထိတ်လန့်နေ၏။
“ဟီးဟီး...”
ဒုတိယသခင်က သရော်ပြုံးပြုံး၍ သူမကို ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။
ကျန်းရူဟွာမှာ အားနည်းသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ လုံးဝ ထွက်ပြေးနိုင်ခြင်း မရှိဘဲ ကုတင်ထောင့်တွင်သာ ကွေးကွေးလေး နေနေရ၏။ သူမ၏ မျက်လုံးများက နီရဲနေပြီး မျက်ရည်များက ပါးပြင်နှစ်ဘက်ပေါ်သို့ စီးကျနေသည်။
ဒုတိယသခင်က ယုတ်မာစွာ ပြုံးလိုက်ပြီး သူ၏ အင်္ကျီကို ချွတ်လိုက်ရာ တောင့်တင်းသော ခန္ဓာကိုယ်အပေါ်ပိုင်း ပေါ်လာပြီး သူမထံသို့ တစ်လှမ်းချင်း တိုးကပ်လာ၏။
“ဟင့်အင်း... အနားမလာနဲ့... မလာနဲ့...”
ကျန်းရူဟွာက သူမ၏ ဆံပင်ကြားမှ ဆံထိုးကို အမြန်ဆွဲထုတ်လိုက်ပြီး ထက်မြက်သော ဆံထိုးဖြင့် သူမ၏ လည်ပင်းကို အားကုန်စိုက်၍ ထိုးချလိုက်သည်။ သွေးများ စီးကျလာ၏။ သူမ၏ အမူအရာက ပြတ်သားနေသည်။ သေရမည် ဆိုလျှင်တောင်မှ။ သူမ ရှေ့ရှိ တိရစ္ဆာန်ကဲ့သို့ လူယုတ်မာ၏ စော်ကားမှုကို အခံမခံနိုင်ပေ။
သို့သော် သူမက အစ်ကိုဝန်ထျန်း ပြန်လာသည်ကို မတွေ့ရသေးသဖြင့် မသေချင်သေးချေ။ သို့သော်လည်း ယခုအခါ သူမအတွက် အခြားရွေးချယ်စရာ လမ်း မရှိတော့ပေ။
ဒုတိယသခင်က မထီမဲ့မြင် မျက်နှာထားဖြင့် သရော်လိုက်ပြီး သူ၏ နှုတ်ခမ်းများကို သပ်လိုက်၏။
“တော်တော် ခေါင်းမာတဲ့ မိန်းမပဲ... မင်း သေသွားရင်တောင်မှ မင်းရဲ့ အလောင်းကို ငါ စိတ်ဝင်စားသေးတယ်...”
ထိုသို့ပြောပြီးနောက် ဒုတိယသခင်က ကုတင်နားသို့ ရောက်လာပြီး သူ၏ လက်ကြီးများဖြင့် လှမ်းဖမ်းလိုက်သည်။
ကျန်းရူဟွာက ဝမ်းနည်းစွာဖြင့် ခါးသီးစွာ ပြုံးလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။
*အစ်ကိုဝန်ထျန်း... နောင်ဘဝမှ ပြန်တွေ့ကြတာပေါ့…*
သူမက မဆိုင်းမတွဘဲ ဆံထိုးကို လည်ပင်း သွေးကြောထဲသို့ ထိုးသွင်းလိုက်သည်။ ထိုအခိုက်အတန့်၌ ဖူးခနဲ အသံနှင့်အတူ သွေးများက စမ်းရေပေါက်ကဲ့သို့ ပန်းထွက်လာပြီး အင်္ကျီကို နီရဲသွားစေ၏။
“ခွေးမလေး... မင်း တကယ် သေရဲတာပဲ...”
ဒုတိယသခင်မှာ ထိတ်လန့်သွားပြီး ဤသို့သော ရလဒ်ကို မမျှော်လင့်ထားခဲ့ချေ။ ကျန်းရူဟွာက သူ့ကို ခြောက်လှန့်နေသည်ဟုသာ ထင်ခဲ့ခြင်း ဖြစ်သည်။ သူမကိုယ်သူမ ဤမျှ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ကျန်းရူဟွာ၏ လက်ထဲမှ ဆံထိုးကို လှမ်းဆွဲလိုက်၏။
ထိုအခိုက်အတန့်မှာပင် ဟောက်သံကြီး တစ်ခုက ဟွာလုံမြို့တစ်ခွင်၌ ဟိန်းထွက်သွားသည်။
ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ဒီရေလှိုင်းကြီးကဲ့သို့ စံအိမ်တစ်ခွင်လုံးသို့ လွှမ်းခြုံသွား၏။ ထိုဖိအားကြောင့် ဒုတိယသခင်၏ ခန္ဓာကိုယ်မှာ အောက်သို့ ကျွံဝင်သွားမတတ် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
သူ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ပေါ်လာ၏။ ထိုဟောက်သံက ရင်းနှီးနေသကဲ့သို့ ရှိသည်။
ထို့နောက် ချက်ချင်းပင် စိတ်ဝိညာဉ်သက်တံတစ်ခုနှင့် အင်မော်တယ်အလင်းတန်းတစ်ခုက အလွန်လျင်မြန်သော အရှိန်ဖြင့် စံအိမ်ဆီသို့ ရောက်ရှိလာ၏။
၎င်းတို့မှာ မိုဝန်ထျန်းနှင့် အင်မော်တယ်အင်ပါယာ ယီဟိုင်တို့ ဖြစ်သည်။
ချင်းလုံဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဂိုဏ်းသားများမှာ ဘာဖြစ်သွားမှန်း မသိဘဲ ထိတ်လန့်နေကြ၏။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဖိအားမျိုး ဖြစ်သဖြင့် အစွမ်းထက်သူများ ချင်းလုံဂိုဏ်းသို့ လာရောက်ခြင်း ဖြစ်ရမည်။
အင်မော်တယ်အင်ပါယာ ယီဟိုင်က စံအိမ်တစ်ခွင်လုံးကို အကဲခတ်ကြည့်လိုက်ပြီးနောက် တစ်နေရာသို့ ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဟိုဘက်မှာ...”
မိုဝန်ထျန်းက တစ်ဟုန်ထိုး ပြေးသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ဒုတိယသခင်၏ အခန်းရှေ့သို့ ရောက်ရှိသွားသည်။
ယခုအချိန်တွင် ဒုတိယသခင်က ကျန်းရူဟွာ၏ သေဆုံးမှုကို လုံးဝ သတိမထားမိတော့ဘဲ သူ၏ အင်္ကျီကို ပြန်ဝတ်ကာ မည်သည့် အစွမ်းထက်သူက ချင်းလုံဂိုဏ်းသို့ ရောက်လာသည်ကိုကြည့်ရန် အခန်းထဲမှ ထွက်လာရန် ပြင်လိုက်၏။
ထိုအခိုက် တံခါးဝတွင် မိုဝန်ထျန်းနှင့် တည့်တည့် တိုးတော့သည်။ ဤသည်က ဒုတိယသခင်ကို အလွန်ထိတ်လန့်သွားစေ၏။
သူ့ရှေ့ရှိ ဤလူ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ၏ တင်ပါးများပင် တင်းမာသွားပြီး ချက်ချင်း ဒေါသထွက်သွားသည်။
“မိုဝန်ထျန်း... မင်းက ဘာကိစ္စ ချင်းလုံဂိုဏ်းကို ရောက်နေရတာလဲ...”
ထိုသို့ပြောရင်း သူက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်စွာဖြင့် လက်သီးဖြင့် ထိုးလိုက်၏။ ချင်းလုံဂိုဏ်းအထိ ရဲရဲတင်းတင်း လာရဲသည်မှာ သေလမ်းရှာနေခြင်းပင်။ ဤတစ်ကြိမ်တော့ သူ့ကို လွတ်မြောက်ခွင့် လုံးဝ ပေးမည် မဟုတ်ပေ။
မိုဝန်ထျန်းမှာမူ သူ၏ မျက်လုံးများက သွေးကဲ့သို့ နီရဲနေ၏။ သူက ဒုတိယသခင်ကို မကြည့်ဘဲ အခန်းထဲရှိ ကုတင်ကိုသာ ကြည့်နေပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ယင်နေသည်။
ကုတင်ပေါ်တွင်ကား သွေးများ စွန်းထင်းနေသော အင်္ကျီဖြင့် ကျန်းရူဟွာ ရှိနေပြီး သွေးများဖြင့် စွန်းထင်းကာ ညှိုးနွမ်းသွားသည့် ပန်းလေးတစ်ပွင့်ကဲ့သို့ အသက်ကင်းမဲ့နေပြီ ဖြစ်၏။
“ရူ... ရူဟွာ...”
“ဘုန်း…”
ဒုတိယသခင်၏ လက်သီးက မိုဝန်ထျန်း၏ ရင်ဘတ်ကို ထိမှန်သွားသည်။ သို့သော် အလွန် မာကျောသော မှော်လက်နက်တစ်ခုကို ထိုးမိလိုက်သကဲ့သို့ ဖြစ်သွား၏။ မိုဝန်ထျန်းမှာ ဆံပင်တစ်မျှင်ပင် အထိအခိုက် မရှိခဲ့ချေ။
တစ်ချိန်တည်းမှာပင် မိုဝန်ထျန်း၏ ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်။ စူးရှသော အော်ဟစ်သံနှင့်အတူ ဒုတိယသခင်မှာ နောက်သို့ တန်းခနဲ လွင့်ထွက်သွားပြီး အခန်းထဲသို့ ဝင်ဆောင့်သွား၏။
ဒုတိယသခင်၏ လက်မောင်းကို ကြည့်လိုက်သောအခါ ကျိုးပဲ့သွားပြီး သွေးများ တစ်စက်စက် ကျနေသည်။
ဒုတိယသခင်မှာ အလွန်ထိတ်လန့်သွား၏။ မတွေးဝံ့စရာပင်။ စောစောက ဘာတွေ ဖြစ်သွားခဲ့သနည်း။
မိုဝန်ထျန်း၏ ခန္ဓာကိုယ်မှ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး အဘယ်ကြောင့် ပေါက်ကွဲထွက်လာရသနည်း။ သူ နားမလည်နိုင်အောင် ဖြစ်သွားသည်။
“သူ့ကို မင်း ဘာလုပ်လိုက်တာလဲ...”
မိုဝန်ထျန်း၏ မျက်နှာက အဆုံးစွန်ထိ မည်းမှောင်နေပြီး သူ့အသံက ငရဲမှ နတ်ဆိုးတစ်ကောင်၏ ဟောက်သံကဲ့သို့ တိုးတိတ် နက်ရှိုင်းနေ၏။
ဒုတိယသခင်ကို ကြည့်နေသည့် သူ၏ မျက်နှာက ကြောက်မက်ဖွယ် ကောင်းနေသဖြင့် ဒုတိယသခင်မှာ အလွန် ကြောက်ရွံ့သွားသည်။
“ငါ... ငါ... ငါ...”
ဤမျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရသောအခါ ဒုတိယသခင်မှာ မည်သို့ လုပ်ရမှန်းမသိဘဲ သေးထွက်ကျမတတ် ထိတ်လန့်သွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်ကာ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။