← Chapters

အခန်း ၂၇၁

Vol. 24 Ch. 271

အခန်း ၂၇၁

Vol. 24 Ch. 271

အခန်း (၂၇၁) ထည်ဝါခမ်းနားသော ပုံရိပ်တစ်ခုနှင့် အစစ်အမှန် နဂါးအင်မော်တယ်ဆေး

“သေစမ်း...”

မိုဝန်ထျန်း၏ မျက်လုံးများက ကြမ်းကြုတ်စွာ လက်ခနဲ ဖြစ်သွား၏။ သူ၏ လက်ထဲမှ နဂါးကျောရိုးဓားက ခုတ်ပိုင်းချလိုက်သည်။

သွေးများ ပန်းထွက်လာ၏။ ဒုတိယသခင်မှာ အော်ဟစ်သံပင် မထွက်နိုင်လိုက်ဘဲ ခေါင်းပြတ်သွားတော့သည်။

ဒုတိယသခင်ကို သတ်ဖြတ်ပြီးနောက် မိုဝန်ထျန်းက ကုတင်နားသို့ အလောတကြီး ပြေးသွား၏။

ကျန်းရူဟွာ၏ လည်ပင်းတွင် ဆံထိုးစိုက်ဝင်နေပြီး သွေးများက စမ်းရေပေါက်ကဲ့သို့ ပန်းထွက်နေကာ သူမ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မိုဝန်ထျန်း ဝမ်းနည်းပက်လက် ငိုကြွေးလိုက်ပြီး သူမ၏ လည်ပင်းမှ ဒဏ်ရာကို လက်ဖြင့် ဖိပိတ်ထားသော်လည်း စီးကျနေသော သွေးများကို မတားဆီးနိုင်ခဲ့ချေ။

မကြာမီမှာပင် သူ၏ လက်များပါ သွေးများဖြင့် နီရဲသွား၏။

“ရူဟွာ... ရူဟွာ... ကိုယ် ပြန်လာတာကို စောင့်နေမယ်လို့ မင်း ပြောခဲ့တယ်လေ...”

“ဘာလို့လဲ... ဘာဖြစ်လို့လဲ...”

သူက ကျန်းရူဟွာ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ ဘေးဘက်ရှိ အင်မော်တယ်အင်ပါယာ ယီဟိုင်မှာ တိတ်ဆိတ်နေ၏။

ဤသို့သော ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု မည်သူတွေးထင်ထားခဲ့မည်နည်း။

ထိုအခိုက်တွင် ချင်းလုံဂိုဏ်းမှ ဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ဖိအားများ ပေါက်ကွဲထွက်လာ၏။

“ဘယ်သူက ချင်းလုံဂိုဏ်းမှာ လာပြီး ရမ်းကားရဲတာလဲ...”

ထိုသို့ ဟောက်လိုက်သူမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ ချင်းလုံဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။ သူက ချင်းလုံဂိုဏ်းသား တစ်စုနှင့်အတူ ရောက်ရှိလာ၏။

အင်မော်တယ်အင်ပါယာယီဟိုင်က သူတို့ကို ရင်ဆိုင်လိုက်သည်။ သူ၏ လက်ကို မြှောက်၍ ရိုက်ချလိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက စီးဆင်းဝင်ရောက်သွားသည်။ ချင်းလုံဂိုဏ်းက နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ဖြစ်နေလျှင်တောင်မှ မဆိုထားနှင့်၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် သို့မဟုတ် အင်မော်တယ်တက်လှမ်းခြင်းအဆင့်တွင် ရှိနေလျှင်ပင် လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။

သူက သွေးမြူမှုန်အဖြစ် တိုက်ရိုက် ရိုက်ချေခံလိုက်ရ၏။ ထိုချင်းလုံဂိုဏ်းသားများဆိုလျှင် ပို၍ပင် ဆိုးရွားသေးသည်။ အားလုံး သေဆုံးသွားကြသည်။

မိုဝန်ထျန်း၏ မျက်နှာက နာကျင်မှုများ ပြည့်နှက်နေပြီး ကျန်းရူဟွာ၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဖက်ထား၏။ သူ၏ အခြားလက်တစ်ဖက်က တုန်ယင်နေသည်။

သူက ချမ်ချန်ကန်း ပေးထားသည့် လျိုဝေတီဟွမ်ဆေးလုံးကို ထုတ်ယူ၍ ကျန်းရူဟွာကို တိုက်ကျွေးလိုက်၏။ သို့သော် လူက သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဤဆေးလုံးများကို တိုက်ကျွေးလျှင်ပင် အသုံးမဝင်တော့ချေ။

ဘေးဘက်မှ အင်မော်တယ်အင်ပါယာ ယီဟိုင်က မိုဝန်ထျန်း၏ ပခုံးကို ပုတ်လိုက်၏။

“စိတ်တင်းထားပါ... မင်းရဲ့ ဆရာ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့... သူ့မှာ သေဆုံးသွားတဲ့သူတွေကို ပြန်လည်ရှင်သန်စေနိုင်တဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့နည်းလမ်းတွေ ရှိတယ်... မင်းရဲ့ ရူဟွာကို သေချာပေါက် ပြန်လည်ရှင်သန်အောင် လုပ်ပေးနိုင်မှာပါ...”

အင်မော်တယ်အင်ပါယာယီဟိုင်၏ စကားကို ကြားသောအခါ မိုဝန်ထျန်း၏ မျက်ရည်ဝဲနေသော မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ လက်ခနဲ ဖြစ်သွား၏။

“ဟုတ်တယ်... ဆရာက သူ့ကို သေချာပေါက် ကယ်တင်နိုင်မှာပါ... သေချာပေါက် ကယ်နိုင်ရမယ်...”

မိုဝန်ထျန်းက ကျန်းရူဟွာကို ပွေ့ချီ၍ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ထိုအခိုက်မှာပင်။ သေဆုံးနေသော ကျန်းရူဟွာထံမှ ကြီးမားကျယ်ပြန့်လှသော အင်မော်တယ်စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ အင်မော်တယ်အလင်းတန်းများက ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။

မိုဝန်ထျန်းမှာ မှင်တက်သွား၏။

ဘေးဘက်ရှိ အင်မော်တယ်အင်ပါယာ ယီဟိုင်မှာလည်း အံ့အားသင့်သွားပြီး ကျန်းရူဟွာ၏ နဖူးပေါ်တွင် ပြန်လည်ကျင့်ကြံခြင်း အင်မော်တယ်တံဆိပ်တော်တစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

“ဒီကျန်းရူဟွာက အင်မော်တယ်နယ်မြေက ပါရမီရှင်ဖြစ်နေမလား...”

“ဒါပေမဲ့ သူက အင်မော်တယ်နယ်မြေရဲ့ ပါရမီရှင်ဆိုရင်တောင်မှ ဘာလို့ ဆယ်နှစ်ကျော်တဲ့အထိ နိုးထမလာခဲ့တာလဲ... ပြီးတော့ သူက ကျင့်ကြံသူတစ်ယောက်တောင် မဟုတ်ဘဲ သာမန်လူတစ်ယောက် ဖြစ်နေသေးတာကို...”

အင်မော်တယ်အင်ပါယာ ယီဟိုင်မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွား၏။

အင်မော်တယ်အလင်းတန်းများက ကောင်းကင်ယံသို့ ဖြတ်သန်းသွားပြီး အင်မော်တယ်တံခါးတစ်ပေါက် ပွင့်လာခဲ့သည်။

ထိုအင်မော်တယ်တံခါးထဲမှ ထည်ဝါခမ်းနားသော ပုံရိပ်တစ်ခု လျှောက်ထွက်လာ၏။

ကြီးမြတ်ခမ်းနားပြီး အဆုံးအစမဲ့သော စွမ်းအားများက အတက်အကျ ဖြစ်နေကာ သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် အင်မော်တယ်အင်ပါယာ ယီဟိုင်ပင်လျှင် ထိတ်လန့်သွားခဲ့သည်။

ဤလူက အင်မော်တယ်နယ်မြေ၏ အရှင်သခင်ဖြစ်ရမည်ဖြစ်ပြီး အင်မော်တယ်တာအို သူတော်စင်တစ်ပါးဖြစ်ရန်ပင် အလွန်ဖြစ်နိုင်ခြေ များနေ၏။

ကျူးရှိူ့တိုက်ကြီး၏ နိယာမများ အားလုံး ပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်အနှံ့တွင် အဆုံးမဲ့တွင်းနက်ကြီးများရှိနေကာ လောကရှိ အရာအားလုံးကို ဖယ်ရှား ကန့်သတ်ထားသည်။

အခြားတစ်ဖက်တွင် ထိုထည်ဝါခမ်းနားသောပုံရိပ် ဆင်းသက်လာချိန်၌ ဖေးရှန့်တောင်တွင် ကောင်းကင်တာအိုကို သန့်စင်ရန် အစွမ်းကုန် ကြိုးစားနေသော ပိုင်ယွဲ့က ကြီးမားလှသော ထိတ်လန့်ဖွယ်ရာတစ်ခု ရောက်ရှိလာသည်ကို ချက်ချင်း ခံစားလိုက်ရ၏။

ကောင်းကင်တာအို နိယာမများ ပျက်စီးသွားမှုကြောင့် သူမ နောက်ပြန်လှန်ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။ သူမ၏ မျက်နှာက ဖြူရော်သွားပြီး တိုက်ရိုက် ဒဏ်ရာရသွား၏။

ချမ်ချန်ကန်းက သိရှိသွားသည်။ သူက ပိုင်ယွဲ့၏ ရှေ့တွင် ပေါ်လာပြီး ပိုင်ယွဲ့၏ ပြင်းထန်သော ဒဏ်ရာကို မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။

“ဘာဖြစ်တာလဲ...”

ပိုင်ယွဲ့က အားနည်းစွာ ပြန်ဖြေလိုက်သည်။

“ဆရာ.. ကျူးရှိူ့မှာ အမြင့်ဆုံး အစွမ်းထက်သူတစ်ယောက် ရောက်လာတယ်... ကျူးရှိူ့ရဲ့ ကောင်းကင်တာအို နိယာမတွေ ပျက်စီးသွားလို့ တပည့် နောက်ပြန်လှန်ရိုက်ခတ်မှုကို ခံလိုက်ရတာပါ...”

ပိုင်ယွဲ့၏ စကားကို ကြားပြီးနောက် ချမ်ချန်ကန်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

ကျူးရှိူ့တိုက်ကြီးတွင် ဤသို့ အစွမ်းထက်လှသော ပုဂ္ဂိုလ်မျိုး ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ဘယ်သူလဲ...”

တစ်ချိန်တည်းမှာပင် အလုံးစုံသောသက်ရှိလုပ်ဆောင်ချက်ကို အသုံးပြု၍ ဆေးလုံးတစ်လုံး သန့်စင်ဖန်တီးကာ သူမကို သောက်စေပြီး ဒဏ်ရာများကို သက်သာလာစေ၏။

ထိုအခါမှသာ ပိုင်ယွဲ့၏ ဖြူရော်နေသော မျက်နှာလေးမှာ အနည်းငယ် ပြန်လည် နီသွေးဆင်းလာပြီး သူမက ခေါင်းယမ်းလိုက်သည်။

“တပည့်က ကောင်းကင်တာအိုကို အပြည့်အဝ သန့်စင်ပြီးတာ မဟုတ်သေးတော့ တပည့်လည်း မသိဘူး...”

ချမ်ချန်ကန်းက ပြောလိုက်၏။

“ကျူးရှိူ့ရဲ့ နိယာမက သူ့ကို မတားဆီးနိုင်မှတော့ တားဆီးဖို့ မလိုတော့ပါဘူး...”

ပိုင်ယွဲ့က ခေါင်းညိတ်လိုက်သည်။

ထို့နောက် ချမ်ချန်ကန်း၏ မျက်လုံးများက နက်ရှိုင်းသွားပြီး ကျူးရှိူ့တိုက်ကြီးသို့ မည်သို့သော အစွမ်းထက်သူ ရောက်လာသနည်းဟု ခန့်မှန်းနေ၏။

ကောင်းကင်တာအို နိယာမများပင် မခုခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုအစွမ်းထက်သူက ကျူးရှိူ့တိုက်ကြီးကို တိုက်ခိုက်လာလျှင် ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌သာ မဟုတ်ပါက။ သို့မဟုတ်လျှင် ထိုသူကို သူကိုယ်တိုင် ရင်ဆိုင်နိုင်ရန် နည်းလမ်း မရှိချေ။

“ပြိုင်ဘက်ကင်းနယ်မြေကို အမြန်ဆုံး ချဲ့ထွင်ပြီး ကျူးရှိူ့ကို အမြန်ဆုံး လွှမ်းခြုံနိုင်ဖို့ လိုအပ်နေတုန်းပဲ...”

ဟွာလုံမြို့။

ထိုထည်ဝါခမ်းနားသော ပုံရိပ်မှာ ကောင်းကင်ယံရှိ ကြယ်တာရာများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များကို ထုတ်လွှတ်နေပြီး လောကတစ်ခွင်လုံးသို့ ရိုက်ခတ်နေ၏။

ဧရာမနဂါးငွေ့တန်း ဂလက်ဆီကြီးသဖွယ် ကျယ်ပြန့်လှသော အဖြူရောင်နယ်မြေကြီးက စူးရှတောက်ပကာ အဆုံးအစမဲ့နေပြီး ဟွာလုံမြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

သူက လက်ကို မြှောက်လိုက်၏။ မိုဝန်ထျန်း၏ လက်မောင်းထဲမှ ကျန်းရူဟွာက ထိုထည်ဝါခမ်းနားသော ပုံရိပ်၏ လက်မောင်းထဲသို့ ရောက်သွားသည်။

“ရူဟွာ...”

မိုဝန်ထျန်း၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်သွားပြီး သူမကို ပြန်လုယူရန် ပြင်လိုက်၏။

သို့သော် ထိုထည်ဝါခမ်းနားသော ပုံရိပ်၏ ကြောက်မက်ဖွယ် လှိုင်းဂယက်များအောက်တွင် သူ၏ တစ်ကိုယ်လုံး လှုပ်ရှား၍ မရနိုင်တော့ချေ။

မိုဝန်ထျန်းကို သတ်ဖြတ်ရန် တစ်ချက်ကြည့်ရုံသာ လိုအပ်သကဲ့သို့ ရှိသည်။ ထိုနည်းတူပင် သူ့ဘေးရှိ အင်မော်တယ်အင်ပါယာ ယီဟိုင်ကိုလည်း သတ်ဖြတ်နိုင်စွမ်း ရှိ၏။

ထိုအင်မော်တယ်အင်ပါယာယီဟိုင်၏ စိတ်နှလုံးမှာ လေးလံသွားသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးကို ခန့်မှန်း၍မရနိုင်ဘဲ စီနီယာ ချမ်ချန်ကန်းထံတွင်သာ မြင်တွေ့ခဲ့ဖူး၏။

ဤကျူးရှိူ့တိုက်ငယ်လေးအတွင်း ဖေးရှန့်တောင်တွင် ပုန်းအောင်းနေသော ပြိုင်ဘက်ကင်းဆရာသခင်တစ်ပါး ရှိနေသည်။ ယခုလည်း နောက်ထပ် အမြင့်ဆုံး အစွမ်းထက်သူ တစ်ယောက် ထပ်ရောက်လာပြန်ပြီ ဖြစ်၏။

ထည်ဝါခမ်းနားသော ပုံရိပ်က ကျန်းရူဟွာကို ပွေ့ဖက်ထားပြီး ချက်ချင်းပင် နဂါးပုံသဏ္ဌာန် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

နဂါးပုံသဏ္ဌာန် ဆေးလုံးကို မြင်သောအခါ အင်မော်တယ်အင်ပါယာ ယီဟိုင်၏ မျက်လုံးအိမ်များ ရုတ်ခြည်း ကျုံ့ဝင်သွား၏။

“အစစ်အမှန် နဂါးအင်မော်တယ်ဆေး...”

ဤသို့သော ဆေးလုံးမျိုးကို ရှေးဟောင်း အင်မော်တယ်ကျမ်းစာများတွင်သာ သူ မြင်တွေ့ခဲ့ဖူးပြီး သေဆုံးသွားသူများကို ပြန်လည်ရှင်သန်စေနိုင်သော မှော်ဆန်သည့် အစွမ်းရှိသော်လည်း ၎င်းတို့မှာ နှစ်ပေါင်း သိန်းနှင့်ချီ၍ မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ယခု တစ်စုံတစ်ယောက်က ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ဤထည်ဝါခမ်းနားသော ပုံရိပ်က မည်သူနည်း။

ထည်ဝါခမ်းနားသော ပုံရိပ်၏ မျက်နှာမှာ လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး အင်မော်တယ်အင်ပါယာ ယီဟိုင်က ၎င်းကို မမြင်နိုင်ချေ။

မဟုတ်ပေ။ သူ မမြင်နိုင်ခြင်း မဟုတ်ချေ။ သူ့တွင် မြင်နိုင်စွမ်းသော အရည်အချင်း မရှိခြင်း ဖြစ်သည်။

၎င်းက အရာအားလုံးကို ဖယ်ရှား ကန့်သတ်ထားသော ပိုမို မြင့်မားသည့် နိယာမစွမ်းအားဖြစ်၏။ ထို့ကြောင့် အင်မော်တယ်အင်ပါယာ ယီဟိုင်၏ နှလုံးသားထဲတွင် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

ထိုအစစ်အမှန် နဂါးအင်မော်တယ်ဆေးကို ကျန်းရူဟွာအား တိုက်ကျွေးလိုက်သည်။

တုန်လှုပ်ဖွယ် ကောင်းသောအရာ ဖြစ်ပျက်လာ၏။ သေဆုံးနေသော ကျန်းရူဟွာ၏ ခန္ဓာကိုယ်မှ လောင်ကျွမ်းနေသော သက်စောင့်မီးဖိုကြီး တစ်ခုကဲ့သို့ အဆုံးအစမဲ့ သက်စောင့်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူမ ပြန်လည်ရှင်သန်လာခဲ့ပြီ ဖြစ်၏။

ကျန်းရူဟွာ၏ နဖူးပေါ်တွင် ပြန်လည်ကျင့်ကြံခြင်း အင်မော်တယ်တံဆိပ်တော်က အလင်းရောင်များ တောက်ပလာပြီး ယခင်ဘဝမှ မှတ်ဉာဏ်များ လုံးဝ ပြန်လည် ရရှိလာခဲ့သည်။

ဝမ်းနည်းကြေကွဲနေသော မိုဝန်ထျန်းမှာ ကျန်းရူဟွာ ပြန်လည်ရှင်သန်လာမှုကြောင့် အံ့အားသင့်သွားပြီးနောက် အလွန် ဝမ်းသာကြည်နူးသွား၏။

“ရူဟွာ...”

မိုဝန်ထျန်း၏ ခေါ်သံကို ကြားလိုက်ရသကဲ့သို့ ကျန်းရူဟွာက သူ့ကို ကြည့်လိုက်သည်။

ကျန်းရူဟွာ၏ မျက်နှာပေါ်တွင် အံ့ဩသွားသည့် အမူအရာ ပေါ်လာ၏။ သူမက အင်မော်တယ်တံဆိပ်တော်ကို ပြန်လည်တည်ဆောက်၍ မှတ်ဉာဏ်များ ပြန်လည်ရရှိလာလျှင်ပင် ကျန်းရူဟွာသည် ကျန်းရူဟွာပင် ဖြစ်နေသေးသည်။

သူမက ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးလိုက်ပြီး မိုဝန်ထျန်းကို လက်လှမ်းပြလိုက်၏။

“ဝန်ထျန်း... ရှင် ဘာလို့ပြန်လာတာလဲ...”

မိုဝန်ထျန်းက သူ၏ ပါးပြင်မှ မျက်ရည်များကို သုတ်လိုက်သည်။

“ရူဟွာ... ကိုယ်က စီနီယာ့ရဲ့ တပည့် ဖြစ်သွားပြီ... ကိုယ်လုပ်နိုင်ခဲ့ပြီ... အခု မင်းကို လာခေါ်တာ...”

ကျန်းရူဟွာက ချိုသာ နူးညံ့စွာ ပြုံးလိုက်၏။

“အစ်ကိုဝန်ထျန်းက စီနီယာရဲ့တပည့် ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်... အရမ်း တော်တာပဲ...”

သို့သော်လည်း ကျန်းရူဟွာ၏ မျက်လုံးများတွင် ဆုံးရှုံးသွားရသကဲ့သို့ ဝမ်းနည်းရိပ်များလည်း ပေါ်လာသည်။

“ဒါပေမဲ့ တောင်းပန်ပါတယ် အစ်ကိုဝန်ထျန်း... ကျွန်မ ရှင့်နောက်ကို လိုက်မလာနိုင်တော့ဘူး...”

“ဘာလို့လဲ...”

ကျန်းရူဟွာက ပြုံးလိုက်ပြီး သူမ၏ နဖူးပေါ်ရှိ ပြန်လည်ကျင့်ကြံခြင်း အင်မော်တယ်တံဆိပ်တော်ကို လက်ဖြင့်ညွှန်ပြကာ ခေါင်းလေးစောင်း၍ ပြန်ဖြေလိုက်၏။

“အစ်ကိုဝန်ထျန်း... ရှင်လည်း မြင်တဲ့အတိုင်းပါပဲ... တကယ်တော့ ကျွန်မက အင်မော်တယ်နယ်မြေက ပါရမီရှင်ပါ...”

“တပည့်လက်ခံပွဲလည်း ပြီးသွားပြီ... တစ်ယောက်ယောက်က ကျူးရှိူ့ဒယ်စောက်ကိုရပြီး ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ဖြစ်သွားပြီဆိုတော့ ကျွန်မ ဒီမှာ ဆက်နေဖို့ မလိုတော့ပါဘူး...”

သူမက သက်ပြင်းချလိုက်သည်။

“ဒါ့အပြင် ကျွန်မဆက်နေချင်ရင်တောင် မိသားစုက ခွင့်ပြုမှာ မဟုတ်ဘူး...”

မိုဝန်ထျန်းက ခေါင်းငုံ့လိုက်ရာ သူ၏ မျက်လုံးများက နီရဲနေပြီး မလိုလားမှုများ ပြည့်နှက်နေ၏။ သူက မျှော်လင့်ချက်မဲ့စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ဘယ်လိုလုပ်ပြီး...”

ကျန်းရူဟွာက မိုဝန်ထျန်းအနားသို့ ရောက်လာပြီး သူမ၏ လက်နှစ်ဖက်ဖြင့် မိုဝန်ထျန်းကို ဖက်ကာ မိုဝန်ထျန်း၏ ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ထားလိုက်၏။

မိုဝန်ထျန်း၏ ကိုယ်ငွေ့ကို တိတ်ဆိတ်စွာ ခံစားရင်း သူ၏ နှလုံးခုန်သံကို နားထောင်နေသည်။

“အစ်ကိုဝန်ထျန်း... ကျွန်မလည်း ရှင့်ဘေးနားမှာ အမြဲတမ်းနေချင်တာပါ... ဒါပေမဲ့ ဒီနေ့ကတော့ နောက်ဆုံးမှာ ရောက်လာမယ်ဆိုတာ ကျွန်မ သိပါတယ်... အစ်ကိုဝန်ထျန်း... ရှင် အရမ်း ကြိုးစားခဲ့ပါတယ်... ရှင် အရမ်း တော်တယ်... ကျွန်မတို့ ခွဲခွာရတာ ယာယီပါပဲလို့ ကျွန်မ ယုံကြည်တယ်... တစ်နေ့ကြရင် ကျွန်မတို့ ပြန်တွေ့ကြမှာပါ...”

ထိုထည်ဝါခမ်းနားသော ပုံရိပ်က အေးစက်သော မျက်လုံးများဖြင့် အရေးမစိုက်သကဲ့သို့ ကြည့်နေ၏။

မိုဝန်ထျန်းက ကျန်းရူဟွာ၏ စကားများကို ကြားသောအခါ ကျန်းရူဟွာကို တင်းကျပ်စွာ ပြန်လည်ပွေ့ဖက်ထားမိပြီး မထိန်းနိုင်ဘဲ ငိုကြွေးလိုက်မိသည်။

“ရူဟွာ... ကိုယ်တောင်းပန်ပါတယ်... ကိုယ်တောင်းပန်ပါတယ်...”

ကျန်းရူဟွာက မိုဝန်ထျန်းကို ဖက်ထားရင်း မသိမသာပင် မျက်ရည်များ စီးကျလာပြီး သူ၏ ရင်ဘတ်ကို စိုရွှဲသွားစေ၏။

“အစ်ကိုဝန်ထျန်း... ကျွန်မ... ကျွန်မ ရှင့်ကို ခွဲမသွားချင်ဘူး…”

All Chapters