← Chapters

အခန်း ၂၇၂

Vol. 24 Ch. 272

အခန်း ၂၇၂

Vol. 24 Ch. 272

အခန်း (၂၇၂) ကောင်းကင်အင်မော်တယ်နယ်မြေ၊ လွန်ခဲ့သော ဆယ်နှစ်က အမှတ်တရများ

မိုဝန်ထျန်းက ကျန်းရူဟွာကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်၏။

“သခင်မလေး... သွားရမယ့် အချိန်ရောက်ပြီ...”

ထိုခန့်ညားထည်ဝါသော ပုံရိပ်ကြီးက ပါးစပ်ဟ၍ ပြောလိုက်ပြီး မိုဝန်ထျန်း၏ အပြုအမူကို အလွန်မကျေနပ်သည့်ပုံ ပေါ်၏။

အင်မော်တယ်အင်ပါယာ ယီဟိုင်မှာမူ ထိုခန့်ညားထည်ဝါသော ပုံရိပ်ကြီး၏ စကားကို ကြားသောအခါ လုံးဝ ဆွံ့အသွားတော့သည်။

ဤမျှအစွမ်းထက်သော ပုဂ္ဂိုလ်က ကျန်းရူဟွာ၏ ဆွေမျိုး းဖြစ်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းရူဟွာကို သခင်မလေးဟု ခေါ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဤကျန်းရူဟွာက မည်ကဲ့သို့သော နောက်ခံမျိုး ရှိနေသနည်းဟု သူ တွေးလိုက်မိ၏။

ကျန်းရူဟွာက သက်ပြင်းချလိုက်ပြီး မိုဝန်ထျန်း၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ နောက်သို့ ဆုတ်လိုက်သည်။

“ညီမရူဟွာ... ကိုယ့်ကို စောင့်နေပါ... ညီမ ဘယ်နေရာမှာပဲ ရှိနေပါစေ... တစ်နေ့ကျရင် ကိုယ် ညီမကိုလိုက်ရှာမယ်...”

မိုဝန်ထျန်း၏ မျက်လုံးများက တည်ကြည် ခိုင်မာနေပြီး ကျန်းရူဟွာကို ကတိတစ်ခု ပေးလိုက်၏။

ကျန်းရူဟွာက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“အင်းပါ... အစ်ကိုဝန်ထျန်း... ကောင်းကင်အင်မော်တယ်နယ်မြေကနေ ညီမ စောင့်နေမယ်...”

ဘေးဘက်မှ အင်မော်တယ်အင်ပါယာ ယီဟိုင်မှာ ကျန်းရူဟွာ၏ စကားများကို ကြားသောအခါ စိတ်လှုပ်ရှားသွား၏။

“ကောင်းကင်အင်မော်တယ်နယ်မြေ...”

ကောင်းကင်အင်မော်တယ်နယ်မြေသည် ထောင်ပေါင်းများစွာသော အင်မော်တယ်နယ်မြေများအနက် ထိပ်သီး နယ်မြေဆယ်ခုတွင် ပါဝင်ကြောင်း သိထားရမည် ဖြစ်သည်။ ၎င်းက အဆုံးအစမဲ့ ကျယ်ပြောလှပြီး အစွမ်းထက်သူများက တိမ်တိုက်များသဖွယ် ပေါများလှ၏။ ကောင်းကင်အင်မော်တယ်နယ်မြေတွင် အင်မော်တယ်တာအို သူတော်စင်များစွာရှိသည်ဟု ကောလာဟလများ ရှိသည်။

အစစ်အမှန် နဂါးအင်မော်တယ်ဆေးကို သူ ထုတ်ပေးနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤကဲ့သို့သော အမြင့်ဆုံး အစွမ်းထက်သူက ကျန်းရူဟွာကို သခင်မလေးဟု ခေါ်ဆိုနေသည်။

အင်မော်တယ်အင်ပါယာ ယီဟိုင်၏ ရင်ထဲတွင် အလွန်တုန်လှုပ်သွားပြီး စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ချေ။

နောက်ဆုံးတွင် ကျန်းရူဟွာက ပြုံး၍ မိုဝန်ထျန်းကို လက်ပြ နှုတ်ဆက်လိုက်သည်။ သူမက တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ခြေသုံးလှမ်း လှမ်းတိုင်း တစ်ကြိမ် ပြန်လှည့်ကြည့်နေပြီး မျက်ရည်များကို မထိန်းချုပ်နိုင်အောင် ကျဆင်းလာခဲ့၏။

သူမက တကယ့်ကို မထွက်ခွာသွားချင်ပေ။ သို့သော်လည်း ယခုအခါ မိသားစုက ရောက်လာပြီ ဖြစ်သဖြင့် သူမ ထွက်သွားရတော့မည်ဖြစ်သည်။

မိုဝန်ထျန်းက သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သော်လည်း သူ တတ်နိုင်သည့်အရာ ဘာမျှမရှိဘဲ ကျန်းရူဟွာ ထွက်သွားသည်ကိုသာ ရပ်ကြည့်နေနိုင်ခဲ့၏။ သူ၏ နီရဲနေသော မျက်လုံးများမှလည်း မျက်ရည်များ ကျဆင်းလာခဲ့သည်။

နောက်ဆုံးတွင် ကျန်းရူဟွာက အင်မော်တယ်တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားပြီး သူမ၏ ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။

“ညီမရူဟွာ...”

မိုဝန်ထျန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းသွားသကဲ့သို့ ယိမ်းယိုင်နေ၏။

ကျန်းရူဟွာ ထွက်သွားပြီးနောက်... ထိုခန့်ညားထည်ဝါသော ပုံရိပ်ကြီးတစ်ခုသာ ကျန်ရစ်တော့သည်။ သူက အင်မော်တယ်တံခါးပေါက်ဝတွင် ရပ်နေ၏။ ထို့နောက် မိုဝန်ထျန်းကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“သခင်မလေးက အဆင့်အတန်း မြင့်မားတယ်... မင်း လုပ်နေတဲ့ အပြုအမူတွေက စော်ကားတာပဲ...”

သူက စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ အကြည့်များက လောကကြီးကို ဖောက်ထွင်းသွားတော့မည့်အလား စူးရှသွား၏။ အင်မော်တယ်အင်ပါယာ ယီဟိုင်က ထိုသတ်ဖြတ်လိုသော အငွေ့အသက်ကို သတိပြုမိသွားပြီး သူ၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

“မိုဝန်ထျန်း... ထွက်ပြေး...”

သူ့အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုစူးရှသော အကြည့်များက အလွန် လျင်မြန်လွန်းနေခဲ့သည်။ တစ်မုဟုတ်ချင်းပင် မိုဝန်ထျန်းထံသို့ ရိုက်ခတ်သွား၏။

မိုဝန်ထျန်းက ညည်းညူလိုက်ပြီး သူ၏ မျက်နှာက ဖြူရော်သွားကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူ၏ အုတ်မြစ်က ပျက်စီးသွားပြီး သူ၏ ကျင့်ကြံခြင်း စွမ်းအင်များလည်း လုံးဝ ပျက်စီးသွားတော့သည်။ သူ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။

ထိုခန့်ညားထည်ဝါသော ပုံရိပ်ကြီးက အထက်စီးမှ ရပ်နေပြီး မိုဝန်ထျန်းကို ငုံ့ကြည့်လိုက်သည်။

“ပုရွက်ဆိတ်ဆိုတာက ပုရွက်ဆိတ်လို နေသင့်တယ်... သခင်မလေးရဲ့ မျက်နှာကြောင့် မင်းအသက်ကို ချမ်းသာပေးခဲ့မယ်... မင်းဘာသာမင်း ကြည့်ကျက်နေလိုက်တော့...”

ထိုသို့ပြောပြီးနောက် ထိုပုံရိပ်ကြီးက အင်မော်တယ်တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

ထိုပုံရိပ်ကြီး ထွက်သွားပြီးနောက် အင်မော်တယ်အင်ပါယာ ယီဟိုင်၏ ခန္ဓာကိုယ်က နောက်ဆုံးတွင် လှုပ်ရှားနိုင်သွား၏။ သူက စိုးရိမ်တကြီး ကြည့်လိုက်သည်။

“မိုဝန်ထျန်း... မင်း ဘယ်လိုနေသေးလဲ...”

မိုဝန်ထျန်း၏ မျက်နှာက သွေးရောင်မရှိဘဲ အလွန် ဖြူရော်နေကာ သူ တစ်ကိုယ်လုံး အားနည်းနေပြီး သူ၏ ကျင့်ကြံခြင်း အငွေ့အသက်ကို လုံးဝ မခံစားရတော့ချေ။

“ကျွန်... ကျွန်တော် အဆင်ပြေပါတယ်...”

အင်မော်တယ်အင်ပါယာယီဟိုင်၏ မျက်နှာက အလွန်ပျက်ယွင်းနေ၏။ သူက မိုဝန်ထျန်းကို တွဲထူပေးလိုက်ပြီး တည်ကြည် လေးနက်စွာ ပြောလိုက်သည်။

“အင်မော်တယ်တောင်ကို ပြန်ကြစို့... စီနီယာ့ဆီမှာ မင်းရဲ့ ကျင့်ကြံခြင်းအုတ်မြစ်ကို ပြန်လည်ကုသပေးနိုင်မယ့် နည်းလမ်း ရှိမှာပါ...”

“အင်မော်တယ်အင်ပါယာ ယီဟိုင်... ကောင်းကင်အင်မော်တယ်နယ်မြေနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လောက် သိထားလဲ...”

အုတ်မြစ်ပျက်စီးသွားပြီး ကျင့်ကြံခြင်းစွမ်းအင်များ ပျက်သုဉ်းသွားကာ သူက အသုံးမကျသူတစ်ယောက် ဖြစ်သွားခဲ့လျှင်တောင်မှ မိုဝန်ထျန်း၏ အမူအရာက တည်ကြည် ခိုင်မာနေဆဲ ဖြစ်သည်။ သူ ကောင်းကင်အင်မော်တယ်နယ်မြေသို့ မဖြစ်မနေ သွားမည် ဖြစ်၏။ ညီမရူဟွာကို ပေးထားသည့် ကတိကို သူ မဖြစ်မနေ ဖြည့်ဆည်းပေးမည်ဖြစ်သည်။ မည်မျှပင် အန္တရာယ် များပါစေ၊ အရိုးကြေကြေ အရေခန်းခန်း သူ မဖြစ်မနေ သွားရမည် ဖြစ်သည်။

မိုဝန်ထျန်း၏ စကားများကို ကြားသောအခါ အင်မော်တယ်အင်ပါယာယီဟိုင်က သက်ပြင်းချလိုက်သည်။

“ကောင်းကင်အင်မော်တယ်နယ်မြေက အလွန် အစွမ်းထက်တယ်... ငါ ဒီအဘိုးကြီး မသေခင်တုန်းက ကောင်းကင်အင်မော်တယ်နယ်မြေရဲ့ ကြီးမားတဲ့ အစွမ်းအကြောင်းကို ကြားဖူးခဲ့တယ်... အင်မော်တယ်နယ်မြေတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ကြပြီး ဘယ်သူမှ သူတို့ကို မတားဆီးနိုင်ခဲ့ဘူး... အစောက လူက အင်မော်တယ်နယ်မြေ အရှင်သခင် မဟုတ်ဘဲ အင်မော်တယ်တာအို သူတော်စင် တစ်ပါးပဲ... အဲဒီလိုအဆင့်မြင့် ပုဂ္ဂိုလ်ကတောင် မင်းရဲ့ ညီမရူဟွာကို သခင်မလေးလို့ ခေါ်နေတာ...”

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အင်မော်တယ်အင်ပါယာ ယီဟိုင်က ထပ်ပြောလိုက်၏။

“မင်းရဲ့ ညီမရူဟွာက ကောင်းကင်အင်မော်တယ်နယ်မြေမှာ ကြောက်ခမန်းလိလိ မြင့်မြတ်တဲ့ အဆင့်အတန်းရှိနေပုံပဲ...”

“ငါ နားမလည်နိုင်တာက... ဘာလို့ သူက ဆယ်နှစ်ကျော်တဲ့အထိ မနိုးထလာသေးဘဲ ကျူးရှိူ့တိုက်ကြီးမှာ အင်မော်တယ်တံဆိပ်တော်ကို ပြန်လည် မတည်ဆောက်ရတာလဲဆိုတာပဲ...”

“ညီမရူဟွာ...”

မိုဝန်ထျန်း၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားပြီး အတိတ် အမှတ်ရစရာများထဲသို့ နစ်မျောသွားတော့သည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ဆောင်းရာသီတွင် လေပြင်းများက ဓားတစ်လက်ကဲ့သို့ အေးစက်နေပြီး နှင်းများ တဖွဲဖွဲ ကျဆင်းနေ၏။ ဟွာလုံမြို့၏ ညနက်ပိုင်း အချိန်တစ်ခုတွင် ဖြစ်သည်။

မိုဝန်ထျန်း၏ သေးငယ်သော ခန္ဓာကိုယ်လေးက အမာရွတ်များ ပြည့်နှက်နေသည့် ထူထဲသော ချည်အင်္ကျီကြီးထဲတွင် ရစ်ပတ်ထားလျက် ရှိသည်။

“ငါ အရမ်းဗိုက်ဆာနေပြီ... အရမ်းဆာလွန်းလို့ ငါ သေတော့မယ်ထင်တယ်...”

အမှိုက်ပုံ အတော်များများကို မွှေနှောက် ရှာဖွေပြီးနောက် သူ စားစရာ ဘာတစ်ခုမျှ မတွေ့ခဲ့ရပေ။ မိုဝန်ထျန်း၏ လက်များတွင်လည်း နှင်းကိုက်နာများဖြင့် ပြည့်နှက်နေ၏။ အသက်ခြောက်နှစ် အရွယ်တွင် သူ၏ လက်များက မည်းပေညစ်ပတ်နေပြီး အဘိုးအိုတစ်ဦး၏ လက်များနှင့် ပို၍ တူနေတော့သည်။

နောက်ဆုံးတွင် သူက အလွန် ဆာလောင်လာသဖြင့် ခြံစည်းရိုးကို ကျော်တက်ကာ အိမ်တစ်အိမ်သို့ ဝင်ရောက်လာခဲ့သည်။ အမှောင်ထဲတွင် မိုဝန်ထျန်းက မီးဖိုချောင်ကို ရှာဖွေရန် သတိကြီးစွာဖြင့် စမ်းတဝါးဝါး လျှောက်သွားလိုက်၏။

ဟိုစမ်းဒီစမ်း လုပ်ပြီးနောက် သူက မီးဖိုချောင်ကို အလျင်အမြန် ရှာတွေ့သွားသည်။ သူက မစောင့်ဆိုင်းနိုင်တော့ဘဲ တံခါးကို ဖွင့်လိုက်၏။

“စားရမယ်... စားစရာ... ငါ စားချင်တယ်...”

သူက မှိန်ဖျော့ဖျော့ ဖယောင်းတိုင်တစ်တိုင်ကို ထွန်းညှိလိုက်ရာ သူ၏ မျက်လုံးများက စိမ်းလဲ့နေပြီး မီးဖိုချောင်ကို ပတ်လည် ဝေ့ကြည့်လိုက်သည်။ ရုတ်တရက် ပန်းကန်စင်ထဲမှ ပေါက်စီများကို သူ တွေ့လိုက်ရ၏။

“ပေါက်စီတွေ... ငါ အကြိုက်ဆုံးပဲ...”

မိုဝန်ထျန်းက အလွန်ဝမ်းသာသွားပြီး ဗီဒိုကို အလျင်အမြန် ဖွင့်လိုက်သည်။ သူက လက်တစ်ဖက်ဖြင့် ပေါက်စီများကို ကိုင်၍ ကိုက်စားနေစဉ် အခြား လက်တစ်ဖက်ကလည်း ကျန်နေသော ပေါက်စီများကို သူ၏ ရင်ခွင်ထဲသို့ အဆက်မပြတ် ထိုးထည့်နေ၏။

ထိုအချိန်မှာပင် မှိန်ဖျော့ဖျော့ ဖယောင်းတိုင်အလင်းရောင်အောက်တွင် သဲ့သဲ့မျှ လှုပ်ရှားသံတစ်ခုကို သူ ကြားလိုက်ရသည်။ သူ အလျင်အမြန် လှည့်ကြည့်လိုက်ရာ ရုတ်တရက် မီးဖိုချောင်၏ ထင်းပုံများရှိရာ ထောင့်တစ်နေရာမှ အမှောင်ထောင့်တွင် ကွေးကွေးလေး ထိုင်နေသော ပိန်လှီသည့် ပုံရိပ်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရ၏။

ပေါက်စီဝါးနေသော မိုဝန်ထျန်း၏ လုပ်ရှားမှုက တစ်ခဏမျှ ရပ်တန့်သွားသည်။ သူက ပါးစပ်ကို ဖောင်းကာ တစ်ဝက်တစ်ပျက် စားလက်စ ပေါက်စီကို သူ၏ ချည်အင်္ကျီကြီးထဲသို့ ထိုးသိပ်ထည့်လိုက်၏။ သူ အနည်းငယ် ကြောက်လန့်သွားသော်လည်း ရဲတင်းစွာ အားယူလိုက်ပြီး သူ၏ ရင်ခွင်ထဲမှ တုံးနေသော မီးဖိုချောင်သုံး ဓားတစ်လက်ကို အလျင်အမြန် ထုတ်ကာ ထိုအမှောင်ထောင့်ကို မျက်နှာမူလိုက်သည်။

“ဘယ်သူလဲ... ပုန်းမနေနဲ့... မင်းကို ငါ မြင်တယ်... ထွက်ခဲ့...”

ထိုပိန်လှီသော ပုံရိပ်လေးက အမှောင်ထောင့်တွင် ကွေးကွေးလေး ထိုင်နေဆဲ ဖြစ်၏။

“သရဲများလား...”

မိုဝန်ထျန်းက သူ၏ ပါးစပ်ထဲမှ ပေါက်စီများကို အတင်းမျိုချလိုက်ပြီး ပို၍ပင် ကြောက်လန့်လာခဲ့သည်။ သူက မီးဖိုပေါ်မှ ဖယောင်းတိုင်ကို ယူ၍ ထိုအမှောင်ထောင့်ဆီသို့ ထိုးလင်းလိုက်၏။

အမှောင်ထု လွင့်စင်သွားပြီး ပိန်လှီသော ပုံရိပ်လေးတစ်ခု ပေါ်လာသည်။ ထိုသူက ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်ကာ သူမ၏ ဒူးများကို ဖက်ထားသော မိန်းကလေးငယ်တစ်ဦး ဖြစ်နေ၏။ သူမက သူ့ကို ကြောက်ရွံ့စွာ ကြည့်နေပြီး သူမ၏ အကြည့်များကို အလျင်အမြန် လွှဲဖယ်သွားသည်။

မိုဝန်ထျန်းမှာ သက်ပြင်းချနိုင်ပြီး အားလျော့သွားတော့၏။ သူက တုံးနေသော မီးဖိုချောင်သုံးဓားကို အောက်ချလိုက်သည်။ သရဲဟု ထင်လိုက်မိသဖြင့် သူ သေမတတ် လန့်သွားခဲ့ရခြင်း ဖြစ်သည်။

ထိုမိန်းကလေးငယ်ကို သူ ထပ်ကြည့်လိုက်၏။ သူမ၏ အဝတ်အစားများက စုတ်ပြတ်သတ်နေပြီး သူမ၏ ပိန်လှီသော ခန္ဓာကိုယ်လေးမှာ အအေးဒဏ်ကြောင့် နီရဲနေကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် အမာရွတ် အမြောက်အမြား ရှိနေသေးရာ မိုဝန်ထျန်းပင် မြင်လိုက်ရချိန်တွင် အလွန် ထိတ်လန့်သွားခဲ့ရ၏။

“မင်း... မင်းက ဘယ်သူလဲ...”

မိုဝန်ထျန်းက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ထိုမိန်းကလေးငယ်က ကြောက်ရွံ့နေပြီး သူ့ကို ပြန်မဖြေခဲ့ပေ။

ထိုအချိန်တွင်... အပြင်ဘက်မှ လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာ၏။

မိုဝန်ထျန်းက အလွန်လန့်သွားပြီး ဖယောင်းတိုင်ကို မှုတ်၍ ငြှိမ်းသတ်လိုက်ကာ မီးဖိုချောင်သုံး ဓားကို ကောက်ကိုင်၍ တံခါးအနောက်တွင် ပုန်းနေလိုက်သည်။

ကျွီခနဲ အသံနှင့်အတူ တံခါးက ပြန်ပွင့်လာ၏။ လူလတ်ပိုင်း အရွယ်အမျိုးသားတစ်ဦးက ဖယောင်းတိုင် တစ်တိုင်ကို ကိုင်၍ ဝင်လာသည်။ မိုဝန်ထျန်း၏ နှလုံးသားက အလွန်အမင်း ခုန်ပေါက်နေပြီး သူ၏ နဖူးမှ ချွေးများ စီးကျလာကာ အသက်ပင် ဝဝ မရှူရဲတော့ချေ။

“ငါ့ကို မတွေ့ပါစေနဲ့... ငါ့ကို မတွေ့ပါစေနဲ့... မဟုတ်ရင်တော့ ပြီးပြီပဲ...”

ယခုအခါ ထိုလူလတ်ပိုင်းအမျိုးသားက သူ့ကို မတွေ့သွားရန်နှင့် ထိုပိန်လှီသော မိန်းကလေးက သူ့ကို သတင်းမပေးရန်သာ သူ မျှော်လင့်နိုင်တော့သည်။

ထိုလူလတ်ပိုင်း အမျိုးသားက မီးဖိုချောင်ထဲသို့ တံခါးတွန်းဖွင့် ဝင်လာပြီး ဗီဒို ပွင့်နေကာ ပေါက်စီများအကုန် ပျောက်ကုန်ကြောင်းကို တွေ့လိုက်ရ၏။ သူက တစ်မုဟုတ်ချင်းပင် ဒေါသထွက်သွားတော့သည်။

“ကောင်းပြီ... မီးဖိုချောင်ထဲက အသံကြားတာ မဆန်းတော့ဘူး... နင်က ခိုးစားနေတဲ့ ခွေးမလေး ဖြစ်နေတာကိုး...”

ဖယောင်းတိုင်ကို မီးဖိုပေါ် တင်လိုက်ပြီး ထိုလူလတ်ပိုင်း အမျိုးသားက ပိန်လှီသော မိန်းကလေးကို လက်သီးဖြင့်ထိုးကာ ခြေထောက်ဖြင့် ကန်ကျောက်လိုက်၏။ ထိုပိန်လှီသော မိန်းကလေးက အရိုက်ခံနေရသော်လည်း သူမက အသံတိတ် နေခဲ့သည်။

တံခါးအနောက်တွင် ပုန်းနေပြီး တိတ်တဆိတ် ထွက်ပြေးရန် ပြင်နေသော မိုဝန်ထျန်းက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရ၏။

ယခု သူ ထွက်ပြေးမည်ဆိုပါက သေချာပေါက် လွတ်မြောက်သွားမည် ဖြစ်သည်။ သို့သော်လည်း ထိုပိန်လှီသော မိန်းကလေးမှာလည်း ရိုက်သတ်ခံရရန် ရာခိုင်နှုန်း အလွန်များနေပေ၏။ သူက အံကို ကျိတ်လိုက်ပြီး နောက်ဆုံးတွင် ထွက်ပြေးမည့် အစီအစဉ်ကို လက်လျှော့လိုက်တော့သည်။

လက်ထဲတွင် မီးဖိုချောင်သုံး ဓားတစ်လက်ကို ကိုင်ထားရင်း သူက တိတ်တဆိတ် တိုးကပ်သွား၏။

မှိန်ဖျော့ဖျော့ ဖယောင်းတိုင်အလင်းရောင်အောက်တွင် ထောင့်တစ်နေရာမှ ပိန်လှီသော မိန်းကလေးမှာ သွေးသံတရဲရဲဖြင့် အရိုက်ခံနေရပြီး သေလုမျောပါး ဖြစ်နေကြောင်းကို သူ တွေ့လိုက်ရသည်။ သူ ဒေါသထွက်သွားပြီး အော်ဟစ်လိုက်၏။

“ခင်ဗျား သူ့ကို အသေသတ်ချင်နေတာလား... ခွေးကောင်...”

ထိုလူလတ်ပိုင်းအမျိုးသားက အလွန် လန့်သွားပြီး အနောက်မှ အော်သံကြောင့် အံ့အားသင့်သွားသည်။ လှည့်ကြည့်လိုက်သောအခါ သူက ဓားတစ်လက် ကိုင်ထားသော ဒေါသထွက်နေသည့် ကလေးငယ်တစ်ဦးနှင့် ရင်ဆိုင်လိုက်ရ၏။

သွေးအိုင်ထဲတွင် လဲကျနေသော လူလတ်ပိုင်း အမျိုးသားကိုကြည့်ရင်း မိုဝန်ထျန်း၏ မျက်လုံးများက ပြူးကျယ်နေပြီး အမောတကော အသက်ရှူနေကာ သူ၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက မြေပြင်ပေါ်သို့ ခလွမ်ခနဲ ပြုတ်ကျသွားသည်။

ပြင်းထန်သော သွေးနံ့ကို ရလိုက်သောအခါ ‘အော့’ ခနဲ အသံတစ်ခု ထွက်ပေါ်လာ၏။

ပထမဆုံးအကြိမ် လူသတ်ဖူးခြင်းဖြစ်သဖြင့် သူ အန်ချလိုက်တော့သည်။

All Chapters