အခန်း ၂၇၃
Vol. 24 Ch. 273
အခန်း (၂၇၃) တစ်ယောက်ကိုတစ်ယောက် အားကိုးကြသော်လည်း နောက်ဆုံးတွင် ခွဲခွာရခြင်း
အစောက စားထားသော ပေါက်စီများကို သူ ပြန်အန်ထုတ်လိုက်၏။
မြေပြင်ပေါ်သို့ အန်ကျသွားသော ပေါက်စီများကိုကြည့်ရင်း မိုဝန်ထျန်း နှမြောသွားသည်။
သူက အလျင်အမြန် ပြန်ကောက်ယူ၍ ပြန်စားလိုက်၏။
ထို့နောက် ထောင့်တစ်နေရာမှ သွေးသံတရဲရဲ ဖြစ်နေသော ပိန်လှီသည့် မိန်းကလေးကို သူ လှည့်ကြည့်လိုက်ပြီး ဝါကျင်ကျင် သွားနှစ်တန်း ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။
“အဆင်ပြေရဲ့လား...”
“ငါ့နာမည်က မိုဝန်ထျန်းပါ... မင်းနာမည်က ဘယ်လိုခေါ်လဲ...”
“အဲ့တိရစ္ဆာန်က မင်းကို အထင်လွဲသွားတာ... ပေါက်စီတွေကို ငါ ခိုးစားတာပါ... ဘာလို့ သူက မင်းကိုရိုက်ရတာလဲ... ဘာလို့ မင်း သူ့ကို မပြောပြတာလဲ...”
“နာနေသေးလား...”
ထိုပိန်လှီသော မိန်းကလေးက စကားမပြောသည်ကို မြင်သောအခါ မိုဝန်ထျန်းမှာ ရှက်ရမ်းရမ်းကာ သူ့ခေါင်းကို သူ ကုတ်လိုက်၏။
“ဆောရီးပါဟာ... ငါ စောစောကတည်းက ဝင်ကူညီသင့်တာ... မင်း အရိုက်ခံနေရတဲ့အချိန် ငါက အရင်ဆုံး ထွက်ပြေးဖို့ပဲ စဉ်းစားနေမိတာ...”
ပြောပြီးနောက် မိုဝန်ထျန်းက သူ၏ ရင်ခွင်ထဲမှ ပေါက်စီတစ်လုံးကို ထုတ်ယူလိုက်သည်။
“မင်းကို ငါ စားစရာ ပေးပါ့မယ်... ငါ့ရဲ့ တောင်းပန်မှုအဖြစ် သဘောထားလိုက်ပါနော်...”
ပေါက်စီကိုကြည့်ရင်း ထိုပိန်လှီသော မိန်းကလေးမှာ ကြောက်ရွံ့နေသော်လည်း နောက်ဆုံးတွင် လှမ်းယူလိုက်၏။
သူမ၏ အသံက ခြင်တစ်ကောင်ကဲ့သို့ တိုးညင်းနေပြီး ကျေးဇူးတင်စကားကို တိုးတိုးလေးဆိုလိုက်ကာ စတင် စားသောက်တော့သည်။
သူမက ပြင်းထန်စွာ ဒဏ်ရာရထားသည်သာမက သူ့နည်းတူ အချိန်အတော်ကြာ ဘာမှမစားရသေးသည့်ပုံ ပေါ်၏။
သူ့ထက်ပင် ပိုဆိုးနေပုံရသည်။
မိုဝန်ထျန်းက သက်ပြင်းချလိုက်ပြီး သူ၏ ရင်ခွင်ထဲမှ ကြွေပုလင်းငယ်တစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်၏။
၎င်းက ဆေးဆိုင်တစ်ဆိုင်မှ သူ ခိုးယူလာခဲ့ပြီး အမှုန့်ကြိတ်ထားသော အတွင်းဒဏ်ရာကု ဆေးလုံးဖြစ်သည်။
ထိုပိန်လှီသော မိန်းကလေး၏ ကြောက်ရွံ့မှုကို ဂရုမစိုက်ဘဲ သူက ရှေ့သို့ တိုးသွားကာ သူမ၏ ဒဏ်ရာများပေါ်သို့ ဆေးမှုန့်များကို သုတ်လိမ်းပေးလိုက်သည်။
ထိုပိန်လှီသော မိန်းကလေးငယ်မှာ မျက်မှောင်ကြုတ်သွားပြီး ကြောက်ရွံ့ကာ တုန်ယင်နေ၏။
“မကြောက်ပါနဲ့... ဒါက ဆေးဆိုင်ကနေ အတော်လေး အားထုတ်ပြီး ငါ ခိုးလာခဲ့တဲ့ ဆေးပါ... ဆေးစွမ်းက အတော်လေး ထက်တယ်... မင်းရဲ့ ဒဏ်ရာတွေက ရက်အနည်းငယ်အတွင်း သက်သာသွားလိမ့်မယ်...”
မိုဝန်ထျန်း၏ နူးညံ့သော စကားများကို ကြားသောအခါ ထိုပိန်လှီသော မိန်းကလေးငယ်မှာ တဖြည်းဖြည်း စိတ်သက်သာရာ ရသွားပြီး သူမ၏ မျက်တောင်များကို ခတ်ကာ မိုဝန်ထျန်းကို ကြောက်ရွံ့စွာ ကြည့်လိုက်၏။ သူမက လေသံတိုးတိုးဖြင့် စကားပြောလိုက်ရာ သူမ၏ အသံက အလွန် တိုးညင်းနေဆဲ ဖြစ်သည်။
“ငါ... ငါ့နာမည်က ကျန်းရူဟွာပါ...”
“သူ့ကို သတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”
“သူက မင်းရဲ့မိဘလား...”
မိုဝန်ထျန်းက မေးလိုက်သည်။
ကျန်းရူဟွာက မျှော်လင့်ချက်မဲ့နေသော အမူအရာဖြင့် ခေါင်းခါပြလိုက်၏။
“ငါက သူ ဖမ်းလာခဲ့တဲ့ မိဘမဲ့ကလေးပါ...”
မိုဝန်ထျန်း၏ ရင်ထဲတွင် ဆို့နင့်သွားပြီး ကျန်းရူဟွာ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“တိုက်ဆိုင်လိုက်တာ... ငါလည်း မိဘမဲ့ ကလေးပဲ... ငါတို့တွေ အားလုံးက ဆင်းရဲတာကိုပဲ အပြစ်တင်ရမှာပေါ့... ဒါနဲ့ နောက်ဆိုရင် မင်း ငါ့နောက်ကို လိုက်ခဲ့ပါလား... ငါ မင်းကို သေချာပေါက် ကာကွယ်ပေးမယ်...”
“ငါ့ကို ကာကွယ်ပေးမယ်...”
ကျန်းရူဟွာက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာ၏။
သူမက ခေါင်းမော့၍ မိုဝန်ထျန်းကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လိုက်သည်။
သူ့ကို ထိုသို့ကြည့်နေသဖြင့် မိုဝန်ထျန်းမှာ ရှက်သွားပြီး သူ၏ ခေါင်းကို ကုတ်ကာ ပြုံးလိုက်၏။ ထို့နောက် သူ၏ အမူအရာက တည်ကြည်သွားသည်။
“အင်း... ငါ မင်းကို သေချာပေါက် ကာကွယ်ပေးမယ်... ငါ ပြောတဲ့အတိုင်း ငါ လုပ်မယ်...”
ထိုလူလတ်ပိုင်းအမျိုးသား သေဆုံးသွားပြီဖြစ်ရာ ကျန်းရူဟွာကို သူ တစ်ယောက်တည်း ထားခဲ့မည်ဆိုပါက။
ဤဆောင်းရာသီတွင် သူမ သေချာပေါက် သေဆုံးသွားလိမ့်မည် ဖြစ်သည်။
ထိုသို့တွေးပြီးနောက် မိုဝန်ထျန်းက ကျန်းရူဟွာ၏ ခေါင်းကို သူ၏ လက်များဖြင့် ပွတ်သပ်ပေးလိုက်၏။
“ငါ့ကိုယုံပါ...”
သူ၏ လက်များက သေးငယ်ပြီး ကြမ်းတမ်းနေသော်လည်း နွေးထွေးမှု ရှိနေသည်။
၎င်းက ပိန်လှီသော မိန်းကလေးငယ်၏ အထီးကျန်ပြီး အေးစက်နေသော နှလုံးသားကို နွေးထွေးသွားစေ၏။
ထိုအခိုက်အတန့်တွင် ကျန်းရူဟွာမှာ နောက်ဆုံး၌ ထပ်၍ မထိန်းထားနိုင်တော့ဘဲ မိုဝန်ထျန်းကို ဖက်၍ ငိုကြွေးတော့သည်။
“အီးဟီးဟီးဟီး...”
ကျန်းရူဟွာက ဤရက်ပိုင်းအတွင်း နာကျင်မှုများကို များစွာသည်းခံခဲ့ရပြီး ယခုအခါတွင်မူ ထပ်၍ သည်းမခံနိုင်တော့သည့်ပုံ ပေါ်၏။
ကျန်းရူဟွာ၏ ငိုသံကို ကြားသောအခါ မိုဝန်ထျန်းက ကျန်းရူဟွာကို တင်းကျပ်စွာ ပြန်ဖက်ထားလိုက်သည်။ သူ၏ မျက်လုံးများကလည်း နီရဲ စိုစွတ်နေပြီး မျက်ရည်များ ကျဆင်းလာခဲ့၏။
“ညီမရူဟွာ... အခုကစပြီး ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး အသက်ရှင်ကြမယ်... ငါ မသေသရွေ့ ညီမကို ငါကာကွယ်ပေးမယ်...”
“ဒီဆောင်းရာသီကို ငါတို့ သေချာပေါက် ရှင်သန်ဖြတ်ကျော်ကြမယ်...”
ထိုညမှစ၍ ဟွာလုံမြို့တွင် တစ်ယောက်ကိုတစ်ယောက် အားကိုးကြသည့် သူတောင်းစားကလေးငယ်နှစ်ယောက် တိုးလာခဲ့သည်။
မိုဝန်ထျန်းက အလုပ်ကြိုးစားပြီး အရာအားလုံးကို သင်ယူခဲ့၏။ မိသားစုကို ထောက်ပံ့ရန်နှင့် ကျန်းရူဟွာကို ကာကွယ်ပေးရန် သူက လိမ်လည်လှည့်စားမှုများ ပြုလုပ်၍ ငွေရှာခဲ့သည်။
ဤနည်းဖြင့် နေ့ရက်များ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးခဲ့ပြီး ဆောင်းရာသီများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ကြ၏။
ဆယ်နှစ်တာကာလ ကုန်လွန်သွားသောအခါ မိုဝန်ထျန်းက အသက်တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်ရှိလာပြီး ကျန်းရူဟွာက အသက်တစ်ဆယ့်ငါးနှစ် အရွယ် ဖြစ်လာခဲ့သည်။
သူတို့အရွယ်ရောက်လာသောအခါ မိုဝန်ထျန်းက ညီမရူဟွာကို ဘဝကောင်းတစ်ခု ရစေရန်နှင့် ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် နေရာအနှံ့မှ ဂိုဏ်းများသို့ ဝင်ရောက်ခဲ့သည်။
သို့သော်လည်း မည်သည့် ဂိုဏ်းကမှ အသုံးမကျသော သူတောင်းစားတစ်ယောက်ကို လက်မခံချင်ကြပေ။
ကံကောင်းထောက်မစွာဖြင့် လှပသော ရုပ်ရည်ရှိသည့် ကျန်းရူဟွာကို ယန်ယွီမျှော်စင်က ရွေးချယ်သွားခဲ့ပြီး ဟင်းပွဲများနှင့် ရေများကို စားပွဲထိုးရသည့် အစေခံမလေ တစ်ဦး ဖြစ်လာကာ သူမ၏ ဘဝက နောက်ဆုံးတွင် ပိုမို ကောင်းမွန်လာခဲ့၏။
မိုဝန်ထျန်း ချင်းလုံဂိုဏ်းကို ပြဿနာ သွားရှာသည့် ထိုနေ့အထိပင် ဖြစ်သည်။
မိုဝန်ထျန်းမှာ ဟွာလုံမြို့မှ ထွက်ခွာ၍ တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ တပည့်ခံရန် သွားရောက်ခြင်းမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ဤသည်က ဟွာလုံမြို့မှ သူ ပထမဆုံးအကြိမ် ထွက်ခွာခြင်းဖြစ်သကဲ့သို့ ကျန်းရူဟွာနှင့် ပထမဆုံးအကြိမ် ခွဲခွာရခြင်းလည်း ဖြစ်သည်။
ကျန်းရူဟွာက တစ်သက်လုံး မိုဝန်ထျန်း၏ အနားတွင် နေချင်ခဲ့သော်လည်း သူ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ခဲ့ပေ။
သူမက ဟွာလုံမြို့မှနေ၍ မိုဝန်ထျန်း၏ အပြန်ကို စောင့်ဆိုင်းနေခဲ့၏။
နောက်ဆုံးတွင် သူမက မိုဝန်ထျန်း ပြန်လာသည်ကို စောင့်ဆိုင်းနိုင်ခဲ့သည်။
ဝမ်းနည်းစရာကောင်းသည်မှာ သူမက သူ၏ အနားတွင် တစ်သက်လုံး နေခွင့်မရှိတော့ခြင်း ဖြစ်၏။
လွမ်းဆွတ်မှုများက ဒီရေကဲ့သို့ အဆုံးအစမရှိ လွှမ်းမိုးလာပြီး ဆယ်နှစ်တာ ကာလကို ပြန်လည် အမှတ်ရမိသော်လည်း ၎င်းက အတိတ်မှ တိမ်တိုက်များ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“မိုဝန်ထျန်း... ငါတို့ တောင်ပေါင်းတစ်သိန်းတောင်တန်းထဲကို ရောက်နေပြီ... မင်းကို ကယ်ဖို့ စီနီယာ့ဆီမှာ နည်းလမ်း သေချာပေါက် ရှိမှာပါ...”
အရုဏ်တက်ချိန် အရှေ့ဘက်မှ နေထွက်လာ၏။
အင်မော်တယ်အင်ပါယာယီဟိုင်၏ အသံက နားထဲသို့ ဝင်ရောက်လာသည်။
မိုဝန်ထျန်းက သတိပြန်ဝင်လာပြီး သူ၏ အတွေးများကို ထိန်းချုပ်လိုက်၏။ သူက အားတင်းလိုက်ပြီး သူ၏ မျက်လုံးများက တည်ကြည်နေကာ တစ်ညတည်းနှင့် များစွာ ရင့်ကျက်သွားသည့်ပုံ ပေါ်သည်။
“တစ်လမ်းလုံး ကျွန်တော်နဲ့အတူ ပြန်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... စီနီယာယီဟိုင်... ခင်ဗျားလည်း အတော်လေး ပင်ပန်းသွားပြီ...”
အင်မော်တယ်အင်ပါယာယီဟိုင်က ရယ်မောလိုက်၏။ သူ၏ ကျောပေါ်တွင် အားအင်ကုန်ခမ်းနေသော မိုဝန်ထျန်းမှာ မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိတော့ချေ။
“ညီလေး... မင်း လေသံဘယ်တုန်းက ပြောင်းသွားတာလဲ... ပုံမှန်ဆို မင်းက ဒီအဘိုးကြီးကို သေမယ့်အဘိုးကြီးတို့... လိပ်အိုကြီးတို့ ခေါ်နေကျ မဟုတ်ဘူးလား...”
“ကျွန်တော် စော်ကားမိတာတွေရှိရင် ခွင့်လွှတ်ပါ... စီနီယာယီဟိုင်...”
“ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး... ငါအဘိုးကြီးက မင်း အဲဒီလို ပြောတာကို အသားမကျလို့ပါ...”
ထိုအခိုက်တွင် ဟင်းလင်းပြင်က ကွဲအက်သွား၏။
ချမ်ချန်ကန်းက အင်မော်တယ်အင်ပါယာ ယီဟိုင်နှင့် မိုဝန်ထျန်းတို့၏ ရှေ့တွင် ပေါ်လာသည်။
သူ၏ အဖြူရောင်ဝတ်ရုံက နှင်းများထက်ပင် ပိုမို ဖြူစင်နေပြီး သူ၏ ခန့်ညားမှုက ပြိုင်ဘက်ကင်းသော်လည်း သူ၏ အမူအရာကမူ အေးစက်နေ၏။
သူ၏း့မျက်လုံးများက နတ်ဘုရား ဓားများသဖွယ် စူးရှထက်မြက်နေပြီး တည့်တည့် စိုက်ကြည့်ရန်ပင် မဖြစ်နိုင်ချေ။
အင်မော်တယ်အင်ပါယာယီဟိုင်က အံ့အားသင့်သွားပြီး သူ၏ အပြုံးက ပျောက်ကွယ်သွားကာ ရိုသေလေးစားသော အမူအရာဖြစ်သွားပြီး သူ့ရင်ထဲတွင် ကြောက်ရွံ့ ရိုသေမှုများ ပြည့်နှက်သွားသည်။
“စီနီယာ...”
“ဆရာ...”
အုတ်မြစ်ပျက်စီးသွားပြီး ကျင့်ကြံခြင်း စွမ်းအင်များ ပျက်သုဉ်းသွားသော မိုဝန်ထျန်းကိုကြည့်ရင်း ချမ်ချန်ကန်း၏ အမူအရာက အလွန် ပျက်ယွင်းသွား၏။
သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ခု ဖြတ်ပြေးသွားပြီး ချမ်ချန်ကန်း၏ သတ်ဖြတ်လိုသော အငွေ့အသက်များက ကောင်းကင်ယံအထိ ထိုးတက်သွားတော့သည်။
“အင်မော်တယ်အင်ပါယာ ယီဟိုင်... ဒီကိစ္စတွေကို ဘယ်သူ လုပ်တာလဲ...”